အခန်း (၃၆) ရဲ့ချန်းလျန်၏ မနာလိုစိတ်
နောက်ရက်များတွင်လည်း သူတို့၏ ဆက်ဆံရေးမှာ အရင်အတိုင်းပင် ရှိနေသည်။ ချူနင်က ရဲ့ချန်းလျန်၏ သည်းခံနိုင်စွမ်းကို စနောက်စမ်းသပ်လိုက် ဓားဖြင့် အခုတ်ခံရလုနီးပါး ဖြစ်လိုက်နှင့်ပင်။ ဟုတ်ပါတယ် ချူနင်ကတော့ အမြဲတမ်း ရှောင်တိမ်းနိုင်ခဲ့တာပေါ့။
ရှောင်ပင်း၏ အမြင်တွင်တော့ ဒါဟာ ချစ်သူရည်းစားလေးတွေ ရန်ဖြစ်နေကြတာနဲ့တင် တူနေတော့သည်။ သာမန်လူတစ်ယောက်ဖြစ်တဲ့ ချူသခင်လေးက အရှင်မရဲ့ ဓားချက်ကို ဘယ်လိုလုပ် ရှောင်နိုင်မှာလဲ (သူမ ထင်တာက ဧကရီက သက်သက်ညှာတာပေးတယ်ပေါ့)
ငါးရက်ခန့် ကြာပြီးနောက် မင်းတက်နန်းဆောင်အတွင်း၌
"ဒီနေ့ အစီရင်ခံစာတွေ တော်တော်များသားပဲ ငါ မင်းနဲ့အတူ ကိုင်တွယ်ပေးမယ်"
"မလိုပါဘူး ငါတစ်ယောက်တည်း ရပါတယ်"
ရဲ့ချန်းလျန်သည် ချူနင့်၏ အခြေအနေကို အနည်းငယ် စိုးရိမ်နေမိသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူမသည် အစီရင်ခံစာများကို လုံးဝ အနှောင့်အယှက် မပေးခဲ့ဘဲ ချူနင်ကသာ အစအဆုံး ကိုင်တွယ်ပြီးမှ သူမထံ တင်ပြခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ ချူနင့်၏အရည်အချင်းကို သံသယရှိ၍ မဟုတ်ပါ။ သူ၏ အရည်အချင်းမှာ မြင်ရလေလေ ပို၍ အံ့သြဖို့ကောင်းလေလေ ဖြစ်နေသည်။
သို့သော် ဤအတိုင်းသာ ဆက်သွားလျှင် ချူနင် ပင်ပန်းသွားမှာကို သူမ စိုးရိမ်မိသည်။
ဘာပဲဖြစ်ဖြစ် သူက သာမန်လူတစ်ယောက်ပဲလေ။ သူမ၏ လေသံမှာ အေးစက်နေသော်လည်း ချူနင့်ကို ကြည့်ကာ တစ်ခုခုကို စဉ်းစားနေမိသည်။ ချူနင့်ကို ခက်ခဲတဲ့အခြေအနေပြပြီး လက်လျှော့သွားအောင် လုပ်ဖို့ သူမကြံစည်လိုက်သည်။
"ဟက် အခုတော့ ဒီလိုမျိုး အလုပ်လုပ်ရတာက နင့်အတွက် သဘာဝကျနေပြီပဲ။ နင်နဲ့ ဧကရာဇ်ဆိုတာ ဘွဲ့တစ်ခုပဲ လိုတော့တာ မဟုတ်လား"
"အဲဒီလိုပဲ ပြောရမှာပေါ့ မင်းက ငါ့ကို ဒီရာထူး ပေးမလို့လား"
"အို ငါ ပေးလိုက်ရင်ကော နင် တကယ် ကောင်းကောင်း လုပ်နိုင်မယ်ထင်လို့လား"
