အခန်း (၃၉) နင် တကယ်ကြီး ကိုက်နေတာပဲ
နှုတ်ခမ်းသားပေါ်တွင် ပူစပ်ပူလောင် ဝေဒနာတစ်ခု ပြန့်နှံ့သွားသည်။
ချူနင်သည် ကြောင်အမ်းအမ်းဖြင့် သူ၏ ပါးစပ်ကို လက်ဖြင့် စမ်းကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် မော့ကြည့်လိုက်ရာ လုံးဝ ဆွံ့အသွားရသည်။
"မဟုတ်ဘူးလေ"
"မင်း ငါ့ကိုနမ်းတာ မဟုတ်ဘူး ကိုက်လိုက်တာ သွေးတောင် ထွက်နေပြီ"
ရဲ့ချန်းလျန်၏ အသံမှာ တုန်ရင်နေပြီး သူ့ကို တည့်တည့် မကြည့်ရဲသော်လည်း အတင်းတင်းခံကာ ပြန်ပြောလိုက်သည်။
"ဒါ ဒါ နင်အလိုရှိတာ မဟုတ်ဘူးလား ငါ ပေးလိုက်ပြီလေ နင် ဘာထပ်လိုချင်သေးတာလဲ"
ချူနင်က အလွန်အမင်း ရှက်သွေးဖြန်းနေသော ရဲ့ချန်းလျန်ကို ကြည့်ကာ ရယ်မောလိုက်သည်။
"တကယ်တော့ ဒီလိုမျိုး မဟုတ်ဘူးလေ မင်း နည်းနည်းလောက် ပိုပြီး နူးညံ့လို့ ရပါတယ် မဟုတ်ရင် ဒီပါးစပ်ကတော့ တစ်နေ့နေ့မှာ အကိုက်ခံရလို့ ပြတ်သွားတော့မှာပဲ"
"နင် သွေးမထွက်ပါဘူး"
"သာမန်လူဆိုရင်တော့ သေချာပေါက် သွေးထွက်မှာပဲ"
"နင် ဘာတွေ လျှောက်ပြောနေတာလဲ"
သို့သော် ရဲ့ချန်းလျန်၏ ယခုကဲ့သို့ အခြေအနေကို ကြည့်ခြင်းအားဖြင့် ပြီးပြည့်စုံသော ပထမဆုံး အတွေ့အကြုံမျိုး ရဖို့ဆိုသည်မှာ မဖြစ်နိုင်သေးပေ။
ရဲ့ချန်းလျန်၏ စိတ်နေစိတ်ထားက အရမ်း ပြင်းထန်လွန်းသဖြင့် အတင်းအကျပ် လုပ်ဆောင်ပါက အကျိုးသက်ရောက်မှု ပြောင်းပြန် ဖြစ်သွားနိုင်သည်။
ဒါပေမဲ့ အနည်းဆုံးတော့ အနမ်း (အကိုက်) ခံလိုက်ရတာပဲ မဟုတ်လား ချူနင်ကိုယ်တိုင်လည်း ဒါကိုအနမ်းလို့ သတ်မှတ်လို့ ရမလား မသေချာတော့ပေ ပါးစပ်ကို အကိုက်ခံလိုက်ရတာကိုး။
နေပါဦး မင်း ဘာမှမသိဘူးဆိုရင်တောင် ဒီလောက်ကြီးတော့ မကိုက်သင့်ဘူးလေ ထားလိုက်ပါတော့ သူ သူမကိုသင်ပေးရဦးမည်။
သူကိုယ်တိုင်လည်း တစ်ခါမှ မနမ်းဖူးသော်လည်း ဝက်သားမစားဖူးရင်တောင် ဝက်ပြေးတာတော့ မြင်ဖူးသည် မဟုတ်လား။
