အခန်း ၆၃ တစ်ခုခုဖြစ်ပျက်နေပြီ
ထမင်းစားပွဲဝိုင်းတွင် ဖြစ်သည်။
လေထုက ရှောင်လွှဲမရနိုင်လောက်အောင်ပင် ထူးဆန်းနေ၏။ ဒီလူနှစ်ယောက်က အရင်ကထက် အများကြီး ပိုရင်းနှီးသွားကြပြီ မဟုတ်လား အခုကျမှ ဘာလို့ စကားမပြောကြတာလဲ။
မဟုတ်သေးဘူး အရှင်မင်းကြီးက စကားမပြောတာ မဟုတ်ဘဲ ဧကရီကသာ တစ်ခုခုကို အသည်းအသန် စဉ်းစားနေပုံရသည်။
ဒါကိုမြင်တော့ အသုံးတော်ခံ ရှောင်ပင်းအနေနဲ့ ဒီတိတ်ဆိတ်ခြောက်ကပ်နေတဲ့ လေထုကို ဖြိုခွဲရမယ်ဆိုတာ သိလိုက်သည်။ အနည်းဆုံးတော့ ဧကရီနဲ့ အရှင်မင်းကြီး စကားပြောဖြစ်အောင် လုပ်ရမည် မဟုတ်လား။
"ဧကရီ ဧကရီရဲ့ ကျင့်စဉ်တွေ ထပ်တိုးတက်လာပြန်ပြီလားဟင်"
"အင်း သူတော်စင်နောက်ဆုံးအဆင့်ကို ရောက်သွားပြီ"
ရှောင်ပင်းကတော့ သိပ်ပြီး အံ့ဩမနေတော့ပေ။ သူမကို ပေးထားတဲ့ ကျင့်စဉ်တောင် ဒီလောက်စွမ်းတာ ဧကရီကို ပေးတဲ့ကျင့်စဉ်ဆိုရင် အရှင်မင်းကြီး သေချာစဉ်းစားပြီးမှ ထုတ်ပေးထားတာမို့လို့ စိတ်ကူးမယဉ်နိုင်လောက်အောင်ကို အစွမ်းထက်မှာ သေချာသည်။
ဒါ့အပြင် အရှင်မင်းကြီး ပေးထားတဲ့ ဓားကိုလည်း ဧကရီက ဘေးနားမှာ အမြတ်တနိုး ချထားတာကို ကြည့်ရင် သူမ ဘယ်လောက် သဘောကျသလဲဆိုတာ သိသာလှသည်။
အရှင်မင်းကြီးက ဧကရီအပေါ် တကယ် ကောင်းတာပဲနော်။
ရဲ့ချန်းလျန် စကားရပ်သွားပြီး ခဏအကြာတွင် ခေါင်းညိတ်ပြလိုက်သည်။ "အင်း"
"နင့်ရဲ့ ကျင့်စဉ်က အခု ဘယ်လောက်ရှိပြီလဲ" သူမက ရှောင်ပင်းကို လှမ်းမေးလိုက်သည်။
ကျွန်မမျိုးမကတော့ အခုနယ်ပယ်ငါးဆင့်အလယ်အလတ်ကို ရောက်နေပါပြီ။ ဒီဟင်းချက်စရာတွေ အားလုံးက အရှင်မင်းကြီး ကိုယ်တိုင် ရှာဖွေထားတာတွေလေ အားလုံးက စွမ်းအင်တွေ အရမ်းမြင့်မားတာမို့လို့ ကျင့်စဉ်တိုးတက်ဖို့အတွက် အများကြီး အထောက်အကူပြုပါတယ်။
အစတုန်းကတော့ ကျွန်မမျိုးမရဲ့ ကျင့်စဉ်တွေ ဘာလို့ဒီလောက် မြန်မြန် တက်လာသလဲဆိုတာ နားမလည်ခဲ့ဘူး အခုမှပဲ ဒါတွေအားလုံးက အရှင်မင်းကြီးကြောင့်ဆိုတာ သိလိုက်ရတော့တယ်။
ချူနင်ကတော့ ဘာမှမဖြစ်သလို ပုံစံမျိုးဖြင့် ချောင်းတစ်ချက် ဟန့်လိုက်သည်။
