အခန်း (၅၀) သူ့ကို ပညာရှင်တစ်ယောက်လိုပဲ သဘောထားလိုက်ပါ
ချန်ရှင်းနန်းဆောင်အတွင်း၌ ရှောင်ပင်းသည် ချူနင့်ကို စိတ်လှုပ်ရှားစွာ ကြည့်နေမိသည်။ သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင်ကောင်းကင် ဘုံ စွမ်းအားအငွေ့အသက်များ ဝဲလည်နေပြီး သူမ၏ ကျင့်စဉ်မှာ ပဉ္စမအဆင့်ဖြစ်သော ပင်လယ်ကြည့်ရှုခြင်းအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
နှစ်ပတ်အတွင်း ဤအဆင့်သို့ တက်လှမ်းနိုင်ခြင်းမှာ အလွန်ပင် မြန်ဆန်လွန်းလှသည်။ ထိုစဉ်က ဧကရီထက်ပင် ပို၍ မြန်ဆန်နေသေးသည်။ သူမ ကျင့်စဉ်ကျင့်လာသည်မှာ အနှစ် ၃၀ ကျော်ရုံသာ ရှိသေးသည်။ တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ကြည့်လျှင်ပင် သူမကို ပါရမီရှင်ဟု ခေါ်ဆိုနိုင်သည်။
သူမ၏ အဆင့်တက်မှုမှာ တာယန် ကောင်းကင်ဘုံကျမ်း၏ အစဦး စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်ကို နားလည်ရုံမျှသာ ရှိသေးသည်။ နောက်ပိုင်း ကျင့်စဉ်တွေကို အကုန် နားမလည်သေးခင်မှာပင် ကျင့်စဉ်တိုးတက်မှုနှုန်းက ဤမျှ မြန်နေပြီဆိုလျှင် နောင်တစ်ချိန်တွင် ဧကရီကိုပင် ကျော်တက်သွားနိုင်သည် မဟုတ်ပါလား။
"ငါက အပြင်လောကက ပညာရှင်တစ်ယောက်ပါလို့ အမြဲပြောနေတာပဲ နင်တို့ကမှ မယုံကြတာ"
ချူနင်ကတော့ ဒါကို ဘာမှမဟုတ်သလို သဘောထားနေသည်။
"ကြိုးစားပြီး ကျင့်ပါ ဒါမှငါ့မိန်းမကို ပိုပြီး ကူညီပေးနိုင်မှာ နားလည်လား"
ရှောင်ပင်း ခဏမျှ တုံ့ဆိုင်းသွားပြီး ချူနင့်ကို သေသေချာချာ စိုက်ကြည့်လိုက်သည်။
"ဒါဆိုရင် ရှောင်ပင်း မေးပါရစေ သခင်လေး။ သခင်လေးရဲ အဆင့်က ဘယ်လောက်လဲဟင် သူတော်စင်အဆင့်လား အနန္တအဆင့်လား ဒါမှမဟုတ် ကောင်းကင်ဖြစ်စဥ်အဆင့်လား"
"မသေမျိုး ဧကရာဇ် "
ရှောင်ပင်း: "......."
အဲဒါက ဘာအဆင့်လဲ သူမ တစ်ခါမှ မကြားဖူးပေ။
"ဒါဆိုရင် ဧကရာဇ်မင်းမြတ်နဲ့ ရှောင်ပင်းကြားမှာ ကွာခြားချက်က ဘယ်လောက်တောင် ရှိမလဲဟင်"
နင်က ကောင်းကင်ဖြစ်စဥ်အဆင့်ကို မရောက်သေးရင် ငါ့ကိုမြင်ရတာက ရေတွင်းထဲက ဖားတစ်ကောင် လမင်းကြီးကို မော့ကြည့်နေရသလိုပဲ။
အကယ်၍ နင်က အဲဒီအဆင့်ကို ရောက်သွားရင်တောင် ငါ့ကို မြင်ရတာက ပုစဉ်းရင်ကွဲလေး တစ်ကောင် ကောင်းကင်ကြီးကို ကြည့်နေရသလိုပါပဲ"
ရှောင်ပင်း: "......"