ချူနင်က မျက်လုံးလေး မှေးစင်းကာ ပြုံးလိုက်သည်။ "ဒါဆို ချန်းလျန် ငါ အလုပ် ပြန်လုပ်တော့မယ် နောက်တစ်ခါကျရင်တော့ ပိုပြီး နူးညံ့ပေးဖို့ သတိရနော်"
ပြောပြီးသည်နှင့် သူ လှည့်ထွက်သွားတော့သည်။ ရဲ့ချန်းလျန်၏ မျက်နှာမှာ ရဲရဲနီနေပြီး စိတ်ကို ထိန်းမရတော့ပေ သူမ အရမ်း စိတ်လှုပ်ရှားသွားပြီး အားကိုမထိန်းနိုင်ခဲ့တာပါ။
နင် လိုချင်ရင် နင်ဘာသာ နမ်းပါလား အခုတော့ ဘာမှမလိုချင်သလို ဟန်ဆောင်ပြီး ငါ့ကို လုပ်ခိုင်းတယ် အဲဒါ နင့်အပြစ်ပဲ ငါနဲ့ မဆိုင်ဘူး။
မူလနေရာတွင် ပြန်ထိုင်နေသော ရဲ့ချန်းလျန်သည် စိတ်မပြေသေးပေ။ သူမသည် ကျိုးနေသော စုတ်တံကို ကောက်ယူပြီး ချူနင့်ခေါင်းကို လှမ်းပေါက်လိုက်သည်။
"ဘာဖြစ်လို့လဲ"
"ငါ ပေါက်ချင်လို့ ပေါက်တာ အစီရင်ခံစာတွေ သွားဖတ်တော့"
နောက်တစ်ခါတဲ့လား။
နောက်တစ်ခါ ဆိုတာ ရှိလာမှာ မဟုတ်ဘူး လုံးဝ မဖြစ်နိုင်ဘူး။
ကောင်းကင်ကြီးက ကြည်လင်နေပြီး နေရောင်ခြည်က တောက်ပနေသည်။ တာ့ချန်းအင်ပါယာ၏ နန်းတော်အတွင်း၌ မီးအိမ်များနှင့် ရောင်စုံအလှဆင်မှုများကို ချိတ်ဆွဲထားပြီး ဧကရီမလေး၏ မင်္ဂလာပွဲအတွက် ပြင်ဆင်နေကြပြီ ဖြစ်သည်။
ချူနင်ကို ဘာကြောင့် ဧကရာဇ်လောင်းအဖြစ် ရွေးချယ်ခံရသည်ကို သူတို့မသိကြသော်လည်း သူသည် အရှင်မကိုယ်တိုင် ခန့်အပ်ထားသူ ဖြစ်သည်။ သူတို့ကတော့ ပြင်ဆင်စရာ ရှိတာတွေကိုသာ ပြင်ဆင်ရုံပင်။
ရှောင်ပင်းသည် ကျင့်စဉ်ကျင့်ရန်ပင် အချိန်မရှိလောက်အောင် အလုပ်ရှုပ်နေသည်။ သူမသည် နန်းတွင်းကိစ္စများကို အဓိက တာဝန်ယူထားရပြီး အတွင်းဝန်ရုံးနှင့် ဝတ်ပြုရေးဝန်ကြီးဌာနကြားတွင် အပြေးအလွှား သွားလာနေရသည်။
သူမ၏ မျက်နှာလေးမှာလည်း စိတ်လှုပ်ရှားမှုကြောင့် ဝင်းပနေသည် ဘာပဲဖြစ်ဖြစ် နောက်ထပ် လဝက်ဆိုရင် နဂါးရင်သွေးလေးကို မြင်ရတော့မှာ မဟုတ်လား။
တစ်ဖက်တွင်လည်း တော်ဝင်ဘိုးဘေးနန်းဆောင်အတွင်း၌ ဖန့်ဟောက်ရန်သည် နန်းဆောင်ရှေ့တွင် ရပ်ကာ ချူနင့်၏ အမှတ်အသားနှင့် ယခု လုပ်ဆောင်ချက်များကို စဉ်းစားနေသည်။ ဒီလူက ဘယ်သူမို့လို့ ရဲ့ချန်းလျန်ရဲ့ အချစ်ကို ဒီလောက်တောင် ရထားရတာလဲ။
