အခန်း (၃၇) တကယ်ပဲ သူ မကျေနပ်တာ ဖြစ်မယ်
တာ့ချန်းအင်ပါယာ၏ လော့ရန်မြို့တော်အတွင်းသို့ အင်အားကြီးအဖွဲ့အစည်း အများအပြား ရောက်ရှိနေကြပြီဖြစ်သည်။
"အရာရှိဝမ် ဒါတာ့ချန်းရဲ့ မြို့တော်ပဲ။ ဒီက နဂါးအရှိန်အဝါက အရင်ကထက် အဆပေါင်းရာချီ ပိုပြီး သိပ်သည်းနေတယ်။ နက္ခတ်ဗေဒင်ဌာနရဲ့ တွက်ချက်မှုထက် အများကြီး သာလွန်နေတာပဲ"
ခေါင်းဆောင်ဖြစ်သူသည် ဆံပင်ဖြူအနည်းငယ်စွက်ကာ သာမန်အဝတ်အစားကိုသာ ဝတ်ဆင်ထားသဖြင့် သတိမမူမိနိုင်စရာပင်။ သို့သော် သူ၏ အိုမင်းသော မျက်လုံးများထဲတွင်တော့ ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ဒီလောက် သိပ်သည်းတဲ့ နဂါးအရှိန်အဝါမျိုးက ရဲ့မိသားစုရဲ့ဘိုးဘေးကြီးတောင်မှ နတ်သက်မကြွေခင်မှာမရရှိခဲ့ဖူးဘူး ဒါ တကယ်ကို ထူးဆန်းတယ်"
ဝမ်ကျင့်ကျုံးက မော့ကြည့်လိုက်သည်။ လမ်းမများပေါ်တွင် လူများဖြင့် စည်ကားနေပြီး ရွှေရောင် ကြေညာချက်များကို နေရာအနှံ့ ကပ်ထားကာ လမ်းဘေးဝဲယာတွင်လည်း လှပသော ပန်းများ ချိတ်ဆွဲထားသည်။
"နက္ခတ်ဗေဒင်ဌာနက လူတွေကို နန်းတော်အနီးတစ်ဝိုက်မှာ လျှို့ဝှက်တွက်ချက်ခိုင်းလိုက်ပါ တာ့ချန်းမှာ နဂါးအရှိန်အဝါတွေ ရုတ်တရက် တိုးလာတာက အရမ်း ထူးဆန်းလွန်းတယ် အဲဒါက ဟိုမိန်းမရဲ့ မင်္ဂလာဆောင်နဲ့လည်း တိုက်ဆိုင်နေတယ်။ ငါ့စိတ်ထဲမှာ တစ်ခုခု ဆက်စပ်နေသလိုပဲ အဲဒီ ဧကရာဇ်က သာမန်လူ မဟုတ်လောက်ဘူး"
"လက်အောက်ငယ်သား နာခံပါ့မယ်"
သူ့လူ ထွက်သွားပြီးနောက် မိန်းမစိုးအိုကြီးသည် လမ်းဘေးတစ်နေရာတွင် ထိုင်ကာ ပတ်ဝန်းကျင်က ပြည်သူတွေ ပြောနေတာကို နားထောင်နေတော့သည်။
သူတို့ရရှိထားတဲ့ သတင်းအတိုင်းပါပဲ ရဲ့ချန်းလျန်က ဧကရာဇ်ကို ရုတ်တရက် ခန့်အပ်လိုက်တာဖြစ်ပြီး ထုံးတမ်းစဉ်လာတွေကိုတောင် ဆန့်ကျင်ခဲ့တာပါ။ လောကမှာ ထုံးတမ်းစဉ်လာက အရေးကြီးဆုံးဖြစ်ပြီး ဒီလုပ်ရပ်က ရဲ့မိသားစုရဲ့ မျက်နှာကို မြေကြီးပေါ် ပစ်ချလိုက်တာနဲ့ တူတူပါပဲ။
အထူးသဖြင့် ဒီဧကရာဇ်က ထူးချွန်တဲ့ အရည်အချင်း မရှိဘူးဆိုရင်ပေါ့။
