အခန်း (၄၁) ဒေါသထွက်နေသော အဘိုးကြီး
ညမှောင်လာသော်လည်း နန်းတော်အတွင်း၌ စည်ကားနေဆဲပင်။
ဝန်ကြီးဌာန ခြောက်ခုစလုံးသည် ပြီးခဲ့သော ရက်အနည်းငယ်အတွင်း အချိန်ပိုဆင်းကာ အလုပ်ရှုပ်နေကြသည်။
အင်ပါယာ၏ ထုံးတမ်းစဉ်လာနှင့်အညီ ခမ်းနားသော မင်္ဂလာအခမ်းအနားကို စီစဉ်ခြင်းဖြစ်စေ နန်းတော်တစ်ခုလုံးကို အလှဆင်ခြင်းဖြစ်စေ အားလုံးမှာ ဝန်ကြီးဌာနများ၏ လက်ရာပင် ဖြစ်သည်။
၎င်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော ချန်ရှင်းနန်းဆောင်ကတော့ ထူးထူးခြားခြား တိတ်ဆိတ်နေသည်။
ညစာစားပြီးနောက် ရဲ့ချန်းလျန်က တစ်ခုခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။
"ရှောင်ပင်း နင် အရင်ထွက်သွားလို့ ရပြီ"
ရှောင်ပင်းက သူတို့နှစ်ဦး ရင်းနှီးပွင့်လင်းစွာ တစ်ခုခုလုပ်တော့မည်ဟု ထင်ကာ ခေတ္တရပ်သွားသည်။ ချူနင်ကိုယ်တိုင်လည်း ထိုသို့ပင် ထင်လိုက်မိသည်။
ထွက်ခွာသွားသော မိန်းကလေးငယ်၏ ကျောပြင်ကို ကြည့်ရင်း ချူနင်က နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုဖြင့် မော့ကြည့်လိုက်သည်။
"ချန်းလျန် အခုဆိုရင် မင်းက ရှောင်ပင်းကိုတောင် အလိုအလျောက် လွှတ်ပေးနေပြီပဲ။ ကဲ... ဘယ်ကနေ စကြမလဲ"
ရဲ့ချန်းလျန်က ချူနင့်ကို အထင်အမြင်သေးသော အကြည့်ဖြင့် စိုက်ကြည့်ကာ လျစ်လျူရှုလိုက်သည်။ ထို့နောက် သူမသည် ဖြည်းဖြည်းချင်း ထရပ်ကာ နန်းဆောင်တံခါးကို တွန်းဖွင့်လိုက်သည်။
"အခန်းထဲမှာတင် အဆင်ပြေပါတယ် ချန်းလျန်ရယ် အပြင်မှာဆိုရင် မကောင်းဘူးလေ ရှောင်ပင်းသာ မြင်သွားရင် မင်းက ရှက်ပြီး ထပ်ပြေးဦးမှာ"
"ပါးစပ်ပိတ်ထားစမ်း နင် တစ်နေ့ကုန် ဘာတွေ တွေးနေတာလဲ"
ရဲ့ချန်းလျန်က ဒေါသတကြီး ဆဲဆိုလိုက်သော်လည်း သူမ၏ အမူအရာက တဖြည်းဖြည်း တည်ငြိမ်သွားပြီး အေးဆေးစွာ ပြန်ပြောလိုက်သည်။
"ဖန့်ဟောက်ရန်ဆီက သတင်းစကား ရောက်လာလို့ပါ သူ အစီရင်ခံစရာ ရှိတယ်တဲ့။ နင်နန်းဆောင်ထဲမှာပဲနေခဲ့"
"ဘာတွေ ပြောနေတာလဲ ငါတို့က ခိုးစားနေတဲ့သူတွေ ကျနေတာပဲ ငါတို့ကလူသိရှင်ကြား လင်မယားတွေပဲလေ ဒါက သဘာဝကျပါတယ်"
