အခန်း (၂၁) သူမ မျှော်လင့်ထားတာနဲ့ ကွဲပြားနေပုံရတယ်
နာရီဝက်ဟု ဆိုသော်လည်း တကယ်တမ်းတွင် ထိုမျှပင် မကြာလိုက်ပါ။
ဟင်းလျာ (၁၃) မျိုးလုံး ချက်ပြုတ်ပြီးစီး၍ ချန်းချင်းနန်းဆောင်ရှိ သူမ၏ အိပ်ဆောင်သို့ ပို့ဆောင်လိုက်ချိန်အထိ သတ်မှတ်ထားသော ထမင်းစားချိန်သို့ပင် မရောက်သေးချေ။
ဤသည်ကို တွက်ချက်ကြည့်လျှင် ဤလူယုတ်မာလေးသည် သူမ၏ ထမင်းစားချိန်တိုင်း အရောက်လာနိုင်ရန် ကြိုတင်ပြင်ဆင်မှုများသာမက လမ်းလျှောက်ချိန်ကိုပါ အတိအကျ တွက်ချက်ထားခြင်း ဖြစ်ပေမည်။
သူက ဒီလောက်အထိ တိကျနေတာလား။
"မစားသေးဘူးလား အရသာက အဆင်မပြေလို့လား ဗိုက်ရော ဆာနေပြီလား"
ရဲ့ချန်းလျန် သတိပြန်ဝင်လာပြီး ခေါင်းခါလိုက်သည်။ "ရှောင်ပင်း ဘယ်ရောက်နေတာလဲလို့ စဉ်းစားနေတာ ဒီနေ့ အဲဒီကောင်မလေး ဘာလို့ မရှိတာလဲ"
ချူနင်လည်း ဇဝေဇဝါ ဖြစ်သွားသည်။ "ဟုတ်သားပဲ ပုံမှန်ဆိုရင် သူကမင်းအတွက် မြည်းပေးဖို့ဆိုပြီး မီးဖိုနားမှာ စောင့်နေကျလေ
တကယ်တော့ ခိုးစားဖို့ပါပဲ"
ရဲ့ချန်းလျန်ကတော့ ဂရုမစိုက်ပါ။ "သူ့စိတ်နေစိတ်ထားက အရမ်းကောင်းပါတယ် နင်ပြောသလို မဆိုးပါဘူး။ ပြီးတော့ နင်ချက်တဲ့ ဟင်းတွေကို ငါတစ်ယောက်တည်း ကုန်အောင်မစားနိုင်ဘူးလေ.ပိုတာတွေ အလကားဖြစ်ကုန်ရင် နှမြောစရာကြီး" ၎င်းမှာ ချူနင်၏ စေတနာကို တန်ဖိုးထားခြင်းပင် ဖြစ်သည်။
ရှောင်ပင်း ရောက်မလာသည်ကို မြင်သောအခါ ချူနင်က ပြုံးလိုက်ပြီး ရဲ့ချန်းလျန်အတွက် စွပ်ပြုတ် ခပ်ပေးကာ သူမနှင့် ဖဝါးဝက်ခန့်အကွာတွင် ဝင်ထိုင်လိုက်သည်။
ရဲ့ချန်းလျန်က မျက်မှောင် အနည်းငယ် ကြုတ်သွားသော်လည်း သူ ပင်ပန်းထားသည်ကို သိသဖြင့် ဘာမှမပြောဘဲ လက်ခံလိုက်သည်။
"ရှောင်ပင်း ပြောတာတော့ အိမ်ရှေ့စံရွေးချယ်ပွဲကို တစ်လောကလုံး သိအောင် ကြေညာတော့မယ်ဆို"
ရဲ့ချန်းလျန်က ခေါင်းညိတ်ပြီး အေးအေးဆေးဆေးပင် ပြန်ပြောသည်။ "အဲဒီကိစ္စတွေကို နင်စိတ်ပူနေဖို့ မလိုဘူး နန်းတော်ထဲမှာပဲ အခမ်းအနားအတွက် စောင့်နေရုံပဲ။
ဒါပေမဲ့ တစ်ခုတော့ ရှိတယ် နင်အိမ်ရှေ့စံ ဖြစ်လာရင်တောင် ဘေးဆောင်မှာပဲ အိပ်ရမယ် ဒီအဆောင်ထဲကို ပြောင်းလာဖို့ကတော့ မဖြစ်နိုင်ဘူး"
ချူနင်က စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။ "မင်္ဂလာဆောင်ပြီးရင်တောင်မှလား ဒါဆို ငါတို့က လင်မယားလို့ ခေါ်လို့ရပါဦးမလား"
