အခန်း (၂၃) ငါ ကလေးကို အကြောင်းပြနေတာတောင် နင် မလာဘူးလား
နောက်ရက်များတွင် အင်ပါယာ၌ ကျင့်သုံးခဲ့သော ဥပဒေအသစ်များသည် ကောင်းမွန်သော ရလဒ်များကို ပြသလာခဲ့သည်။
စစ်ရေးနှင့် နိုင်ငံတော်၏ အရေးကြီးကိစ္စရပ်များမှလွဲ၍ ကျန်ရှိသော အစီရင်ခံစာများကို နန်းတွင်းအကြံပေးအဖွဲ့က ကိုင်တွယ်ဖြေရှင်းပြီးနောက် သူမထံ ပို့ဆောင်ပေးရာ သူမ ပြန်လည်စစ်ဆေးကြည့်သည့်အခါ အတော်များများမှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် ပြည့်စုံနေသည်ကို တွေ့ရသည်။
ရလဒ်မှာ မျှော်လင့်ထားသည်ထက်ပင် ပိုကောင်းနေပြီး သူမအနေဖြင့် အပြောင်းအလဲများစွာ လုပ်ရန်ပင်မလိုတော့ချေ။
အင်ပါယာအတွင်းရှိ လူများသည် လုံးဝ အသုံးမကျသူများတော့ မဟုတ်ကြပုံရသည်။
နောက်ထပ် နှစ်ရက်ခန့် ကြာသောအခါ အရာရှိများ၏ စွမ်းဆောင်ရည် စစ်ဆေးခြင်းစနစ်ကို စတင်ကျင့်သုံးလိုက်သည်။
တစ်နိုင်ငံလုံးရှိ အရာရှိများမှာ ထိတ်လန့်တုန်လှုပ်ကုန်ကြတော့သည်ဤစနစ်သည် သူတို့ကို အချင်းချင်း ပြိုင်ဆိုင်ခိုင်းနေခြင်း မဟုတ်ပါလား။
သူတို့ ဘာလို့ မပြိုင်ဘဲနေနိုင်ပါမည်နည်း မိမိတို့နှင့် ရာထူးတူ လုပ်ဖော်ကိုင်ဖက်များ တင်ပြထားသော နှစ်စဉ်အစီရင်ခံစာပါ လုပ်ငန်းတာဝန်များက မိမိတို့ထက် သာလွန်နေပြီး ၎င်းတို့ကသာ အောင်မြင်အောင် လုပ်ဆောင်နိုင်ပါက သေချာပေါက် ရာထူးတိုးမည် ဖြစ်သည်။
မိမိတို့က မလုပ်နိုင်ပါက ရာထူးတက်ရန် ခက်ခဲရုံသာမက ရာထူးချခံရသည်အထိ ဖြစ်နိုင်ချေရှိသည်။
ဤစနစ်သည် အတိအကျပင် နှစ်စဉ်လုပ်ငန်းစဉ်များကို ကြိုတင်တင်ပြရမည် မိတ္တူတစ်ခုကိုနန်းတွင်းအကြံပေးအဖွဲ့သို့ တစ်ခုကို ဧကရာဇ်ထံသို့ ပို့ရပြီး တစ်ခုကို မိမိထံတွင် ထားရှိရမည်။
နှစ်ကုန်၍ အောင်မြင်ပါက ဆုလာဘ်နှင့် ရာထူးရမည် မအောင်မြင်ပါက အပြစ်ပေးခံရမည်။ ဘာမှမလုပ်ဘဲ နေမည်ဆိုပါက တိုက်ရိုက် အလုပ်ထုတ်ခံရပြီး တခြားသူအတွက် နေရာဖယ်ပေးရုံသာ ရှိတော့သည်။
အဓိကအချက်မှာ မည်သူမျှ မကန့်ကွက်ရဲခြင်းပင် အရှင်မသည် အဆင့် (၇) ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။