ရဲ့ချန်းလျန်က မျက်လုံးလေးတွေ အနည်းငယ် မှေးစင်းလိုက်သည်။ သူမသည် ဤအခြေအနေကို အသားကျနေပြီဖြစ်၍ သူတို့ကြားက စကားပြောဆိုမှုများမှာ ပွင့်လင်းလွန်းနေသည်။ ချူနင်က ပြုံးလျက် ပြန်ဖြေသော်လည်း လက်ထဲက စုတ်တံကတော့ တစ်ချက်ကလေးမှ မရပ်သွားပေ။
"ဧကရာဇ် လုပ်ဖို့ကတော့ ငါ ကောင်းကောင်း လုပ်ချင်သလား မလုပ်ချင်ဘူးလား ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ အခုကြည့်ရတာတော့ နေ့တိုင်းညီလာခံတက် အစီရင်ခံစာ ကိုင်တွယ်တာက သိပ်ပြီး မခက်ခဲပါဘူး"
ရဲ့ချန်းလျန် ထိုစကားကို ကြားသောအခါ ရင်ထဲမှာ အောင့်တက်သွားသလို ခံစားလိုက်ရသည်။
မခက်ခဲဘူးတဲ့လား သူက အရမ်းကို ပေါ့ပေါ့ပါးပါး ပြောနေတာပဲ။ နင် သိရဲ့လား
ဒါပေမဲ့ တကယ်လည်း အဲဒီလို ဖြစ်နေတာကိုး။
သူ့ရဲ့ အစိုးရအဖွဲ့သစ်မူဝါဒကြောင့် အင်ပါယာရဲ့ အုပ်ချုပ်ရေးယန္တရားက အပြည့်အဝ လည်ပတ်နေပြီ ဖြစ်သည်။ ပြီးတော့ သူ့ရဲ့ နိုင်ငံရေး အတွေ့အကြုံက သူမထက် အဆပေါင်းများစွာ ပိုပြီး နက်ရှိုင်းနေသလိုပင်။
ယခင်က ပို့လိုက်သော အစီရင်ခံစာများကို အစိုးရအဖွဲ့၏အကြီးတန်း အတွင်းဝန်ကြီးချုပ်ချူနှင့် တခြား အတွင်းဝန်များက အလွန် ချီးကျူးခဲ့ကြသည်။
အရှင်မသည် စစ်ရေးနှင့် အုပ်ချုပ်ရေး ပညာရပ်များတွင် အလွန် နက်နဲလှပြီး နည်းလမ်းများမှာလည်း ထူးချွန်လှပါသည် ဒေသန္တရ အရာရှိများထံမှ တုံ့ပြန်မှုများမှာလည်း အလွန် ကောင်းမွန်လှပါသည် ဆိုသည့် မှတ်ချက်မျိုးတွေပေါ့။
သူမ အနည်းငယ် အားကျသလို မနာလိုသလို ဖြစ်သွားရသည်။ ဝန်ကြီးချုပ်က သူမကို အဲဒီလို တစ်ခါမှမပြောဖူးသလို ဒေသအရာရှိတွေကလည်း ပြောခဲလှသည်။
အများစုက ဟန်ပြတွေသာ ဖြစ်သည်။ သို့သော် ယခု တုံ့ပြန်မှုများမှာတော့ တကယ် စစ်မှန်နေသည်။
အစီရင်ခံစာ အားလုံးကို သူမရဲ့ ဧကရာဇ်က ကိုင်တွယ်ခဲ့တာလေ သူမက အတည်ပြုပေးရုံပဲ ရှိတာ။
သူက ငါ့ထက်တောင် ပိုတော်နေတာပဲ ဒါဆိုရင် ဒီဧကရာဇ်ရာထူးကို နင်ပဲ ယူလိုက်တော့
"အင်း ချန်းလျန်"
ချူနင်က အစီရင်ခံစာ တစ်စောင်ကို ကိုင်လျက် ရုတ်တရက် မော့ကြည့်လာသည်။
"ကျန်းနန်ဒေသက အစာခေါင်းပါးတဲ့ ကိစ္စပဲ"