ဒီတစ်ခါတော့ သူမ ပိုပြီး တိတ်ဆိတ်သွားရသည်။
ဒီစကားတွေက နည်းနည်းတော့အလွန်အကျွံ ဖြစ်နေသလားလို့။ သူမရှေ့က ဧကရာဇ်မင်းမြတ်က နောက်နေတာပဲ ဖြစ်ရမည်ဟု သူမ ခံစားရသည်။
ကောင်းကင်ဖြစ်စဥ်အဆင့်ဆိုသည်မှာ လောကတွင် အသန်မာဆုံး အဆင့်ဖြစ်ပြီး အင်ပါယာကြီးငါးခုမှာတောင် မရှိဘဲ နတ်ဘုရားနယ်မြေသုံးခုမှာသာရှိသည်ဟု သိထားသည်။
အဲဒီအဆင့်က ပညာရှင်ကတောင် ရှင့်ကို မြင်ရတာ ပုစဉ်းရင်ကွဲ ကောင်းကင်ကို ကြည့်နေရသလို ဟုတ်လား ဒါဆိုရင် ဧကရီရဲ့ ဓားက ရှင့်လည်ပင်းကို ရောက်နေတုန်းက ဘာလို့ ပြန်မတိုက်တာလဲ။
နေဦး... သူတို့က လင်မယားတွေပဲလေ ဧကရီက တကယ် သတ်မှာမဟုတ်ဘဲ ခြောက်ရုံပဲ ခြောက်တာဆိုတော့ ဧကရာဇ်မင်းမြတ်က ပြန်မတိုက်တာ ဖြစ်နိုင်တာပဲ။
"ဒါဆိုရင် ဧကရာဇ်မင်းမြတ်က တစ်ခုလောက် လက်တွေ့ ပြပေးလို့ မရဘူးလား"
ချူနင်၏ နှုတ်ခမ်းများ တွန့်သွားသည်။
"ငါက နင့်ကို ဘာပြရမှာလဲ နင့်ကို လန့်သွားအောင် လုပ်ပြီးရင်ရော ဘာဖြစ်မှာလဲ"
ရှောင်ပင်းက အမြန်ရှင်းပြသည်။ "ဒါဆိုရင် ရှောင်ပင်းက ဧကရီကို သွားပြောပြလို့ ရတာပေါ့ ဧကရာဇ်မင်းမြတ်က တကယ်တော့ ကျင့်စဉ်ပညာရှင်ကြီးပါလို့ ပြောရင် မိဖုရားခေါင်ကြီးလည်း အရမ်း ပျော်သွားမှာပေါ့"
"ငါက သူ့ကို ပညာရှင်ပါလို့ အမြဲပြောနေတာပဲ သူ သိပ်ပြီးပျော်သွားတာမျိုးလည်း ငါမမြင်မိပါဘူး"
"အဲဒါက ဧကရီက အရှင်မင်းကြီးကို နောက်နေတယ်လို့ပဲ အမြဲ ထင်နေလို့လေ။ တကယ်သာ ပြလိုက်ရင် ဧကရီလည်း တကယ် သိသွားမှာပေါ့"
ချူနင် သက်ပြင်းအရှည်ကြီး ချလိုက်သည်။
"ရှောင်ပင်း နင် နားမလည်ပါဘူး ငါ့လို ပညာရှင်တွေက အရမ်းကိုအေးအေးဆေး ဆေးနေတတ်ကြတာ"
"ရှင်"
"အခု အင်ပါယာထဲမှာ ရှင်းထုတ်ရမယ့် ပြည်တွင်းရေး ပြဿနာတွေ ရှိလို့လား"
"အဲ... မရှိသလောက်ပါပဲ"
"ဒါဆို ပြည်ပကရော"
"ပြည်ပကတော့... ကျန်တဲ့ အင်ပါယာလေးခုလုံးက ရန်သူတွေလို့ ပြောလို့ရပါတယ်"
"ဒါဆို တာ့ကျိုးနဲ့ တာ့ချန်း မဟာမိတ်ဖွဲ့ပြီးရင်ရော"
