အခန်း (၂၂) ချူနင် နင် ဒါကို တမင်လုပ်တာပဲ
"အရှင်မ ဘာဖြစ်လို့လဲဟင် ချူနင်က ဘာလို့ ထွက်သွားတာလဲ သူထမင်းတောင် ကုန်အောင် မစားသွားဘူး"
"ထမင်းကိုပဲ အာရုံစိုက်စားစမ်းပါ မေးခွန်းတွေ အများကြီး မမေးနဲ့"
ရဲ့ချန်းလျန်၏ လေသံမှာ အေးစက်နေသော်လည်း သူမ၏ မျက်ဝန်းထဲတွင်မူ ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်ပြေးနေသည်။
သူက ဘာကို ဆိုလိုတာလဲ ငါ့ရဲ့စိတ်ရင်းကို ဖော်ထုတ်ပြီးတာနဲ့ ငါ့ကိုရှောင်ဖို့အတွက် ထွက်သွားတာလား ဒါမှမဟုတ် ငါကသူ့ကို အကဲခတ်မိသွားလို့လား။
သို့သော် ထိုသို့သော စကားများပြောပြီးနောက်တွင် သူမ၏စိတ်ထဲ၌ တစ်စုံတစ်ခု လိုအပ်နေသလိုမျိုး ဟာတာတာကြီး ခံစားနေရသည်။ ရဲ့ချန်းလျန်သည် စိတ်ထဲမှ ကျိတ်၍ လှောင်ပြုံး ပြုံးလိုက်မိသည်။
ချူနင် နန်းတော်ထဲရောက်တာ သုံးရက်ပဲ ရှိသေးတာပဲ။ ဒီလောက်အထိ အလိုက်သိ ဂရုစိုက်ပြနေတာက တစ်ခုခုကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပဲ ဖြစ်ရမယ်။
အာဏာနဲ့ စည်းစိမ်အတွက် မဟုတ်ရင် တခြား ဘာအတွက် ဖြစ်နိုင်ဦးမှာလဲ သူက သူမကိုသာ သိမ်းပိုက်နိုင်ရင် ဒီအင်ပါယာကြီးက သူ့လက်ထဲ ရောက်သွားမှာ မဟုတ်လား ရဲ့မိသားစုရဲ့ အင်ပါယာက မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာတာဖြစ်ပြီး ခမည်းတော် ဧကရာဇ်က သူမလက်ထဲကို စိတ်ချလက်ချ အပ်နှံခဲ့တဲ့ တစ်ခုတည်းသော အရာပဲ။
ဒါကို တခြားဘယ်သူ့ကိုမှ လွှဲပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး ဒါကသူမရဲ့ နောက်ဆုံးစည်းပဲ။ တခြားအရာတွေဆိုရင်တော့ ချူနင် လိုချင်တာ အကုန်ပေးနိုင်ပါတယ်။
ဒါပေမဲ့ သူကတော့ ဒီလိုမျိုးစိတ္တဇကစားပွဲတွေကို ကစားနေပြီး သူမရဲ့အာရုံစိုက်မှုကို ရအောင် ဖမ်းစားနေတာလား သူမက ဒါကို မရိပ်မိဘူးလို့ သူ ထင်နေတာလား။
သို့သော်လည်း လက်ရှိတွင် သူမသည် ထမင်းစားချင်စိတ် လုံးဝ မရှိတော့ပေ။
"ရှောင်ပင်း ကျန်တာတွေကို နင်ပဲ စားလိုက်တော့။ ငါ စားချင်စိတ် မရှိဘူး.သွားနားတော့မယ်"
ရှောင်ပင်းမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။ ချူနင်က မစားတာတစ်မျိုး အခု အရှင်မကပါ ဘာလို့ မစားတာလဲ သူမ ကြည့်ရသလောက် ဒီတစ်ပန်းကန်တောင် ကုန်အောင် မစားရသေးဘူး ပြီးတော့ ဒါက အရှင်မ အကြိုက်ဆုံး မဟုတ်လား။
ရှောင်ပင်းသည် ရဲ့ချန်းလျန်၏ သိသာလှသော စိတ်အပြောင်းအလဲကို ရိပ်မိသဖြင့် ဘာမှ ဆက်မပြောရဲတော့ပေ။ "ဒါဆိုရင် ကျွန်မပဲ သိမ်းလိုက်ပါတော့မယ်"
"အင်း..."