ရဲ့ချန်းလျန် ချက်ချင်းပင် စိတ်ဝင်တစား ရှိသွားပြီး အစီရင်ခံစာကို ယူကြည့်လိုက်သည်။
ဒေသတွင်း ဆန်စျေးနှုန်းများမှာ အဆတစ်ရာနီးပါး မြင့်တက်နေပြီး ပြည်သူများမှာ ငတ်မွတ်လွန်း၍ လူသားချင်း ပြန်စားသည့် ကြမ္မာဆိုးနှင့် ကြုံနေရပြီ ဖြစ်သည်။ ဒေသရ အရာရှိများက ကျီများဖွင့်ပြီး ဆန်ထုတ်ပေးရန် တောင်းဆိုထားကြသည်။
၎င်းကို မြင်သောအခါ သူမ ဆွံ့အသွားရသည်။ အစီရင်ခံစာထဲက စာကြောင်း အနည်းငယ်မှာပင် ကျန်းနန်ဒေသ၏ ဝမ်းနည်းဖွယ် အခြေအနေကို သူမ မြင်ယောင်နေမိသည်။
သို့သော် ဒေသအရာရှိများကို တော်ဝင်မိသားစုက ဆန်လုံးဝ ထုတ်မပေးရန် အမိန့်ထုတ်ထားခဲ့သည် သူတို့အားလုံးသည် တာ့ချန်းအင်ပါယာ၏ ပြည်သူများ ဖြစ်သော်လည်း ယခုအချိန်တွင် သူမ ဘာမှ မတတ်နိုင် ဖြစ်နေရသည်။
ချူနင်က စုတ်တံကို ချလိုက်ပြီး သက်ပြင်းအရှည်ကြီး တစ်ချက်ချကာ ရဲ့ချန်းလျန်ကို ကြည့်လိုက်သည်။
"ဆန်စျေးက အခု အမြင့်ဆုံး အမှတ်ကို ရောက်နေပြီ။ နောက်မှာ ရေးထားတာကတော့ ကမ္ဘာအနှံ့က ဆန်ကုန်သည်တွေက အမြတ်ရဖို့အတွက် လာပြီးရောင်းချနေကြပြီ ဒါပေမဲ့ ဒေသခံ ပြည်သူတွေကတော့ ဝယ်မစားနိုင်ကြဘူး။ အဲဒီဆန်တွေကို လိုက်ဝယ်နေတာကတော့ ဒေသခံ သူဌေးတွေနဲ့ အာဏာရှိသူတွေပဲ"
"နောက်ထပ် ဖြည့်စွက်ချက် တစ်ခု ထည့်လိုက်ဦး အစာငတ်လို့ သေဆုံးသွားတဲ့ သူတွေကို ရောဂါဘယ မဖြစ်အောင် ဘယ်လို မြှုပ်နှံရမယ် ဆိုတာမျိုးပေါ့"
ရဲ့ချန်းလျန် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်ပြသည်။ "ကောင်းပြီ အစီအစဉ်အတိုင်းပဲ ဆက်လုပ်ကြတာပေါ့"
ကျီတွေဖွင့်ပြီး ဆန်ထုတ်ပေးရုံနဲ့ ပြည်သူတွေကို မကယ်တင်နိုင်ပါဘူး။ လူတွေ သေကြလိမ့်မယ် သေချာပေါက် သေကြမှာပဲ။ ဒါပေမဲ့ ဆန်စျေးနှုန်းကို လုံးဝ တည်ငြိမ်အောင် လုပ်နိုင်ရင်တော့ လုံလောက်ပါပြီ လူအများအပြား အသက်ရှင်နိုင်ပါလိမ့်မယ်။
ဒီအစီအစဉ်ကို ဒေသခံ သူဌေးတွေ မသိအောင် လျှို့ဝှက်လုပ်ဆောင်နေတာ ဖြစ်သည်။ သူတို့ကို အခုချက်ချင်း သတ်လို့ မရသေးပါဘူး။ အကယ်၍ သူတို့ကို သတ်လိုက်ရင် ဆန်တွေကို ဆက်ပြီး ဝယ်မယ့်သူ မရှိတော့ဘဲ ဆန်စျေးနှုန်းက အမြင့်မှာပဲ ဆက်ရှိနေလိမ့်မယ်။
