အခန်း (၅၁) ဒါတွေအားလုံးက မင်းကြောင့်လို့ ပြောတာလား
မင်းတက်နန်းဆောင်အတွင်း၌
"ဒီနေ့ ကျွန်မမျိုးမက အရှင်မင်းကြီးနဲ့အတူ အထည်ချုပ်ဌာနကို လိုက်သွားခဲ့ပါတယ် အဲဒီမှာ"
ရှောင်ပင်းသည် ရဲ့ချန်းလျန်ကို ဖြစ်ပျက်သမျှအားလုံးအား အသေးစိတ် ပြန်ပြောပြနေသည်။
သို့သော် ချူနင်၏ မှာကြားချက်ကြောင့် ကျင့်စဉ်အကြောင်းကို ထည့်မပြောဘဲ သူမ၏ ကျင့်စဉ်လမ်းမှာ ပိတ်ဆို့နေစဉ် ချူနင်က လမ်းညွှန်ပြသပေးခဲ့သည်ဟုသာ စကားလုံး ပြောင်းပြောလိုက်သည်။
ထို့နောက် ကျင့်ကြံရင်းနှင့်ပင် စတုတ္ထအဆင့် အထွတ်အထိပ်မှ ပဉ္စမအဆင့်သို့ အဆင့်တက်သွားခဲ့ခြင်းဖြစ်သည်။
အမှန်တကယ်လည်း ချူနင်၏ ကျင့်စဉ်ကြောင့် အဆင့်တက်ခဲ့ခြင်း ဖြစ်သဖြင့် ချူနင်၏ လမ်းညွှန်မှုကြောင့်ဟု ပြောခြင်းမှာ ပြဿနာမရှိပေ။
ထို့နောက် သူမသည် ချူနင် ပြောပြခဲ့သော သူ၏ပညာရှင် အထောက်အထားကိုလည်း အကြမ်းဖျင်း ပြောပြလိုက်သည်။
အဲဒီလိုဖြစ်ခဲ့တာပါ ရှောင်ပင်း ခံစားရတာကတော့ အရှင်မင်းကြီးက နောက်နေတာ မဟုတ်ဘူးလို့ ထင်မိတယ်။
ဒါကို ကြားလိုက်ရသည့် လူနှစ်ယောက်အနက် တစ်ယောက်က မယုံကြည်နိုင်ဖြစ်နေပြီး ကျန်တစ်ယောက်ကတော့ အထင်သေးသည့် အရိပ်အယောင် ပြနေသည်။
ဖုံးကွယ်ထားတဲ့ပညာရှင်ဟုတ်လား ဘယ်က ပညာရှင်က ဒီကိုရောက်နေမှာလဲယ
"သူက ဧကရီရဲ့ မျက်နှာသာပေးမှုကို အခွင့်ကောင်းယူပြီး ပေါက်ကရတွေ လျှောက်ပြောနေတာပဲ ကျွန်ုပ်အဲဒီချူနင်နဲ့ တွေ့ဖူးပါတယ် သူ့ဆီမှာ ကျင့်စဉ်စွမ်းအား ဒါမှမဟုတ် ဝိညာဉ်စွမ်းအား အငွေ့အသက် အနည်းငယ်မျှတောင် မရှိပါဘူး။ သူက အခုမှ ကျင့်စဉ် စကျင့်ပြီးတော့ လောကကြီးရဲ့ အနိမ့်အမြင့်ကို မသိသေးတာ ဖြစ်မှာပါ"
သူက တကယ်ပဲ ဖုံးကွယ်ထားတဲ့ ပညာရှင်ဆိုရင် ကျွန်ုပ်ကိုယ်တိုင်ပဲ သူနဲ့ ယှဉ်ပြိုင်ကြည့်ပါ့မယ် သူသာ ကျွန်ုပ်ရဲ့ တစ်ကွက်တည်းသော တိုက်ကွက်ကို ခံနိုင်ရည်ရှိရင် သူ့ကို ဆရာအဖြစ် တောင်းပန်ဖို့တောင် ဝန်မလေးပါဘူး။