ညဘက် ကုတင်ပေါ်တွင် လဲလျောင်းနေစဉ် ရဲ့ချန်းလျန်သည် ဟိုဘက်ဒီဘက် လူးလှိမ့်နေမိသည်။ စောစောက ချူနင်၏မျက်နှာအမူအရာ ပြောင်းလဲသွားပုံကို သူမမျက်စိထဲ ပြန်မြင်နေမိသည်။
သူက တကယ်ပဲ စိတ်အားထက်သန်စွာနဲ့ အကြံပေးခဲ့တာလား မင်အင်ပါယာက ကျားကျင်ဧကရာဇ် အကြောင်းတွေကို သူက အရမ်းကို အပြောကောင်းတာပဲ။
သူမအနေနဲ့ မင်အင်ပါယာဆိုတာကို တစ်ခါမှ မကြားဖူးပါဘူး။ ချူနင်ရဲ့ ဇာတိက တာ့ချန်းအင်ပါယာ မဟုတ်ဘူးလား တခြား ဘယ်မှာရှိနိုင်ဦးမှာလဲ။
ထျန်းရွှမ်းတိုက်ကြီးမှာ အင်ပါယာကြီး ငါးခုပဲ ရှိတာလေ။ သူမက သမိုင်းမှတ်တမ်း အားလုံးကို ဖတ်ဖူးပြီး ဗဟုသုတ အလွန်ကြွယ်ဝသူ ဖြစ်ပေမဲ့ ချူနင်ပြောတဲ့ အင်ပါယာမျိုး အုပ်ချုပ်ရေး နည်းလမ်းမျိုးကို တစ်ခါမှ မကြားဖူးခဲ့ပါ။
အာဏာကို ဗဟိုပြု ထိန်းချုပ်တဲ့ အဲဒီနည်းလမ်းတွေက အရမ်းကို နက်နဲလွန်းပြီး သာမန်လူတစ်ယောက် စဉ်းစားနိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး။
တကယ်လို့ ချူနင်က ဒါတွေကို မသိဘဲ သာမန်လူတစ်ယောက်သာဖြစ်နေမယ်ဆိုရင် ရဲ့ချန်းလျန်အနေနဲ့ ဘာမှ ပြောစရာမရှိပါဘူး။
ဒါပေမဲ့ သူမမှာရှိတာက ဒီအင်ပါယာတစ်ခုတည်းဖြစ်ပြီး ဒါကိုဘယ်သူ့ကိုမှ မပေးနိုင်တာကြောင့် ဘာလုပ်ရမလဲဆိုတာ ဆုံးဖြတ်ရ ခက်နေခြင်းဖြစ်သည်။
သူ့ကို တမင် လျစ်လျူရှုထားပြီး အလှမ်းကွာအောင် နေသင့်သလား နောက်ဆို သူ့ကို ဟင်းချက်ခိုင်းတာတွေပါ ရပ်လိုက်ရမလား သူ မချက်ရင်လည်း မချက်နဲ့ပေါ့။
သူမ လျစ်လျူရှုထားရင်လည်း ထားလိုက်မယ်။ သူက ကလေးရဲ့ ဖခင်ပဲလေ နောင်ကျရင် သူက နန်းတွင်းထဲမှာပဲနေပြီး ကလေးကိုပဲ ဂရုစိုက်ရုံပေါ့ အဲဒါက သူ့တာဝန်ပဲ။
သူမအနေနဲ့ တခြားဘယ်သူ့ရဲ့ ဂရုစိုက်မှုကိုမှ မလိုပါဘူး သူမတစ်ယောက်တည်းလည်း ကောင်းကောင်း နေနိုင်ပါတယ် ထိုသို့ တွေးရင်း ရဲ့ချန်းလျန်သည် မိမိကိုယ်ကို ဆွဲဆောင်ရန် ကြိုးစားနေသော်လည်း သူမ၏ စိတ်ထဲတွင်မူ မှိုင်တွေဝေခွဲမရ ဖြစ်နေဆဲ။
