အခန်း ၆၉ ချူနင်ကိုသွားရှာခြင်း
ကျင့်ကြံခြင်းလောကတွင် အစွမ်းထက်ခြင်းသည် အခွင့်အာဏာဖြစ်ပြီး အရာရာကို လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်းပင် ဖြစ်သည်။
သာမန်လူသားများသည် ပုရွက်ဆိတ်များကဲ့သို့ဖြစ်ပြီး လောကကြီးသည်လည်း အရာမသွင်းအပ်သော မြက်ခြောက်ရုပ်များကဲ့သို့သာ ဖြစ်သည်ဟူသော တင်စားချက်မှာ ကျင့်ကြံသူကြီးများအတွက် အသင့်တော်ဆုံး ဖော်ပြချက်ပင်။
အနည်းဆုံးတော့ ရဲ့ချန်းလျန်၏ အသိစိတ်ထဲတွင် ထိုသို့ပင်ဖြစ်သည်။
မှန်ပါသည် သူမသည် မကျေနပ်နိုင်ပါ။
ဧကရီတစ်ပါးအနေဖြင့် မည်သည့်အမျိုးသမီးကမှ မိမိ၏အမျိုးသားတွင် အခြားအမျိုးသမီးများရှိနေသည်ကို လက်ခံနိုင်မည်မဟုတ်ပေ။
ကျင့်ကြံခြင်းလောကရှိ ကျင့်ကြံသူကြီးများအတွက် မယားအများအပြား ယူဆောင်ခြင်းမှာ အလွန်ပင် ထုံးစံဖြစ်နေသော်လည်း ရဲ့ချန်းလျန်၏နှလုံးသားထဲတွင်မူ ထိုသို့မဖြစ်သင့်ဟု ခံစားရသည်။
ချူနင်၏ ကျင့်စဉ်နယ်ပယ်မှာ မြင့်မားလွန်းလှသဖြင့် သူမစိတ်ကူးပင် မယဉ်နိုင်တော့ပါ။
မသေမျိုးဧကရာဇ်လား မသေမျိုးတို့၏ အရှင်သခင်ပေါ့။
သာမန်လူသား ဧကရာဇ်တစ်ပါးသည်ပင် လူပေါင်းသောင်းခြောက်ထောင်၏ အထက်တွင် ရှိနေသည်ဆိုလျှင် မသေမျိုးဧကရာဇ်ဟု ခေါ်ဆိုနိုင်သော နယ်ပယ်မှာ မည်မျှအစွမ်းထက်မည်ကို စာသားအရကြည့်ရုံနှင့် သိနိုင်သည်။
ထိုကဲ့သို့သော ကျင့်ကြံသူမျိုးသည် တကယ်တမ်း တစ်ခုခုလုပ်ချင်သည်ဆိုလျှင် သူမအနေဖြင့် မည်သို့မျှ တားဆီးနိုင်မည်မဟုတ်။
ဤအချက်သည် ရဲ့ချန်းလျန်ကို အစိုးရိမ်ရဆုံး ဖြစ်စေသည်။ ချူနင်ကို သူမတစ်ဦးတည်းအပေါ် သစ္စာရှိရန် မည်သည့်နည်းနှင့်မျှ ဖိအားမပေးနိုင်သဖြင့် သူမ၏မာနကိုလျှော့ကာ အလျှော့ပေးလိုက်ရခြင်းဖြစ်သည်။
အနည်းဆုံးတော့ ကလေးမွေးဖွားပြီးနောက် သူမ၏ ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းထားနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။
ချူနင်သည် သန်မာလွန်းလှသဖြင့် ရဲ့ချန်းလျန်၏ စိတ်အစဉ်မှာ အနည်းငယ် တုန်လှုပ်နေမိသည်။