ပြောပြီးနောက် ဖန့်ဟိုရန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အသံခပ်အုပ်အုပ်ဖြင့် ပြောလိုက်သည် "အဲဒီလူကတော့ ရမ်းကားနေတာပဲ ဒါပေမဲ့ရှောင်ပင်း နင်ကလည်း ဘာလို့လိုက်ပြီး ရမ်းကားနေရတာလဲ အဲဒီလူကို ဂရုစိုက်နေစရာ မလိုပါဘူး ဧကရီရဲ့ နိုင်ငံရေးကိစ္စတွေကို ဝင်မရှုပ်သရွေ့ သူကြိုက်တာလုပ်ပါစေ"
ရှောင်ပင်းက အမြန်ရှင်းပြလိုက်သည် "တကယ်တော့ ရှောင်ပင်းလည်း မယုံပါဘူး ဒါပေမဲ့ အခုရှောင်ပင်းက တကယ်ပဲ ပဉ္စမအဆင့်ကို ရောက်သွားတာလေ"
သူမ၏ အရှိန်အဝါကို ထုတ်ဖော်လိုက်သည်နှင့် ဖန့်ဟိုရန်မှာ ချက်ချင်းကြောင်အမ်းသွားတော့သည်။ ဘေးနားက ရဲ့ချန်းလျန်မှာလည်း အံ့ဩတုန်လှုပ်စွာဖြင့် မျက်လုံးများ ပြူးသွားရသည်။
ပဉ္စမအဆင့် အသက် ၃၀ နဲ့ ပဉ္စမအဆင့် ရောက်တဲ့သူ တကယ်ပဲပေါ်လာတာလား တာ့ချန်းအင်ပါယာမှာ တကယ်ပဲ ပေါ်လာတာလား။
ဖန့်ဟိုရန်လည်း မယုံကြည်နိုင်သော အမူအရာဖြင့်ကြည့်နေမိသည်လုံးဝကို မယုံနိုင်စရာပင်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ တကယ်ပဲ ချူနင်ရဲ့လမ်းညွှန်မှုကြောင့်လား။
"ဟုတ်ပါတယ် အဖိုးဖန့်"
ဘယ်လိုပဲဖြစ်ဖြစ် ကျင့်စဉ်စာအုပ်ကို ချူနင် ပေးခဲ့တာဆိုတော့ ထုတ်ပြောဖို့ မလွယ်ပေမဲ့ ချူနင်ကြောင့် ဖြစ်ခဲ့တာကတော့ အမှန်ပဲ မဟုတ်လား။
ရဲ့ချန်းလျန်သည် ခဏမျှ စဉ်းစားနေမိသည်။ အံ့ဩနေသော ရှောင်ပင်းကို ကြည့်လိုက်ပြီးနောက် သူမထက် နည်းနည်း ပေါက်ကရဆန်သော ချူနင်ကိုပြန်သတိရလိုက်သည်။ သူမသည် ရှောင်ပင်း၏ စကားများကိုလည်း ကြားလိုက်ရသည်။
ဖုံးကွယ်ထားတဲ့ ပညာရှင် သူက အဆင့်မြင့်လွန်းလို့ဖုံးကွယ်ထားတာ သူသာအလိုရှိရင် တစ်ကမ္ဘာလုံးကို သိမ်းပိုက်ပေးနိုင်တယ် ဟုတ်လား။
ရဲ့ချန်းလျန်သည် အခုအချိန်မှာ ချူနင့်အပေါ် မုန်းတီးစိတ် မရှိတော့သလို ဒီလူ ဘေးနားမှာ ရှိနေတာကလည်း မဆိုးဘူးလို့ ခံစားရပေမဲ့ ဒီလိုစကားမျိုးတွေကတော့ အိမ်မက် ယောင်နေတာပဲ ဖြစ်ရမယ်။
ဒီလူ ငါ့အိပ်ရာပေါ်မှာ အိပ်ရင်းနဲ့ စိတ်ကူးယဉ်နေတာများလား ဖြစ်နိုင်တယ် သူက အမြဲတမ်း နည်းနည်းတော့ ကြောင်တောင်တောင် ဖြစ်တတ်တာပဲလေ။
ဖန့်ဟိုရန်ကလည်း မျက်မှောင်ကြုတ်ထားသည်။ ဒါက သူတို့အမြတ်တနိုး ထားတဲ့ ဂေါ်ဖီထုပ် (ဧကရီ)ကို လာစားသွားတဲ့ တောဝက် တစ်ကောင်က သူ့ကိုယ်သူ ပညာရှင်ပါလို့ လာပြောနေသလိုပဲ မဟုတ်လား။