နိုင်ငံတစ်ခုရဲ့ အုပ်ချုပ်သူ အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ သူမက ဘာလို့ ဒီလိုကိစ္စသေးသေးလေးအတွက် စိတ်အနှောင့်အယှက် ဖြစ်နေရတာလဲ။
ထိုညက သူမ အိပ်မပျော်ခဲ့ပါ။ နောက်တစ်နေ့ မနက်တွင် ရဲ့ချန်းလျန် မျက်လုံးဖွင့်လိုက်သည် သူမ မနေ့ညက ကောင်းကောင်း မအိပ်ခဲ့ရပါ။
သူမ ကိုင်တွယ်ရမည့် ကိစ္စတွေက အများကြီးရှိနေသည် အင်ပါယာရဲ့ နိုင်ငံရေးစနစ်သစ်၊ ဒီနေ့အတွက် အစီရင်ခံစာတွေ ပြီးတော့ ချူနင်။
အဲဒီလူယုတ်မာလေး ဘာလို့ မနေ့က အဲဒီလို စကားတွေ ပြောရတာလဲ နန်းတွင်းထဲကလူတွေက နိုင်ငံရေးမှာ ဝင်မစွက်ရဘူးဆိုတာ သူ မသိဘူးလား သူမအနေနဲ့ နောက်ထပ် မိဖုရားတွေ ဘာတွေ ထားဖို့စိတ်ကူးမရှိပါဘူး။
ဧကရာဇ် တစ်ယောက်တည်းဆိုရင် လုံလောက်ပါပြီ။ ဒါပေမဲ့ နန်းတွင်းထဲကလူတွေ နိုင်ငံရေးမှာ ဝင်စွက်ဖက်လို့ တိုင်းပြည် ပျက်စီးသွားရတဲ့ သာဓကတွေ အများကြီး ရှိနေတာလေ။
သူမက တစ်ခေတ်မှာ အထူးချွန်ဆုံး ဧကရာဇ် ဖြစ်ချင်တာ ထျန်းရွှမ်းတိုက်ကြီးကို စည်းလုံးစေပြီး အင်ပါယာကို အထွတ်အထိပ် ရောက်အောင် လုပ်ချင်တာ၊ဒါကြောင့် ဒီလိုမျိုး ဝင်စွက်ဖက်တာတွေကို ခွင့်မပြုနိုင်ဘူး။
ထိုသို့ တွေးနေသော်လည်း ချူနင် အခု ဘာလုပ်နေလဲဆိုတာကို သိချင်စိတ်ဖြင့် သူမ၏ စိတ်အာရုံကို ဖြန့်ကြက်ပြီး လှမ်းကြည့်မိသည်။ သူ အိပ်နေသည်။
ကြည့်စမ်း သူ အစက ကတိပေးထားတာတွေကိုတောင် မလုပ်တော့ဘူး။ သူမပဲ အပိုတွေ တွေးနေမိတာပဲ။
ချူနင်က အရမ်းကို တာဝန်ယူတတ်တဲ့ ယောက်ျားတစ်ယောက် သူမအတွက် တကယ် စဉ်းစားပေးနေတဲ့သူလို့ ထင်ခဲ့မိတာ။
အခုတော့ သူ့ရဲ့တေလိမ်ညာမှုတွေ ပေါ်သွားလို့ သူမကို မျက်နှာမပြရဲတာ ဖြစ်မှာပေါ့။
"ရှောင်ပင်း ငါ့ကို အဝတ်အစားလဲပေးဦး"
တံခါးအပြင်ဘက်မှ ရှောင်ပင်းက အပြေးလေး ဝင်လာသည်။
အရှင်မ ဝန်ကြီးချုပ်က သတင်းပို့လိုက်ပါတယ် အရှင်မအကောင်အထည်ဖော်တဲ့ နိုင်ငံရေးစနစ်သစ်က မနေ့က အကုန်လုံး အခြေကျသွားပြီမို့ ဒီနေ့ကစပြီး စမ်းသပ် ကျင့်သုံးတော့မယ်လို့ ပြောပါတယ်။