ကျင့်ကြံသူတစ်ဦး၏ အခြားပိုမိုအစွမ်းထက်သော ကျင့်ကြံသူအပေါ် ထားရှိသည့် မွေးရာပါကြောက်ရွံ့မှုမှာ ဖျောက်ဖျက်၍မရနိုင်ပေ။ သူမ၏ နားလည်မှုအရ ကျင့်ကြံသူကြီးများမှာ ဤသို့ပင် ဖြစ်ကြသည်။
ထို့ကြောင့်ပင် သူမသည် ထိုစကားများကို ပြောခဲ့ခြင်းဖြစ်၏။
ချူနင်သည်လည်း ရဲ့ချန်းလျန်၏ စိတ်နေစိတ်ထား ပြောင်းလဲသွားသည်ကို သတိပြုမိပြီး သက်ပြင်းတစ်ချက်ကို တိုးညင်းစွာ ချလိုက်သည်။
ကိုယ် မင်းရဲ့ထီးနန်းကို လုယူဖို့ ကြံစည်နေတယ် တိုင်းပြည်ကိုလုပ်ကြံနေတယ်လို့ မင်း သံသယဝင်ခဲ့တုန်းကနဲ့ အခုက တူတူပါပဲ။ ကိုယ် ဘာပြောပြော မင်းယုံမှာမဟုတ်ဘူး မဟုတ်လား။
ရဲ့ချန်းလျန်ပြန်မဖြေခဲ့ပါ သူမသည် ငြင်းဆိုခြင်းလည်း မပြုသလို ထောက်ခံခြင်းလည်း မပြုခဲ့ပေ။ ဒါက ယုံခြင်း မယုံခြင်း ကိစ္စမဟုတ်ပါ။ ချူနင်၏ကျင့်စဉ်နယ်ပယ်က မြင့်လွန်းလှသဖြင့် သူမ မထိန်းချုပ်နိုင်ခြင်းသာ ဖြစ်သည်။
သူမ၏ ဧကရီစရိုက်အရ စိတ်နေစိတ်ထားမှာ အလွန်ကောင်းမွန်လှသည်မဟုတ်ကြောင်း သူမကိုယ်တိုင်သိသည်။
ချူနင်သည် သူမ၏ခင်ပွန်းဖြစ်သော်လည်း သူမ၏ ရည်မှန်းချက်များကို ကိုယ်တိုင်သာ ပြီးမြောက်အောင်မြင်လိုပြီး သူ ဝင်ရောက်စွက်ဖက်သည်ကို မလိုလားဘဲ ခေါင်းမာနေဆဲဖြစ်သည်။
သူမတွင် ကိုယ်ပိုင်ဂုဏ်သိက္ခာနှင့် စံနှုန်းများ ရှိသည်။ ချူနင်ကိုဝင်မပါစေချင်ခြင်းမှာ ချူနင်၏ ကျင့်စဉ်နယ်ပယ် မည်မျှပင် မြင့်မားပါစေ သူမ သူ့ကိုနှစ်သက်ခြင်း ရှိ မရှိဆိုသည်မှာ ချူနင်ပေးနိုင်သည့် အကျိုးကျေးဇူးများပေါ်တွင် မမူတည်ဘဲ ချူနင်၏ သူမအပေါ်ထားရှိသော စိတ်ခံစားချက်အပေါ်တွင်သာ မူတည်သောကြောင့်ဖြစ်သည်။
ချူနင်တွင် ကျင့်စဉ်မရှိခဲ့စဉ်ကလည်း ရဲ့ချန်းလျန်သည် သူ့ကို သတ်မည်မဟုတ်ဘဲ အလွန်ဆုံး ခြောက်လှန့်ရုံသာ လုပ်ခဲ့သည်။
တကယ်တော့ ချူနင်အပေါ် ထားရှိသည့် သူမ၏အမြင် ပြောင်းလဲသွားသောကြောင့် သူမအပေါ် နည်းနည်းပါးပါး ထိကပါး ရိကပါး လုပ်သည်ကိုပင် ခွင့်ပြုခဲ့ဖူးသည်။
ဇနီးမောင်နှံဆိုသည်မှာ ဤသို့ပင် ဖြစ်သင့်သည်ဟု သူမတဖြည်းဖြည်း ခံစားလာရသည်။
သို့သော် ယခုကဲ့သို့ အခြေအနေမျိုးတွင်မူ သူမ လုံးဝလက်မခံနိုင်ပါ။
နင့်ရဲ့အစွမ်းထက်တာက နင့်ကိစ္စ ငါ နင့်ကို ချစ်တာ မချစ်တာက ငါ့ကိစ္စဟု သူမတွေးမိသည်။