ရဲ့ချန်းလျန်ကို ဒီလောက်အထိ ဇွတ်တရက် လုပ်စေတာက ဘာဖြစ်မလဲ နဂါးအရှိန်အဝါ တိုးလာတာကကော သူနဲ့ ဆက်စပ်နေမလား။
ဘာပဲဖြစ်ဖြစ် သူတာ့ချန်းအင်ပါယာကို ရောက်လာပြီပဲ။ သတင်း အတည်ပြုနိုင်တာနဲ့ သူ တာ့ချန်းကို ကိုယ်တိုင် သွားရလိမ့်မယ်။ ဧကရာဇ်ကို သတ်လို့ရတယ် ပြောရရင် သတ်ကို သတ်ရမှာ ဒါပေမဲ့ ဧကရီမလေးကိုတော့ အခြေအနေ ကြည့်ရဦးမယ်။
အကယ်၍ နဂါးအရှိန်အဝါက သူမဆီက လာတာဆိုရင်တော့ သူမကို သတ်ရမယ်။ ဒါပေမဲ့ မဟုတ်ဘူးဆိုရင်တော့ အင်ပါယာ ငါးခုရဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့အတွက် သူမရဲ့ ကျင့်စဉ်ကို ဖျက်ဆီးရုံပဲ လုပ်ရလိမ့်မယ်။
သူမကို သတ်လိုက်ရင် တခြားနိုင်ငံတွေကို စစ်ကြေညာသလို ဖြစ်သွားမှာဖြစ်ပြီး အင်ပါယာလေးခု ပေါင်းပြီး တိုက်လာရင် တာ့ကျိုး အနေနဲ့ ခံနိုင်ရည် ရှိဦးမှာ မဟုတ်သေးဘူး။
သူမကို မသတ်ဘဲ ကျင့်စဉ်ဖျက်လိုက်ရုံနဲ့ တာ့ချန်းကို လွယ်လွယ်လေး ဖျက်ဆီးနိုင်ပြီး တည်ငြိမ်မှုကိုလည်း ထိန်းထားနိုင်မှာပါ။
ဝမ်ကျင့်ကျုံး တစ်ခုခုကို ခံစားမိသွားပြီး မလှမ်းမကမ်းက ခမ်းနားတဲ့ စီတန်းလှည့်လည်မှုကို လှမ်းကြည့်လိုက်သည်။
"လော့မတ်အင်ပါယာက လူတွေ ဒီလောက် အများကြီး လွှတ်လိုက်တာလား ဟဲဟဲ သူတို့လည်း မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာကြတာပဲ"
မိန်းမစိုးအိုကြီးသည် အကြံတစ်ခု ရသွားပြီး ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါမှာ လော့မတ်အင်ပါယာက လူတွေနဲ့ ထပ်တူကျသွားပြီး လက်ထဲတွင်လည်း လူရေခွံမျက်နှာဖုံးတစ်ခု ပေါ်လာသည်။ သူက မျက်လုံးလေးမှေးပြီး စိတ်ကြည်လင်စွာဖြင့် ရှေ့ဆက်သွားတော့သည်။
လော့ရန်မြို့တော်မှာ အင်ပါယာ လေးခုလုံးက လူတွေ စုဝေးနေကြပြီ။ အချို့က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာကြသလို အချို့ကတော့ ဒါကိုအခွင့်အရေးတစ်ခုလို မြင်ပြီး မဟာမိတ်ဖွဲ့ဖို့ လာကြတာပါ။ အားလုံးက သင့်တော်တဲ့ အချိန်ကို စောင့်နေကြသည်။