အရှင်မက ကျင့်စဉ်ကျင့်ဖို့ စိတ်ကူးထားတာကြောင့် အစီရင်ခံစာတွေကို ဝန်ကြီးဌာန ခြောက်ခုနဲ့ နန်းတွင်းအကြံပေးအဖွဲ့ကပဲ အရှင်မရဲ့ စီမံကိန်းအတိုင်း အကုန် ကိုင်တွယ်သွားပါမယ် ပြီးမှ အရှင်မဆီကို ပို့ပေးမယ်လို့ ပြောပါတယ်။
"ဝန်ကြီးချုပ်ရွှမ်းကို ပြောလိုက်ပါ ငါ သဘောတူတယ် အစီအစဉ်အတိုင်း ဆက်လုပ်ပါ"
ရှောင်ပင်းက ပျော်ရွှင်စွာ ပြုံးလိုက်သည်။ "ဒါဆိုရင် အရှင်မမှာ အချိန်တွေ ပိုထွက်လာပြီပေါ့ ချူနင်နဲ့အတူ အပြင်ထွက်ပြီး လမ်းလျှောက်လို့ ရတာပေါ့။
ကျွန်မ စဉ်းစားမိတာကတော့ အရှင်မက အုပ်ချုပ်သူဖြစ်ပေမဲ့ အခုက ကိုယ်ဝန်ရှိနေတာဆိုတော့ ချူနင်နဲ့ အရမ်း အလှမ်းဝေးနေရင် နဂါးရင်သွေးလေးက တစ်ခုခုကို ခံစားမိသွားမှာ စိုးလို့ပါ။
ရဲ့ချန်းလျန်က နှာမှုတ်လိုက်သည်။ "ငါက ဘာလို့သူ့နောက်ကို လိုက်ရမှာလဲ သူတခြားသူတွေ မသိအောင်ပဲနေမယ်ဆိုရင် ဘယ်သွားသွား ငါဂရုမစိုက်ဘူး။ ငါက နိုင်ငံတော်အရေးတွေနဲ့ အလုပ်ရှုပ်နေတာ အချိန်မရှိဘူး။
"ဒါပေမဲ့ အခုက အလုပ်တွေ သက်သာသွားပြီ"
"ရှောင်ပင်း နင် မပြောသင့်တဲ့ အရာတွေရှိတယ်နော်"
ရဲ့ချန်းလျန်၏ မျက်လုံးများက အေးစက်နေပြီး စိတ်အခြေအနေ မကောင်းမှန်း သိသာလှသည်။ ထိုသို့ ကြားရသောအခါ ရှောင်ပင်းလည်း ဘာမှ ဆက်မပြောရဲတော့ပေ။
တစ်ခုခုတော့ မှားနေပြီ သူမ မနေ့ညက တစ်ညလုံး စဉ်းစားခဲ့တာပါ။ ဒီနှစ်ယောက် ဘာတွေ ပြဿနာဖြစ်နေကြတာလဲ နောက်ကျရင် ချူနင့်ကို သွားမေးကြည့်ရမယ် သူမအနေနဲ့ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်မှုကိုရော သူမရဲ့ စားချင်စိတ်ကိုပါ ငဲ့ညှာရမယ်လေ။
မကြာခင် အဝတ်အစားလဲပြီးနောက် ရှောင်ပင်း အပြင်သို့ အမြန်ထွက်သွားသည်။ "ချူနင်က ဒီနေ့မနက်စာ ချက်ထားပါတယ် ကျွန်မကို ပို့ခိုင်းလိုက်တာပါ"
ရဲ့ချန်းလျန် မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ "သူ အိပ်နေတာ မဟုတ်ဘူးလား ဘယ်အချိန်က ချက်လိုက်တာလဲ"
ရှောင်ပင်းက ပြုံးပြီး ပြောသည် "သူက အရင်ရက်တွေကလိုပဲ မိုးမလင်းခင်ကတည်းက ထချက်တာပါ။ ဒီနေ့တော့ သူ အရမ်းအိပ်ချင်လို့ ခဏပြန်အိပ်မယ်လို့ ပြောလို့ ကျွန်မပဲလာပို့တာပါ"