"အဲ... ဒါဆိုရင်တော့ ဘယ်သူက တာ့ချန်းကို လာစရဲတော့မှာလဲ ပြဿနာ ရှိမှာ မဟုတ်တော့ပါဘူး"
ချူနင်က လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။
"ဒါဆိုပြီးတာပဲ မဟုတ်လား ပြည်တွင်းရော ပြည်ပရော စိုးရိမ်စရာမရှိရင် ငါက ထွက်လာပြီး ဘာလုပ်ပေးရဦးမှာလဲ"
"ရှင်... ရှင်က ပညာရှင်တစ်ယောက်အနေနဲ့ ဧကရီကို တစ်ကမ္ဘာလုံး သိမ်းပိုက်နိုင်အောင် ကူညီပေးလို့ ရတာပေါ့"
"ရှောင်ပင်း နင် နားမလည်ပါဘူး သူများပေးတာနဲ့ ကိုယ်တိုင် ကြိုးစားယူတာက မတူဘူးလေ။ ငါလို ပညာရှင် တစ်ယောက် ရှိနေသရွေ့ ဘယ်သူမှ တာ့ချန်းကို မခြိမ်းခြောက်နိုင်ဘူး။
ဒါမှ ချန်းလျန်နဲ့ ငါ့ကလေး မွေးလာတဲ့အခါ ချန်းလျန်က စိတ်အေးလက်အေးနဲ့ နိုင်ငံကို စုစည်းပြီး အောင်မြင်မှုတွေကို ခံစားနိုင်မှာပေါ့ အဲဒါ ပိုမကောင်းဘူးလား"
ငါ့ရဲ့အဆင့်အတန်းက အရမ်းမြင့်လွန်းနေပြီ တောင်ထိပ်ပေါ်က မြင်ကွင်းကတော့ ဒီလိုပါပဲ ပြောစရာ ထွေထွေထူးထူး မရှိပါဘူး။
ဒါပေမဲ့ တာ့ချန်းကတော့ ချန်းလျန်ရဲ့ အုပ်ချုပ်မှုအောက်မှာ တစ်ဖြည်းဖြည်း သန်မာလာပြီး တစ်ကမ္ဘာလုံးကို သိမ်းပိုက်နိုင်လိမ့်မယ်။
ဟုတ်တာပေါ့ သူကသာ အလိုရှိမယ်ဆိုရင် ငါက ကူညီပေးလို့ မရဘူးလား"
ရှောင်ပင်းသည် တဝက်ယုံ တဝက်မယုံ ဖြစ်နေသည် သူပြောတာကလည်း နည်းနည်းတော့ ကျိုးကြောင်းဆီလျော်သလိုလို။ အင်း... နည်းနည်းလေးပဲနော်။ ဘာလို့လဲဆိုတော့ ဒီစကားတွေက သူမကို လိမ်နေသလိုမျိုး ခံစားရလို့ပင်။
"သခင်လေး ရှင်က တကယ်တော့ ပညာရှင် မဟုတ်ပါဘူးနော် တာ့ကျိုးအင်ပါယာ မဟာမိတ်ဖွဲ့တဲ့ သတင်းကို သုံးပြီး ရှောင်ပင်းကို လိမ်နေတာ မဟုတ်လား"
ချူနင်က တည်ငြိမ်စွာ ပြုံးလျက် ရှောင်ပင်းကို တရားချလိုက်သည်။
"ဒါဆို တာ့ကျိုးအင်ပါယာက ဘာလို့ တာ့ချန်းနဲ့ မဟာမိတ် လာဖွဲ့တာလဲ ငါလို ပညာရှင် တစ်ယောက်ကြောင့် မဟုတ်ဘူးလား"
