အခန်း (၃၀) ဒီအမွှေးတိုင်က ထွန်းရတာ တကယ်ခက်တာပဲ
ရဲ့ချန်းလျန်အတွက်မူ ကျင့်ကြံသူတစ်ဦးအနေဖြင့် အရာများစွာကို လုပ်ဆောင်နိုင်သော်လည်း သူမ မထိန်းချုပ်နိုင်သော အရာများစွာလည်း ရှိနေပါသည်။
ချူနင်နှင့် သူမ၏ ဆက်ဆံရေး၊ ဝမ်းဗိုက်ထဲရှိ ရင်သွေးနှစ်ဦးနှင့် ချူနင်အပေါ် ထားရှိသော သူမ၏ စိတ်နေစိတ်ထား ပြောင်းလဲလာမှုမျာ။ ကျင့်ကြံခြင်းသည် ဤအရာများကို မပြောင်းလဲနိုင်ပေ။ အထူးသဖြင့် နောက်ဆုံးအချက်မှာ ပို၍ပင်ခက်ခဲလှသည်။
သို့သော် ခရီးသွားလာရာတွင်မူ ကျင့်ကြံခြင်းက အလွန်လျင်မြန်စေသည်။ တာ့ချန်းအင်ပါယာ၏ ဘိုးဘေးဘုရားကျောင်းသို့ သူတို့ ခဏချင်း ရောက်ရှိသွားကြသည်။ ခန့်ညားထည်ဝါသော အဆောက်အအုံကြီးမှာ အလွန်ပင် ခိုင်ခံ့ကြီးမားလှပေသည်။
ကျင့်ကြံသူ အမြောက်အမြားက စောင့်ကြပ်နေကြပြီး လူအုပ်ထဲတွင် အဖိုးအိုတစ်ဦးမှာ အထူးတလည် ထင်ရှားနေသည်။ ချူနင်က ထိုသူ၏ ကျင့်စဉ်အဆင့်ကို ချက်ချင်း မြင်လိုက်ရသည်။
အဆင့် (၇) သူတော်စင်အဆင့်
တာ့ချန်းအင်ပါယာမှာ သုတော်စင်အဆင့် အဆင့်တစ်ယောက်ပဲ ရှိတယ် အဲဒါကလည်း အခုမှအဆင့်တက်ထားတာလို့ ပြောကြတာ မဟုတ်လား အရင်ကတော့ ချူနင် ဤနေရာကို သိပ်ပြီး သတိမထားမိခဲ့ပေ။
ဘိုးဘေးဘုရားကျောင်းကို စောင့်ကြပ်နေသော ထိုအဖိုးအို၏ အကြည့်မှာ သူတို့နှစ်ယောက်အပေါ် ကျရောက်လာပြီးနောက် ချူနင့်ကို တစ်ချက်ကြည့်ကာ ဘာမှမပြောဘဲ ထွက်ခွာသွားသည်။
"ဒါက ငါတို့ တာ့ချန်းအင်ပါယာရဲ့ ပထမဆုံးသော မဟာနန်းတွင်းပညာရှင်ပဲ။ အပြင်လူတွေကတော့ သူကွယ်လွန်သွားပြီလို့ ထင်နေကြတာ တကယ်တော့ သူက အဲဒီတုန်းက သေချင်ယောင်ဆောင်ခဲ့တာပါ။ အခုတော့ သူက မျိုးဆက်ဆက် ဧကရာဇ်တွေရဲ့ ဘိုးဘေးဘုရားကျောင်းကို စောင့်ရှောက်ပေးနေတာပေါ့"
"ဒီလူက တခြားအင်ပါယာတွေကို ခုခံဖို့အတွက် ငါတို့ တာ့ချန်းအင်ပါယာရဲ့ ဝှက်ဖဲပဲ။ အကယ်၍ ငါသာ အရင်က သူတော်စင်အဆင့်ကို မတက်လှမ်းနိုင်ခဲ့ရင် ဒီလူကပဲ အခြေအနေကို ပြောင်းလဲပေးမယ့်သူ ဖြစ်လာလိမ့်မယ်။ သူက လော့ချန်းအင်ပါယာရဲ့ ဧကရာဇ်ခေါင်းကို တန်းပြီး ဖြတ်နိုင်တဲ့သူမျိုးပဲ"