အလွန်ဆုံးဖြစ်လျှင် ချူနင်နှင့် ရဲ့ချန်းလျန်တို့ နေရာချင်းလဲသွားမည်သာ ဖြစ်သည်။ သူမက ကလေး၏ မိခင်အဖြစ် နေထိုင်မည်ဖြစ်ပြီး သူ အပြင်တွင် ဘာလုပ်လုပ် သူ့ကိစ္စသာ ဖြစ်သွားမည်။
ထို့ကြောင့် သူမ၏ စိတ်ထဲတွင်မူ ချူနင်မှာ ကျင့်စဉ်မရှိဘဲ အရင်ကအတိုင်းသာ ရှိနေစေရန် မျှော်လင့်ခဲ့မိသည်။
သူမ၏ ခေါင်းမာမှုကြောင့် ထိုစကားများကို ပြောခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ သူမ၏ တစ်ခုတည်းသော တောင်းဆိုချက်လည်း ဖြစ်သည်။
ချူနင်သည် သက်ပြင်းချရင်း ပြောလိုက်သည်။
"မင်း သိပြီးပြီလို့ ကိုယ်ထင်နေတာ"
ရဲ့ချန်းလျန် စကားပြောရန် ပြင်သော်လည်း ချူနင်က ထိုကိစ္စကို ရှင်းပြပြီးသားဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမ မသိခဲ့ပါ သူမသည် လုံးဝပျက်စီးသွားပြီဖြစ်သော နေဝန်းနီနတ်ဘုရားနယ်မြေကို လှည့်ကြည့်ရင်း အကြာကြီး တိတ်ဆိတ်နေမိသည်။
"ပြန်ကြမလား"
ချူနင်သည် သူမ၏ သေးငယ်သော တောင်းဆိုချက်ကို သဘောတူခဲ့ပုံရသည်။ မဟုတ်လျှင် သူမ မည်သို့ပြန်ရမည်ကို မသိသလို သူမတွင် ကလေးနှစ်ယောက် (အမွှာ) လည်း ရှိနေသည် မဟုတ်လား။
"အင်း"
ချူနင်က ခေါင်းညိတ်ပြသည်။ ခဏအကြာတွင် သူတို့သည် နန်းတော်၏ ညီလာခံခန်းမသို့ ပြန်ရောက်သွားကြသည်။
ထိုအချိန်တွင် အရာရှိများမှာ သိမ်းဆည်းရရှိသည့် အရာများကို မည်သို့ခွဲဝေရမည်ကို တိုင်ပင်နေကြပြီး ဝန်ကြီးအဖွဲ့မှာလည်း အလွန်အလုပ်ရှုပ်နေကြသည်။
တာ့ကျိုးအင်ပါယာတွင် ကျင့်ကြံသူကြီးများ အလွန်များပြားခဲ့ခြင်းမှာ မဆန်းတော့ပါ။
ယခုမှစ၍ သူတို့အင်ပါယာတွင်လည်း ကျင့်ကြံသူကြီးများစွာ ရှိလာတော့မည် မဟုတ်လား။
အမြဲတည်ငြိမ်နေတတ်သော ဝန်ကြီးချုပ် ချူးကျွင်းပင်လျှင် ပြုံးပျော်နေသည်။
အရင်းအမြစ်တွေ၊ အရင်းအမြစ်တွေ အများကြီးပဲ။ တာ့ကျိုးအင်ပါယာ၏ ဘဏ္ဍာတိုက်တစ်ခုလုံး ဤနေရာသို့ ရောက်နေပြီ။
အများစုမှာ သိုလှောင်အိတ်များထဲတွင် ရှိနေခြင်းဖြစ်ပြီး မဟုတ်လျှင် နန်းတော်တစ်ခုလုံး ပြည့်လျှံသွားပေလိမ့်မည် လုပ်စရာတွေ အများကြီးရှိနေပြီ။