"သာမန်လူတွေကြားမှာတောင် အမျိုးသမီးက ကိုယ်ဝန်ရှိလာရင် ခင်ပွန်းဖြစ်သူက အခန်းခွဲအိပ်ပေးရတာပဲလေ။ ဒါကို နင်မသိဘူးလား"
"ငါ့ဇာတိမှာတော့ အခန်းခွဲမအိပ်ကြပါဘူး။ သုံးလကျော်ရင် ဘာမှ ပြဿနာမရှိတော့"
ဂျောက်
သူမလက်ထဲက တူမှာ ချက်ချင်းပင် ကျိုးသွားတော့သည် ရဲ့ချန်းလျန်က မျက်နှာနီမြန်းကာ သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ဘာမှပြဿနာမရှိဘူး ဟုတ်လား ဘာပြဿနာမှ မရှိဘဲ ဘာလုပ်ချင်နေတာလဲ ဒီလူယုတ်မာလေး ဒီနေ့ ဟင်းတွေအများကြီး ချက်ပေးထားပေမဲ့ နင့်ကို ငါတကယ် ရိုက်မိတော့မယ်
ချူနင်ကတော့ ရှေ့ဆက်မပြောရဲတော့ပါ။ သူက ပြုံးစိစိဖြင့် ကျိုးသွားသော တူကို သိမ်းလိုက်ပြီး တူအသစ်တစ်စုံ ကမ်းပေးလိုက်သည်။ "ငါ ဘာမှမလုပ်ဘူးလို့ မပြောပါဘူး၊ ချန်းလျန်... မင်းက အရမ်းတွေ တွေးနေတာပါ"
"ဟဲဟဲ လောကမှာရှိတဲ့ ယောက်ျားတွေ အကုန်လုံးက အတူတူပါပဲ ဒါကြောင့် အဲဒါကို စိတ်ပင်မကူးနဲ့"
ရဲ့ချန်းလျန်က ထပ်လောင်း အလေးအနက် ပြောလိုက်သည်။နင်နဲ့ငါက အဲဒီမတော်တဆမှုကြောင့်သာ လင်မယားအရာ မြောက်သွားတာ ဒါဟာ အပေါ်ယံ အဆင့်အတန်းတစ်ခုပဲ။ တခြားပိုပြီး လွန်လွန်ကျွံကျွံ ဖြစ်လာမယ့်ကိစ္စတွေကိုတော့ စိတ်ကူးတောင် မယဉ်နဲ့"
ချူနင်က ရယ်ပြီး ခေါင်းညိတ်ပြသည်။ "ရပါတယ်... အခန်းခွဲအိပ်တာလည်း အဆင်ပြေပါတယ် ကလေးအတွက်ပဲလေ"
"ဟဲဟဲ... နဂါးရင်သွေးလေး မွေးပြီးရင်တောင်မှ မဖြစ်နိုင်ဘူးနော်"
"အင် ဒါကတော့နည်းနည်း များသွားပြီ မဟုတ်လား ဒါဆိုနောက်ထပ် ကလေးလိုချင်ရင် နောက်နှစ် ဇူလိုင်လ (၁၅) ရက်အထိ ထပ်စောင့်ရဦးမှာလား"
"မစားချင်ရင် နင့်အဆောင်ကို ပြန်တော့" ရဲ့ချန်းလျန် အော်လိုက်သည်။ ဇူလိုင်လ (၁၅) ရက် နင်ကတော့ အခွင့်အရေးကို တကယ် အသုံးချတတ်တာပဲ။
တစ်ဖက်ကလည်း သူမ မထိန်းချုပ်နိုင်ခဲ့တဲ့ အဲဒီညက အဖြစ်အပျက်ကို ပြန်တွေးမိကာ ရှက်စိတ်ကြောင့် မျက်နှာ ပိုနီလာသည်။
"ကောင်းပါပြီ ငါ ထပ်မပြောတော့ဘူး" ချူနင်က စကားလမ်းကြောင်း လွှဲလိုက်သည်။ သူ့ဇနီးသည်က အစစအရာရာ ကောင်းသော်လည်း စိတ်ဆတ်ပြီး ဒေါသထွက်လွယ်လွန်းသည် နည်းနည်းလောက် ပိုပြီး နူးညံ့ရင် ကောင်းမှာပဲ။