ချူနင် နားလည်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။ "ရန်သူကို မြှူဆွယ်ပြီး အမှတ်မထင် အနိုင်ယူတဲ့ နည်းဗျူဟာပေါ့ တကယ်ကို ကောင်းမွန်တဲ့ နည်းလမ်းပဲ"
ရဲ့ချန်းလျန်က နှာခေါင်းရှုံ့လိုက်ကာ "လော့ချန်းအင်ပါယာက ငါ့ရဲ့တာ့ချန်းကို မျက်စိကျနေတာ ကြာလှပြီ။ ပြီးခဲ့တဲ့ နှစ်တစ်ရာအတွင်းမှာ ငါက ဘာအစီအစဉ်မှ မလုပ်ထားဘူးလို့ နင် ထင်နေတာလား သူကငါ့အင်ပါယာထဲမှာ သူလျှိုတွေ ထားသလို ငါကလည်း သူ့ဆီမှာ နည်းလမ်းပေါင်းစုံသုံးထားတာပဲလေ"
"အဖိုးကြီးဖန်က အရင်ဧကရာဇ် (သူမအဖေ) ရဲ့ ယုံကြည်ရဆုံးသူပဲ။ အဲဒီတုန်းက လော့ချန်းအင်ပါယာက ပရိယာယ်သုံးပြီး သူ့ကို သတ်ဖို့ ကြိုးစားခဲ့တာ ဒါပေမဲ့ ငါ့အဖေယုံကြည်တဲ့သူကို ငါကဘယ်လိုလုပ် မယုံဘဲ နေမှာလဲ ဒါကြောင့် သူကအရိပ်ထဲကို ဆုတ်ခွာသွားခဲ့တာ။ အရင်က ဒီကိစ္စကို ငါတစ်ယောက်တည်းပဲ သိတာ ရှောင်ပင်းတောင် မသိဘူး"
ချူနင်က ပြုံး၍ ရဲ့ချန်းလျန်ကို ကြည့်ကာ "ငါက ပေါက်ကြားအောင် လုပ်မှာ မကြောက်ဘူးလား"
"အဲဒီလိုလုပ်လို့ နင့်အတွက် ဘာအကျိုးရှိမှာလဲ ငါကလောကကြီးကို နင်နဲ့ မျှဝေအုပ်ချုပ်နိုင်တယ်။ လော့ချန်းအင်ပါယာက အဲဒီလို လုပ်ပေးနိုင်မှာလား နင်က သူတို့ လွှတ်လိုက်တဲ့ သူလျှိုပဲဖြစ်ဖြစ် အခုအချိန်မှာ နင် ပြန်သွားချင်ပါဦးမလား"
ချူနင် ပြုံးရုံသာ ပြုံးနေပြီး ဘာမှ မပြောပေ။ ခမ်းနားလှသော ဘုရားကျောင်းကြီးကိုသာ လှည့်ပတ်ကြည့်ရှုနေလိုက်သည်။
နံဘေးတစ်ဖက်တစ်ချက်တွင် ထူးဆန်းသော သားရဲရုပ်တုများ ရှိနေပြီး အဖြူရောင် အုတ်ချပ်များနှင့် ရွှေရောင် အမိုးပြားများက တော်ဝင်အရှိန်အဝါကို ထုတ်ဖော်နေသည်။
စောင့်ကြပ်နေသော အဖိုးအိုမှာလည်း ဆုတ်ခွာသွားပြီ ဖြစ်ရာ ဤနေရာတွင် သူတို့နှစ်ဦးတည်းသာ ရှိတော့သည်။
နန်းဆောင်ထဲသို့ ဝင်လိုက်သောအခါ အမွှေးတိုင်နံ့များက လေထုထဲတွင် ပျံ့လွင့်နေသည်။
အပေါ်ဆုံးတွင် တာ့ချန်းအင်ပါယာကို တည်ထောင်သူ ရဲ့ဝူကျိ၏ အမည်ကို တွေ့ရသည်။ ၎င်း၏ ဘေးတွင်တော့ ထိုစဉ်က ဧကရီ၏ ဝိညာဉ်စာချပ် ရှိနေသည်။