ရဲ့ချန်းလျန်သည် ရှောင်ပင်းက ဟင်းပန်းကန် အဖုံးများကို တစ်ခုချင်းစီ ဖွင့်ပြသည်ကို လှမ်းကြည့်မိသည်။
သူမ အကြိုက်ဆုံး နဂါးရိုးတွင်းခြင်ဆီ စွပ်ပြုတ်အပြင် တခြားဟင်းတွေက အသစ်တွေချည်းပဲ တစ်ခုမှ ထပ်မနေဘူး သူက သူတို့ကြားက ကတိအတိုင်း တကယ်ပဲ လုပ်ပေးနေတာပဲ။
သို့သော် စားပွဲပေါ်က ဟင်းတွေကို ကြည့်ရင်း ချူနင် မရှိတဲ့အတွက် တစ်ခုခု လိုအပ်နေသလို ခံစားချက်ကြီးက သူမရဲ့ ရင်ထဲမှာ အရမ်းကို နေလို့မကောင်း ဖြစ်နေစေသည်။
ငါ တကယ်ပဲ ချူနင့်အပေါ် အထင်လွဲခဲ့တာလား။
"အရှင်မ အရင် စားလိုက်ပါဦးမလား"
"အင်း..."
မနက်စာ စားပြီးနောက် သူမသည် နန်းတက်ဆောင်သို့ သွားသည်။ ဝန်ကြီးချုပ်သည် စနစ်သစ်ကို အကောင်အထည်ဖော်ရန် နန်းတွင်းအကြံပေးအဖွဲ့ကို ဖွဲ့စည်းပြီး တစ်နိုင်ငံလုံးရှိ အရာရှိများကို အမိန့်ထုတ်ပြန်ခြင်း မူဝါဒအသစ်များကို ပေါင်းစည်းခြင်း အရာရှိများ၏စွမ်းဆောင်ရည် စစ်ဆေးခြင်းနှင့် ရာထူးတိုးစနစ်သစ်များကို စတင်နေပြီဖြစ်သည်။
ဒါပေမဲ့ ဘာလို့ အစီရင်ခံစာတွေ တက်မလာတာလဲ ဪ ဟုတ်သားပဲ အစီရင်ခံစာတွေကို ဝန်ကြီးဌာနတွေက အရင်စစ်ဆေးပြီး နန်းတွင်းအကြံပေးအဖွဲ့ကို ပို့ရတာလေ။
သူမဆီကိုတော့ ဝန်ကြီးချုပ်ဆီကနေ အကျဉ်းချုပ် စာရင်းပဲ ရောက်လာတော့သည်။ ဝန်ကြီးချုပ်သည် သစ္စာရှိပြီး အရည်အချင်းရှိသူ ဖြစ်သောကြောင့် သူ တင်ပြထားသော လူစာရင်းမှာလည်း ဘက်လိုက်မှု ကင်းလှသည်။
သူ့စာထဲတွင် "ဥပဒေသစ်က အချိန်ယူရပါလိမ့်မယ် အရှင်မအနေနဲ့ စိတ်ရှည်ပေးဖို့ တောင်းပန်ပါတယ်" ဟု ရေးထားသည်။
ရဲ့ချန်းလျန်သည်လည်း ဥပဒေသစ်တစ်ခု အခြေကျရန် အချိန်လိုမှန်း သိပါသည်။
သို့သော် ယခုအချိန်တွင် သူမလုပ်စရာ ဘာမှမရှိသလို ဖြစ်နေသည်။ အမြဲတမ်း အလုပ်ကြိုးစားတတ်သော ရဲ့ချန်းလျန်သည် ဤဥပဒေသစ်၏ အကျိုးသက်ရောက်မှုကို မြင်နေရပြီဖြစ်သည်။