ရဲ့ချန်းလျန်သည် သူ ငယ်စဉ်ကတည်းက ကြည့်လာခဲ့ရသူ ဖြစ်သည်။ နှစ်ပေါင်း ရာချီ ကျင့်ကြံပြီးနောက် ယခုအခါ သူမသည် သူတေည်စင်အဆင့်ကို ရောက်ရှိနေပြီး အင်ပါယာအတွင်း သူ့ပြီးလျှင် အသန်မာဆုံး ဖြစ်နေသည်။
မြင့်မားသော ကျင့်စဉ်အပြင် ရဲ့ချန်းလျန်၏ စိတ်ဓာတ်ကလည်း အလွန်ခိုင်မာပြီး အင်ပါယာ၏ ပြည်တွင်းရေးကိုသာ အာရုံစိုက်ခဲ့သူ ဖြစ်သည်။
အရင်နှစ်များက နန်းတွင်းအရာရှိများက သူမကို မျိုးဆက်ဆက်ခံရန်အတွက် ဧကရာဇ်လောင်း တစ်ပါး အမြန်ခန့်အပ်ဖို့ တိုက်တွန်းခဲ့သော်လည်း သူမ အမြဲ ငြင်းပယ်ခဲ့သည်။
ဒါဆို ဘာလို့ ချူနင်က ရုတ်တရက် ဧကရာဇ်လောင်းဖြစ်လာရတာလဲ ချူနင်ဆိုတာ ကျင့်စဉ်မရှိတဲ့ သာမန်လူတစ်ယောက်ပဲ ရုပ်ရည် အနည်းငယ် သန့်ပြန့်တာကလွဲရင် ဘာမှ မရှိပါဘူး။
အရှင်မက သူ့ကို သဘောကျရင်တောင် မျိုးဆက်ဆက်ခံဖို့အတွက် မောင်းမဆောင်ထဲမှာပဲ ထားလို့ရတာပဲလေ။
ဒါပေမဲ့ အခုတော့ အရှင်မက ချူနင့်ကို ပေးထားတဲ့ အာဏာက အရမ်း ကြီးမားလွန်းနေတယ် သူက အင်ပါယာရဲ့အချက်အချာဖြစ်တဲ့ မင်းတက်နန်းဆောင်ထဲအထိ အရှင်မနဲ့အတူ လိုက်ပါခွင့် ရနေတာပဲ။
သူ တိုင်းပြည်ရေးရာတွေကို ကိုင်တွယ်သလား မသိရပေမဲ့ ဒီလုပ်ရပ်ကတင် ဘိုးဘေးတို့ရဲ့ ထုံးတမ်းစဉ်လာကို လုံးဝ ဆန့်ကျင်နေပြီ ဖြစ်သည်။
သူသည် ဤလူငယ်မှာ မရိုးရှင်းဟု အမြဲ ခံစားနေရသော်လည်း သူက ဘိုးဘေးနန်းဆောင်ထဲမှာပဲ နေရသူဖြစ်၍ အများကြီး စုံစမ်း၍ မရပေ။ ဒါပေမဲ့ ဒီလူသာ အရှင်မကို တစ်ခုခု ဒုက္ခပေးဖို့ ကြံစည်ရင်တော့ သူ သေချာပေါက်။
ရုတ်တရက် ဖန့်ဟောက်ရန် တစ်ခုခုကို ခံစားမိသလို မော့ကြည့်လိုက်သည်။ နန်းတော်အထက်က ကောင်းကင်ယံမှာ နိမိတ်တွေက တစ်စုံတစ်ယောက်ကြောင့် ကမောက်ကမ ဖြစ်နေသည် တစ်စုံတစ်ယောက်က နက္ခတ်ဗေဒင်နဲ့ နိမိတ်ဖတ်ဖို့ ကြိုးစားနေတာလား။
နန်းတော်ထဲက လူလည်း မဟုတ်ဘူး။
