အခန်း ၆၁ ရနံ့သာဓား
သူတို့နှစ်ဦးသည် နန်းတွင်းအဆောင်တစ်ခုဖြစ်သည့် ချန်ရှင်းနန်းဆောင်အနီးတွင် ရှိနေကြခြင်း ဖြစ်သည်။
နန်းတွင်းထုံးတမ်းစဉ်လာအရဆိုလျှင် ဤနေရာသည် မယ်တော်ကြီးစံမြန်းရာနေရာ ဖြစ်၏။
သို့သော် ထိုသူများမှာ ကွယ်လွန်သွားကြသည်မှာ ကြာပြီဖြစ်၍ ဤနန်းဆောင်မှာ တိတ်ဆိတ်ခြောက်ကပ်ကာ လူသူမရှိဘဲ စွန့်ပစ်ထားခြင်း ခံထားရသည်။
သို့သော် စောစောက အားမပါလှသည့် ဓားချက်တစ်ချက်ကြောင့် ချန်ရှင်းနန်းဆောင် တစ်ခုလုံးမှာ ဧရာမ အပေါက်ကြီးတစ်ခု ပွင့်ထွက်သွားပြီး တစ်စစီ ပြိုလဲပျက်စီးသွားရတော့သည်။
"လုပ်ကြံသူ လုပ်ကြံသူရှိတယ်"
နန်းတွင်း အစောင့်တပ်ဖွဲ့နှင့် လျှို့ဝှက်အစောင့်များမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး ချက်ချင်းပင် ရောက်ရှိလာကြသည်။
လုပ်ကြံသူသာ မဟုတ်ရင် နန်းဆောင်တစ်ခုလုံး ဒီလောက်အထိ ဘယ်လိုလုပ် ပြိုကျနိုင်မှာလဲ။
သို့သော် သူတို့ရောက်လာချိန်တွင် မြင်လိုက်ရသည်မှာ ပြင်းထန်လှသော အရှိန်အဝါရှိသည့် ဓားရှည်ကို ကိုင်ထားရင်း ရှေ့ကမြင်ကွင်းကို ကြောင်ကြည့်နေသည့် ရဲ့ချန်းလျန်ကိုသာ ဖြစ်သည်။ ချူနင်ကတော့ ဘေးနားမှာ ရပ်နေပြီး လက်ကို အသာအယာ ဝေ့ယမ်းလိုက်သည်။
"လုပ်ကြံသူ မဟုတ်ဘူး အားလုံး ပြန်ကြတော့ ဧကရီက ဓားစမ်းနေတာ" အားလုံး ကြောင်အသွားကြသည်။
ဧကရီက ဓားစမ်းဖို့အတွက် ကိုယ့်နန်းတော်ကိုယ် ဘာလို့ ဖျက်ဆီးနေရတာလဲ။ တခြားနေရာ သွားစမ်းလို့ မရဘူးလား ဒါပေမဲ့ တစ်လောကလုံးက ရဲ့မျိုးနွယ်စု ပိုင်တာဆိုတော့ သူတို့ ဖျက်ချင်ရင်လည်း ဖျက်နိုင်တာပေါ့။
"ကျွန်တော်မျိုးတို့ တောင်းပန်ပါတယ် အခုပဲ ပြန်ပါပြီ"
သူတို့ ရောက်လာကြပြီးနောက် ပြန်ထွက်သွားကြသည်။ ဧကရီက ဓားသစ်စမ်းနေတာပဲ လုပ်ကြံသူ မဟုတ်ဘူးဆိုတဲ့ သတင်းက ပျံ့သွားသည်။ ထို့ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားသော နန်းတွင်းမှာပြန်လည် ငြိမ်သက်သွားတော့သည်။
နောက်ဆုံး ကျန်နေသည့် တိုင်လုံးကြီးမှာ ဝုန်းခနဲ ပြိုကျသွားသည်။ သူတို့ရှေ့တွင် အပျက်အစီးပုံကြီးသာ ကျန်တော့၏။ ဓားဆန္ဒဖြတ်သန်းသွားသည့် နေရာတိုင်းမှာ ပျက်စီးယိုယွင်းနေပြီး ခြောက်ကပ်ကပ် မြင်ကွင်းသာ ရှိတော့သည်။
ရဲ့ချန်းလျန်၏ လက်များမှာ တုန်ယင်နေပြီး သူမလက်ထဲက ဓားရှည်ကို တောင့်တောင့်ကြီး လှည့်ကြည့်လိုက်သည်။ "ဒါက..."