"ဟက် အဲဒီချူနင်က တာ့ကျိုးအင်ပါယာနဲ့ မဟာမိတ်ဖွဲ့တဲ့ ကိစ္စကလည်း သူ စီစဉ်တာလို့ ပြောသေးတယ် မဟုတ်လား ဒါပေမဲ့ သူ့ရဲ့ ကျင့်စဉ်အဆင့်နဲ့ဆိုရင် တာ့ကျိုးကို သွားဖို့ပြန်ဖို့က နေ့ဝက်လောက် ကြာမှာလေဒါကို ဘယ်လို ရှင်းမလဲ"
ရဲ့ချန်းလျန်လည်း ထိုစကားကို ထောက်ခံသည်။
"ချူနင်က နန်းတော်ထဲကနေ တစ်ခါမှ မထွက်ဖူးပါဘူး ပြီးတော့ တာ့ကျိုးက ကောင်းကင်စောင့်ကြည့်ရေးအဖွဲ့ ကိစ္စကလည်း အဖိုးဖန့် ရှင်းခဲ့တာပဲလေ"
ဒီလူက သူမကို ကပ်တွယ်ပြီး အခွင့်အရေး ယူတာကလွဲရင် နန်းတော်ကနေ ထွက်ဖူးတာ မဟုတ်ဘူး။ ဒီစကားတွေက ဘာအခြေအမြစ်မှ မရှိသလို သူတို့လည်း မယုံပါဘူး ရှောင်ပင်းကိုယ်တိုင်လည်း ဒါကို မယုံပေ။
"ရှောင်ပင်းလည်း ဒါကို မယုံလို့ မိဖုရားခေါင်ကြီးကို လာပြောပြတာပါ"
ဖန့်ဟိုရန်က ခဏမျှ စဉ်းစားပြီး ခေါင်းယမ်းလိုက်သည်။
ကောင်းကင်စောင့်ကြည့်ရေးအဖွဲ့ ကိစ္စမှာ ကျွန်ုပ် ရှင်းလိုက်တယ်ဆိုတာလည်း လုံးဝကြီးတော့ မမှန်ပါဘူး။
ဘာလို့လဲဆိုတော့ ကျွန်ုပ် အဲဒီကို ရောက်သွားတဲ့အချိန်မှာ အဆင့်မြင့် ကျင့်ကြံသူတွေ အထူးသဖြင့် အဖွဲ့ခေါင်းဆောင်က တိုက်ခိုက်နိုင်စွမ်း လုံးဝ မရှိတော့ဘူး။
ဝိညာဉ်တွေ အကုန် ပျက်စီးနေသလိုပဲ ကျွန်ုပ်ကတော့ ကျန်တဲ့ အမှိုက်တွေကိုပဲ ရှင်းလိုက်ရတာ။
ရဲ့ချန်းလျန် ခေတ္တမျှ ရပ်သွားပြီး အရင်က ဖြစ်ရပ်ကို ပြန်စဉ်းစားကြည့်သည်။
ဟုတ်သားပဲ အဲဒီတုန်းက အဖိုးဖန့် ပြောတာက ကျင့်ကြံသူတွေက ကြောင်တောင်တောင် ဖြစ်နေကြတယ် သူတို့ရဲ့ ဝိညာဉ်တွေ ဖျက်စီးခံထားရသလိုပဲလို့ ပြောခဲ့တာ။
အခုနက အဖိုးဖန့်တောင်မှ ရဲ့ချန်းလျန်မှာ အဆင့်မြင့်လွန်းတဲ့ လျှို့ဝှက်အကူအညီများ ရှိနေမလား အဲဒီလူက ကောင်းကင်စောင့်ကြည့်ရေးအဖွဲ့ကို ခြိမ်းခြောက်လိုက်လို့ တာ့ကျိုးက ကြောက်ပြီး မဟာမိတ် လာဖွဲ့တာလားလို့ သံသယဝင်နေတာ။
ရှောင်ပင်းရဲ့ မယုံနိုင်စရာ စကားတွေနဲ့ ပေါင်းစပ်ပြီး ရဲ့ချန်းလျန်က တစ်ခုခုကို စတင် တွေးမိသွားသည်။