ချူနင်က အရှက်မရှိဘဲ သူမဘေးသို့ ကပ်လာသည်ကို မြင်သောအခါ ရဲ့ချန်းလျန် သက်ပြင်းချလိုက်မိသည်။
ထားလိုက်ပါတော့လေ နောက်မကြာခင်မှာ တရားဝင် ဖြစ်လာတော့မှာပဲ ဒါပေမဲ့ အဲဒီအချိန်ကျရင် ချူနင်က ပိုပြီးတော့တောင် အတင့်ရဲလာမှာကို သူမ စိုးရိမ်မိသည်။
ဒီနေ့တောင် သူမကို နမ်းရဲတဲ့အထိ အတင့်ရဲနေတာ။ နောက်ဆိုရင် အရေးကြီးတဲ့ ကိစ္စမရှိရင် ချူနင်နဲ့ နှစ်ယောက်တည်း လုံးဝ မနေတော့ဘူး အနည်းဆုံး ရှောင်ပင်း ရှိနေရင်တော့ သူ ဒီလောက် အတင့်ရဲမှာ မဟုတ်ဘူး။
"ဖန့်ဟောက်ရန်"
နောက်တစ်ခဏမှာပင် ဖန့်ဟောက်ရန်သည် ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ ရောက်ရှိလာပြီး ဦးညွှတ် နှုတ်ဆက်လိုက်သည်။
"အရှင်မကို ဂါရဝပြုပါတယ်"
အဘိုးကြီးသည် ဦးညွှတ်ပြီးနောက် ပြန်ထလာကာ ဖြည်းဖြည်းချင်း စကားပြောသည်။
အရှင်မ ဒီနေ့ နန်းတော်အပြင်ဘက်မှာ ဒီအဘိုးကြီး လူတစ်စုကို တွေ့ခဲ့ပါတယ် သူတို့က တာ့ကျိုးအင်ပါယာရဲ့ နက္ခတ်ဗေဒင်ဌာနက လူတွေ ဖြစ်ပုံရပါတယ်။
သူတို့တွေက နန်းတော်အတွင်းက ကိစ္စအချို့ကို စုံစမ်းဖို့ ရောက်လာတာလို့ ဒီအဘိုးကြီး ယူဆပါတယ်
ဘာကြောင့်သူတို့တွေက ဒီလောက် လွယ်လွယ်ကူကူ အရေးနိမ့်သွားလဲဆိုတာ မသိရပေမဲ့ သူတို့ထဲမှာသူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက်တောင် ပါပါတယ် စုံစမ်းကြည့်လိုက်တော့ အဲဒီလူကတာ့ကျိုး နက္ခတ်ဗေဒင်ဌာနရဲ့ဂိုဏ်းချုပ်ကြီးဖြစ်နေတယ်။
ထိုစကားကို ကြားသောအခါ ရဲ့ချန်းလျန် မျက်မှောင်ကြုတ်သွားသည်။
"တာ့ကျိုး နက္ခတ်ဗေဒင်ဌာန ဟုတ်လား"
"ဒီလူတွေက ငါတို့အင်ပါယာရဲ့ နဂါးအရှိန်အဝါရဲ့ မြစ်ဖျားခံရာကို စုံစမ်းဖို့ လာတာပဲ ဖြစ်ရမယ် တာ့ကျိုးအင်ပါယာက ငါတို့ကို စပြီး ကြောက်နေပြီထင်တယ်"
သူမ၏ အမူအရာက တဖြည်းဖြည်း တည်ကြည်သွားသည်။
"သူတို့ကို ဘယ်လို ကိုင်တွယ်လိုက်လဲ"
"ဒီအဘိုးကြီးကို ဘယ်သူမှ သတိမထားမိပါဘူး အကုန်လုံးကို သတ်ပစ်လိုက်ပါပြီ"
ရဲ့ချန်းလျန်က ခေါင်းငြိမ့်ပြကာ ဘာကန့်ကွက်မှုမှ မပြပေ။