အဘိုးကြီးက လက်ချောင်းလေးတွေနဲ့ တွက်ချက်ကြည့်လိုက်သော်လည်း ထိုထူးခြားမှုမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။
"စိတ်ချောက်ခြားတာလား ခုနက ငါ သေချာ ခံစားလိုက်ရတာပဲ မဟုတ်ဘူး ငါ သွားစုံစမ်းရမယ်"
သူက ချူနင့်ကို အထင်မကြီးသော်လည်း မင်္ဂလာပွဲရဲ့ အဓိကဇာတ်ဆောင်က ရဲ့ချန်းလျန် ဖြစ်နေသည်။ ရဲ့ချန်းလျန်ရဲ့ မင်္ဂလာပွဲကို ထိခိုက်မယ့် ဘယ်အရာကိုမဆို သူ တားဆီးရမည်။
ထိုအချိန်တွင် မင်းတက်နန်းဆောင်အတွင်း၌ ချူနင်သည် နောက်ဆုံး အစီရင်ခံစာကို လက်စသတ်ကာ ရဲ့ချန်းလျန်ထံ ပေးလိုက်ပြီး မျက်လုံးလေး မှေးစင်းလိုက်သည်။ သူ့ဇနီးကတော့ စိတ်ကောက်ပြီး သူ့ကို လျစ်လျူရှုထားပြန်ပြီ။
ဒါပေမဲ့ ခုနက သူမရဲ့ လုပ်ရပ်က တကယ်ကို ရဲတင်းလှသည်။ ချူနင်က ဘာမှမလုပ်ဘဲ ရဲ့ချန်းလျန်ကို အနှောင့်အယှက် မပေးတော့ဘဲ လေကောင်းလေသန့် ရဖို့ အပြင်ဘက်ကို ထွက်လာခဲ့သည်။
နန်းဆောင်ရှေ့က ရင်ပြင်ကို ကြည့်လိုက်ရာ လျှို့ဝှက်အစောင့်များ၏ ပုန်းကွယ်နေမှုမှာ အလွန် တော်သော်လည်း ချူနင့်မျက်လုံးကိုတော့ မလွတ်နိုင်ပေ။ ထို့အတူ မြောင်းထဲက ကြွက်အချို့ကိုလည်း သူ မြင်နေရသည်။
"နင်တို့က နိမိတ်ဖတ်ချင်တာလား အဲဒါဆိုရင်လည်း ငါဖတ်ခိုင်းလိုက်ပါ့မယ်"
ချူနင်က လက်ချောင်းလေးကို တစ်ချက် တောက်လိုက်ရာ ကမောက်ကမ ဖြစ်နေသော နိမိတ်များမှာ ပို၍ရှုပ်ထွေးသွားပြီး တစ်ခုခုကိုပါ သူ ထည့်သွင်းလိုက်သည်။
သူ့ဇနီးကို စောင့်ကြည့်နေတဲ့လူတွေ တော်တော်များသားပဲ။ သူကတော့ သာမန်လူတစ်ယောက်လိုပဲ အေးအေးဆေးဆေး နေချင်တာပါ ဒါပေမဲ့ အပြင်လူတွေက သူ့ကို ပစ်မှတ်ထားလာကြပြီ သူတို့ရဲ့ မင်္ဂလာပွဲကို ဘယ်သူမှ မတားဆီးနိုင်စေရဘူး။
တစ်ချိန်တည်းမှာပင် နန်းတော်အပြင်ဘက်ရှိ တာ့ကျိုးအင်ပါယာမှ ကျင့်ကြံသူ အချို့သည် နေရာယူထားကြပြီ ဖြစ်သည်။