ရဲ့ချန်းလျန်က နှာမှုတ်လိုက်ပြီး ဘာမှထပ်မပြောဘဲ ထမင်းကိုသာ အာရုံစိုက်စားနေသည်။
"ချန်းလျန်"
"ဘာလဲ ပြောစရာရှိရင် ပြော ထုတ်စရာရှိရင် ထုတ်"
"ဧကရာဇ် တစ်ယောက်အနေနဲ့"
"ဒါ ငါ့အင်ပါယာ"
"အဲဒါက ငါ့မိန်းမလည်း ဖြစ်နေတာပဲလေ"
သေချာပါတယ် သူ ဒါကိုထပ်ပြောလိုက်ပြန်ပြီ။
ချူနင်က စူးစမ်းစွာ မေးလိုက်သည်။ နန်းတွင်းကိစ္စတွေကို ဘယ်လိုစဉ်းစားထားလဲ ငါပေးထားတဲ့ နိုင်ငံရေးစနစ်က တကယ်ကောင်းပါတယ် မင်းအတွက်လည်း အလုပ်သက်သာစေမှာပါ။
ကလေး ဗိုက်ပိုထွက်လာရင် နန်းတွင်းညီလာခံ တက်ဖို့က ခက်ခဲလာလိမ့်မယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပဲ။ မင်းရဲ့ ကျင့်စဉ်အဆင့်နဲ့ဆိုရင် ဒါကို အလွယ်တကူ ထိန်းချုပ်နိုင်ပါတယ်။
ရဲ့ချန်းလျန်က ပန်းကန်နဲ့ တူကို ချလိုက်ပြီး အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ "နင်က ဒီအကြောင်းတွေကို တော်တော် သိနေသလိုပဲ ဒါတွေကိုတောင် ကြိုတွက်နိုင်တယ်ပေါ့"
"ဝန်ကြီးချုပ်ဟောင်းဆိုရင် သုံးလို့ရနိုင်မလား"
သူမကတော့ စိတ်ထဲတွင် လှောင်ပြုံး ပြုံးလိုက်သည်။ နင်ဖုံးကွယ်ထားတာတွေ ပေါ်ကုန်ပြီ မဟုတ်လား ငါ့ရဲ့ဝန်ကြီးချုပ်ကိုတောင် နင် သိနေတယ်ပေါ့။ ငါနန်းဆင်းပြီးရင် နင် အာဏာသိမ်းဖို့ ကြိုတင်ကြံစည်ထားတာ မဟုတ်လား ဤကဲ့သို့ ရှုပ်ထွေးသော နိုင်ငံရေးစနစ်ကို သာမန်လူတစ်ယောက် မစဉ်းစားနိုင်ပါ။
ကျန်းကျူးကျန့် ဆိုတာတွေက နင့်ရဲ့ ပါရမီနဲ့ ရည်မှန်းချက်ကို ဖုံးကွယ်ဖို့ အကြောင်းပြချက်တွေပဲ။
ချူနင်က ခေါင်းညိတ်ပြသည်။ "အင်း အဲဒါကို သုံးလို့ရပေမဲ့ အာဏာကိုဒီအတိုင်း လွှဲပေးလိုက်ရင် ပြဿနာရှိနိုင်တယ်။ မင်း ကလေးမွေးပြီး အားနည်းနေချိန်မှာ နန်းတွင်းကိစ္စတွေကို မကိုင်တွယ်နိုင်ရင်"
သူမက အေးစက်စက် အပြုံးဖြင့် "ဒါဆိုရင် အိမ်ရှေ့စံဖြစ်တဲ့ နင်ကပဲ အုပ်ချုပ်ပေးမှာပေါ့ ဟုတ်လား" ဟု မေးလိုက်သည်။
ချူနင်က ခေါင်းခါလိုက်သည်။ "မလိုပါဘူး ငါ့ကို အာဏာပေးလိုက်ရင် အရာရှိတွေကြားမှာ မတည်မငြိမ် ဖြစ်ကုန်လိမ့်မယ်"
ချူနင်က ပြုံးပြီး အဖြေတစ်ခု ပေးလိုက်သည်။ ဧကရာဇ်အာဏာနဲ့ ဝန်ကြီးချုပ် အာဏာဆိုတာ ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်ပဲ။