"ဘိုးဘေးဧကရာဇ်ကြီး နတ်ရွာစံပြီးနောက်မှာ ရဲ့မိသားစုသန့်စင်မြေက ကိုယ်စားလှယ်တွေက မျိုးဆက်အလိုက် အုပ်ချုပ်ခဲ့ကြတာ။
ဒါပေမဲ့ ငါ့မျိုးဆက်ရောက်တော့သန့်စင်မြေရဲ့အာဏာကို တခြား မိသားစုဝင်တွေကို ပေးလိုက်တယ်။ ငါ့မှာ သန့်စင်မြေကိစ္စတွေကို ကိုင်တွယ်ဖို့ အင်အားရော အချိန်ရော မရှိလို့လေ"
ဝိညာဉ်စာချပ် အမြောက်အမြားရှေ့တွင် ထူထဲသော အမွှေးတိုင် သုံးတိုင် ရှိနေသည်။ ရဲ့ချန်းလျန်က စာချပ်တစ်ခုကို စိုက်ကြည့်ရင်း အေးဆေးစွာ ရှင်းပြသည်။
"အဲဒါက အရင်ဧကရာဇ် (ငါ့အဖေ) ရဲ့ စာချပ်ပဲ။ ငါကွယ်လွန်တဲ့အခါ ဒါမှမဟုတ် နတ်ရွာစံတဲ့အခါ ငါ့စာချပ်လည်း ဒီနေရာမှာ ရှိလာလိမ့်မယ်။ နင့်ရဲ့ စာချပ်ကတော့ ငါ့ထက်တောင် အရင် ရောက်ရင်ရောက်နေမှာပေါ့"
အဲဒီ ကျင့်စဉ်နဲ့ ပတ်သက်လို့တော့ နင့်ကို သေချာကျင့်ဖို့ ငါအကြံပေးချင်တယ်။
ဆေးလုံးတွေက သက်တမ်းကို တိုးပေးနိုင်ပေမဲ့ အလွန်ဆုံး နှစ် ၅၀၀ ကနေ ၁၀၀၀ အထိပဲ။
ဒါပေမဲ့ သူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက်က သက်တမ်း နှစ် ၃၀၀၀ ရှိတယ်။
ဘာမှမဖြစ်ဘူးဆိုရင် နင့်ရဲ့အဆင့်က နောက်နှစ် တစ်ထောင်အတွင်းမှာပဲ ရှိနေလိမ့်မယ်။
ချူနင်က ထိုစကားကို ကြားသောအခါ ပြုံးလိုက်သည်။ "အဲဒါတော့ မသေချာပါဘူး။ ငါက ထူးခြားတဲ့ ပညာရှင်ပါလို့ ပြောပြီးသားပဲလေ"
"ဟဲ ထူးခြားတဲ့ ပညာရှင်က ကျင့်စဉ်ကျင့်ဖို့ မလိုဘူးလား နင့်ရဲ့သားစဉ်မြေးဆက်တွေက နင့်ကို မြေမြှုပ်ပေးတာကို နင် မြင်ချင်လို့လား ငါကတော့ အခုအတိုင်းပဲ ရှိနေဦးမှာနော်"
"အင်း... အဲဒီလိုတော့ မဖြစ်ချင်ပါဘူး"
"ဒါဆိုရင် သေချာကျင့်စမ်းပါ"
ရဲ့ချန်းလျန်က လှည့်ထွက်သွားပြီး အမွှေးတိုင် သုံးတိုင်ကို ယူလိုက်သည်။ ချူနင်က ဘာမှမလုပ်ဘဲ ရပ်နေသည်ကို မြင်သောအခါ သူမက မကျေမနပ် ကြည့်လိုက်သည်။
"ဘာရပ်လုပ်နေတာလဲ"
ငါ နင့်ကို ကစားဖို့ ခေါ်လာတာ မဟုတ်ဘူးနော်။ ဒါတွေက ရဲ့မိသားစုရဲ့ ဘိုးဘေးတွေလေ။
ဧကရာဇ် တစ်ယောက်အနေနဲ့ အမွှေးတိုင် မထွန်းသင့်ဘူးလား ဒီလောက် အခြေခံ ယဉ်ကျေးမှုကိုတောင် မသိဘူးလား။
ချူနင် အနည်းငယ် တွန့်ဆုတ်သွားသည်။