"ဒီလူတွေက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာပဲ သူတို့ကို သတ်ပစ်လိုက်တာက ပိုပြီး အေးဆေးတာပေါ့။ အဲဒီ ဂိုဏ်းချုပ်ကြီး သေသွားပြီဆိုရင် တာ့ကျိုးရဲ့ နက္ခတ်ဗေဒင်ဌာနကတော့ လုံးဝ ဒုက္ခရောက်သွားပြီ"
"တာ့ကျိုးဘက်က ပြဿနာလာရှာရင်တောင် ငါတို့က ငြင်းလိုက်ရုံပဲ သူတို့က တိတ်တဆိတ် စေလွှတ်ထားတဲ့လူတွေအကြောင်းကို လူသိရှင်ကြား ထုတ်ပြောရဲလောက်အောင် အရှက်မရှိမှာ မဟုတ်ဘူး ဒီဆုံးရှုံးမှုကို သူတို့ မြိုသိပ်ထားရုံပဲ ရှိတာပေါ့"
သို့သော်လည်း နက္ခတ်ဗေဒင်ဌာနက လူတွေက တော်တော်လေး သန်မာကြသည်။ ဖန့်ဟောက်ရန်က အားကောင်းသော်လည်း သူက သူတော်စင်အဆင့်မှာပဲ ရှိသေးသည်။
တစ်ဖက်ကလည်း အဲဒီအဆင့် ကျင့်ကြံသူ ပါလာတာပဲလေ။ ရဲ့ချန်းလျန်ကိုတောင် အသိမပေးဘဲ သူတို့အားလုံးကို သူ တစ်ယောက်တည်း ကိုင်တွယ်နိုင်ခဲ့တာလား။
ရဲ့ချန်းလျန်က အဘိုးကြီးကို ဇဝေဇဝါဖြင့် ကြည့်ကာ မေးလိုက်သည်။ "ဖန့်ဟောက်ရန် ရှင့်ရဲ့ အဆင့်က တက်သွားပြီလား အခု အကန့်အသတ်မဲ့ကို ရောက်သွားပြီလား" အဘိုးကြီးက ခေါင်းခါပြသည်။
"ဒီအဘိုးကြီးကြောင့် မဟုတ်ပါဘူး။ အသန်မာဆုံးဖြစ်တဲ့ သူတော်စင်အဆင့် ကျင့်ကြံသူက ဘာကြောင့်လဲမသိဘူး သတိလစ်နေခဲ့တယ် သူ့ရဲ့ စိတ်အာရုံက ချေမှုန်းခံထားရသလိုပဲ"
"မှော်အစီအရင်မှာ ပါဝင်တဲ့ တခြားလူတွေလည်း အတူတူပါပဲ ဒီအဘိုးကြီးလည်း အကြောင်းရင်းကို မသိဘူး"
"အင်ပါယာရဲ့ ကောင်းကင်လျှို့ဝှက်ချက်တွေကို ထောက်လှမ်းမိလို့ တန်ပြန်သက်ရောက်မှု ခံလိုက်ရတာ ဖြစ်နိုင်မလား" ရဲ့ချန်းလျန် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ခေါင်းခါလိုက်သည်။
တန်ပြန်သက်ရောက်မှု ဆိုရင်တောင်မှ ဒီလောက်အထိ အားမကောင်းနိုင်ပါဘူး။ သူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်အာရုံကို ချေမှုန်းပစ်နိုင်ဖို့ဆိုတာ မလွယ်ဘူး ဒီကိစ္စမှာ သံသယဖြစ်စရာတွေ အများကြီး ရှိနေတယ်။ ဖန့်ဟောက်ရန် ရှင့်ကို တိတ်တဆိတ် စုံစမ်းခိုင်းရပါလိမ့်မယ်။