သူတို့ကို အကုန် သတ်ပစ်လိုက်ရင် တစ်နိုင်ငံလုံးကို ရိုက်ခတ်မှု ကြီးမားသွားပြီး ထိတ်လန့်တုန်လှုပ်မှုတွေ ဖြစ်လာနိုင်ပါတယ်။
အခုဆိုရင် ဆန်စျေးက ထိတ်လန့်စရာကောင်းလောက်အောင် အဆတစ်ရာကျော် မြင့်တက်နေပြီ ကျန်းနန်နဲ့ အရမ်းဝေးတဲ့ နယ်စပ်ဒေသက ကုန်သည်တွေတောင် အမြတ်ရဖို့ လာနေကြပြီ။ ဒါဟာ မျှော်လင့်ချက်ပဲ ချူနင် ကြိုတင် ခန့်မှန်းထားတဲ့ ရလဒ်ပါပဲ။
"အဆိပ်ပြင်းတဲ့ ပညာရှိ"
ရဲ့ချန်းလျန်သည် ချူနင်၏ အစီအစဉ်များကို ရေးမှတ်ပြီးနောက် အေးစက်စွာ မှတ်ချက်ပေးလိုက်သည်။ ထို့နောက် မျက်လုံးမှိတ်ကာ အနားယူနေတော့သည်။
ဘေးနားက ချူနင်ကတော့ အသာအယာ ပြုံးလိုက်မိသည်။ လောကကြီးက သနားကြင်နာမှု မရှိဘူး၊ အရာအားလုံးကို ကောက်ရိုးရုပ်တွေလိုပဲ သဘောထားတယ်။ သူတော်စင်တွေကလည်း သနားကြင်နာမှု မရှိဘူး ပြည်သူတွေကို ကောက်ရိုးရုပ်တွေလိုပဲ သဘောထားတယ်။
အပေါ်ယံ သနားကြင်နာမှုက အခြေခံ ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။ ဆန်စျေးနှုန်းကသာ အဓိကပြဿနာပါ။ အခုဆိုရင် ဒေသအချို့မှာ ဆန်စျေးတင်တဲ့ ကုန်သည်တွေကိုကွပ်မျက်နေကြပြီ ဒါပေမဲ့ ကုန်သည်အသေးလေးတွေကိုပဲ သတ်တာပါ ကုန်သည်အကြီးကြီးတွေကိုတော့ ဝအောင် ကျွေးထားပြီးမှ သတ်ဖို့စောင့်နေတာ။
အုပ်ချုပ်သူတစ်ယောက်ရဲ့ ရည်ရွယ်ချက်က ရလဒ်ကောင်းဖို့ပဲ။ အစီအစဉ်က ဘယ်လောက်ပဲ ခမ်းနားနေပါစေ ရလဒ်က မကောင်းရင် အပိုပါပဲ။
နောက်ရက်အနည်းငယ်လောက် ထပ်စောင့်ကြည့်ရမယ် ဆန်စျေးနှုန်း ထပ်မတက်တော့ဘူးဆိုရင် ကျန်းနန်က သူဌေးတွေ တောင့်ခံနိုင်တဲ့ အဆုံးစွန်ကို ရောက်ပြီလို့ ဆိုလိုတာပဲ။ အဲဒီအချိန်ကျမှ တစ်ကမ္ဘာလုံးကို မှောက်လှန်ပစ်ရမယ်။
သူ အများကြီး မတွေးတော့ပါဘူး။ ကျန်းနန်က ပြည်သူတွေရဲ့ ကိစ္စလောက်က ချူနင့်ရဲ့ စိတ်ဓာတ်ကို မထိခိုက်နိုင်ပါဘူး။ ဧကရာဇ် ရာပေါင်းများစွာဆီက ရရှိခဲ့တဲ့ အသိပညာတွေက ချူနင့်ကို အစီရင်ခံစာ ကိုင်တွယ်နည်းတင်မကဘဲ အလွန်မြင့်မားတဲ့ အမြင်နဲ့ ရှုထောင့်တွေကိုလည်း ပေးထားခဲ့တာလေ။