သူက ဒီဘိုးဘေးတွေရဲ့ဝိညာဉ်စာချပ်တွေ သူ့ရှေ့မှာ ဒူးထောက်ကုန်မှာကို ကြောက်နေခြင်းဖြစ်သည်။ ရဲ့မိသားစုသန့်စင်မြေမှာတုန်းကလည်း ဘိုးဘေးရုပ်တုကြီးကို သူ နှစ်ခါ ဦးချလိုက်ရုံနဲ့ ပေါက်ကွဲသွားခဲ့သည် မဟုတ်ပါလား အကယ်၍ ဤစာချပ်တွေသာ ပေါက်ကွဲကုန်လျှင် ဘယ်လို ပြဿနာတွေ တက်လာဦးမည်နည်း။
ရဲ့ချန်းလျန်က အနည်းငယ် မကျေမနပ် ဖြစ်လာသည်။ "ချူနင် နင့်ကိုငါ့ရဲ့ ဧကရာဇ်အဖြစ် အသိအမှတ်ပြုလို့ ဒီကို ခေါ်လာတာ။ နင်က ငါ့ကိုအသိအမှတ်မပြုတာလား ဒါမှမဟုတ် နင့်ရဲ့လက်ရှိ ရာထူးက နိမ့်လွန်းတယ်လို့ ထင်နေတာလား"
ဤကိစ္စနှင့် ပတ်သက်၍မူ ရဲ့ချန်းလျန်က လုံးဝ အလျော့ပေးမည့် ပုံမပေါ်ပေ။ ဦးမချဘူးလား နင်က ငါ့အဖေ၊ ငါ့အဖိုး၊ ငါ့ဘိုးဘေးတွေကို အထင်သေးနေတာလား။
ချူနင် ရုတ်တရက် ရပ်တန့်သွားသည်။ ဪ ဟုတ်သားပဲ အခု သူကရဲ့ချန်းလျန်ရဲ့ ခင်ပွန်းလေ။ ဆိုလိုတာက သူက ရဲ့မိသားစုဝင် တစ်ဝက် ဖြစ်နေပြီပေါ့။
သီအိုရီအရဆိုလျှင် ဤအဆင့်အတန်းနှင့်ဆိုလျှင် ရဲ့မိသားစု ဘိုးဘေးဘုရားကျောင်းက သူ့ရဲ့ အမွှေးတိုင်ကို လက်ခံနိုင်လောက်ပါသည်။
ချူနင် ပြုံးပြီး ခေါင်းညိတ်ကာ လျှောက်သွားလိုက်သည်။ "မင်းရဲ့ ခင်ပွန်း အနေနဲ့လား"
ရဲ့ချန်းလျန် နှုတ်ခမ်းလေး တွန့်သွားကာ "ဒါဆို ဘာလို့ထင်နေတာလဲ နင်သာ သာမန် လက်အောက်ငယ်သားဆိုရင် ဒီကို လာဖို့ ဘယ်အရည်အချင်း ရှိပါ့မလဲ"
ချူနင်က အားပါးတရ ခေါင်းညိတ်ကာ အမွှေးတိုင် သုံးတိုင်ကို ယူလိုက်သည်။ သူတို့နှစ်ဦးသည် ယဇ်ပလ္လင်ပေါ်ရှိ ဖယောင်းတိုင်မီးတွင် အတူတူ မီးညှိလိုက်ကြသည်။
"မင်း အရင်လုပ်မလား"
ရဲ့ချန်းလျန်က ငြင်းဆန်ခြင်း မရှိပါ။ ချူနင်သည် ဘိုးဘေးဘုရားကျောင်းသို့ တစ်ခါမှ မရောက်ဖူးသဖြင့် စည်းကမ်းတွေကို မသိခြင်းမှာ နားလည်ပေးနိုင်ပါသည်။
အမွှေးတိုင်ထွန်းပြီး ဦးချရုံသာ မဟုတ်ပါလား။ သူမက ရိုသေစွာဖြင့် ရှေ့သို့ လှမ်းလိုက်ပြီး ဒူးထောက်ကာ အမွှေးတိုင် သုံးတိုင်ကို
သူမ၏ ဦးခေါင်းပေါ် မြှောက်ထားလိုက်သည်။
ရဲ့ချန်းလျန်၏ အဆင့်အတန်းအရ သူမသည် ကောင်းကင်၊ မြေကြီးနှင့် ဘိုးဘေးများကိုသာ ဒူးထောက်ခြင်းဖြစ်ရာ ၎င်းမှာ ထုံးတမ်းစဉ်လာနှင့် ကိုက်ညီပါသည်။