"ဧကရာဇ်မင်းမြတ်က နောက်နေပြန်ပြီ ရှင်က နန်းတော်ထဲကတောင် ထွက်ဖို့ ခက်တာကို ဧကရီဆိုရင်တောင် မိုင်ပေါင်း ထောင်ချီဝေးတဲ့ တာ့ကျိုးကို ရောက်ဖို့ နေ့ဝက်လောက် ကြာတာလေ"
ချူနင်က လက်ကို ဝေ့ယမ်းလိုက်သည်။ သူ၏ အမူအရာက တည်ငြိမ်လှပြီး သူ၏ မျက်လုံးများက ကောင်းကင်တစ်ခုလုံးကို ထိုးဖောက်မြင်နေရသလိုပင်။
"ကြိုးကြာငှက်လို ကိုယ်ကို ကျင့်ကြံ ထင်းရှူးတောအောက် ကျမ်းနှစ်စောင်"
"တရားရှာဖို့ ငါလာခဲ့တယ် တိမ်တိုက်တွေက ကောင်းကင်မှာ ရေကတော့ ပုလင်းထဲမှာ"
"ရှောင်ပင်း နင့်ရဲ့ အဆင့်က နိမ့်လွန်းနေသေးတယ် ငါ့ကို နားမလည်နိုင်သေးဘူး"
ထို့နောက် သူက ပညာရှင်တစ်ဦး၏ အသွင်ဖြင့် သက်ပြင်းအရှည်ကြီး ချလိုက်ပြန်သည်။
ရှောင်ပင်းသည် ကျင့်စဉ်စာအုပ်ကို တစ်လှည့် ချူနင့်ကို တစ်လှည့် ကြည့်နေမိသည်။
ကျင့်စဉ်ကတော့ အစစ်ပါ ကောင်းကင်ဘုံ စွမ်းအားကို ကျင့်နိုင်တဲ့ ကျင့်စဉ်ဆိုတာ သေချာသည်။ ဒါပေမဲ့ ချူနင်ရဲ့ ပညာရှင်ပုံစံကတော့ လူတွေကို လိမ်ဖို့ ဟန်ဆောင်နေသလိုပဲ သူမ ခံစားရသည်။
ရှင်က အဲဒီလောက် အစွမ်းထက်ရင် ဘာလို့ ဧကရီကို ဒီလောက် ကြောက်နေရတာလဲ။
ပြီးတော့ တာ့ကျိုးအင်ပါယာ ကိစ္စကလည်း သူနဲ့ ဘယ်လိုပတ်သက်တာလဲ သူက ဒီရက်ပိုင်း နန်းတော်ထဲမှာပဲရှိနေပြီး ဧကရီနဲ့ အတူရှိနေတာ ဒါမှမဟုတ် အနားယူနေတာပဲလေ။ ပြီးတော့ သူကဘာမှလည်း လက်တွေ့ မပြနိုင်ဘဲနဲ့ ဘယ်လို ယုံရမှာလဲ။
"ရှောင်ပင်း ဒါကို ဧကရီကို ပြောပြလို့ ရမလား"
လောလောဆယ်တော့ မပြောနဲ့ဦး။
ဟုတ်တာပေါ့ ငါက ပညာရှင် တစ်ယောက်ပါလို့ပြောပြီး ချန်းလျန်ရဲ့ စိတ်ထဲမှာ ငါ့ပုံရိပ်ကို ကောင်းအောင် လုပ်ပေးရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ကျင့်စဉ်အကြောင်းကိုတော့ လုံးဝ မပြောနဲ့"
"ဘာလို့လဲဟင်"
"ဘာလို့လဲဆိုတော့ နင့်ဆီက ကျင့်စဉ်က ငါ အပျင်းပြေ ရေးထားတာမို့လို့လေ"
"ချန်းလျန်အတွက် ငါပြင်ဆင်နေတဲ့ ကျင့်စဉ်က အချိန်ယူပြီး သေသေချာချာ ဖော်ထုတ်နေရတာ။ နင့်ကိုပေးတဲ့ ကျင့်စဉ်က ပိုကောင်းနေတယ်လို့ သူထင်သွားရင် ငါတို့ကြားမှာ နားလည်မှု လွဲကုန်မှာ စိုးလို့ပါ"