ရှောင်ပင်းရဲ့ ကျင့်စဉ်အဆင့်က အစစ်အမှန် ဖြစ်သည်။ ရှောင်ပင်းက ဒါဟာ ချူနင်ရဲ့ လမ်းညွှန်မှုကြောင့်လို့ ဝန်ခံထားသည်။
ဒါပေမဲ့ ဒီရက်ပိုင်းမှာ ရှောင်ပင်းရော သူမပါ ကျင့်စဉ်တွေ အရမ်း တိုးတက်လာခဲ့တာဆိုတော့ ချူနင်က ပညာရှင်လို့ တိုက်ရိုက် ကောက်ချက်ချဖို့တော့ ခက်နေသေးသည်။
ဒါပေမဲ့ တကယ်လို့ သူတို့ဘေးမှာ တကယ်ပဲ အစွမ်းထက်တဲ့လူ တစ်ယောက်ရှိနေရင်ကော။
ကောင်းကင်စောင့်ကြည့်ရေးအဖွဲ့က နန်းတော်အပြင်ဘက် ရောက်လာချိန်မှာ အဲဒီလူက တွေ့သွားပြီး သူတို့ရဲ့ ဝိညာဉ်တွေကို ဖျက်စီးပစ်လိုက်တယ် အဲဒီနောက်မှ အဖိုးဖန့်က သွားရှင်းလိုက်တာ။
အဲဒီနောက် အဲဒီပုဂ္ဂိုလ်က သူတို့ရဲ့ အင်အားကို တာ့ကျိုးကို ပြလိုက်တဲ့အတွက် တာ့ကျိုးဧကရာဇ်က ကြောက်ပြီး အကျိုးအမြတ်တွေ အများကြီးပေးကာ မဟာမိတ် လာဖွဲ့တာ။
ကြည့်ရတာ ကျိုးကြောင်းဆီလျော်နေသလိုပဲ
ရဲ့ချန်းလျန် ချက်ချင်း ကြောင်အမ်းသွားသည်။ တကယ်သာ အဲဒီလိုဆိုရင် အရာအားလုံးက အဖြေရှိသွားပြီ ထို့အပြင် ချူနင် ရောက်လာပြီးနောက်ပိုင်း တာ့ချန်းအင်ပါယာမှာ နဂါးအရှိန်အဝါတွေက တခြားနိုင်ငံတွေထက် ပိုပြီး ထွန်းကားလာသလို ကံတရားရဲ့ စောင့်ရှောက်မှုကိုလည်း ခံနေရသည်။
ဘိုးဘေးတွေက စောင့်ရှောက်တယ်ဆိုတာလည်း မဖြစ်နိုင်ပါဘူး သူတို့က အထက်လောကကို ရောက်သွားကြပြီဆိုတော့ ပြန်လာဖို့ မလွယ်ဘူးလေ။
"ဖြစ်နိုင်မလား အဲဒါ တကယ်ကြီးလား"
ဖန့်ဟိုရန်၏ နှုတ်ခမ်းများ တွန့်သွားပြီး တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
ဧကရီတစ်ခုခုတော့ လွဲနေသလိုပဲ ဒါပေမဲ့ ဒါတွေအားလုံးက ချူနင်ကြောင့်ဆိုရင်တော့
ဒါကအရမ်းကို ပေါက်ကရ မဆန်လွန်းဘူးလား ချူနင်က ပြောရရင်တော့ နန်းတော်ထဲမှာ ဧကရီရဲ့ အရှိန်အဝါကို ကပ်စားနေတဲ့ လူချောလေး တစ်ယောက်ပဲမဟုတ်လား သူက ဘာအဆင့်အတန်း ရှိမှာလဲ သူပြောတာကို ယုံရမှာလား သူကသာ သူဟာ ကောင်းကင်ဘုံ ကိုးထပ်ရဲ့ နံပါတ်တစ်ပညာရှင်ပါလို့ ပြောရင်ရော ယုံမှာလား။
ရဲ့ချန်းလျန်က ဖန့်ဟိုရန်ကို ကြည့်ပြီး ပြုံးလိုက်သည်။
အဖိုးဖန့် ဒီကိစ္စကို ကျွန်မ သေသေချာချာ စုံစမ်းပါ့မယ်။ ချူနင်နဲ့ ပတ်သက်သည်ဖြစ်စေ မပတ်သက်သည်ဖြစ်စေ လက်ရှိမဟာမိတ်ဖွဲ့တာကတော့ တာ့ချန်းအတွက် အကျိုးရှိပါတယ်။