သူမ သုံးကြိမ် ဦးချပြီးနောက် အမွှေးတိုင်ကို အိုးထဲတွင် ထိုးစိုက်လိုက်ပြီး ချူနင့်အတွက် နေရာဖယ်ပေးလိုက်သည်။
"ဘယ်လိုလုပ်ရမလဲ သိလား.စိတ်ရင်းရှိရင် ရပါပြီ"
"သိပါတယ်"
ချူနင်က သူ့ရဲ့ စကားလုံးတွေကို စဉ်းစားနေခြင်းဖြစ်သည်။ ရဲ့ချန်းလျန် မတ်တပ်ရပ်လိုက်ချိန်တွင် သူ အဖြေရသွားပြီ။ သူက အမွှေးတိုင် သုံးတိုင်ကို ကိုင်ကာ ရှေ့သို့ ဖြည်းညှင်းစွာ လှမ်းလိုက်သည်။
ထိုအချိန်တွင် ဘုရားကျောင်းအတွင်းရှိ ဝိညာဉ်စာချပ်များသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော ရန်သူနှင့် ရင်ဆိုင်နေရသကဲ့သို့ တုန်ခါလာပြီး သစ်သားစာချပ်များပေါ်တွင် အက်ကြောင်းများပင် ပေါ်လာသည်။
ထင်တဲ့အတိုင်းပဲ သူ ဒူးမထောက်ရသေးခင်မှာတင် အက်နေပြီ။ အကယ်၍ သူသာ ရဲ့ချန်းလျန်လို တကယ် ဒူးထောက်လိုက်လျှင် သူမရဲ့ ဘိုးဘေးသင်္ချိုင်းတွေပါ ပေါက်ကွဲကုန်တော့မည်။
ဘေးတွင် ရပ်နေသော ရဲ့ချန်းလျန်က ချူနင့်ကို စိုက်ကြည့်နေသည်။ ဘာလို့ ဒီလောက်တောင် နှေးနေရတာလဲ ယောကျ်ားကြီးတန်မဲ့ တုံ့ဆိုင်းတုံ့ဆိုင်းနဲ့။
"ငါဟာ လက်ရှိ တာ့ချန်းအင်ပါယာ ဧကရီရဲ့ ခင်ပွန်းပါ"
"ဒီနေ့ ငါချန်းလျန်နဲ့အတူ သူမရဲ့ ဘိုးဘေးဘုရားကျောင်းကို လာရောက် ဂါရဝပြုတာပါ၊ ရဲ့မိသားစုရဲ့ ဘိုးဘေးအားလုံးကို ဦးချပါတယ်"
ဝိညာဉ်စာချပ် အမြောက်အမြားမှာ တဂျိဂျိနှင့် အသံများ မြည်လာပြီး ဤအမွှေးတိုင်၏ အရှိန်အဝါကို မခံနိုင်တော့ပုံရသည်။
"ငါ့ရဲ့ အရင်က အဆင့်အတန်းက ဘာပဲဖြစ်ဖြစ် ကံတရားတွေကို ဂရုမစိုက်ဘဲ အခုအချိန်မှာ ငါက ချန်းလျန်ရဲ့ခင်ပွန်း သက်သက်ပါပဲ"
ရဲ့ချန်းလျန် ကြောင်သွားသည်။ သူမ မျက်စိမှားတာလား ရဲ့မိသားစုဘိုးဘေးတွေရဲ့ စာချပ်တွေ အက်သွားတာလား ဘာလို့ပျောက်သွားတာလဲ ဒါပေမဲ့ ဒီလူယုတ်မာလေးကတော့ ပြောတတ်ဆိုတတ်လွန်းတယ် အခုလို အချိန်မှာ သူ့ကို ရိုက်လို့မရဘူးဆိုတာ သိနေသလိုပဲ။
ဟွန့်... ခင်ပွန်းတဲ့ အခွင့်အရေးသမား ခင်ပွန်းပဲ။
ချူနင်သည် ဤသို့ ပြောဆိုပြီးမှသာ ဦးချလိုက်သည်။ သူ၏ အဆင့်အတန်းကို အလေးပေး ပြောကြားလိုက်ခြင်းပင်။ သူက ဘယ်သူလဲဆိုတာ အရေးမကြီးပါ။ အရေးကြီးသည်မှာ သူသည် ရဲ့ချန်းလျန်၏ ခင်ပွန်း ဖြစ်နေခြင်းပင်။