ဟင်းချက်စရာလေးတွေပဲဟာ အထူးတလည် ပြောနေစရာ မလိုပါဘူး။ ဒါတွေအားလုံးက ချန်းလျန်ရဲ့ခန္ဓာကိုယ် အားရှိဖို့အတွက်ပဲလေ။ ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ အများကြီး လိုအပ်တာကိုး။
ရှောင်ပင်းအတွက်ကတော့ ဧကရီမကုန်တာတွေကို စားရုံနဲ့တင် သူ့ရဲ့ကံကောင်းမှုလို့ပဲ သတ်မှတ်လိုက်ပါ။
ရဲ့ချန်းလျန် စကားရပ်သွားပြန်သည်။ သူမက စွပ်ပြုတ်တစ်ဇွန်းကို ခပ်ယူလိုက်ပြီး စေ့စေ့စိုက်ကြည့်နေမိသည်။
"နဂါးအစစ်ရဲ့ ရိုးတွင်းခြင်ဆီလား"
ထျန်းရွှမ်းတိုက်ကြီးမှာ နဂါးအစစ်တွေ ရှိလို့လား။
ရှောင်ပင်းက ချက်ချင်းပင် ပြုံးပြီး ရှင်းပြလိုက်သည်။ အဲဒါက အထက်လောကက နဂါးအစစ်လို့ ထင်ပါတယ်။
အဲဒါက မြောက်ဘက်ပင်လယ်ရဲ့ တစ်နေရာမှာ ရှိတာ ဟင်းလင်းပြင်ဧကရာဇ်ဆိုတဲ့လူ အုပ်ချုပ်တဲ့ နေရာပေါ့။ အဲဒီတုန်းက အရှင်မင်းကြီးက တကယ်ကို ခန့်ညားတာ။
လက်တစ်ဖက်တည်းနဲ့ နဂါးရဲ့ ခန္ဓာကိုယ်ကို ဖျစ်ညှစ်လိုက်ရုံတင်မကဘူး အကြည့်တစ်ချက်တည်းနဲ့တင် ဟိုဧကရာဇ်က စကားတောင် မဟရဲတော့ဘူး။
မိန်းကလေးငယ်က အစွမ်းကုန် ဖော်ပြနေသော်လည်း ရဲ့ချန်းလျန်ကတော့ နားထောင်ရင်းနဲ့ ပိုပြီး မယုံနိုင်စရာ ဖြစ်လာရသည်။
အထက်လောကက နဂါးအစစ် နင်က ဟင်းချက်စရာ သွားရှာတာဆိုပြီး တကယ်ကြီး အထက်လောကကို တက်သွားတာလား။ ဒါပေမဲ့ တက်လှမ်းရေး တံခါးပေါက်က နှစ်တစ်သောင်းမှာ တစ်ခါပဲပွင့်တာ မဟုတ်ဘူးလား။
ကောင်းကင်ဖြစ်စဥ်ထက်တောင် မြင့်နေတာလား။ ပြီးတော့ အထက်လောကနဲ့ အောက်လောကကို ဒီလောက် လွယ်လွယ်ကူကူ ကူးလူးသွားလာနိုင်တယ်ဆိုတော့။ ရှောင်ပင်းတောင် အဲဒီကို ရောက်ခဲ့ဖူးတာပဲ သူမတောင် မရောက်ဖူးသေးဘူး ရဲ့ချန်းလျန် ခဏမျှ တွန့်ဆုတ်နေမိသည်။
နောက်တစ်ခါကျရင် သူမကိုပါခေါ်သွားဖို့ ချူနင့်ကို ပြောချင်သော်လည်း စကားကို ဘယ်လိုစရမှန်း မသိသဖြင့် "အင်း" လို့သာ ပြန်ပြောလိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ချူနင် တကယ် ဘာကိုလိုချင်သလဲဆိုတာကို သူမ ရှင်းရှင်းလင်းလင်း မသိရသေးသောကြောင့် ဖြစ်သည်။
အင်ပါယာ အာဏာကိုလား ချူနင်က ဒါကို တကယ် စိတ်မဝင်စားဘူးဆိုတာ အစကတည်းက သိသာလှသည်။ တခြားအရာတွေဆိုရင်လည်း ချူနင်လို အဆင့်အတန်းမျိုးအတွက် မလိုအပ်တာတွေချည်းပါပဲ။