အကယ်၍ ဤဥပဒေသစ်မှာ တိုင်းပြည်အတွက် မကောင်းပါက သူတို့ ငြင်းဆိုနိုင်သော်လည်း ယခုဥပဒေမှာ တိုင်းပြည်နှင့် ပြည်သူအတွက် အမှန်တကယ် အကျိုးရှိနေသည်။
အကယ်၍သာ ရဲ့ချန်းလျန်ကို သွားရောက် ငြင်းခုံမိပါက သူမက တစ်ချက်တည်းနှင့် ရိုက်သတ်ပစ်ရန် ဝန်လေးမည့်သူ မဟုတ်ချေ။
ထို့ကြောင့် ပြုပြင်ပြောင်းလဲရေးတွင် မည်သည့် ဖိအားမျှမရှိဘဲ အင်ပါယာအတွင်း၌ သစ်လွင်တက်ကြွသော အခြေအနေသစ်တစ်ခု လျင်မြန်စွာ ပေါ်ပေါက်လာခဲ့သည်။
ရဲ့ချန်းလျန်အတွက်မူ သူမ၏အုပ်ချုပ်ရေးဆိုင်ရာ အလုပ်တာဝန်များမှာ ၇၀ ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့သည်။
အရင်က တစ်နေ့ကုန် နီးပါး အချိန်ပေးခဲ့ရသော်လည်း ယခုအခါ မွန်းလွဲပိုင်းတွင် ရောက်လာသော အစီရင်ခံစာများကို ကြည့်ရန် နာရီဝက်ခန့်သာ အချိန်ပေးရတော့သည်။
၎င်းမှာ အလွန်ပင် သက်တောင့်သက်သာ ဖြစ်လွန်းနေသဖြင့် သူမပင် အသားမကျသေးချေ။
သို့သော် ဤဥပဒေသစ်သည် ဧကရာဇ်၏ အာဏာကို ပိုမိုခိုင်မာစေပြီး သူမကို ပိုမိုသက်သာစေရန် ရည်ရွယ်သည် မဟုတ်ပါလား တကယ်ကို ကောင်းမွန်သော နည်းလမ်းပင်။
သို့သော်လည်း ဥပဒေသစ်က ပို၍ အောင်မြင်လေလေ ရဲ့ချန်းလျန်၏ စိတ်ထဲတွင် ပို၍ မွန်းကြပ်လာလေလေ ဖြစ်နေသည်။
ငါးရက်တိုင်တိုင် ရှိခဲ့ပြီ။ ချူနင်သည် ရှောင်ပင်းမှတစ်ဆင့် သူမအတွက် အစားအသောက်များကို အချိန်မှန် ပို့ပေးနေသော်လည်း သူမသည် ချူနင့်ကို တစ်ကြိမ်မျှ မတွေ့ရသေးချေ။
ရှောင်ပင်း၏ ပြောပြချက်အရ သူသည် နန်းဆောင်ထဲတွင် တစ်နေ့ကုန် အိပ်နေတတ်သည်ဟု ဆိုသည်။ ညဘက်လည်း အိပ်ပြီး နေ့ဘက်မှာပါ ထပ်အိပ်နေတာလား ဘယ်လောက်တောင် အိပ်စက်ခြင်းကို တောင့်တနေရတာလဲ။
နင် ကျင့်စဉ်မကျင့်ချင်ရင်တောင် နန်းတော်ထဲမှာ တိတ်တိတ်လေး လမ်းလျှောက်နေလို့ ရတာပဲလေ။ နင့်ရဲ့ ကိုယ်ယောင်ဖျောက်နည်းက ငါ့ရဲ့ နဂါးကိုယ်ရံတော်တွေတောင် မသိနိုင်လောက်အောင် ကောင်းတာပဲ မဟုတ်လား.ဒါကို နင်က တစ်နေကုန် နန်းဆောင်ထဲမှာပဲ အောင်းနေတာလား။