သူသည် ရဲ့ချန်းလျန်၏ အလုပ်များကို ကူညီပေးရင်း ဆက်လက် အလုပ်ရှုပ်နေသည်။ ကိုယ်ဝန်ဆောင်နေတဲ့ ရဲ့ချန်းလျန်ကို စိတ်အေးလက်အေး အနားယူစေချင်တာပဲ ဖြစ်သည်။ ချူနင်သည် အလုပ်ထဲတွင် အာရုံနစ်ဝင်သွားပြီး စုတ်တံကို အရှိန်အဟုန်ဖြင့် လှုပ်ရှားနေတော့သည်။
တစ်ဖက်တွင်လည်း ရဲ့ချန်းလျန်သည် အမှန်တကယ် အနားယူနေခြင်း မဟုတ်ပါ။ သူမသည် မျက်လုံးမှိတ်ထားသော်လည်း စုတ်တံသံကို ကြားရသည့်အခါ မျက်လုံးဖွင့်ပြီး ချူနင့်ကို ထပ်ကြည့်မိသည်။
ထိုနဂါးဝတ်ရုံနှင့် ထိုအရှိန်အဝါတွေက သူ့ကို သူမထက်တောင် ပိုပြီး ဧကရာဇ်နဲ့ တူစေသည်။
စိတ်နေစိတ်ထားနဲ့ ရုပ်ရည်က လုံးဝ တခြားစီပဲ။ သူက တကယ်ပဲ ရုပ်ချောသော်လည်း အစီရင်ခံစာတွေ ကိုင်တွယ်နေတဲ့ အချိန်မှလွဲရင် ဒီလိုဧကရာဇ် အရှိန်အဝါမျိုးကို လုံးဝ ထုတ်ပြလေ့ မရှိပါဘူး။
သူမ အစကတော့ သူ့ကိုတကယ် သံသယဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် ချူနင်၏ စေတနာအမှန်ကို သိလာရသဖြင့် အများကြီး မတွေးတော့ပေ။ ချူနင်က သူမ၏ ကျန်းမာရေးကို တကယ် စိုးရိမ်ပေးနေတာပါ။
သူသည် နေ့စဉ် အချိန်အနည်းငယ်ကိုသာ အစီရင်ခံစာ ကိုင်တွယ်ဖို့နဲ့ ညီလာခံကိစ္စတွေ စီစဉ်ဖို့ သုံးသည်။ ဒါဟာ ဧကရာဇ် တစ်ပါးလို လုပ်နေတာပါပဲ ဘွဲ့တစ်ခုပဲ လိုတော့တာ။
ဒါပေမဲ့ ချူနင်က ဒီထက် ပိုမလုပ်ပါဘူး။
သူက ဒီအလုပ်တွေကို ဆင်ခြေပေးပြီး သူမနဲ့ နီးစပ်ဖို့ အခွင့်အရေးယူဖို့အတွက်ပဲ သုံးတာလေ။ ရဲ့ချန်းလျန်ကသာ မတောင်းဆိုရင် ချူနင်က ဘာမှ ပိုပြောမှာမဟုတ်သလို ပိုလုပ်မှာလည်း မဟုတ်ပါဘူး။
ကောင်းကင်တမျှ မြင့်မားတဲ့ အရည်အချင်းတွေ ရှိနေပြီး စိတ်ဓာတ်ကတော့ သူမ တစ်ယောက်တည်းအပေါ်မှာပဲ ပုံအောထားတဲ့ ဒီလို ယောက်ျားမျိုး ကမ္ဘာပေါ်မှာ ရှိနိုင်ပါ့မလား ထိုသို့ တွေးမိသောအခါ ရဲ့ချန်းလျန် စိတ်ကြည်လင်သွားပြီး နှုတ်ခမ်းထောင့်လေးများ အနည်းငယ် ကွေးတက်သွားသည်။