တာ့ကျိုး နက္ခတ်ဗေဒင်ဌာနက လူလွှတ်လိုက်ပြီဆိုကတည်းက သူတို့မှာ တခြား အစီအစဉ်တွေ ရှိနေတာ သေချာတယ် ငါ့ရဲ့မင်္ဂလာပွဲ မတိုင်ခင်အထိ ရှင့်ကိုပဲ အားကိုးရပါလိမ့်မယ်။
အဘိုးကြီးက ဦးညွှတ်ကာ တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်သည် "အရှင်မစိတ်ချပါ ဘယ်လို ပြဿနာမျိုးပဲရှိရှိ ဒီအဘိုးကြီး သေချာ ကိုင်တွယ်ပါ့မယ်"
သို့သော် စကားပြောပြီးနောက် ဖန့်ဟောက်ရန်သည် ရဲ့ချန်းလျန် ဘေးနားက ချူနင့်ကို မြင်သွားပြီး နှုတ်ခမ်းသားများ တွန့်သွားသည်။
"ချူနင် မင်းက ဧကရာဇ် မဖြစ်သေးဘူး ဒီနေရာက အရှင်မရဲ့အိပ်ဆောင် ဖြစ်တယ် မင်းဒီကနေ ထွက်သွားဖို့ ငါအကြံပေးချင်တယ်"
ဟုတ်ပါသည် ဒါကြောင့်လည်း ရဲ့ချန်းလျန်က ချူနင့်ကို အပြင်ကို အတူမထွက်စေချင်တာပါ။ ဖန့်ဟောက်ရန်က လူကြီးသူမဆိုတော့ အနည်းနဲ့အများ ညည်းတွားပါလိမ့်မည်။
သို့သော် ချူနင်ကတော့ လက်ကို ကားပြလိုက်သည်။
"ငါက သဘောတူပြီးသားလေ အရှင်မကိုယ်တိုင်လည်း အရာရှိတွေ ရှေ့မှာငါ့ရဲ့ ဧကရာဇ် အမှတ်အသားကို အသိအမှတ်ပြုပြီးသားပဲ မင်္ဂလာပွဲ ကျင်းပဖို့ပဲ ကျန်တာ။ မင်္ဂလာပွဲ မရှိရင်တောင် ငါကဧကရာဇ်ပဲ ငါ နေချင်တဲ့နေရာမှာ နေမှာပေါ့ ဘာဖြစ်လဲ"
အဘိုးကြီး၏ ပါးစပ်မှာ တွန့်သွားပြီး ဆဲတော့မည့်အချိန်မှာပင် ရဲ့ချန်းလျန်က အေးဆေးစွာ ဝင်ပြောလိုက်သည်။
"ဖန့်ဟောက်ရန် စိတ်မပူပါနဲ့ ချူနင်က မင်္ဂလာပွဲ ကိစ္စတွေအတွက် ငါ့နန်းဆောင်ကို လာတာပါ တခြား ဘာမှမဟုတ်ပါဘူး"
ထိုစကားကို ကြားမှ အဘိုးကြီး စိတ်အေးသွားတော့သည်။
ဒီကောင်လေးကတော့ တကယ့်ကို အရိုက်ခံချင်နေတာပဲ။
သူက ချူနင့်ကို ဒေါသတကြီး စိုက်ကြည့်နေဆဲပင်။
"ကောင်လေး အရှင်မ ရှေ့မှာ ယဉ်ယဉ်ကျေးကျေး နေစမ်း အရှင်မကြောင့်သာ မဟုတ်ရင် ဒီအဘိုးကြီးက မင်းကို ဧကရာဇ်အဖြစ် လုံးဝ အသိအမှတ်ပြုမှာ မဟုတ်ဘူး"
မင်္ဂလာတောင် မဆောင်ရသေးဘူး အရှင်မရဲ့ အိပ်ဆောင်ထဲအထိ ပြေးဝင်လာတယ်ပေါ့။
ဘာလဲ မင်္ဂလာဆောင်ပြီးရင် ထီးနန်းကို သိမ်းပိုက်ပြီး တိုင်းပြည်ကို လုယူဖို့ ကြံနေတာလား။