ဒါဘယ်လိုဓားမျိုးလဲ စောစောက သူမက ဓားဆန္ဒအနည်းငယ်လေးပဲ ထုတ်လွှတ်လိုက်တာလေ ဒါတောင် သူမ အရင်ကသုံးခဲ့တဲ့ မသေမျိုးလက်နက်ကို အစွမ်းကုန် သုံးတာထက် ပိုပြီး အစွမ်းထက်နေသေးသည်။ ပြီးတော့ သူမ အစွမ်းကုန် သုံးတာတောင် မဟုတ်သေးဘူး။
ရဲ့ချန်းလျန်၏ ဦးနှောက်မှာ ဗလာဖြစ်သွားရသည်။ သူမက ချူနင့်ကို တစ်လှည့် လက်ထဲက ဓားကို တစ်လှည့် ကြည့်နေမိသည်။
ဒါ ငါ့စိတ်ကူးယဉ်နေတာလား။
ဓားရှည်က တစ်ချက် ထပ်မံ တောက်ပလာသည်။ သူမ ထပ်ပြီး အတည်ပြုကြည့်ဖို့ လိုအပ်သည်။
"ချန်းလျန် မင်းသာ ဆက်ပြီး စမ်းနေမယ်ဆိုရင် နန်းတော်တစ်ခုလုံး ပြာဖြစ်သွားလိမ့်မယ်"
ရဲ့ချန်းလျန် သတိဝင်လာပြီး ထိုအကြံကို လက်လျှော့လိုက်သည် သို့သော် ဓားကို ကြည့်နေသည့် သူမ၏ ရင်ခုန်သံမှာ မငြိမ်မသက် ဖြစ်နေဆဲပင်"ဒါက ဘယ်လိုအဆင့်ရှိတဲ့ လက်နက်လဲ"
ချူနင်က မျက်လုံးလေး မှေးကာ ဘာမှမပြောဘဲ ပြုံးနေရုံသာ ပြုံးနေသည်။ ရဲ့ချန်းလျန် တံတွေးမြိုချလိုက်ပြီး စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းလိုက်သော်လည်း ရင်ထဲက စိတ်လှုပ်ရှားမှုတွေကိုတော့ ဖုံးကွယ်မထားနိုင်ပေ။
ဒီနန်းတော်ကြီး ပျက်စီးသွားတာက ငါ့လက်ထဲက ဓားကြောင့်ချည်းပဲလို့ နင်ပြောချင်တာလား။
ဒီအရာရဲ့ အရည်အသွေးက နတ်ဘုရားအဆင့်ထက် သေချာပေါက် ပိုမြင့်ရမည် မဟုတ်ဘူး နတ်ဘုရားအဆင့်ထက် အများကြီး ပိုမြင့်နေတာ ချူနင်ပြောသလို တကယ်ကြီး ဧကရာဇ်လက်နက်ဖြစ်နေတာလား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ချူနင်က သိသိသာသာကြီး။ သူမ လှည့်ကြည့်လိုက်တော့ ချူနင်က ကျေနပ်နေသည့် အပြုံးနှင့်အတူ လက်နှစ်ဖက်ကို နောက်ပစ်ကာ ဆရာကြီးတစ်ယောက်လို ရပ်နေသည်ကို မြင်လိုက်ရသည် သူမ၏ ရင်ထဲတွင် တစ်ခုခုကို ရိပ်မိသွားသလိုပင်။