နောက်ထပ် ငါးရက် ကုန်ဆုံးသွားပြန်သည်။ မင်းတက်နန်းဆောင်အတွင်း၌ ဝန်ကြီးချုပ် ချူစွန်းသည် ချူနင်ကို မြင်သောအခါ ခဏမျှ ကြောင်သွားသော်လည်း ရဲ့ချန်းလျန်၏ စီစဉ်မှုကို ပြန်သတိရသွားသည်။ သူတို့နှစ်ယောက် အတူတူ အုပ်ချုပ်ကြမယ်ဆိုတာ အရှင်မက တကယ် နောက်နေတာ မဟုတ်ပါဘူး။
နေပါစေဦး အရှင်မရဲ့ တိုင်းပြည်ပဲ သူမ ကြိုက်သလိုလုပ်ပါစေ။ ဘာပဲဖြစ်ဖြစ် အရှင်မရဲ့ ကျင့်စဉ်က ရှိနေတာပဲ ချူနင်က အာဏာလုမှာကို ကြောက်စရာ မလိုပါဘူး။
"ဒီအမှုထမ်းအိုကြီးက အရှင်မကို ဂါရဝပြုပါတယ် ဧကရာဇ်ကိုလည်း ဂါရဝပြုပါတယ်"
ဘေးနားက ချူနင်က ပြုံးလျက် လက်ကာပြသည် နောက်ထပ် ဆယ်ရက်လိုသေးတယ် မင်္ဂလာဆောင်က မပြီးသေးဘူး မင်္ဂလာဆောင်ပြီးမှ ငါကဧကရာဇ် ဖြစ်မှာပါ။
ရဲ့ချန်းလျန်က ချူနင့်ကို မကျေမနပ် ကြည့်လိုက်သည်။ ဝန်ကြီးချုပ်က စည်းမျဉ်းအတိုင်း ဂါရဝပြုတာကို နင်က ဘာလို့ ပိုပြောနေရတာလဲ။
အဘိုးကြီးကပြုံးလျက် အရှင်မရဲ့ အမိန့်က ထွက်ပြီးသားပဲလေ ပြီးတော့ ချူသခင်လေးကို ဧကရာဇ်အဖြစ် ခန့်အပ်ဖို့လည်း အရှင်မင်းကြီးက သဘောတူပြီးပြီ။ ဒီအဘိုးကြီးက ဧကရာဇ်လို့ ခေါ်တာမမှားပါဘူး။
"ငါတို့ကိုတွေ့ဖို့ ဘာအရေးကြီးကိစ္စ ရှိလို့လဲ" ရဲ့ချန်းလျန်က စကားလမ်းကြောင်း လွှဲလိုက်သည်။
ထိုစကားကို ကြားသောအခါ အဘိုးကြီး၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်လျှံလာသည်!
"အရှင်မင်းကြီးရဲ့ ကြိုတင်မြင်နိုင်စွမ်းက တကယ်ကို နက်နဲလှပါတယ်။ ဒီအဘိုးကြီး အခုမှပဲ အရှင်မင်းကြီးရဲ့ နည်းလမ်းတွေက ဘယ်လောက် ပြောင်မြောက်သလဲဆိုတာ သိလိုက်ရတယ် တကယ့်ကို လက်ရာမွန်ပါပဲ"
ရဲ့ချန်းလျန် မျက်မှောင်ကြုတ်သွားပြီး ဇဝေဇဝါ ဖြစ်သွားသည်။ "ဘာဖြစ်လို့လဲ"
သူမ လွန်ခဲ့တဲ့ ရက်တွေမှာ ဘာမှ ထူးထူးခြားခြား မလုပ်ခဲ့ပါဘူး။
ဝန်ကြီးချုပ်က အစီရင်ခံစာတစ်စောင်ကို လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။ "ဒါက ဒီနေ့ ကျန်းနန်ဒေသက ပို့လိုက်တဲ့ အရေးပေါ် အစီရင်ခံစာပါ"