"ဒါနဲ့ နင့်ရဲ့ ကျင့်ကြံခြင်းကော ဘယ်လိုလဲ ရှောင်ပင်းက နင့်ကို ကြီးကြပ်နေတာပဲ ဘယ်အခြေအနေ ရောက်ပြီလဲ"
"အဲဒီ ကျင့်စဉ်လား" ချူနင်က အလုပ်ကြားထဲကနေ အားအောင် ဖြေလိုက်သည်။
အခြေခံအဆင့်ကို ရောက်ပြီ။ အခုဆို ဓားအရှိန်အဝါကို သုံးလို့ ရနေပြီ ငါ ပျင်းမနေပါဘူး။
"အင်း... အခြေခံအဆင့် ရောက်ပြီး ဓားအရှိန်အဝါ သုံးနိုင်တာကတော့ အရှိန်ကောင်းပါတယ် ဒါပေမဲ့ ငါနဲ့ ယှဉ်ရင်တော့ အများကြီး လိုသေးတာပေါ့"
စကားပြောပြီးနောက် ရဲ့ချန်းလျန်က အသံလေး တစ်ချက် ဟန့်လိုက်သည်။
"မင်္ဂလာဆောင်မယ့်ရက်က သတ်မှတ်ပြီးပြီ နောက်ထပ် လဝက်နေရင်ပေါ့။ ဝတ်ပြုရေးဝန်ကြီးဌာနက ဒီနေ့ပဲ သတင်းပို့လာတာ။ အဲဒီကျရင် နင်က တကယ်ပဲ ဧကရာဇ် ဖြစ်လာတော့မှာ ဘာပြောချင်တာရှိလဲ"
"အဲဒီကျရင် မင်းရဲ့ အိပ်ဆောင်ထဲကို ငါ ပြောင်းလာလို့ ရမလား"
ရဲ့ချန်းလျန် နှုတ်ခမ်းလေး တွန့်သွားသည်။
"နင် ဘာထင်လို့လဲ"
"ဒါဆိုရင်တော့ ပြောစရာ မရှိတော့ပါဘူး။ အခုနဲ့ သိပ်ထူးခြားမှာ မဟုတ်ပါဘူး အလွန်ဆုံးတော့ လူတွေက ငါ့ကို ခေါ်တဲ့ပုံစံ ပြောင်းသွားမှာပေါ့"
ရဲ့ချန်းလျန် တစ်ယောက် ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး ခဏမျှ ဆွံ့အသွားရသည်။
"နင်ကတော့ တော်တော်လေး ပေါ့ပေါ့ပါးပါး ရှိတာပဲ။ ဒီရာထူးကို တစ်ကမ္ဘာလုံးက လူတွေ ဘယ်လောက် မနာလိုဖြစ်နေကြလဲ နင် သိရဲ့လား အခုတော့ နင်က သိပ်မထူးခြားဘူးလို့ ပြောနေတာလား အပြင်လူတွေ သိသွားရင် နင့်ကို ဝိုင်းခုတ်သတ်ကြမှာ မကြောက်ဘူးလား"
ချူနင်က သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်သည်။ သူ့ပုံစံက လောကကြီးရဲ့ အနိမ့်အမြင့်တွေကို အကုန် သိမြင်သွားတဲ့ ပုံစံမျိုးပင်။
"လောကမှာ ထူးဆန်းအံ့သြဖွယ် မြင်ကွင်းတွေ ဆိုတာက သာမန်ပါပဲ အထူးတလည် လုပ်နေစရာ မလိုပါဘူး"
သူ့ရဲ့ မျက်နှာအမူအရာက တကယ်ပဲ ဘဝရဲ့ အနိမ့်အမြင့်တွေကို ကျော်ဖြတ်လာတဲ့ ပုံစံမျိုး ဖြစ်နေသဖြင့် ရဲ့ချန်းလျန်ပင် ခေတ္တမျှ ကြောင်သွားရသည်။
"ဟွန့်အခွင့်အရေးလည်းယူသေးတယ်လူအေးကြီးလိုလည်းဟန်ဆောင်သေးတယ်"