ခေါင်းဆောင်မှာ နက္ခတ်ဗေဒင်ဌာန၏ နတ်ဆရာပင် ဖြစ်သည် သူသည် ယခင်က အထွတ်အမြတ်နယ်မြေ သုံးခုထဲမှ တစ်ခုဖြစ်သော လီရန်နယ်မြေသို့ ဝင်ရောက်ဖူးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှင်ထုတ်ခံရကာ တာ့ကျိုးအင်ပါယာတွင် အထက်တန်းစား ကျင့်ကြံသူ ဖြစ်လာခဲ့သူ ဖြစ်သည်။
သူတော်စင်အလယ်အလတ်အဆင့်ရှိသော သူသည် အင်ပါယာ ငါးခုလုံးတွင် ထိပ်တန်းစာရင်းဝင် တစ်ယောက် ဖြစ်သည်။ သူက ဝတ်ရုံခရမ်းကို ဝတ်ဆင်ထားပြီး ဆရာကြီးတစ်ဦး၏ အရှိန်အဝါမျိုး ရှိသည်။ သူသည် တပည့်များကို နေရာချပြီးနောက် မှော်အစီအစဉ်ကို ချက်ချင်း စတင်လိုက်သည်။
ကြယ်ကိုးပွင့် နေကိုဖုံးလွှမ်းခြင်းအစီအရင်သည် နေ့လယ်ခင်း နေရောင်ခြည်ကို သုံး၍ အစီအရင်ကို ဖုံးကွယ်ထားကာ နန်းတော်အတွင်းရှိ လူတိုင်းကို ထောက်လှမ်းနိုင်ပြီး နဂါးအရှိန်အဝါရဲ့ မြစ်ဖျားခံရာကို ရှာဖွေနိုင်စွမ်း ရှိသည်။
"ကျင့်စဉ် အမွေအနှစ်တွေ ပြတ်တောက်နေတဲ့ ဒီ တာ့ချန်းအင်ပါယာမှာ ဒီလောက် သန်မာတဲ့ နဂါးအရှိန်အဝါမျိုး ရှိနေတာလား"
"ဒီနဂါးအရှိန်အဝါရဲ့ မြစ်ဖျားခံရာကို တွေ့တာနဲ့ အဲဒီလူကို သတ်ပြီး ငါတို့ တာ့ကျိုးအင်ပါယာဆီ ပြောင်းယူပစ်မယ်"
သူက လှောင်ပြုံး ပြုံးလိုက်သည်။ "ရတနာရှိတဲ့သူက အပြစ်ရှိတာပဲ နင်အပြစ်တင်ချင်ရင် နင့်ရဲ့ နဂါးအရှိန်အဝါက အရမ်း သန်မာနေတာကိုပဲ အပြစ်တင်လိုက်တော့"
နန်းတော်အတွင်းရှိ နေရာတိုင်း လူတိုင်းသည် အဘိုးကြီး၏ စိတ်အာရုံထဲတွင် ပေါ်လာသည်။ နန်းတော်၏ ဗဟိုချက်ဖြစ်သော မင်းတက်နန်းဆောင်တွင် နဂါးအရှိန်အဝါမှာ အသန်မာဆုံး ဖြစ်နေသည်။
"ဒီမှာပဲ" သူ ချက်ချင်း ဝမ်းသာသွားသည်။ ဒီလောက် လွယ်လိမ့်မယ်လို့ မထင်ထားဘူး။ သူ၏ စိတ်အာရုံကို အထဲသို့ ပို့လွှတ်ကာ ရှာဖွေလိုက်သည်။
သို့သော်လည်း သူ၏ စိတ်အာရုံ အထဲရောက်သွားသည့် ခဏမှာပင် နန်းဆောင်အတွင်းက ပုံစံကို မမြင်ရဘဲ ကမ္ဘာသစ်ကြီး တစ်ခုကိုသာ မြင်လိုက်ရသည်။ ဤကမ္ဘာကြီးသည် အတိုင်းအဆမရှိ ကျယ်ပြောလှပြီး သူသည် ထိုကမ္ဘာထဲတွင် ဖုန်မှုန့်လေးတစ်ခုကဲ့သို့ သေးငယ်လွန်းနေသည်။