ဒါဆိုရင် ချူနင် လိုချင်တာက သူမကိုလား ပြီးတော့ သူမဝမ်းဗိုက်ထဲက ကလေးကိုလား အဲဒါကြောင့် သူက ဒီလောက်အထိ လုပ်ပေးနေတာလား။
ချူနင်ကတော့ ဘေးနားမှာအောက်ကျနောက်ကျ ပုံစံမျိုး ထပ်လုပ်ပြနေပြန်သည်။
ရှောင်ပင်း နင်ကလည်း ပိုပြောလွန်းလိုက်တာ ငါက ဘယ်လောက် အေးအေးဆေးဆေး နေတတ်သလဲဆိုတာ မင်းသိသားနဲ့ ငါရဲ့ ပုံရိပ်ကို ဖျက်ဆီးနေပြီ။
"ပုံရိပ်ဆိုတာ ဘာလဲ အရှင်မင်းကြီး"
အဲဒါက သူများတွေ ကိုယ့်အပေါ် မြင်တဲ့ အမြင်ပေါ့ ငါကအေးအေးဆေးဆေး နေတတ်တဲ့သူပါဆိုမှ နင်က ငါ့ကိုလူစွမ်းကောင်းကြီးလို ပြောနေတော့ ငါ့ပုံရိပ်ပျက်ကုန်တာပေါ့။
"ချူနင်"
ရဲ့ချန်းလျန်က စကားရပ်လိုက်ပြီး ချူနင့်ကို စေ့စေ့စိုက်ကြည့်လိုက်သည်။ ဒီကိစ္စကို သူနဲ့ သေချာဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပုံရသည်။ ချူနင်လည်း စကားပြောတာ ရပ်လိုက်ပြီး ရဲ့ချန်းလျန်ကို နားမလည်သလို ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ"
"ရှောင်ပင်း နင်အရင်ထွက်သွားဦး"
ရှောင်ပင်းကတော့ ချက်ချင်းပင် မဆိုင်းမတွဘဲ မီးခိုးငွေ့လို လျင်မြန်စွာ ပြေးထွက်သွားတော့သည်။ သူမ စားလက်စပန်းကန်ကိုတောင် မယူတော့ပေ။ ဧကရီက ချူနင့်ကို ပြောစရာ အရေးကြီးတာ ရှိမှာ သေချာသည်။
အိပ်ဆောင်ထဲတွင် သူတို့နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။ ရဲ့ချန်းလျန်က ချူနင်၏ မျက်လုံးတွေကို စေ့စေ့စိုက်ကြည့်နေဆဲပင်။ သူမ၏ အကြည့်ထဲတွင် ရှုပ်ထွေးမှုများ၊ နားမလည်မှုများနှင့် သံသယများ၊ ဝေခွဲမရဖြစ်မှုများ ပြည့်နှက်နေသည်။
"နင့်ရဲ့ကျင့်စဉ်က တကယ်ပဲ အများကြီး မြင့်နေတာလား"
ချူနင်က ဒါကို ကြားတော့ နားမလည်သလိုဖြင့် ပန်းကန်ကို ချလိုက်သည်။
"မင်း သိနေပြီ မဟုတ်ဘူးလား"
"ဒါပေမဲ့ နင်တစ်ခါမှ မပြောခဲ့ဘူး"
"ကိုယ် ပြောခဲ့ပါတယ် ဟုတ်တယ်မလား"
နင် အဲဒီလို ပြောတုန်းက ဘယ်သူကယုံမှာလဲရှောင်ပင်းလည်း မယုံဘူး ဖန့်ဟောက်ရန်လည်း မယုံဘူး ငါကရော ယုံလိမ့်မယ်လို့ နင် ထင်နေတာလား။