ဖန့်ဟောက်ရန်သည် ရဲ့ချန်းလျန်ကို ကြည့်ကာ ဦးညွှတ်ပြီး လေးလေးနက်နက် ပြောလိုက်သည် အရှင်မင်းကြီးအနေနဲ့ ချူနင့်ကို စောင့်ကြည့်သင့်တယ်လို့ ဒီအဘိုးကြီး ထင်ပါတယ်။ သူ့ရဲ့အမှတ်အသားက အရမ်းလျှို့ဝှက်လွန်းနေတယ် တစ်ခုခု မကောင်းကြံနေတာ ဖြစ်နိုင်တယ်။
ပြောပြီးသည်နှင့် အဘိုးကြီးက မနေတော့ဘဲ လှည့်ထွက်သွားသည်။ ချူနင်ကတော့ မကျေမနပ် ဖြစ်နေပြီး ရဲ့ချန်းလျန်၏ လက်ကို ဆွဲကာ တိုင်တောတော့သည်။
"ချန်းလျန် သူ ငါ့ကို မကောင်းပြောနေတာနော် ငါက ဘာလို့ထီးနန်းကို လုရမှာလဲ မင်းကို ရလိုက်ပြီဆိုကတည်းက ငါ ကမ္ဘာတစ်ခုလုံးကို ရလိုက်တာပဲ မဟုတ်လား ငါက ဘာလို့ အားစိုက်ပြီး အဲဒါတွေကို လုပ်နေမှာလဲ"
ရဲ့ချန်းလျန်က ချူနင့်ကို တစ်ချက် ကြည့်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
ခုနက နန်းဆောင်ထဲမှာပဲ နေခဲ့ပါဆိုတာကိုနင်က ငါနဲ့အတူ လိုက်ထွက်ချင်နေတာလေ။ ဖန့်ဟောက်ရန်က နင့်ကို ဒီမှာ မြင်သွားတော့ အထင်လွဲမှာပေါ့ ဒါက မလိုအပ်တဲ့ ကိစ္စပဲ
ချူနင်က ထိုစကားကို ကြားသော်လည်း ရယ်မောလျက် သူမလက်ကို ချက်ချင်း ဆွဲလိုက်သည်။
အဲဒီလို မပြောပါနဲ့ ကောင်းကင်မင်းကြီး ကြွလာရင်တောင် ငါက မင်းရဲ့ ခင်ပွန်းပဲလေ။
ငါ မင်းရဲ့အိပ်ဆောင်ထဲမှာရှိနေတာ ဘာမှားလို့လဲ ငါ မင်းရဲ့အိပ်ရာပေါ်မှာ အိပ်ရင်တောင် ဘယ်သူမှ လာတားလို့မရဘူး မဟုတ်လား။
ပြောပြီးသည်နှင့် သူက ရဲ့ချန်းလျန်ကို နန်းဆောင်ထဲသို့ ဆွဲခေါ်သွားသည်။
"ရှောင်ပင်း မရှိတုန်း မြန်မြန်လုပ်ရအောင်"
ရဲ့ချန်းလျန်က လှုပ်ပင်မလှုပ်ဘဲ ချူနင့်ကို စိုက်ကြည့်ကာ အေးစက်စွာ ခြိမ်းခြောက်လိုက်သည်။
"ငါ ပင်ပန်းနေပြီ နင့်နန်းဆောင်ကို မြန်မြန် ပြန်တော့ ငါ့ကို ဓားမထုတ်ခိုင်းနဲ့ဦး"
"မင်း... ဟူး... အခွင့်အရေးကောင်းလေးပါလား အနည်းဆုံးတော့ မသွားခင် စိတ်ချင်း ပိုနီးစပ်သွားအောင် နမ်းလိုက်ရရင် ကောင်းမှာပဲ ဟူး ဓားမထုတ်ပါနဲ့... ငါ သွားပါ့မယ် အခုပဲ သွားတော့မယ်"
ချူနင်က မျက်နှာငယ်လေးဖြင့် မကျေမချမ်း လှည့်ထွက်သွားသည်။ ရဲ့ချန်းလျန်၏ နှုတ်ခမ်းလေးက အနည်းငယ် ကွေးညွှတ်သွားပြီး စိတ်ကြည်လင်စွာဖြင့် တံခါးထဲသို့ ဝင်သွားသည်။