အပြင်မထွက်ရဘူးလို့ ပြောလိုက်တာနဲ့ တကယ်ပဲ မထွက်တော့တာလား အစက အဲဒီလို လူယုတ်မာလေးလို အကျင့်တွေဘယ်ရောက်ကုန်ပြီလဲ။
နင်နိုင်ငံရေးမှာ ဝင်မစွက်ဘူးဆိုတဲ့ အရိပ်အယောင်လေး ပြလိုက်ရင်ပဲ ငါကဘာပြောနိုင်ဦးမှာလဲ ဒါပေမဲ့ နင်ကတော့ ဒီအတိုင်းပဲ နေနေတာလား။
အမှန်တကယ်ပင် ချူနင်၏ လုပ်ဆောင်ချက်များသည် သူမ အရင်က သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အတိအကျ ကိုက်ညီနေသည်။
ခွင့်ပြုချက်မရှိဘဲ မလှုပ်ရှားခြင်း ဤဘက်သို့ မလာခြင်း စသည်ဖြင့် စည်းကမ်းကို တစ်စက်ကလေးမျှ မကျော်ချေ။
သို့သော် ၎င်းက သူတို့နှစ်ဦးကြားတွင် အလွန် ဝေးကွာသွားသလို ခံစားရစေသည်။ သူမ ဗိုက်ထဲတွင် ချူနင်၏ ရင်သွေးလေး ရှိနေပြီ မကြာခင်မှာလည်း သူက အိမ်ရှေ့စံဖြစ်လာတော့မည်။
တကယ် လင်မယား မဟုတ်ခဲ့ရင်တောင် အများအမြင်မှာတော့ လင်မယားပဲလေ ဒါကို သူက မျက်နှာတစ်ချက်တောင် မပြဘူးလား။
ကလေးကို ဂရုစိုက်မယ် တာဝန်ယူမယ်လို့ သူ ပြောခဲ့တာ မဟုတ်လား အခု သူဘာလုပ်နေတာလဲ။
သူမ မျက်မှောင်ကြုတ်ကာ သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ရှောင်ပင်းကို ခေါ်လိုက်သည်။ ချူနင့်ကို သွားပြောလိုက် အရေးကြီးတာ မရှိရင် သူနန်းဆောင်ကနေ ထွက်ပြီး လမ်းလျှောက်လို့ ရတယ်လို့။
ဘယ်သူမှ မမြင်အောင်ပဲ သတိထားခိုင်းလိုက် ဒါမှမဟုတ် အိမ်ရှေ့စံအဖြစ် ကြေညာပြီးရင်တော့ လွတ်လွတ်လပ်လပ် သွားလာလို့ ရပြီလို့ သွားပြောလိုက်။
ရှောင်ပင်းက သတင်းသွားပို့ပြီး မကြာခင်မှာပင် ပြန်ရောက်လာသည်။ "ချူနင်က ပြောပါတယ် အခုက အိမ်ရှေ့စံအဖြစ်ကြေညာမယ့် အချိန်ဖြစ်နေတာကြောင့် တစ်ခုခုဖြစ်သွားရင် အရှင်မအတွက် အခက်အခဲ ဖြစ်မှာစိုးလို့တဲ့။ သူနန်းဆောင်ထဲမှာ တစ်ယောက်တည်း နေရတာ အဆင်ပြေပါတယ်လို့.အရှင်မစိတ်မပူပါနဲ့တဲ့"
ရဲ့ချန်းလျန် အတော်လေး ဒေါသထွက်သွားသည်။ အရင်ကကျတော့ ဘာလို့ပြဿနာဖြစ်မှာ မကြောက်ဘဲ အခုမှ ကြောက်နေရတာလဲ ဒါ တမင် လုပ်နေတာမဟုတ်လား။
ရဲ့ချန်းလျန် ဘာမှ ထပ်မပြောဘဲ ရှောင်ပင်းကို ထွက်သွားခိုင်းလိုက်သည်။ သူမသည် အလုပ်ကိစ္စများကို အဆုံးသတ်ပြီး နန်းဆောင်သို့ ပြန်လာစဉ် စိတ်မအေးနိုင်ဘဲ ဖြစ်နေသည်။
