အခန်း (၂၉) မင်းကို ဘုရားကျောင်းဆီ ခေါ်သွားမယ်
ထိုအချိန်တွင် နန်းရင်ပြင်အပြင်ဘက်၌ ချူနင်တစ်ယောက် လေကောင်းလေသန့် ရှူရှိုက်နေရင်း စိတ်ထဲမှ ရေရွတ်နေမိသည်။
“ကောင်းကင်ဘုံရဲ့ အမိန့်တော်ကို ခံယူပြီး သက်ရှည်ကျန်းမာ အောင်မြင်ပါစေ”
“ဧကရီကို သိမ်းပိုက်ပြီးရင် ငါက ဧကရာဇ် ဖြစ်ပြီ”
“တစ်နိုင်ငံလုံးက ငါ့အပိုင် ဖြစ်လာမယ်”
“နိုင်ငံကို စည်းလုံးပြီးရင် ကျန်တဲ့ လေးနိုင်ငံကိုပါ ဖျက်ဆီးပစ်မယ် တစ်လောကလုံး ငါ့လက်ထဲ ရောက်ရမယ်”
စနစ်က ပေးထားသော ရှေးခေတ်နှင့် ခေတ်သစ် ဧကရာဇ်များ၏ အသိဉာဏ်များသည် တကယ်ကို ထူးခြားလှပေသည်။
၎င်းတို့က သူ့ကို အရာရာကို စည်းလုံးသိမ်းပိုက်ချင်စိတ် ပေါက်အောင် လုပ်ဆောင်နေသည်။ သို့သော် ချူနင်က သူ့ကိုယ်သူ ပြန်လည် ထိန်းချုပ်လိုက်သည်။
“စည်းလုံးသိမ်းပိုက်လိုက်တော့ရော ဘာထူးမှာလဲ”
“အထက်လောကရဲ့ တာအိုတိုက်ကြီး သုံးထောင်က တာအိုမျိုးနွယ်စု ဆယ်ခုကိုပါ စည်းလုံးလိုက်ရမလား”
အမှန်အတိုင်း ပြောရလျှင် ချူနင်အတွက်မူ ၎င်းမှာ စကားတစ်ခွန်း ပြောရုံသာ လိုအပ်သည်။
ငါက အင်မော်တယ် ဧကရာဇ်ပဲ အခုကစပြီး ငါ့ကို ဧကရာဇ်လို့ ခေါ်ကြ မခေါ်ရင် သတ်မယ်။
ကဲ... ကိစ္စပြီးပြီ။
အဆိုပါ မဟာဧကရာဇ် ဆယ်ပါးလုံး ပေါင်းတိုက်လျှင်ပင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပါ။ ဒါတွေက သူ့မိန်းမနဲ့ ကလေးလောက် ဘယ်အရေးပါပါ့မလဲ။
ထိုအချိန်တွင် မင်းတက်နန်းဆောင်အတွင်းမှ ရဲ့ချန်းလျန်သည် လှေကားထစ်တွင် ထိုင်နေသော ချူနင့်ကျောပြင်ကို စိုက်ကြည့်နေသည်။ ဤလူယုတ်မာလေးက တကယ်ကို ထူးခြားလှပေသည်။
“အခုတော့ နင့်ရဲ့ စွမ်းရည်တွေကို ငါသိသွားပြီ မဟုတ်လား”
“နင် ဘယ်လောက်ပဲ ထူးခြားနေပါစေ နင်က ငါ့ကလေးရဲ့အဖေဖြစ်သလို ငါ့ရဲ့ ကြင်ယာတော် ဧကရာဇ်ပဲ”
“ရာထူးကို လုဖို့ ကြိုးစားကြည့်စမ်းပါ ငါ့အကြောင်း သိစေရမယ်”
အတော်ကြာသောအခါ ရှောင်ပင်း ပြန်ရောက်လာပြီး အစီရင်ခံသည်။
"အရှင်မ နန်းတွင်းအကြံပေးအဖွဲ့က ဝန်ကြီးချုပ်တွေနဲ့ ပညာရှိတွေက ဒီနည်းလမ်းတွေက သင့်တော်တယ်လို့ ယူဆကြပေမဲ့ အစီရင်ခံစာ တစ်ခုကိုတော့ မသင့်တော်ဘူးလို့ ထင်နေကြပါတယ်"