မဟုတ်ဘူး နင်က တကယ်ပဲ။
မဟုတ်ပါဘူး ဒါက စိတ်ချောက်ခြားတာ နေမှာပါ ငါ အိပ်မက်မက်နေတာ ဖြစ်ရမယ်။
သူမ ခဏ တွန့်ဆုတ်နေပြီးနောက်ဟင်းလင်းပြင်ကို ဆွဲဖြဲကာကျယ်ပြောသည့် မြေကွက်လပ်တစ်ခုသို့ ထွက်ခွာသွားသည်။ ချူနင်ကလည်း နောက်ကနေ ကပ်လျက် ပါလာသည်။
ရဲ့ချန်းလျန်က သတိထားကြည့်လိုက်ရာ ချူနင်၏ ဘေးပတ်ပတ်လည်တွင် ဟင်းလင်းပြင် ဆွဲဖြဲသည့် အရိပ်အယောင် လုံးဝ မရှိပေ။ ဆိုလိုသည်မှာ သူသည် ဟင်းလင်းပြင်ကို ဖောက်ထွက်တာ နေရာကို ခေါက်ချိုးလိုက်တာမျိုး မဟုတ်ဘဲ ချက်ချင်းလက်ငင်း ရွှေ့ပြောင်းခြင်းကဲ့သို့ ပိုမြင့်မားသည့် နည်းလမ်းကို သုံးနေခြင်း ဖြစ်သည်။
မဟုတ်ဘူး နင်တကယ်လုပ်နိုင်တာပဲ။
ဒီနည်းလမ်းက သူမထက် ပိုပြီး နက်နဲလှသည်။ ရဲ့ချန်းလျန်၏ အသံမှာ ထပ်မံ တုန်ယင်လာသည်။
"နင်... ဒီဓားက တကယ်ပဲ ဧကရာဇ်လက်နက်လား"
"ဟမ်"
"ဧကရာဇ်လက်နက်ဆိုတာ ဘယ်လိုအဆင့်လဲ"
"မင်း အရင်သုံးနေတဲ့ ဓားထက်တော့ နည်းနည်း ပိုမြင့်တာပေါ့"
ရဲ့ချန်းလျန် ခဏမျှ ငြိမ်သွားသည်။ မသေမျိုးအဆင့်ရဲ့အထက်မှာ နတ်ဘုရားအဆင့် ရှိသည်။ နတ်ဘုရားအဆင့်ကိုမှ ဟင်းလင်းပြင်ဖြတ်လက်နက် အကန့်အသတ်မဲ့လက်နက် နဲ့ နတ်ဘုရားအထူးဖြစ်ရပ်လက်နက်ဆိုပြီး ခွဲခြားထားသေးသည်။
အဲဒီထက် မြင့်တာကိုတော့ ဘယ်သူမှ မသိကြတော့ပေ ကျင့်စဉ်နယ်ပယ်ကိုတောင် မသိကြတာလေ။
ဒါပေမဲ့ အဲဒီထဲမှာ ဧကရာဇ်ဆိုတဲ့ စကားလုံး ပါတာ တစ်ခုမှ မရှိဘူး။ ရဲ့ချန်းလျန် ဘယ်ကနေ စမေးရမလဲတောင် မသိတော့ပေ ဘာပြောရမှန်းလည်း မသိတော့။
ယခုမူ သူမသည် ဓားထဲသို့ ဝိညာဉ်စွမ်းအင်များကို တဖြည်းဖြည်းချင်း ထည့်သွင်းလိုက်သည်။ သူမ ထိန်းချုပ်နိုင်သမျှ အများဆုံး ပမာဏအထိ ထည့်သွင်းလိုက်ရာ လင်းလက်နေသော ဓားကိုယ်ထည်ပေါ်ရှိ လမ်းစဉ်ပုံရိပ်များထဲမှ စာလုံးတစ်လုံးသာ လင်းလာပြီး ကျန်တာတွေကတော့ မှိန်နေဆဲပင်။