လတ်တလောတွင် အလုပ်တွေ အမှန်တကယ် သက်သာသွားခဲ့ပြီး နန်းတွင်း အခြေအနေမှာလည်း စနစ်တကျ ရှိနေပြီ ဖြစ်သည်။ သို့သော် သူမ၏ စိတ်အခြေအနေမှာမူ ဆန့်ကျင်ဘက်ဖြစ်နေသည်။
တကယ်လို့ ချူနင်က ဘာရည်ရွယ်ချက်မှ မရှိဘဲ ငါ့ကို ကူညီချင်တဲ့ စိတ်နဲ့ပဲ အဲဒီစကားတွေကို ပြောခဲ့တာဆိုရင်ရော။
တကယ်လို့ ချူနင်က အာဏာမက်မောတာ မဟုတ်ဘဲ ငါ့ရဲ့အလုပ်ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပေးချင်ရုံ သက်သက်ဆိုရင်ရော
အရင်တုန်းကလည်း ချူနင်က ဒီအတိုင်း လွှတ်ခနဲ ပြောမိတာပဲ မဟုတ်လား။
နောက်ဆုံးတစ်ခါ တွေ့တုန်းကလည်း သူ စကားတောင် မဆုံးလိုက်ဘူး သူ ဘာပြောမလဲဆိုတာကို သူမသိနေသည်။
သူမအနေနဲ့ သူ့အပေါ် အထင်လွဲခဲ့မယ်ဆိုရင် ချူနင်ရဲ့ အခုလို အပြုအမူတွေက အဓိပ္ပာယ်ရှိသွားပြီ။ သူက သူ့ရဲ့ စေတနာကို အာဏာမက်မောမှုလို့ အထင်ခံရတဲ့အတွက် စိတ်မကောင်းဖြစ်နေတာ နေမှာပါ။ သူမသာဆိုရင်လည်း စိတ်ဆိုးမိမှာ သေချာသည်။
ဒါပေမဲ့ သူမအနေနဲ့ နိုင်ငံအတွက် အင်ပါယာအတွက် ထည့်တွက်ရမှာပဲလေ။ သူမက ချူနင့်ကို လျစ်လျူရှုချင်တာ မဟုတ်ပါဘူး သူ နိုင်ငံရေးမှာ ပါဝင်စရာ မလိုဘဲ သူလိုချင်တာ မှန်သမျှကို သူမ ဖြည့်ဆည်းပေးနိုင်တာပဲ။
ဒါဆို ဘာလို့ ဒီလိုအခြေအနေကြီး ဖြစ်သွားရတာလဲ။
ချန်းချင်းနန်းဆောင် ဘေးက ဘေးဆောင်နား ရောက်သောအခါ ရဲ့ချန်းလျန် ခဏ ရပ်လိုက်သည်။ သူမ၏ စိတ်အာရုံဖြင့် ကြည့်လိုက်သောအခါ ချူနင်က ထုံးစံအတိုင်း ဝင်းထဲတွင် အိပ်ပျော်နေသည်။
အိပ် အိပ်.အိပ်... တစ်နေ့ကုန် အိပ်နေတာပဲ။
သူမက ရှုပ်ထွေးသော မျက်နှာထားဖြင့် တိုးတိုးလေး ရေရွတ်လိုက်သော်လည်း အထဲသို့ ဝင်မသွားဘဲ သူမ၏ နန်းဆောင်သို့သာ ပြန်လှည့်လာခဲ့သည်။
သို့သော် နန်းတွင်းအလုပ်တွေ သက်သာလာလေလေ သူမမှာ ဒီအကြောင်းတွေကို တွေးဖို့ အချိန်တွေ ပိုထွက်လာလေလေ ဖြစ်ပြီး ချူနင်အပေါ် အထင်လွဲခဲ့မိတာလားဆိုတဲ့ အတွေးက ပိုပြီး ကြီးစိုးလာသည်။