ရဲ့ချန်းလျန်က ဓားလမ်းစဉ်ကို ကျင့်တာဆိုတော့ ဓားလမ်းစဉ်က အဓိကပဲ သူမရဲ့ နတ်ဘုရားရနံ့ ခန္ဓာကိုယ်ကိုလည်း အသုံးချရဦးမည်။
သူကဲ့သို့ မသေမျိုး ဧကရာဇ်တစ်ယောက်အနေနဲ့ အဆင့်မြင့်ဆုံး ကျင့်စဉ်တစ်ခုကို ဘာလို့ မဖော်ထုတ်နိုင်ရမှာလဲ။
ရှောင်ပင်းကို ပေးလိုက်တာက အပျင်းပြေ ပေးလိုက်တာ ဆိုသော်လည်း တာအိုလမ်းစဥ်အထိတော့ အေးဆေးရောက်နိုင်ပါသည်။
ဒီကျင့်စဉ်က ထူးခြားလွန်းလို့ ဘယ်လောကမှာမှ ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ ရှောင်ပင်းကို ပေးတာတောင် ဒီလောက် အစွမ်းထက်နေရင် သူ့မိန်းမအတွက်ဆို ဘယ်လောက်တောင် ဂရုတစိုက် လုပ်ပေးမလဲဆိုတာ စဉ်းစားသာ ကြည့်တော့။
ရှောင်ပင်း ဝန်ခံလိုက်ရသည်။ ခဏတာမှာတော့ သူမ ချူနင့်ကို ပညာရှင် တစ်ယောက်လို့ သံသယ ဝင်မိသွားသည်။ ဒါပေမဲ့ အခုတော့ မယုံတော့ပါဘူး ဧကရာဇ်မင်းမြတ်က လူလိမ်ပဲ ဖြစ်ရမည် ဒါပေမဲ့ ဒီကျင့်စဥ်ကတော့။
"ဒါဆို ရှောင်ပင်း ဧကရီကို သွားပြောလိုက်မယ်နော်"
သူမက စမ်းတဝါးဝါး မေးလိုက်ရာ ချူနင်ကလည်း ခေါင်းငြိမ့်ပြသည်။ သူနဲ့ ရဲ့ချန်းလျန်ကြားမှာ ဒီလိုကိစ္စလေးတွေနဲ့ စကားများနေစရာ မလိုပါဘူး။
"ဒါပေမဲ့ ကျင့်စဉ်အကြောင်းတော့ မပြောနဲ့နော်"
"ဟုတ်ကဲ့ပါ သခင်လေး ဒါဆို ရှောင်ပင်း အဆင့်တက်သွားတာကို ဘယ်လို ရှင်းပြရမလဲ"
ချူနင်က ရှောင်ပင်းကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
ဒီနေ့ ငါ့လို ပညာရှင် တစ်ယောက်ဆီက လမ်းညွှန်မှုရလို့ ရုတ်တရက် အဆင့်တက်သွားတာလို့ပဲ ပြောလိုက် အကယ်၍ ချန်းလျန်လည်း အဆင့်တက်ချင်တယ်ဆိုရင် သန်းခေါင်ယံမှာ ငါ့အခန်းကို လာခဲ့ပါလို့ ငါကိုယ်တိုင် သင်ပေးပါ့မယ်လို့ ပြောလိုက်
ရှောင်ပင်း ချက်ချင်း မျက်နှာလေး နီမြန်းသွားတော့သည်။