ရဲ့ချန်းလျန် ခန့်မှန်းမိပုံရသည်။ "ကျန်ဂနန်က ဆန်ဈေးနှုန်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာလား"
"မှန်လှပါ အရှင်မ"
"ဒီနည်းလမ်းက ငါကိုယ်တိုင် သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့တာလို့ နန်းတွင်းအကြံပေးအဖွဲ့ကို အမိန့်ပေးလိုက် တိုက်ရိုက် အကောင်အထည်ဖော်ခိုင်းလိုက်ပါ"
ရှောင်ပင်း ခေါင်းညိတ်ပြီး ပြန်ထွက်သွားသည်။ အချိန်မှာ မနက်ပိုင်းသာရှိသေးပြီး နေလည်စာ စားရန် တစ်နာရီခွဲခန့် လိုပါသေးသည်။ အစီရင်ခံစာတွေ အကုန်ပြီးသွားပြီလား လုပ်စရာ ဘာမှမကျန်တော့ဘူးလား ရဲ့ချန်းလျန် ပို၍ပင်အနေရခက်လာသည်။
နန်းတွင်းအကြံပေးအဖွဲ့ကို တည်ထောင်ပြီးကတည်းက အလုပ်တာဝန်တွေ လျော့နည်းသွားခဲ့သော်လည်း ယခု ချူနင်က အုပ်ချုပ်ရေးအာဏာရယူကာ ကူညီပေးသည့်အခါ သူမထက်ပင်ပိုတော် ပိုမြန် ပိုစိတ်ချရနေသည်။
အလုပ်ဖိအားဆိုသည်မှာ လုံးဝ မရှိတော့သလောက်ပင်။ ဒါက တကယ်ကို အနေရခက်လှသည် ဒီနေ့ အချိန်ကို ဘယ်လို ဖြတ်သန်းရပါ့မလဲ။
ထိုအချိန်တွင် ချူနင်က မတ်တပ်ရပ်ကာ သူ့ကိုယ်ပေါ်က ဖုန်တွေကို ခါလိုက်သည်။ ရဲ့ချန်းလျန်က သူမကြည့်နေသည်ကို မသိအောင် မျက်နှာလွှဲလိုက်ပြီး စာအုပ်တစ်အုပ်ကို ကောက်ကိုင်ကာ ဖတ်ချင်ယောင် ဆောင်နေလိုက်သည်။ ချူနင်က ရိပ်မိသော်လည်း ပြုံးလိုက်ရုံသာ။
"အရှင်မ နန်းတွင်းအကြံပေးအဖွဲ့က ဘာပြောလဲ"
"အစီရင်ခံစာ တစ်ခုကိုတော့ ပယ်ချတယ် ကိုင်တွယ်ပုံက သာမန်ပါပဲ" ရဲ့ချန်းလျန်က အေးအေးဆေးဆေးပင် ပြောလိုက်သော်လည်း စိတ်ထဲတွင်တော့ မာန်တက်နေဆဲပင်။
ချူနင်က ခေတ္တစဉ်းစားပြီး ကျန်ဂနန်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာက တကယ်တော့ အတွေ့အကြုံပေါ် အခြေခံထားတာပါ။
အရင်က တစ်ယောက်ယောက် လက်တွေ့လုပ်ဖူးတယ် တာ့ချန်းအင်ပါယာလို အင်မော်တယ်တွေ စောင့်ရှောက်တဲ့ နေရာမှာဆိုရင် ပိုပြီးတောင် လွယ်ကူပါလိမ့်မယ်။
အရှင်မ စိတ်မပူပါနဲ့ ဒီနည်းလမ်းက အချိန်တစ်ခုပေးရင် သူ့အလိုလို သက်သေပြသွားပါလိမ့်မယ်။