ဒါကြောင့် လူကြီးမင်းတို့ စိတ်မပူကြပါနဲ့။ ဒီအမွှေးတိုင်ကို မင်းတို့ လက်ခံနိုင်ပါတယ်
အက်ကြောင်းထင်သွားသော ဝိညာဉ်စာချပ်များသည် ချက်ချင်းပင် မူလအတိုင်း ပြန်ဖြစ်သွားသည်။ ရဲ့မိသားစု ဘိုးဘေးပေါင်းများစွာက သက်ပြင်းချလိုက်သလိုမျိုး အချို့ဆိုလျှင် စိတ်လှုပ်ရှားနေသလိုမျိုးပင်။ အမွှေးတိုင် သုံးတိုင်ကို စာချပ်များရှေ့တွင် ထိုးစိုက်လိုက်သည်။
ရုတ်တရက် နန်းဆောင်အတွင်းရှိ ထူထဲသော အမွှေးတိုင် သုံးတိုင်မှာ မီးဟုန်းဟုန်း တောက်လောင်လာပြီး တစ်ကျောင်းလုံးတွင် အမွှေးတိုင် အရှိန်အဝါများ အဆပေါင်းများစွာ မြင့်တက်သွားသည် နန်းမြို့တော် တစ်ခုလုံး၏ အပေါ်ယံတွင်လည်း ကြီးမားသော ရွှေနဂါးကြီးတစ်ကောင် ခွေနေသကဲ့သို့ ဖြစ်ပေါ်လာပြီး ၎င်း၏ အရှိန်အဝါက ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါစေသည်။
ရဲ့ချန်းလျန် အံ့အားသင့်ကာ တောက်လောင်နေသော အမွှေးတိုင်များကို ကြည့်လိုက်သည်။ အမွှေးတိုင်နံ့များ ကောင်းကင်သို့ ပျံ့လွင့်ပြီး ကံကောင်းခြင်းများက သူတို့ကို လွှမ်းမိုးထားသည် ဤသည်မှာ နိမိတ်ကောင်းပင် ဤအမျိုးသား အမွှေးတိုင် လာထွန်းရုံနဲ့ ဤကဲ့သို့ ထူးခြားသော ဖြစ်ရပ်များ ပေါ်ပေါက်လာရသလား။
ဤသည်မှာ ရဲ့မိသားစုအတွင်း ဘိုးဘေးများကို ကျော်လွန်မည့် ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော ပုဂ္ဂိုလ်များ ပေါ်ထွက်လာတော့မည့် အတိတ်နိမိတ်ပင် ရဲ့မိသားစု ဘိုးဘေးကြီး နတ်ရွာစံစဉ်ကတည်းကပင် အမွှေးတိုင် အရှိန်အဝါက ဤမျှ မကြီးမားခဲ့ဖူးချေ။
ဒါက ချူနင်ကြောင့်လား ဒါမှမဟုတ် အဲဒီ ပုဂ္ဂိုလ်က သူမဝမ်းဗိုက်ထဲက ကလေးလား ချူနင်က သူမရဲ့ဧကရာဇ် ဖြစ်လာတာဟာ ကံကြမ္မာရဲ့ အလိုတော်ပဲလား။
ထိုအချိန်တွင် ချူနင်မှာတော့ ချွေးများ ပြန်နေကာ ရဲ့မိသားစု ဝိညာဉ်စာချပ်များကို ကြည့်နေသည်။ မကွဲသွားဘူး မပေါက်ကွဲသွားဘူး နောက်ဆုံးတော့ ပြီးသွားပြီ။
သူက တကယ်ပဲ မတော်တဆတစ်ခုခု ဖြစ်သွားမှာကို ကြောက်နေခဲ့ခြင်း ဖြစ်သည်။