"လွန်ခဲ့တဲ့ သုံးရက်က ကုန်သည်သင်္ဘောတွေဟာ ကျန်းနန်ကို ဆန်ပိဿာ သန်းသုံးဆယ်နီးပါး သယ်လာပြီး ရောင်းဖို့ ကြံစည်ခဲ့ကြတယ်။ ဒါပေမဲ့ အစိုးရက မြစ်ကြောင်းကို သံကြိုးတွေနဲ့ ပိတ်လိုက်တယ်"
"ဒေသခံ သူဌေးတွေကလည်း ဆန်တွေ ထပ်ဝယ်ဖို့ ပိုက်ဆံ မရှိတော့ဘူး ကုန်သည်တွေလည်း ပြန်ထွက်လို့ မရတော့ဘူး။ အဲဒီအချိန်မှာ အစိုးရက ကျီတွေကို ဖွင့်ပြီး ဆန်တွေ ဝေပေးလိုက်တယ်"
"ကုန်သည်တွေလည်း မနေနိုင်တော့ဘူး မနေ့ညကစပြီး သူတို့ဆီက ဆန်တွေကို စျေးလျှော့ပြီး အကုန် ထုတ်ရောင်းကုန်ကြပြီ။ ဆန်တစ်တင်းကို ရွှေ ၅၀ ကနေ ကြေးပြား ၈၀၀ အထိ စျေးထိုးကျသွားတယ် အဆပေါင်းများစွာ ကျသွားတာပဲ အခုထိလည်း စျေးတွေ ဆက်ကျနေတုန်းပဲ"
ရဲ့ချန်းလျန် ဆွံ့အသွားပြီး အစီရင်ခံစာကို ချက်ချင်း ဖွင့်ကြည့်လိုက်သည်။ အစီရင်ခံစာထဲတွင် ကုန်သည်တွေ ဆန်ထုတ်ရောင်းရုံတင်မကဘဲ ဒေသခံ သူဌေးတွေပါ မအောင့်နိုင်တော့ဘဲ လိုက်ရောင်းနေကြပြီ ဖြစ်သည်။ ကျန်းနန်ရဲ့ ဆန်စျေးက အရင်ကထက်တောင် ပိုကျသွားဦးမှာ ဖြစ်သည်။
ဆယ်သုံးရက်။
ချူနင်က ဖြေရှင်းနည်းကို ရေးပေးခဲ့တဲ့ အချိန်ကနေ အခုအထိ ဆယ်သုံးရက်ပဲ ကြာသေးတယ် ကျန်းနန်ရဲ့ဆန်စျေးကို အရင်ကထက်တောင် ပိုကျအောင် နှိမ်နင်းနိုင်ခဲ့ပြီ။
ဝန်ကြီးချုပ်က ဝမ်းသာအားရဖြင့် "အရှင်မရဲ့ လုပ်ရပ်ကို ဒီအဘိုးကြီး အစက နားမလည်ခဲ့ဘူး ဘာလို့ ဆန်တွေ ချက်ချင်း မဝေတာလဲဆိုတာပေါ့။ ဒေသခံ အရာရှိတွေလည်း မကျေမနပ်ဖြစ်ခဲ့ကြတယ် ဒါပေမဲ့ အခုတော့ အားလုံး ရှင်းလင်းသွားပါပြီ"
"ဟို ကျန်းနန်ကသူဌေးတွေဆိုရင် ဆန်စျေးတက်တုန်း အမြတ်ရဖို့ ပိုင်ဆိုင်သမျှ ပုံအောပြီး ဝယ်ခဲ့ကြတာ အခုတော့ အရှင်မရဲ့ လက်ထဲက နယ်ရုပ်တွေ ဖြစ်သွားကြပြီ။ အခုဆိုရင် အိမ်မှာတင် ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ သူဌေးတွေတောင် ရှိနေပြီတဲ့"
"အရှင်မရဲ့ ဒီတစ်ကွက်က တကယ်ကို ပါရမီရှင်ဆန်လှပါတယ်။ ဂုဏ်ယူပါတယ် အရှင်မကျန်းနန်က ဘေးဒုက္ခ ပြေလည်သွားပါပြီ"