ဝန်ကြီးချုပ်က အာဏာကြီးလွန်းသွားရင် ပြဿနာရှိနိုင်တယ်။ အဲဒီအစား မင်းက ဝန်ကြီးဌာန ခြောက်ခုနဲ နန်းတွင်းအကြံပေး ကြားမှာ အားပြိုင်မှုတွေ ဖြစ်အောင် လုပ်ထားသင့်တယ်။ သူတို့ကို အာဏာခွဲပေးလိုက် ပြီးရင် သူတို့ အချင်းချင်း ပြိုင်ဆိုင်နေအောင် လုပ်ထား"
ရဲ့ချန်းလျန် ကြောင်အမ်းသွားသည်။ "ဘာလို့ ပြိုင်ဆိုင်ခိုင်းရမှာလဲ ရှုပ်ထွေးကုန်မှာ မဟုတ်ဘူးလား"
သမိုင်းနှင့် စာပေကို ဝါသနာပါသော ချူနင်က အဓိကသော့ချက်ကို ထောက်ပြလိုက်သည်။
"သူတို့ အချင်းချင်း ပြိုင်ဆိုင်နေမှ တစ်ဦးတည်း အာဏာလက်ဝါးကြီးအုပ်တာကို တားဆီးနိုင်မှာ။ သူတို့ အချင်းချင်း အားပြိုင်နေရင် မင်းက အပေါ်စီးကနေ အသာလေး ထိန်းချုပ်ထားရုံပဲ။ ဘယ်သူပဲ စည်းကျော်လာပါစေ အမိန့်စာတစ်စောင်နဲ့ ဖြုတ်ချလိုက်လို့ ရတာပဲ မဟုတ်လား"
"မင်းက ဧကရာဇ်အာဏာကို အဆုံးစွန် ထိန်းချုပ်ထားတဲ့သူဖြစ်တဲ့အတွက် နန်းတွင်းကိုရော.တစ်လောကလုံးကိုပါ ထိန်းချုပ်နိုင်လိမ့်မယ်"
ဤစကားများကို ကြားရသောအခါ ရဲ့ချန်းလျန်၏ စိတ်ထဲတွင် လှိုင်းထန်သွားရပြန်သည်။
သူမ အုပ်ချုပ်လာတာ အနှစ်တစ်ရာနီးပါး ရှိပြီဖြစ်သဖြင့် ဤနည်းလမ်း၏ ထိရောက်မှုကို ချက်ချင်း နားလည်လိုက်သည်။
ဒီလူက သူ့ရဲ့ပရိယာယ်က တကယ်ကို နက်နဲလွန်းလှတာပဲ။
"ဒါတွေက နင်ကိုယ်တိုင် စဉ်းစားထားတာလား"
မဟုတ်ပါဘူး ငါ ပြောပြခဲ့တဲ့ မင်အင်ပါယာက ကျားကျင်ဧကရာဇ်ဆိုတာ ဒီနည်းလမ်းနဲ့ပဲ အနှစ်နှစ်ဆယ်လုံး ညီလာခံမတက်ဘဲ အုပ်ချုပ်ခဲ့တာ။
သူက ကျင့်စဉ်ကျင့်တာကို ဝါသနာပါပေမဲ့ မအောင်မြင်ခဲ့ဘူး။ မင်းကတော့ ကျင့်စဉ်လည်း အောင်မြင်နေတာဆိုတော့ သူ့ထက် အများကြီး ပိုပြီး စွမ်းဆောင်နိုင်မှာပါ။
ရဲ့ချန်းလျန်က သံသယစိတ်ဖြင့် မေးလိုက်သည်။ ဒါတွေအားလုံးကို ငါ့ကိုဘာလို့ ပြောပြနေတာလဲ နင့်ရဲ့ပါရမီကို ပြချင်လို့လား နန်းတွင်းထဲမှာ ရာထူးလိုချင်လို့လား ဒါမှမဟုတ် ငါ့ကိုယ်စား အုပ်ချုပ်ချင်လို့လား"
ချူနင်က ကြောင်ကြည့်နေသည်။ "နောင်ကျရင် မင်း အလုပ်လုပ်ဖို့ ခက်ခဲလာမှာစိုးလို့ ပြောပြတာလေ။ ပြီးတော့ နန်းတွင်းထဲမှာ ရာထူးရလို့ ဘာထူးမှာလဲ မင်းရဲ့ကျေးဇူးနဲ့ ဒီလောက် သက်တောင့်သက်သာ နေနေရတာကို။ ပြီးတော့ ငါက အုပ်ချုပ်ရတာကို ဝါသနာမပါပါဘူး။
ရဲ့ချန်းလျန်၏ မျက်နှာထားက အေးစက်သွားသည်။ ချူနင် တခြားကိစ္စတွေကို ထားလိုက်ပါတော့ နင်အုပ်ချုပ်ရေးကိစ္စတွေမှာ ဝင်မစွက်ဖက်ပါနဲ့။