အရာရှိတွေကသာ တကယ်ပဲ သစ္စာရှိရှိ အလုပ်လုပ်မယ်ဆိုရင် သူမအနေနဲ့ နောင်ကျရင် ကျင့်စဉ်ကျင့်ဖို့နဲ့ ကိုယ်ဝန်ကို ဂရုစိုက်ဖို့ အချိန်တွေ အများကြီး ရလာတော့မှာပါ။
ရဲ့ချန်းလျန်သည် ယခုလို အလုပ်မရှိဘဲ နေရသည်ကို အသားမကျသေးသဖြင့် နန်းဆောင်ထဲတွင် အစီရင်ခံစာအသစ်များကို စောင့်ရင်း ကျင့်စဉ်ကိုသာ တိုက်ရိုက် စတင်ကျင့်ကြံနေလိုက်သည်။
မွန်းလွဲပိုင်း ရောက်သောအခါ သူမ သတိပြန်ဝင်လာသည်။ အချိန်တွက်ချက်ကြည့်လျှင် ချူနင် ထမင်းလာပို့ရမည့် အချိန်ရောက်နေပြီ။
"အရှင်မ ရှောင်ပင်းက အရှင်မအတွက် နေ့လယ်စာ ယူလာပေးပါတယ်"
ရှောင်ပင်းက ထမင်းဗန်းကို ချလိုက်သည်။ ရဲ့ချန်းလျန်၏ မျက်နှာမှာ ဘာအမူအရာမှ မရှိသော်လည်း "ဟဲ အခုကျတော့မှ နင်က ထမင်းလာပို့ရမယ်မှန်း သိသွားတာလား" ဟု မေးလိုက်သည်။
ရှောင်ပင်းက ခပ်အမ်းအမ်း အပြုံးဖြင့် "အရင်ကတော့ ချူနင်က ကျွန်မကို လုံးဝ အခွင့်အရေး မပေးတာလေ ပြီးတော့ ကျွန်မက သူ့ကိုမဆန့်ကျင်ရဲဘူးလေ"
"အခုကျတော့ရော နင်က သူ့ကို ဆန့်ကျင်ရဲပြီလား"
ရှောင်ပင်းက ခေါင်းခါလိုက်သည်။ "ချူနင်က ပြောပါတယ် မိသားစုကိစ္စနဲ့ နိုင်ငံရေးကိစ္စကို ရောထွေးလို့ မရဘူးတဲ့။ မင်းတက်နန်းဆောင်ဆိုတာ အင်ပါယာရဲ့ဗဟိုချက်မဖြစ်တဲ့အတွက် သူ့ရဲ့အဆင့်အတန်းက သတိထားရမယ်တဲ့။
သူ ဒီထဲကို ဒီအတိုင်းဝင်ထွက်နေရင် မလိုလားအပ်တဲ့ အတင်းအဖျင်းတွေ ထွက်လာနိုင်သလို မကောင်းတဲ့သူတွေက နန်းတွင်းရေးမှာ ဝင်စွက်ဖက်တယ်လို့ မြင်သွားနိုင်တယ်တဲ့။ ဒါကြောင့် သူက အရှင်မရဲ့ အမိန့်ကို လေးစားတဲ့အနေနဲ့ ဒီဘက်ကို မလာရဲတော့တာပါ"
ရဲ့ချန်းလျန် ထိုသို့ကြားရသောအခါ သူမ၏ လက်သီးကို မသိမသာ ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
သူ မလာရင်လည်း မလာနဲ့ပေါ့။ အဲဒီလိုဆိုတော့လည်း နားအေးတာပေါ့ အခုကျတော့မှ အမိန့်ကို လေးစားရကောင်းမှန်း သိတယ်ပေါ့။
အရင်ကကျတော့ ဘာလို့နားမထောင်ခဲ့တာလဲ သူမ အရမ်းစိတ်အနှောင့်အယှက် ဖြစ်နေတဲ့ အချိန်ကျမှပဲ သူက ရွေးပြီး လုပ်ပြနေတာ။
ဒါတမင်သက်သက်ပဲသေချာပေါက်ဒါဟာတမင်လုပ်နေတာပဲ။