ဤလူများမှာ ရဲ့ချန်းလျန်၏ ဘိုးဘေးများ ဖြစ်သလို ရဲ့ချန်းလျန်မှာလည်း သူ့ဇနီး ဖြစ်နေသောကြောင့်သာ သူတို့ကို လူကြီးသူမအဖြစ် သတ်မှတ်နိုင်ခြင်းဖြစ်သည်။
သို့မဟုတ်ပါက ချူနင်က ထိုစကားများကို ပြောခဲ့လျှင်ပင် ရဲ့မိသားစုဝင်များသည် ဤအမွှေးတိုင်ကို ခံနိုင်ရည် ရှိကြမည် မဟုတ်ပေ။
ချူနင် ပြုံးလိုက်ပြီး လှည့်ကြည့်ရာ ထွန်းတောက်နေသော အမွှေးတိုင်များကို မြင်သော်လည်း သူ မအံ့သြပါ။ "ချန်းလျန် ဒါက ဘာသဘောလဲ နိမိတ်ကောင်းလား နိမိတ်ဆိုးလား"
ရဲ့ချန်းလျန် သတိပြန်ဝင်လာပြီး ချူနင့်ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ "မဆိုးပါဘူး ဘိုးဘေးတွေက နင့်ကို အသိအမှတ်ပြုပုံရတယ်"
ချူနင်က တတွတ်တွတ် ခေါင်းညိတ်ပြလိုက်သည်။ "အချိန်စောသေးတယ် ပြန်ပြီး ထမင်းစားရအောင် ပြီးမှ အပြင်ထွက် လည်ကြတာပေါ့"
ရဲ့ချန်းလျန် သက်ပြင်းချလိုက်သည်။ "ဘာလို့လဲ ကိုင်တွယ်စရာတွေ ရှိသေးလို့လား"
"မရှိပါဘူး"
သူမက အခုထိအားနေတဲ့ အခြေအနေကို အသားမကျသေးခြင်း ဖြစ်သည်။ ဧကရာဇ်မင်းအဖြစ် နှစ်ပေါင်းများစွာ နေလာခဲ့ပြီးနောက် ယခုမှ ပထမဆုံးအကြိမ်အဖြစ် အားလပ်နေသလို ခံစားနေရခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အထက်လောကရှိ သန့်စင်မြေတစ်ခုတွင် ရဲ့ဝူကျိ၏ ကျင့်စဉ်မှာ ရုတ်တရက် အဆင့်တက်သွားပြီး သူ၏ အရှိန်အဝါမှာလည်း ဟုန်းဟုန်းတောက်လာသည် သူသည်လည်း ကြီးမားသော ကံကောင်းခြင်းများက သူ့ကိုလွှမ်းခြုံထားပြီး ရဲ့မိသားစုနှင့် သူ့ကိုပါ စောင့်ရှောက်နေသည်ကို ခံစားလိုက်ရသည်။
"ဟားဟားဟားဟား"
"စီနီယာကြီးရဲ့ ကျေးဇူးတရားကို ကျွန်ုပ် ဘယ်တော့မှ မမေ့ပါဘူး။ စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာကြီး"
"ဟားဟား နှစ်ပေါင်း သောင်းနဲ့ချီ ကျင့်ကြံခဲ့ပြီးနောက်မှာ နောက်ဆုံးတော့ ငါတာအိုနယ်ပယ်ထဲကို ခြေလှမ်းနိုင်ခဲ့ပြီ။ အထက်လောကမှာတောင် ငါ့အတွက် နေရာတစ်နေရာ ရှိလာပြီဟေ့"
ဘိုးဘေးကြီးတောင်ကျေးဇူးတင်နေရတဲ့အထိချူနင်ကဘယ်လောက်တောင်အစွမ်းထက်သလဲဆိုတာမြင်သာပါတယ်။