နင့်ကို ကျင့်စဉ်ကျင့်ဖို့ ခွင့်ပြုနိုင်တယ်၊ စည်းစိမ်ချမ်းသာ ပေးနိုင်တယ်၊ ဒါပေမဲ့ ဒီအင်ပါယာကတော့ ရဲ့မိသားစုပိုင်ပဲ တခြားဘယ်သူ့ကိုမှ လွှဲပေးမှာ မဟုတ်ဘူး။
နင့်မှာ အဲဒီလို အတွေးမျိုး ရှိနေရင် အခုချက်ချင်း ဖျောက်ပစ်လိုက်တာ ကောင်းမယ်။
ချူနင် ဆွံ့အသွားရသည်။ "ငါက မင်းအတွက် အကြံပေးတာကို မင်းက ငါ့ကို အင်ပါယာကို လုချင်တယ်လို့ သံသယဝင်နေတာလား"
"မဟုတ်ဘူးလား"
ချူနင် ခဏမျှ တိတ်ဆိတ်သွားသည်။ သူ့မျက်နှာမှာ အေးဆေးတည်ငြိမ်သွားသည်။
ငါ နန်းတော်ထဲရောက်တာ သုံးရက်ပဲရှိသေးတာပဲလေ အများကြီး ဝင်စွက်ဖက်မိတာက သံသယဖြစ်စရာ ဖြစ်သွားတာပေါ့။
သူက ခါးသက်သက် ပြုံးလိုက်ရင်း "တကယ်တော့ ငါကဒီအတိုင်း ပြောပြမိတာပါ မင်း မမေးခဲ့ရင်လည်း ငါပြောဖြစ်မှာ မဟုတ်ဘူး ကောင်းပါပြီ မင်းဆက်စားပါ ငါသွားနားတော့မယ် နည်းနည်း ပင်ပန်းနေလို့"
သူသည် ပန်းကန်နှင့် တူကို ချလိုက်ပြီး တံခါးကို တွန်းဖွင့်ကာ ထွက်သွားတော့သည်။
ဘာလို့ ဒီအတိုင်း ထွက်သွားရတာလဲ။
ရုတ်တရက်ဆိုသလို သူတို့နှစ်ဦးကြားက အကွာအဝေးက ပိုပြီး ဝေးကွာသွားသလို ရဲ့ချန်းလျန် ခံစားလိုက်ရသည်။
သူမ၏ စိတ်ထဲတွင် ချူနင်၏အကြံအစည်ကို ဖော်ထုတ်နိုင်ခဲ့သည့်အတွက် ပျော်ရွှင်နေရမည့်အစား တစ်စုံတစ်ခု ဆုံးရှုံးသွားသလိုမျိုး ခံစားချက်ကြီး ဝင်ရောက်လာသည်။
ဒါသူမ မြင်ချင်တဲ့ပုံစံမျိုး မဟုတ်ဘူး။
တံခါးအပြင်ဘက်တွင် ရှောင်ပင်းက ချူနင့်ကို တွေ့သောအခါ "ဆရာ ကျွန်မ ဒီနေ့ ကျင့်စဉ်ကျင့်နေလို့ နောက်ကျသွားတယ်၊ တောင်းပန်ပါတယ်နော်" ဟု နှုတ်ဆက်လိုက်သည်။ ချူနင်ကတော့ "ရပါတယ်" ဟုသာ တိုတိုပြောပြီး ထွက်ခွာသွားသည်။
ရှောင်ပင်းက ရဲ့ချန်းလျန်ဆီကို သတင်းကောင်း သွားပြောသည်။
"အရှင်မ ကျွန်မ အဆင့် (၄) ရဲ့ နောက်ဆုံးအဆင့်ကိုရောက်သွားပြီ ဘာလို့ ဒီလောက် မြန်မြန် တိုးတက်နေမှန်း မသိဘူး အယ် အရှင်မ စားနေပြီလား ချူနင်ကရော အတူမစားဘူးလား"
ရဲ့ချန်းလျန်က မျက်လုံးလေးများကို အောက်သို့ ငိုက်စိုက်ချထားရင်း "သူ စားပြီးသွားပြီ။ နင်လည်း စားလိုက်တော့" ဟုသာ ပြောလိုက်သည်။
ရှောင်ပင်း တစ်ယောက် သူတို့နှစ်ဦးကြားမှာ တစ်ခုခု ထူးခြားနေသည်ကို ရိပ်မိလိုက်သည်။
ဘာတွေ ဖြစ်ကုန်ကြတာလဲ