ရဲ့ချန်းလျန်က စာအုပ်ကို ချကာ ချူနင့်ကို ကြည့်လိုက်သည်။ "ဪ... တစ်ယောက်ယောက် လုပ်ဖူးတယ် ဟုတ်လား အဲဒါက မင်မင်းဆက်က ကျားကျင်ဧကရာဇ်လား"
ချူနင် သက်ပြင်းချကာ"ဒါက တကယ်ကို လုပ်ကြံပြောတာ မဟုတ်ပါဘူး ဒါပေမဲ့ မင်းကို ရှင်းပြဖို့ကတော့ ခက်တယ်"
"ဒီအချိန်အထိ နင်က ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်နေတုန်းပဲလား ငါက နင့်ကို သင့်တော်တဲ့ အာဏာနဲ့ အခွင့်အရေးတွေ မပေးလို့ နင်က မကျေမနပ်ဖြစ်နေတာလား"
ချူနင်က ပြုံး၍ လျှောက်လာကာ ရဲ့ချန်းလျန်၏ ပုခုံးပေါ်သို့ လက်တင်လိုက်သည်။
သူမ၏ ကိုယ်လေး တုန်ယင်သွားသော်လည်း ချူနင်က သူမ၏ ပုခုံးကို နှိပ်ပေးနေခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ စိတ်လျှော့လိုက်သည်။ ရဲ့ချန်းလျန်သည် ယခုကဲ့သို့ ထိတွေ့မှုမျိုးကို အလွန်အထိမခံနိုင်သေးပေ။
"မင်းနဲ့ ကလေး ရှိနေရင်ပဲ ငါ့အတွက် လုံလောက်ပါပြီ ငါ့မှာ တခြားကြီးမားတဲ့ ဆန္ဒတွေ မရှိပါဘူး"
ရဲ့ချန်းလျန်က နှာခေါင်းရှုံ့လိုက်ပြီး ထိုအကြောင်းကို ဆက်မပြောတော့ဘဲ အစီရင်ခံစာ ကိစ္စဘက်သို့ ပြန်လှည့်လိုက်သည်။
"မနေ့ညက ငါရှောင်ပင်းကို နင့်အကြောင်း စုံစမ်းခိုင်းတယ်"
"အင်း သူ ဘာတွေ့လဲ"
"နင်က တာ့ချန်းအင်ပါယာက လူမဟုတ်ဘူး နင်က ဘယ်ကလဲ"
"ကောင်းကင်က ပြုတ်ကျလာတာနေမှာပါ"
ရဲ့ချန်းလျန်က လှောင်ပြုံးပြုံးကာ "ဒါဆိုရင် လောကပြင်ပက ပညာရှင်တစ်ယောက်ပေါ့ ဧကရာဇ်တစ်ခါမှ မဖြစ်ဖူးတဲ့သူက ဒီလိုကိစ္စတွေကို ဒီလောက် ကျွမ်းကျင်နေတာက ငါ့ကို တကယ် အံ့သြစေတယ်။ နောင်ကျရင် နိုင်ငံတော်ကိစ္စတွေ အကုန်လုံးကို နင့်လက်ထဲ အပ်လိုက်ရမလား"
ချူနင်က ခေတ္တ စဉ်းစားလိုက်သဖြင့် ရဲ့ချန်းလျန်က သူမ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ နင်က တကယ်ကြီး စဉ်းစားနေတာလား။
ချူနင် စကားမပြောရသေးမီ ရဲ့ချန်းလျန်က ထပ်ပြောသည် "နင်သာ ကောင်းကောင်း ကိုင်တွယ်နိုင်မယ်ဆိုရင် အရာရှိတွေကို နင့်လက်အောက် ထားလိုက်တာကလည်း ဖြစ်နိုင်တဲ့ ကိစ္စပါပဲ"