"ကဲ ကိုယ်သွားနားတော့မယ် တစ်ခုခုရှိရင် ခေါ်လိုက်ပါ" ပြောပြီးနောက် ချူနင်သည် လက်နောက်ပြန်ပစ်ကာ ထွက်ခွာသွားသည်။
ရဲ့ချန်းလျန်သည် ချူနင့်ကို မည်သို့မျက်နှာချင်းဆိုင်ရမည်မှန်း မသိတော့သလို သူ့ကိုလည်း လှမ်းမခေါ်ခဲ့ပါ။
သူမသည် ထိုအရင်းအမြစ်များကိုသာ ငေးကြည့်နေမိသည်။ ဤမျှများပြားလှသော အရာများမှာ သူ၏ပေါ့ပေါ့ပါးပါး လုပ်ဆောင်ချက်တစ်ခုသာ ဖြစ်သည်။
သူချက်ပေးခဲ့သော ဟင်းလျာများ၊ ထိုဓား၊ ထိုကျင့်စဉ် ဤပြောင်းလဲမှုအားလုံးသည် ချူနင်ထံမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။
သူ၏ကျင့်စဉ်နယ်ပယ်မှာ ထူးခြားနေသည်ကို သူမ စောစောကတည်းက သတိထားမိခဲ့သင့်သော်လည်း ထိုအချိန်က ဤလူအပေါ် သူမ တစ်ခါမျှ မသင်္ကာဖြစ်ခဲ့ဖူးပါ။
"ဧကရီ"
ဖန်းဟောက်ရန်သည် ရှုပ်ထွေးသော မျက်နှာပေးဖြင့် ရဲ့ချန်းလျန်အနားသို့ လျှောက်လာသည်။
"အဲဒီ ချူနင်က"
ထိုအဘိုးကြီး၏ စိတ်ထဲတွင်လည်း ရှုပ်ထွေးနေသည်။ ချူနင်သည် သန်မာရုံသာမကဘဲ လွန်လွန်ကဲကဲ သန်မာနေခြင်းဖြစ်သည်။
သူတော်စင်အဆင့်မှ အနန္တအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို သူလက်လွှတ်ခဲ့ရသည် မဟုတ်လား။
သို့သော် သူ နားမလည်သည်မှာ ချူနင်နှင့် စကားပြောစဉ်က ချူနင်သည် သူ့ကို လက်တစ်ဝါးတည်းဖြင့် သတ်နိုင်ပါရက်နှင့် အမျက်ဒေါသ တစ်စုံတစ်ရာ မပြခဲ့ခြင်းပင်။
ယခုမှသာ ၎င်းမှာ အထက်လူကြီးတစ်ယောက်၏ စိတ်ထားမျိုး ဖြစ်ရမည်ဟု သူ တွေးမိသည်။ မိမိရှေ့တွင် ခုန်ပေါက်နေသော ပုရွက်ဆိတ်တစ်ကောင်ကို သူဂရုစိုက်နေမည်မဟုတ်ပေ။
ဒါပေမဲ့ ချူနင်က တကယ်ပဲ အဲဒီလောက်အထိ မြင့်မားတဲ့ နယ်ပယ်ကို ရောက်နေတာလား။
ကျွန်တော်မျိုး ချူနင်ကို သိပ်နားမလည်တော့ဘူး။
ရဲ့ချန်းလျန်က ခေါင်းယမ်းပြသည်။
"နားလည်ပါပြီ သွားနားနိုင်ပါပြီ"
သူမကိုယ်တိုင်လည်း နားမလည်ပါ သို့သော် ချူနင်၏ လျင်မြန်သော လုပ်ဆောင်ချက်များက အကြီးမားဆုံး ပြဿနာနှစ်ခုကို တိုက်ရိုက်ဖြေရှင်းပေးခဲ့သည်မှာ ငြင်းမရပေ။
တကယ်လို့ ချူနင်သာ မရှိခဲ့ရင် သူမ မသိလိုက်ခင်မှာတင် ဝမ်ကျင့်ကျုံးက နန်းတော်တစ်ခုလုံးကို သတ်ဖြတ်သွားနိုင်ခြေ ရှိသည် မဟုတ်လား။