ရဲ့ချန်းလျန် ရင်ထဲမှာ အလွန် စိတ်လှုပ်ရှားသွားပြီး ချက်ချင်းပဲ အမိန့်စာတွေ ရေးတော့သည်။ ဘဏ္ဍာရေးဝန်ကြီးဌာနကို ငွေတွေ ထုတ်ပေးခိုင်းပြီး ကျန်းနန်က ပြည်သူတွေကို ကူညီဖို့ စီစဉ်သည်။ ဆန်စျေးတင်တဲ့ သူဌေးတွေနဲ့ အရာရှိတွေကိုလည်း အကုန် ဖမ်းဆီးပြီး အပြစ်ပေးဖို့ အမိန့်ထုတ်လိုက်သည်။
ဒီရက်ပိုင်းအတွင်း သူမ ရင်ထဲမှာ အောင့်ထားခဲ့ရတဲ့ ဒေါသတွေ အကုန်ထွက်သွားပြီ။
ပြည်သူတွေကို ဒုက္ခပေးတဲ့ ဒီစီးပွားရေးသမားတွေကို အမြစ်ပြတ် မချေမှုန်းရင် သူမ ဒေါသပြေမှာမဟုတ်ဘူး။
သူတို့သာ စျေးမတင်ရင် ဒီလောက် လူတွေ အများကြီး သေမှာ မဟုတ်ဘူးလေ။
ဝန်ကြီးချုပ် ထွက်သွားပြီးနောက် ရဲ့ချန်းလျန်သည် ဘေးနားက ချူနင့်ကို လှည့်ကြည့်လိုက်သည်။ ချူနင်က တစ်ခုခုပြောလာလိမ့်မယ် ဒါမှမဟုတ် ဒီကိစ္စကို ဆင်ခြေပေးပြီး အခွင့်အရေး ယူလိမ့်မယ်လို့ သူမ ထင်ခဲ့သော်လည်း သူကတော့ စာအုပ်တစ်အုပ်ကိုပဲ အေးအေးဆေးဆေး ထိုင်ဖတ်နေသည်။
"ခုနက ဝန်ကြီးချုပ် ပြောတာကို နင် မကြားဘူးလား နင်မပျော်ဘူးလား" ရဲ့ချန်းလျန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
ချူနင်က စာအုပ်ကို ပိတ်ပြီး မော့ကြည့်လာသည်။ "ငါ ဒါကို ကြိုသိထားပြီးသားပါ။ ဒါပေမဲ့ ဒီလောက် မြန်လိမ့်မယ်လို့တော့ မထင်ထားဘူး တစ်လ၊ နှစ်လလောက် ကြာမယ် ထင်ထားတာ ဆယ်သုံးရက်တည်းနဲ့ ဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူး"
"မင်းတို့ဆီက ရေကြောင်း သယ်ယူပို့ဆောင်ရေးက အဲဒီလောက်တောင် မြန်တာလား"
ရဲ့ချန်းလျန် ခေတ္တမျှ ကြောင်သွားသည်။
မဟုတ်ဘူးလေ နင် လုပ်လိုက်တဲ့ အလုပ်က ဘယ်လောက် ကြီးကျယ်သလဲဆိုတာ နင်မသိဘူးလား ဒါမှမဟုတ် အဲဒီဂုဏ်သတင်းကို ငါက ယူလိုက်တယ်လို့ ထင်နေတာလား။
"ကျန်းနန်က ပြဿနာ ပြေလည်သွားပြီလေ" ချူနင်မကြားမှာ စိုးလို့ သူမက ထပ်ပြောလိုက်သည်။
"အင်း... ကြားပါတယ်"
ရဲ့ချန်းလျန် စိတ်ထဲမှာ တစ်မျိုး ဖြစ်သွားသည်။
တကယ်ပဲ သူမကျေနပ်တာ ဖြစ်မယ်။
ချူနင်ရဲ့အကြံကြောင့်ကျန်းနန်ကအစာခေါင်းပါးမှုပြဿနာပြေလည်သွားပါပြီ။ဒါပေမဲ့ရဲ့ချန်းလျန်ကတော့ချူနင်စိတ်ကောက်နေတယ်လို့ထင်နေပုံရပါတယ်။