အခု အဖိုးဖန့်က သတ္တမအဆင့် အထွတ်အထိပ်ကို ရောက်နေပြီ မဟုတ်လား ဒီအရင်းအမြစ်တွေကို ရရင် အဋ္ဌမအဆင့် အနန္တကို တက်နိုင်မယ့် မျှော်လင့်ချက်ရှိလား။
အဘိုးအိုက ခဏမျှ တုံ့ဆိုင်းသွားပြီး ခေါင်းယမ်းလိုက်သည်။
အနန္တအဆင့်က ပါရမီ အခွင့်အရေးနဲ့ အရင်းအမြစ်တွေ အားလုံး လိုအပ်တာပါ။ ကျွန်ုပ်ရဲ့အခြေခံက သိပ်မမြင့်လှသလို အခု ခွန်အားကလည်း မတည်ငြိမ်သေးပါဘူး။ အဆင့်တက်ဖို့ဆိုရင် အားလုံး ပြည့်စုံရင်တောင် အနှစ်တစ်ရာလောက်ကြာဦးမှာပါ။
ရဲ့ချန်းလျန်က နှမြောတသစွာဖြင့် "တာ့ချန်းမှာသာ အနန္တအဆင့် ပညာရှင် တစ်ယောက် ရှိရင် မိုးကျကြယ်အင်ပါယာတင် မကဘူး ဘယ်သူမှ လာမစရဲတော့ဘူး"
ထိုအချိန်တွင် ရှောင်ပင်းက ချူနင်ဟာ ပညာရှင်ဆိုတာကို လုံးဝ မယုံသေးပေမဲ့ စမ်းသပ်ကြည့်ဖို့ သတိပေးလိုက်သည်။
"ဒါဆိုရင် အဖိုးဖန့်က ချူနင်ကို သွားမေးကြည့်ပါလား သူ လမ်းညွှန်ပေးနိုင်မလားလို့"
"ရှောင်ပင်း နင်လည်း ပေါက်ကရတွေ လုပ်နေပြီ ငါလိုအဘိုးကြီးက အဲဒီကလေးဆီမှာ လမ်းညွှန်မှု သွားတောင်းရမယ် ဟုတ်လား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"အဖိုးဖန့် စမ်းသပ်ကြည့်ရုံပဲလေ သူသာ မလုပ်နိုင်ရင် ဒါက အတုဆိုတာ သေချာသွားတာပေါ့"
ရဲ့ချန်းလျန်ကလည်း ပြုံးလျက် "သူပြောတာကတော့ နတ်ဘုရားအဆင့်ကလူတောင် သူ့ကိုမြင်ရင် ကောင်းကင်ကြီးကို မော့ကြည့်နေရတဲ့ ပုစဉ်းရင်ကွဲလိုပဲ ဆိုလား။ အဖိုးဖန့်လည်း သွားစမ်းကြည့်လိုက်ပါဦး ကျွန်မတို့ကို နောက်ပြောင်နေတာလား ဆိုတာပေါ့"
ဖန့်ဟိုရန် သက်ပြင်းချလိုက်ရသည်။
"ဧကရီကပြောမှတော့ ဒါဆိုရင်လည်း ကျွန်ုပ် သွားပြီး သူ့ရဲ့ အဆင့်အစစ်အမှန်ကို စမ်းသပ်ကြည့်ပါ့မယ်" ပြောပြီးနောက် အဘိုးအိုသည် ဂါရဝပြုကာ ထွက်ခွာသွားတော့သည်။
မင်းတက်နန်းဆောင်အတွင်းမှာတော့ ရဲ့ချန်းလျန်က ပြုံးလျက် ရှောင်ပင်း၏လက်ကို ကိုင်လိုက်သည်။
"နင်က ပဉ္စမအဆင့်ကို အရမ်းမြန်မြန် ရောက်သွားတာပဲ အနှစ်တစ်ရာ မကြာဘဲ ဆယ်နှစ်အတွင်းမှာတောင် သူတော်စင်အဆင့်ကို ရောက်နိုင်ပါတယ် တစ်ခုခု လိုအပ်တာရှိရင် ငါ့ကို ပြောနော်"