ချူနင် ခဏမျှ ရပ်သွားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။ ကိုယ် မင်းအပေါ် တစ်ခုခု ကြံစည်နေတယ်လို့ ထင်လို့လား။
ရဲ့ချန်းလျန် ခဏမျှ ငြိမ်သွားသည်။ အဲဒီလိုတော့ မဟုတ်ပါဘူး သူမမှာ ရှိတဲ့အရာတွေကို ချူနင်က စိတ်ဝင်စားမှာ မဟုတ်ဘူးဆိုတာ သူမ သိသည်။ သူမ နားမလည်တာက ချူနင် ဘာလို့ စောစောက မပြောခဲ့တာလဲ ဘာလို့ စောစောက ထုတ်မပြခဲ့တာလဲ။
ရဲ့ချန်းလျန် သက်ပြင်းချလိုက်ပြီး ခေါင်းငုံ့နေမိသည်။ ဒါဆိုရင် အရင်က ငါနင့်အပေါ် အဲဒီလို ဆက်ဆံခဲ့တာတောင် နင်ဘာလို့ အမြဲတမ်း သည်းခံနေတာလဲ ဘာလို့ တစ်ခါမှပြန်မလုပ်တာလဲ။
ချူနင် ကြောင်သွားရသည်။ "ဟမ် ဘာကို သည်းခံတာလဲ ကိုယ်က ဘာလို့ ပြန်လုပ်ရမှာလဲ"
ရဲ့ချန်းလျန် သွားကြိတ်လိုက်မိသည်။ "ငါ နင့်လည်ပင်းကို ဓားနဲ့ထောက်ခဲ့တုန်းက နင် ဘာလို့ ဘာမှမလုပ်တာလဲ နင့်ရဲ့အစွမ်းက ငါ့ထက် အများကြီး သာနေတာပဲကို"
"မင်းမှ ကိုယ့်ကို မခုတ်တာ ကိုယ်က ဘာလို့ ပြန်လုပ်ရမှာလဲ"
ဒါက အဓိကအချက်ပါပဲ နန်းတော်ထဲမှာ သူနဲ့ ထိတွေ့ဖူးတဲ့လူတွေ ရဲ့ချန်းလျန်တင်မကဘဲ ဖန့်ဟောက်ရန်တောင်မှပဲ သူတို့က သူ့အပေါ် ရန်လိုတာက သူ့ရဲ့ အဆင့်အတန်းကြောင့်သာ ဖြစ်ပြီး သူ့ကို သတ်ချင်တဲ့ စိတ်တော့ မရှိကြပါဘူး။ ဒါကြောင့် ချူနင်က အရမ်းကို အေးအေးဆေးဆေး နေနိုင်ခဲ့တာ ဖြစ်သည်။ အထူးသဖြင့် ရဲ့ချန်းလျန်နဲ့ဆိုရင် ပိုတောင် အေးဆေးသေးသည်။
လင်မယားကြားမှာ ဒီလိုပဲ စနောက်ကြတာ မဟုတ်ဘူးလား တကယ်ကြီး ခုတ်ချင်တဲ့စိတ်မှ မရှိတာပဲ။ ဒါကြောင့် ချူနင်က ဒါတွေကို ဂရုမစိုက်ခဲ့ပါဘူး။ ရဲ့ချန်းလျန် ဓားထုတ်တာကလည်း သူစတာကို မခံနိုင်လို့ ရှက်တာကို ဖုံးကွယ်ချင်လို့ပဲ ဖြစ်မှာပါ။
ရဲ့ချန်းလျန်က ရှုပ်ထွေးလှတဲ့ မျက်နှာပေးနဲ့ ပြောလိုက်သည်။ တကယ်လို့ ငါက နင့်ကို တကယ် ခုတ်လိုက်ရင်ရော။
ချူနင်က ပြုံးလိုက်သည်။ "မင်းသာ ကိုယ့်ကို တကယ် ခုတ်ချင်ရင် မခုတ်ခင် ကိုယ့်ကို ပြောနေမှာ မဟုတ်ဘူး အဲဒီလို ပြောနေတယ်ဆိုကတည်းက မင်းကိုယ့်ကို မခုတ်ရက်ဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့ ဟုတ်တယ်မလား။
"ဒါ့အပြင်..."