ခြုံပြောရလျှင် အရာအားလုံးက ကောင်းမွန်နေဆဲဖြစ်သည်။ သူမအနေဖြင့် ချူနင့်ကို ကျေးဇူးတင်သင့်သည်ဟု ခံစားရသော်လည်း သူကတော့ စိတ်မကြည်လင်သလိုမျိုးနှင့် ထွက်သွားခဲ့သည်။ ရဲ့ချန်းလျန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
သူမသည် ချူနင်ကို သံသယမဝင်ပါ သူမ နည်းနည်းလေး ကြောက်နေမိရုံသာ ဖြစ်သည်။
"ဧကရီ ဧကရီ ကျွန်မ အိပ်မက်တစ်ခု မက်တယ်"
ရှောင်ပင်းပြေးဝင်လာပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူမရှေ့ရှိ မရေမတွက်နိုင်သော အရင်းအမြစ်များကို မြင်ပြီး ကြောင်အသွားသည်။ ကျင့်ကြံသူ အမြောက်အမြားကို မွေးထုတ်ပေးနိုင်မည့် အရင်းအမြစ်တွေပါလား။
ရှောင်ပင်း မျက်လုံးပြူးသွားကာ "ဧကရီ ဒါတွေအားလုံးက..."
ဘာလဲ တာ့ကျိုးအင်ပါယာ ပျက်သုဉ်းသွားပြီ အရှင်မင်းကြီးက ဧကရီနဲ့အတူ နေဝန်းနီနတ်ဘုရားနယ်မြေအထိ သွားပြီး သူတို့ကိုပါ အမြစ်ပြတ်အောင် လုပ်ခဲ့တာလား။
တွေ့လား ဧကရီ ကျွန်မပြောသားပဲ အရှင်မင်းကြီးက အရမ်းသန်မာပါတယ်လို့။
ဧကရီရဲ့ ဓားကို အရှင်မင်းကြီး ကိုယ်တိုင် သွန်းလုပ်ပေးခဲ့တာလေ အဲဒီကျင့်စဉ်ရောပဲ။
အရှင်မင်းကြီးက ကျွန်မကိုတောင် ကျင့်စဉ်တစ်ခု ပေးခဲ့ဖူးတယ် ဒါပေမဲ့ ဘယ်သူ့ကိုမှ မပြောဖို့ မှာထားလို့ပါ။
သူပေးတဲ့အရာက ပေါ့ပေါ့ပါးပါး ပေးလိုက်တာဖြစ်ပြီး မိဖုရားခေါင်ကြီးကို ပေးတဲ့အရာကတော့ အကောင်းဆုံးပဲလို့ သူပြောခဲ့တယ်။ အခုတော့ သူအကုန်ထုတ်ပြလိုက်ပြီဆိုတော့ ကျွန်မလည်း ပြောရဲသွားပြီ။
ရဲ့ချန်းလျန် ထိုစကားများကို ကြားပြီးနောက် မှင်တက်သွားသည်။ ချူနင်သည် သူမအတွက် အများကြီး လုပ်ဆောင်ပေးခဲ့ပြီးသား ဖြစ်သည်။ အကယ်၍ ထိုလုပ်ရပ်များက စိတ်ရင်းမမှန်လျှင် အခြားဘာဖြစ်နိုင်ဦးမည်နည်း။
သို့သော် သူမ ဘာကြောင့် ချူနင်၏ တည်ရှိမှုကို ပွင့်ပွင့်လင်းလင်း လက်မခံနိုင်ဖြစ်နေရသနည်း။ သူ သန်မာသည်ဖြစ်စေ အားနည်းသည်ဖြစ်စေ ချူနင်သည် ဒါတွေအားလုံးကို လုပ်ပေးခဲ့ပြီးပြီ သူဒီအတိုင်း ထွက်သွားခွင့် မရှိပါဘူး။
အနည်းဆုံးတော့ သူမ၏ နှလုံးသားထဲက အစစ်အမှန် ခံစားချက်တွေကို ချူနင့်ကို သေချာပြောပြဖို့ လိုအပ်နေပြီဖြစ်သည်။