"ဟဲဟဲ ငါသာပိုတော်ရင် ဧကရာဇ်ရာထူးပါ ပေးမယ်လို့တော့ မပြောပါနဲ့ဦး" ချူနင်က သက်ပြင်းချကာ"မင်းပဲ အစီရင်ခံစာတွေ ခိုင်းတာလေ အခု အားလုံးပြီးသွားလို့ အနားယူမယ်လုပ်ကာမှ ဒီလိုတွေ ပြောနေပြန်ပြီ။ မင်းကြီးနဲ့ နီးစပ်တာက ကျားနဲ့ နီးစပ်တာထက် ပိုကြောက်ဖို့ကောင်းတယ်ဆိုတာ တကယ်ပဲကိုး"
ရဲ့ချန်းလျန် ရယ်မောလိုက်သည်။ "အခုတော့ ငါနဲ့ အတူရှိရတာ ဖိအားတွေ များနေပြီလား"
"မင်းရဲ့အတွေးတွေက အပိုတွေလို့ပဲ ငါ ထင်ပါတယ်။ မင်းရဲ့ ကျင့်စဉ်က အရမ်း မြင့်တယ်လေ၊ ငါက ရာထူးလုချင်ရင်တောင် ဘာလုပ်နိုင်မှာလဲ ပြီးတော့ ရဲ့မိသားစု ဟိုလီလန်း ရှိနေသရွေ့ မင်းရဲ့ရာထူးကို ဘယ်သူမှ မလုနိုင်ပါဘူး ငါလည်းမလုနိုင်ဘူး"
ချူနင်က ရဲ့ချန်းလျန်၏ နောက်ကျောမှ ကိုင်းညွှတ်ကာ ပြောလိုက်သည် ဒါကြောင့် မင်း အနားယူချင်ရင် ဒီကိစ္စတွေကို ငါ့ကို အပ်ထားလိုက်ပါ။ မင်းကိုယ်ဝန်က အခု လေးလနီးပါး ရှိနေပြီ ကလေးအတွက်က အရေးကြီးဆုံးပဲ။
စိတ်ဖိစီးနေရင် ဘာထူးမှာလဲ ငါ့ရဲ့ရာထူးလုချင်တဲ့ စိတ်ကို မင်းမယုံရင်တောင် မင်းအပေါ် ထားတဲ့ ငါ့ရဲ့စိတ်ပူမှုကိုတော့ မယုံလို့ မရဘူးနော်။
ရဲ့ချန်းလျန် ထိုစကားကို ကြားသောအခါ စိတ်ကြည်လင်သွားပြီး အေးအေးဆေးဆေးပင် ပြန်ပြောသည်"ငါ နဂါးရင်သွေးလေးကို မွေးပြီးရင်တော့ အားလုံးက နင့်ကိုအရှင်မင်းကြီး လို့ ခေါ်ကြရတော့မှာပေါ့"
ချူနင်က မျက်မှောင်ကြုတ်ကာ သူမ၏ နားနားသို့ ကပ်လိုက်သည်။ "ဒီအင်ပါယာမှာ ဧကရာဇ်ဆိုလို့ မင်း တစ်ယောက်တည်းပဲ ရှိမှာပါ"
ရဲ့ချန်းလျန်က လက်တစ်ဖက်ဖြင့် ချူနင့်မျက်နှာကို တွန်းထုတ်လိုက်သည်။ သူမ၏ စိတ်ထဲတွင် လှုပ်ခတ်သွားသော်လည်း မျက်နှာတွင်တော့ တည်ငြိမ်နေဆဲပင်။
ဤလူယုတ်မာလေး ဘယ်အချိန်က ဒီလောက် နီးကပ်သွားရတာလဲ စကားလမ်းကြောင်းလွှဲပြီးမှ အခွင့်အရေး ယူတာလား။
ချူနင် သက်ပြင်းချကာ "ငါ့ကို လုံးဝ အခွင့်အရေး မပေးဘူးပဲ"
ရဲ့ချန်းလျန်က ပြုံးလိုက်သော်လည်း ဘာမှ ပြန်မပြောပေ။ အခွင့်အရေး ပေးရမယ် နိုင်ငံတော်ကိစ္စလေး ကိုင်တွယ်ပေးရုံနဲ့ ငါက အခွင့်အရေး ပေးရမှာလား။