"ဘယ်လိုပဲဖြစ်ဖြစ် မင်း ကိုယ့်ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး"
ရဲ့ချန်းလျန်: "..." (သူမရဲ့ မာနလေး ထိခိုက်သွားသလို ခံစားလိုက်ရသည်)
သူမ ခေါင်းခါလိုက်ပြီး ရှုပ်ထွေးနေဆဲ ဖြစ်သော်လည်း ထပ်မေးလိုက်သည်။
"ငါ ပြောချင်တာက နင်ခုတ်မှာ မခုတ်မှာကို မဟုတ်ဘူး နင့်လိုအဆင့်မျိုး ရှိတဲ့သူက ဘာလို့ ဒီလို ပုံစံမျိုးနဲ့ နေနေရတာလဲဆိုတာကို သိချင်တာ"
တကယ်လို့ သူသာကျင့်စဉ်မရှိတဲ့ သာမန်လူတစ်ယောက်ဆိုရင်တော့ ပုံမှန်အတိုင်း ဒီလိုနူးနူးညံ့ညံ့နေတာက ပြဿနာမရှိပါဘူး။
ဒါပေမဲ့ ဒီလောက်အထိ အစွမ်းထက်တဲ့ ပါဝါရှိနေပါလျက်နဲ့ သူမရဲ့ စိတ်အခြေအနေကလည်းမကောင်း စရိုက်ကလည်း မဆိုးတာကို ဘာလို့ ဒီလောက်အထိ ဂရုစိုက်နေရတာလဲ။
အတွင်းလူနဲ့ အပြင်လူ ခွဲခြားတာပေါ့ မင်းက ကိုယ့်ဇနီးပဲပြီးတော့ မင်းရဲ့ ဝမ်းဗိုက်ထဲမှာ ကိုယ့်ကလေး ရှိနေတာလေ။ ကိုယ် မင်းအတွက် ဒါတွေ လုပ်ပေးတာက မှန်တာပဲ မဟုတ်ဘူးလား။
"ဒါပေမဲ့ နင်က"
ရဲ့ချန်းလျန်၏ စိတ်အစဉ်မှာ ပို၍ရှုပ်ထွေးလာပြီး ဘယ်လို ထပ်မေးရမလဲတောင် မသိတော့ပေ။
သူမရဲ့ အမြင်အရဆိုရင် ကျင့်စဉ်မြင့်တဲ့သူတွေဟာ ပိုပြီးကြီးမားတဲ့ ကမ္ဘာတွေကို သိမ်းပိုက်ရမယ် အမြင့်ဆုံးသော ဂုဏ်သတင်းတွေကို ပိုင်ဆိုင်ရမယ် ကမ္ဘာကြီးကို တုန်လှုပ်စေရမယ်လို့ ထင်ခဲ့တာ။
အခုလိုမျိုး သူမကို ဒီလောက်အထိ ဂရုစိုက်ပြီး အမြဲတမ်း အခွင့်အရေးယူဖို့ပဲ စဉ်းစားနေတာက ဆရာကြီးတစ်ယောက်ရဲ့ အမူအရာနဲ့ လုံးဝကို မတူပါဘူး။
ချူနင်က သူမအပေါ် အရမ်းကောင်းလွန်းနေတာကြောင့် သူကဒီလောက် အစွမ်းထက်နိုင်တယ်ဆိုတာကို သူမလက်ခံဖို့ ခက်ခဲနေတာ ဖြစ်သည်။
အစွမ်းထက်တဲ့သူတွေဆိုတာ အရမ်းကို ခန့်ညားထည်ဝါပြီး တစ်ယောက်ယောက်က စေ့စေ့ကြည့်လိုက်ရုံနဲ့တင် မျိုးနွယ်စုတစ်ခုလုံးကို မျိုးတုံးအောင် လုပ်ပစ်မယ့်သူတွေ မဟုတ်ဘူးလား ချူနင်လိုမျိုး သူမကို ချော့ပြီး ထမင်းကျွေး၊ အိပ်ခိုင်းပြီးမှ အခွင့်အရေးယူတတ်တဲ့သူမျိုး မဟုတ်ဘူးလေ။
ဒါပေမဲ့ ချူနင်က သူမကို တကယ်ပဲ သူ့ဇနီးလို့ သဘောထားတာဆိုရင်တော့ ဒီအပြုအမူတွေကို နားလည်ပေးလို့ ရနိုင်ပါသည်။ ဒါပေမဲ့ သူမမှာ ချူနင်ရဲ့ကလေး ရှိနေရုံလေးနဲ့ ဒီလောက်အထိ ဖြစ်နိုင်ပါ့မလား။
သူမ ထပ်ပြီး မေးချင်နေသော်လည်း အရေးတကြီး တံခါးခေါက်သံကြောင့် လက်တွေ့ဘဝထဲကို ပြန်ရောက်လာရသည်။
"ဧကရီ နန်းတော်ထဲမှာ တစ်ခုခု ဖြစ်ပျက်နေပါပြီ"