ရှောင်ပင်းက အားရပါးရ ခေါင်းငြိမ့်လိုက်ပြီး ကျင့်စဉ်စာအုပ်အကြောင်းကို စဉ်းစားနေမိသည်။
သူမ အဲဒါကို ထုတ်ပြချင်ပေမဲ့ သခင်လေးက ဒါဟာ ဧကရီအတွက်သီးသန့် ပြင်ဆင်နေတာ ဖြစ်ပြီး ဧကရီက သူမကိုပဲ ပိုမျက်နှာသာပေးတယ်လို့ ထင်သွားမှာ စိုးလို့ဆိုပြီး တားထားသည်လေ။
လိမ်နေတာလို့ သံသယရှိပေမဲ့ ရှောင်ပင်းကတော့ အောင့်ထားလိုက်သည်။
"ရှောင်ပင်း ခံစားရတာကတော့ ဧကရီက သခင်လေးရဲ့ အကြောင်းကို တကယ် မေးကြည့်သင့်ပါတယ် တကယ်သာ အမှန်ဆိုရင်"
ရဲ့ချန်းလျန်ကတော့ ဂရုမစိုက်ဟန်ဖြင့် ရှောင်ပင်း၏ ခေါင်းကို ပုတ်လိုက်သည်။
"နင်ကလည်း သူနဲ့အတူ လိုက်ပြီး ကလေးကလား လုပ်နေပြန်ပြီ ထားလိုက်ပါတော့ အဖိုးဖန့် သွားပြီပဲလေ အဖိုးဖန့် စမ်းသပ်တာက ငါကိုယ်တိုင် စမ်းသပ်တာနဲ့ အတူတူပါပဲ"
"ဒါပေမဲ့ ဧကရီ သခင်လေးက တခြားလူတွေကို အမှန်အတိုင်း ပြောပြဖို့ ဝန်လေးနေပေမဲ့ ဧကရီကိုတော့ အရမ်း ဂရုစိုက်တာပါ။ ဧကရီ မေးရင် သူသေချာပေါက် ပြောပြမှာပါ"
ဒါကို ကြားတော့ ရဲ့ချန်းလျန်လည်း စဉ်းစားသွားသည်။ ဒီလူက ကြည့်ရတာ ပညာရှင်နဲ့ လုံးဝ မတူပေမဲ့ သူမရဲ့ အရင်က တွေးတောချက်တွေကြောင့် စိတ်ထဲမှာ တစ်မျိုးတော့ ဖြစ်နေသည်။
"ကောင်းပြီ ငါကိုယ်တိုင် သွားမေးကြည့်မယ်"
ရှောင်ပင်းက ရုတ်တရက် မျက်နှာလေး နီသွားပြီး ခေါင်းငုံ့လိုက်သည်။ ရဲ့ချန်းလျန်က တစ်ခုခု ထူးဆန်းနေတာကို သတိထားမိပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"
"ဟို သခင်လေးပြောတာက မိဖုရားခေါင်ကြီးက လမ်းညွှန်မှု လိုအပ်ရင်"
ရှောင်ပင်းသည် ရှက်ရှက်ဖြင့် ချူနင် မှာလိုက်သည့် စကားကို အဆုံးထိ ပြောပြလိုက်သည်။ ရဲ့ချန်းလျန်မှာ ကြောင်အမ်းသွားပြီး အသက်ပြင်းပြင်းရှူကာ စိတ်ကို ထိန်းလိုက်ရသည်။
ကောင်းပြီ... ကောင်းပြီလေ သူက သန်းခေါင်ယံမှာ သူ့အခန်းကို လာခဲ့စေချင်တာပေါ့ ဟုတ်လား။
ငါ သွားပေးမယ်။
ဒီညတော့အဲဒီနေရာကိုဖြတ်ပစ်လိုက်မယ်အဲဒီကျရင်နင်ဒီလိုမျိုးတွေထပ်ပြီးစိတ်ကူးယဉ်ရဲသေးလားကြည့်ရသေးတာပေါ့။