ဆိုလိုသည်မှာ သူမသည် ဤဓား၏ စွမ်းအားကို အပြည့်အဝမထုတ်နိုင်သေးပေ။ သို့သော် ဤမျှနှင့်တင် လုံလောက်နေပြီဟု ထင်ရသည်။ ရဲ့ချန်းလျန်သည် ရှေ့က မြေကွက်လပ်ကြီးကို ဓားနှင့် လွှဲခုတ်လိုက်သည်။
ဟင်းလင်းပြင်ကြီးမှာ ပြတ်တောက်ပျက်စီးသွားပြီး မြေပြင်မှာလည်း ဒယ်အိုးတစ်လုံး ပေါက်ကွဲသွားသလို အက်ကွဲကုန်တော့သည်။
သူမ၏ ရှေ့တွင် မိုင်ပေါင်းများစွာ ရှည်လျားသည့် ဓားရာကြီးတစ်ခုမှာ အက်ကွဲနေသော မြေပြင်မှသည် ကောင်းကင်ယံရှိ ဟင်းလင်းပြင်အထိ ထင်ကျန်ရစ်ခဲ့သည်။
မြို့တွေကို ဖျက်ဆီးပြီး ကောင်းကင်ကို ခွဲပစ်နိုင်တယ်ဆိုတာ မြို့ဖျက်ဖို့ကတော့ အေးဆေးပါပဲ အားကုန် သုံးဖို့တောင် မလိုဘူး။
ကောင်းကင်ကို ခွဲဖို့ကလည်း မခက်ခဲတော့ဘူး ဟင်းလင်းပြင်ကိုတောင် ခွဲနိုင်တဲ့ ဓားမျိုးက ကျင့်ကြံသူတစ်ယောက်ကိုသာ ထိသွားရင်။
"မင်းရဲ့ အကြိုက်နဲ့ ထပ်တူကျရဲ့လား"
နောက်နားကနေ ချူနင်၏ စကားသံကို ကြားလိုက်ရသဖြင့် ရဲ့ချန်းလျန်၏ တစ်ကိုယ်လုံး တုန်ခါသွားသည်။ သူမက ဓားကို အိမ်ထဲ ပြန်ထည့်လိုက်ပြီး ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။
သူမက ချူနင့်ကို ရှုပ်ထွေးလှသည့် အကြည့်များဖြင့် ကြည့်နေမိသည်။ ချူနင်ကတော့ အရင်က ချူနင်အတိုင်းပါပဲ ဒါပေမဲ့ သူမကတော့ စောစောက ရဲ့ချန်းလျန် မဟုတ်တော့ပေ။ သူမ၏ ခံစားချက်ကို ဘယ်လိုမှ ဖော်ပြလို့ မရတော့ပါ။
"ဒီဓားကို... နင် တကယ် သွန်းလုပ်ခဲ့တာလား"
"သေချာတာပေါ့"
ရဲ့ချန်းလျန် တွန့်ဆုတ်နေမိသည် စကားပြောချင်ပေမဲ့ ပြန်ထိန်းထားရသည်။
"နင့်ရဲ့ ကျင့်စဉ်နယ်ပယ်က ဘယ်လောက်အထိ မြင့်တာလဲ"
"မင်း မသိဘူးလား"
"ငါ... ငါက..."