အဘိုးကြီး ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် သူ့နောက်ကျော၌ တစ်ခုခုရှိနေသလို ခံစားလိုက်ရသည်။
ရုတ်တရက် လှည့်ကြည့်လိုက်ရာ အဘိုးကြီး၏ မျက်နှာမှာ ချက်ချင်း ဖြူလျော့သွားပြီး တုန်တုန်ရင်ရင် ဖြစ်သွားတော့သည်။
သူ့ရှေ့တွင် အတိုင်းအဆမရှိ ကြီးမားလှသော ပုံရိပ်ကြီးတစ်ခု ရှိနေပြီး ၎င်း၏ အဆုံးကို မြင်ပင် မမြင်နိုင်ပေ။
မဟုတ်ဘူး ငါ ထောင်ချောက်ထဲမိပြီ
ဧရာမ လက်ဝါးကြီးတစ်ခုက ရိုက်ချလိုက်သည်.တစ်ချိန်တည်းမှာပင် နန်းတော်အပြင်ဘက်တွင် အစီအရင်ကို ထိန်းသိမ်းထားသော ကျင့်ကြံသူများ၏ စိတ်အာရုံများမှာ ချက်ချင်း ဆုတ်ဖြဲခံလိုက်ရသည်။ သူတို့ သွေးအန်ကာ နေရာတင် သေဆုံးသွားကြတော့သည်။
ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးကြီးမှာလည်း အော်ဟစ်ကာ စိတ်အာရုံတွေ ပျက်စီးပြီး မြေကြီးပေါ် လဲကျသွားသည်။ ဘေးက လူတွေ မတုံ့ပြန်နိုင်ခင်မှာပင် ဟင်းလင်းပြင်ကြီး ဆုတ်ဖြဲခံလိုက်ရသည်။
ဖန့်ဟောက်ရန်သည် မျက်လုံးလေး မှေးစင်းကာ ရှေ့က ကျင့်ကြံသူများကို ကြည့်ပြီး ဇဝေဇဝါ ဖြစ်သွားသည်။
"ငါတောင် ဘာမှ မလုပ်ရသေးဘူး မင်းတို့က ဘာလို့လဲနေကြတာလဲ"
ဒါပေမဲ့ အဘိုးကြီးကတော့ အလွန် စိတ်လှုပ်ရှားနေဆဲပါပဲ"မြောင်းထဲက ကြွက်တွေက တကယ်ပဲ ထွက်လာတာလား အဲဒါဆိုရင်တော့ ငါ အားနာနေမှာမဟုတ်ဘူး"
သူ့လက်ထဲတွင် ဓားကောက်ကြီး တစ်လက် ပေါ်လာသည်။ စိတ်အာရုံပျက်စီးနေသော နတ်ဆရာနှင့် ကျန်ရှိသော ကျင့်ကြံသူများသည် ဖန့်ဟောက်ရန်၏ ဓားချက်အောက်မှ လွတ်မြောက်နိုင်ခြင်း မရှိဘဲ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြတော့သည်။
အကုန်လုံးကို သတ်ပြီးနောက် အဘိုးကြီးမှာ အလွန် ဇဝေဇဝါ ဖြစ်နေရသည်။
"သူတော်စင်အဆင့်ရှိတဲ့ ကျင့်ကြံသူ တစ်ယောက်က ဘာလို့ ပြန်တိုက်ဖို့ အင်အားတောင် မရှိရတာလဲ ဒါ မဖြစ်နိုင်ဘူး"
"ထူးဆန်းလိုက်တာ အရှင်မဆီ အရင် သွားအစီရင်ခံရမယ်"