ဧကရီက ဘာလို့ ဧကရာဇ်မင်းမြတ်ကို အမြဲ ခုတ်ချင်နေရတာလဲဆိုတာ အခုမှပဲ သိတော့တယ် သူပြောတာတွေက တကယ့်ကို မဖွယ်မရာတွေပဲ။
"ဒါဆို... ရှောင်ပင်း သွားပြီနော်"
မဟုတ်ရင် သူမ ဘာဆက်ပြောရမှန်း မသိတော့ပေ။ ဒါမျိုးတွေကိုတော့ ရှင့်ဘာသာရှင် သီးသန့်ပဲ ပြောကြပါတော့။
တစ်ချိန်တည်းမှာပင် နန်းတော်အတွင်း၌ ဖန့်ဟိုရန်က အခြေအနေတွေကို အစီရင်ခံနေသည်။
"ကောင်းကင်နက္ခအဖွဲ့က လူတွေ အသတ်ခံရပြီးနောက်မှာ တာ့ကျိုးအင်ပါယာက ဒီလို လုပ်ရပ်မျိုး လုပ်လာတာ တကယ်ကို ထူးဆန်းပါတယ်"
"အရှင်မ ကျွန်တော်မျိုး မေးပါရစေ အရှင်မမှာ တခြားလျှို့ဝှက်ထားတဲ့ ကျင့်စဉ် အဆင့်မြင့်တဲ့ အကူအညီတွေ ရှိနေသေးတာလား"
ဟန့်တားမှုဆိုတာ ပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းပဲလေ။ ဒီလောက် အင်အားကြီးတဲ့ နိုင်ငံကို ဟန့်တားနိုင်ဖို့ဆိုရင် အရမ်းကို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်မျိုး ရှိနေမှ ဖြစ်မှာပါ။
ရဲ့ချန်းလျန်က ခေါင်းယမ်းလိုက်သည်။ သူမ၏ လေသံမှာ မိမိကိုယ်ကိုယ် လှောင်ပြောင်သလိုမျိုး ဖြစ်နေသည်။
"ငါတို့ တာ့ချန်းလို နေရာမျိုးကို ဘယ်လို ပညာရှင်ကမှ စိတ်ဝင်စားမှာ မဟုတ်ပါဘူး တကယ်လို့ ရှိရင်လည်း တာ့ကျိုးလို နေရာမျိုးမှာပဲ ရှိမှာပါ ဒီမှာတော့ မဖြစ်နိုင်ပါဘူး"
"ဒါဆိုရင်တော့ ထူးဆန်းနေပြီ"
ထိုအချိန်တွင် ရှောင်ပင်း အပြေးအလွှား ရောက်လာသည်။
"ဧကရီ... ဧကရီ ဧကရာဇ်မင်းမြတ်က သူကိုယ်သူ ပညာရှင်တစ်ယောက်ပါလို့ ထပ်ပြောနေပြန်ပြီ"
အားလုံးက မင်းတက်နန်းဆောင်ထဲမှာ ရှိနေကြသည်။ ဒါကို ကြားလိုက်ရတော့ အဘိုးအိုက တိတ်နေလိုက်သည်။
ဒါက ရယ်စရာကောင်းလှသော်လည်း ဧကရီရဲ့မျက်နှာကို ထောက်ထားသဖြင့် တိုက်ရိုက်တော့ မပြောရဲပေ။ ရဲ့ချန်းလျန်ကလည်း အားကိုးရာမဲ့စွာ ပြုံးလိုက်သည်။
"သူ့ကို ပညာရှင်တစ်ယောက်လို့ပဲ သဘောထားပေးလိုက်ပါ သူ့မျက်နှာမပျက်ပါစေနဲ့"
"မဟုတ်ပါဘူးဧကရီကျွန်မပြောတာကိုအဆုံးထိနားထောင်ပေးပါဦး"