သူမ ရုတ်တရက် စကားရပ်သွားသည်။ စိတ်တွေ ရှုပ်ထွေးနေပြီးမှ သက်ပြင်းချလိုက်သည်။
"ငါ့ကို ပြန်ပြီး စဉ်းစားခွင့်ပေးပါဦး ပြီးမှ နင့်ကို အဖြေပေးမယ်"
ပြောပြီးတာနဲ့ သူမက ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး ထွက်ခွာသွားတော့သည်။ ချူနင်ကတော့ ကြောင်အအနဲ့ ကျန်ရစ်ခဲ့သည်။
ဟမ် ဓားကို ကြိုက်မကြိုက်ဆိုတာကို စဉ်းစားဖို့ လိုသေးတာလား။
မိန်းမတွေရဲ့ စိတ်ကို ခန့်မှန်းရတာ တကယ် ခက်တာပဲ။
ချန်ရှင်းနန်းဆောင်၏ အိပ်ဆောင်အတွင်း၌ ရဲ့ချန်းလျန်သည် ကုတင်ဘေးမှာ ထိုင်ရင်း ဓားကို စိုက်ကြည့်နေမိသည်။
မဟုတ်ဘူး ဒါက တကယ့်ကို ဧကရာဇ်လက်နက်ပဲ။
ဧကရာဇ်လက်နက်ဆိုတာ ဘာလဲဆိုတာ သူမ တစ်ခါမှ မကြားဖူးသော်လည်း နတ်ဘုရားအထူးဖြစ်ရပ်လက်နက်ထက် အများကြီး ပိုစွမ်းတာတော့ သေချာသည်။
အခု သူမရဲ့ ဟင်းလင်းပြင်ဖြတ်အစွမ်းနဲ့တင် အသာအယာ ဝေ့ယမ်းလိုက်တာနဲ့တင် ဟင်းလင်းပြင်ကို ဆွဲဖြဲနိုင်နေပြီ သူမက နယ်ပယ်ခုနစ်ဆင့် ကျင့်ကြံသူဖြစ်သဖြင့် အရင်ကဆိုရင် အစွမ်းကုန်သုံးမှ ဒါမျိုး လုပ်နိုင်တာလေ အခုတော့ ဒီဓားက အေးဆေးပဲ။
ဒီဓားကို ကိုင်ထားရင် နယ်ပယ်တူ ကျင့်ကြံသူတွေထဲမှာ သူမက အနှိုင်းမဲ့ပဲ တကယ်လို့ နယ်ပယ်ကျော်ပြီး အနန္တအဆင့်ကျင့်ကြံသူတစ်ယောက်နဲ့ တိုက်ရမယ်ဆိုရင်တောင်။
မဟုတ်ဘူး ကောင်းကင်ဖြစ်စဥ်နယ််ပယ် ကျင့်ကြံသူတစ်ယောက်ကိုတောင် သူမ ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မယ် နယ်ပယ်ကြီးနှစ်ခုလောက် ကွာခြားနေတာတောင် ဒါက ကျော်လွှားလို့ မရနိုင်တဲ့ အရာ မဟုတ်တော့ဘူး။
ချူနင် တကယ် နောက်နေတာ မဟုတ်ဘူးပဲ။
ဒီဓားက တကယ်ပဲ အစွမ်းထက်လွန်းတယ် နားလည်ရခက်တဲ့အထိ အစွမ်းထက်တာ။
တကယ်လို့ ချူနင်ကသာ ဒီဓားကို သွန်းလုပ်ခဲ့တာဆိုရင် သူက သူမထက် ပိုတော်နေမှာပေါ့ လောကမှာ ဘယ်သူမှ ဒီအဆင့်ရှိတဲ့ ဓားမျိုးကို မသွန်းလုပ်နိုင်ဘူး အနည်းဆုံးတော့ လက်ရှိ ထျန်းရွှမ်းတိုက်ကြီးမှာ မရှိဘူး။
ဒါဆိုရင် ချူနင်က ဟုတ်သားပဲ ချူနင်က သူမကို ကျင့်စဉ်ကျမ်းတစ်ခုလည်း ပေးထားသေးတယ်လေ။ ရဲ့ချန်းလျန် ချက်ချင်း ထလိုက်ပြီး စားပွဲပေါ်က ကျင့်စဉ်ကျမ်းကို ယူကြည့်လိုက်သည်။ သူမ မြင်လိုက်ရတဲ့ အချိန်မှာတင် ကြောင်သွားရပြန်သည်။
ဟမ် ဒါက ဘာကြီးလဲ ကျင့်စဉ်ကျမ်းပေါ်မှာ စာလုံး လေးလုံးပဲ ရေးထားသည်။
ရနံ့သာဓား။