သို့သော် ချူနင်၏ စကားများက သူမ၏ သံသယကို ပြေပျောက်စေခဲ့သည်။ အကယ်၍ ချူနင်က သူမ၏ အလုပ်တွေကို အပြည့်အဝ တာဝန်ယူနိုင်မည်ဆိုလျှင် သူမ တကယ်ပဲ အနားယူနိုင်ပေလိမည်။
နောင်တွင် ချူနင်က ကိုင်တွယ်ပြီး သူမက ပြန်လည် စစ်ဆေးရုံသာ လုပ်မည်။ ထိုသို့ဆိုလျှင် ချူနင်ပြောသလို သူမအတွက် ကျင့်စဉ်ကျင့်ရန်နှင့် ကလေးကို ပြုစုရန် အချိန်ပိုရလာမည်ဖြစ်သည်။
သူမသည် သူမ၏ ဝမ်းဗိုက်ထဲက ကလေးကို အရာရာထက် ပိုတန်ဖိုးထားသည်။ သို့သော် သူမထက်ပင် ပိုပြီး ဂရုစိုက်ပေးနေသူ ရှိနေသည်ကို မြင်ရသောအခါ သူမ၏ စိတ်နှလုံးထဲတွင် ထူးခြားသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ရဲ့ချန်းလျန်သည် ချူနင့်ကို အသစ်တစ်ဖန် ပြန်လည် အကဲခတ်မိသည်။
သူသည် ရာထူးလုလိုစိတ် မရှိဘဲ သူမကိုသာ တကယ် စိတ်ပူပေးနေခြင်း ဖြစ်နိုင်ပါသလား။ မမျှော်လင့်ဘဲ စတင်ခဲ့တဲ့ ကိစ္စအတွက် တာဝန်ယူပေးနေတာလား အနည်းဆုံးတော့ ယခုအချိန်တွင် သူမ ဘာမဆို ပွင့်ပွင့်လင်းလင်း တိုင်ပင်နိုင်သူရှိနေခြင်းက သူမကို စိတ်အေးချမ်းစေသည်။
"ဒီနေ့အတွက် ငါ့မှာ အလုပ်တွေ မရှိတော့ဘူး နန်းတွင်းအကြံပေးအဖွဲ့က နောက်မှ အစီရင်ခံစာတွေ ထပ်ပို့လာလိမ့်မယ်"
ချူနင်က ပြုံးပြီ"ငါပဲ ကိုင်တွယ်ရမလား မင်းက ပြန်စစ်ပြီး ဖြည့်စွက်ရုံပဲလား"
ဒါက သူမ အလိုရှိနေတဲ့ အရာပင်။
"နင်က အခု တစ်လောကလုံး သိအောင် ကြေညာထားတဲ့ ငါ့ရဲ့ကြင်ယာတော် ဧကရာဇ် ဖြစ်နေပြီဆိုတော့ ဒီနေ့ ငါနဲ့အတူ ဘိုးဘေးဘုရားကျောင်းကို လိုက်ခဲ့ပါ"
ချူနင် ခေါင်းညိတ်လိုက်သည်။ "ဒါက လူကြီးတွေနဲ့ သွားတွေ့တာမျိုးလား"
ရဲ့ချန်းလျန်က ထိုစကားကို ဂရုမစိုက်ပါ။ သူမ၏ မိဘများနှင့် ဘိုးဘေးများမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကွယ်လွန်ခဲ့ကြပြီ မဟုတ်ပါလား။
"အင်း အဲဒီလိုပဲ သဘောထားလိုက်ပါ" သူမက ခေါင်းညိတ်ပြီး မတ်တပ်ရပ်လိုက်သည်။
လက်တစ်ဖက်က ချူနင့်ပုခုံးပေါ် တင်ထားပြီး ကျန်လက်တစ်ဖက်က ဟင်းလင်းပြင်ကို ဆွဲဖြဲလိုက်သည်။
"ငါနဲ့လိုက်ခဲ့"