တစ်ခါ အခွင့်အရေး ရဖူးတာနဲ့ အမြဲတမ်း ရမယ်လို့ ထင်နေတာလား အိမ်မက်ပဲ မက်နေလိုက်တော့ ဒါပေမဲ့ ဒီလိုလူမျိုး ဘေးနားမှာ ရှိနေတာကလည်း တော်တော်လေးတော့ စိတ်ဝင်စားဖို့ ကောင်းသားပဲ။
နန်းဆောင်သို့ အပြန်လမ်းတွင် ချူနင်သည် ရှောင်ပင်းနှင့် တွေ့သည်။ ရှောင်ပင်းက တိုးတက်မှု တစ်ခုခုရှိလားဟု စိတ်အားထက်သန်စွာ မေးမြန်းရာ ချူနင်က တိုးတက်မှုက အလွန်မြန်ပြီး မနက်ဖြန်ကျရင် အတူပြောင်းနေတော့မည်ဟု ပြောလိုက်သည်။
ရှောင်ပင်းက ဝမ်းသာအားရဖြင့် ရဲ့ချန်းလျန်၏ အိပ်ဆောင်သို့ သွားမေးရာ အဆူခံလိုက်ရတော့သည်။
သခင်လေးက သူမကို လိမ်ပြောလိုက်တာပဲ သူမ အလိမ်ခံလိုက်ရပြီ အရှင်မမှာ အဲဒီလို ဆန္ဒ လုံးဝမရှိပါဘူး သခင်လေး တစ်ယောက်တည်း စိတ်ကူးယဉ်နေတာပဲ ဟီးဟီး။
နန်းဆောင်သို့ ပြန်ရောက်ပြီးနောက် ချူနင်သည် ရင်ပြင်ရှိ ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေပြီး သူ၏ အမူအရာက တဖြည်းဖြည်း တည်ငြိမ်သွားသည်။
တာ့ကျိုးအင်ပါယာ ဟုတ်လား တခြား အစီအစဉ်တွေ ရှိသေးတယ်ပေါ့ ကြည့်ရအောင် မင်းတို့ ဘယ်မှာလဲဆိုတာ အချိန်စီးဆင်းမှုက ချက်ချင်း ပြောင်းလဲသွားပြီး နောက်ပြန်လှည့်လာသည်။ တန်ပြန်သက်ရောက်မှု ခံလိုက်ရသူများဆီမှတစ်ဆင့် သူက နောက်ကြောင်းပြန် လိုက်လိုက်သည်။ နောက်ဆုံးတွင် ချူနင်သည် တည်းခိုခန်းတစ်ခုအတွင်းရှိ နေရာတစ်ခုကို အာရုံစိုက်လိုက်သည်။
နန်းတွင်း အထိန်းတော်ကြီးအဘိုးကြီးတစ်ယောက်သည် ဝတ်ရုံနီကို ဝတ်ဆင်ထားပြီး အခန်းထဲက သစ်သားခုံပေါ်မှာ ထိုင်နေသည်။ သူက တစ်ကိုယ်လုံး တုန်ရင်နေပြီး အလွန် ဒေါသထွက်နေပုံရသည်။
"ပေါက်ကရတွေ"
"နက္ခတ်ဗေဒင်ဌာနက လူတွေ အကုန်လုံး ဘယ်လိုဖြစ်လို့ သေကုန်ရတာလဲ တစ်ယောက်မှ ပြန်မလာဘူးလား"
"ဘယ်သူ သတ်လိုက်လဲဆိုတာတောင် မသိဘူးတဲ့လား အသုံးမကျတဲ့ လူအုပ်စု အရာအားလုံးကို ငါကိုယ်တိုင်ပဲ လုပ်ရတော့မှာလား"
တာ့ကျိုးအင်ပါယာရဲ့အထိန်းတော်ကြီးကတော့တော်တော်လေးဒေါသထွက်နေပုံရပါတယ်။