ညစာ ထုံးစံအတိုင်း ရောက်လာပြန်သည်။ ရဲ့ချန်းလျန် စားချင်စိတ်မရှိသဖြင့် မစားဘဲ နေလိုက်သည်.ရှောင်ပင်းက ဘယ်လိုပဲ ဖျောင်းဖျဖျောင်းဖျ အရာမထင်ပါ။
အစားအသောက်တွေက အရင်လိုပဲ အရသာ ရှိနေသော်လည်း သူမ၏စိတ်မကောင်းမှုကြောင့် လုံးဝ စားမဝင်ချေ။
ဘာလို့လဲ.ဘာလို့ ဒီလူက သူမရဲ့ စိတ်ထဲမှာ ဒီလောက်အထိ နေရာယူနေရတာလဲ သူက နာမည်အရပဲ ခင်ပွန်းဖြစ်တာလေ။
ဒါပေမဲ့ နန်းတွင်း အခြေအနေတွေ ပိုပြီး တည်ငြိမ်လာလေလေ ချူနင်ရဲ့ အကျိုးပြုမှုက ပိုကြီးမားလာလေလေ ဖြစ်ပြီး သူ့ကို လျစ်လျူရှုဖို့က ပိုပြီးမဖြစ်နိုင်တော့ချေ။
ထို့ကြောင့် ထိုညနေတွင် ရဲ့ချန်းလျန်က သူမ၏ကိုယ်ပိုင် ဘဏ္ဍာတိုက်မှ ရွှေဒင်္ဂါး ထောင်ပေါင်းများစွာကို ထုတ်ယူကာ သူ့အတွက် ဆုလာဘ်အဖြစ် ရှောင်ပင်းကို ပို့ခိုင်းလိုက်သည်။ သို့သော် ရှောင်ပင်းက သတင်းစကား တစ်ခုနှင့်အတူ ချက်ချင်း ပြန်ရောက်လာသည်။
ထုံးစံအတိုင်းပင် သူ နန်းဆောင်ထဲမှာ စားစရာ၊ သောက်စရာ ဘာမှ မလိုတဲ့အတွက် ဒီရွှေတွေက သူ့အတွက် အပိုပဲတဲ့။
ရဲ့ချန်းလျန် တကယ်ကို သည်းမခံနိုင်တော့ပါ ဒီလူက ဘယ်လိုတောင်လဲ ဘာလုပ်လုပ် လုံးဝ အဖတ်မလုပ်တာလား။
ညအချိန် ရောက်လာသောအခါ တစ်ခုလုံးတွင် ရဲ့ချန်းလျန်၏ မကျေမနပ် ဖြစ်နေသော အငွေ့အသက်များ ဖုံးလွှမ်းနေသည်။
နင် ငါ့ကို လာမတွေ့တာ ဘယ်လောက်တောင် ကြာနေပြီလဲ နင်ကလေးကိုရော ဂရုမစိုက်ဘူးလား။
ချူနင်ကတော့ အပျော့ဆွဲရော အမာဆွဲရော ဘာမှ မတိုးချေ။ သူမ သုံးနိုင်သမျှ နည်းလမ်းတွေ အကုန်ကုန်နေပြီ ဒါပေမဲ့ နောက်ဆုံး နည်းလမ်းတစ်ခု ကျန်သေးတယ်။
ရဲ့ချန်းလျန် အသက်ပြင်းပြင်း ရှူလိုက်ပြီး ရှောင်ပင်းကို ပြန်ကြည့်လိုက်သည်။
"သွားပြောလိုက် ဒီည ငါ ထမင်းကောင်းကောင်း မစားရဘူးလို့ လွန်ခဲ့တဲ့ ရက်တွေကလည်း ကောင်းကောင်း မစားခဲ့ရလို့ အခု ဗိုက်ဆာနေပြီလို့ သွားပြောလိုက်"
သူမ မယုံနိုင်ဘူး ကလေးကို အကြောင်းပြနေတာတောင် ချူနင် မလာဘူးလား ကြည့်ရသေးတာပေါ့။
ရှောင်ပင်းထွက်သွားတာကိုကြည့်ရင်းရဲ့ချန်းလျန်၏စိတ်ထဲတွင်အရမ်းကိုစိုးရိမ်ပူပန်နေမိသည်။ချူနင်သာတကယ်မလာခဲ့ရင်တော့သူမမှာတခြားနည်းလမ်းမရှိတော့ဘူး။