အခန်း ၁၈၉ ကလေးထိန်းတစ်ယောက်
အလွန်တိတ်ဆိတ်သော်လည်း စည်ကားလှသော ဂူဗိမာန်တစ်ခု၏ အပြင်ဘက်တွင် မော့ချင်းယင်းက ပြုံးလျက် မိတ်ဆက်ပေးနေသည်။
ငါ့ရဲ့ ဂူဗိမာန်က ဒီဘေးနားတင်ပဲ မင်းတို့က သီးသန့်နေချင်တယ်ဆိုတော့ ဒီမှာပဲ နေပေါ့။ နီးနီးနားနားဆိုတော့ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ရတာ ပိုလွယ်တာပေါ့။
ဆရာနဲ့ အတူနေချင်ရင်လည်း ရတယ်နော်။
“အစ်မ အတူတူနေရအောင်လေ ဆရာ့ရဲ့ ဟာကြီးတွေက အကြီးကြီးတွေပဲ သမီး ခုနကပဲ တစ်ခုကို ဖက်ကြည့်လိုက်တာ အရမ်းအိတာပဲ”
“ငါ့ဘာသာငါ နေနိုင်ပါတယ်။” ချူမူက အေးစက်စွာ ပြောလိုက်သည်။
နင်လိုမျိုး တစ်ယောက်ယောက်ကို ဖက်အိပ်မှ အိပ်ပျော်တဲ့သူ လူတိုင်းဖြစ်နေမယ် ထင်နေလား သူမကတော့ တစ်ယောက်တည်းနေရတာကို ပိုနှစ်သက်ပြီး ဘယ်သူမှ လာမနှောင့်ယှက်တာကို သဘောကျသည်။
ယောင်ယောင်ကတော့ ဇဝေဇဝါ ဖြစ်နေသည်။ ဆရာ့ကို ဖက်အိပ်ရတာ ဒီလောက်သက်သောင့်သက်သာ ရှိတာကို ဘာလို့ တစ်ယောက်တည်း အိပ်ချင်ရတာလဲ သူမအစ်မကတော့ ခေါင်းထဲမှာ တစ်ခုခု ချို့ယွင်းနေတာ သေချာသည်။
ဒါကို မြင်တော့ မော့ချင်းယင်းက ကလေးနှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်သည်။
“မင်းတို့ အဖေကိုတွေ့ချင်ရင် ဆက်သွယ်လို့ရတဲ့ နည်းလမ်းရှိတယ်မလား”
ရှိတယ် ဖေဖေက ယောင်ယောင်ကို စိတ်ချင်းဆက်သွယ်လို့ရတဲ့ တိုကင်တစ်ခု ပေးထားတယ်။ ဘယ်နေရာမှာပဲရှိရှိ စာပို့လိုက်တာနဲ့ ဖေဖေ ချက်ချင်းရောက်လာလိမ့်မယ်လို့ ပြောထားတယ်။
အင်း အဲဒါဆို ကောင်းတာပေါ့။ ဒါနဲ့ ဒီတပည့်အမှတ်အသား တံဆိပ်ပြားလေးတွေက မင်းတို့နှစ်ယောက်အတွက်ပဲ။ ဒီတံဆိပ်ရှိရင် မဟာတောရိုင်းတိုက်ကြီးရဲ့ ဘယ်နေရာကိုပဲ ရောက်ရောက် ဘယ်လိုအင်အားစုပဲဖြစ်ဖြစ် ငါ့မျက်နှာကို ထောက်ထားကြလိမ့်မယ်။
“ဆရာက ဖေဖေလိုပဲ အစွမ်းထက်တာလား”
“မဟုတ်ပါဘူး... မင်းတို့အဖေက ငါ့ထက် အများကြီး ပိုတော်ပါတယ်။”
သူမ စိတ်ထဲမှာ အနည်းငယ် ခါးသက်သွားသော်လည်း ဒါကအမှန်တရားပင်။ သူမကိုယ်တိုင်တောင် အဆင့်မြင့်နယ်ပယ်တွေအကြောင်း သေချာမသိသလို နတ်ပန်းပွင့်တွေရဲ့ ပြောင်းလဲမှုက ဘာကို ဆိုလိုမှန်းမသိပေမဲ့ တခြားသူတွေကတော့ သိနေကြသည်။ သူမ ဘာတတ်နိုင်မှာလဲ သူမက မျက်နှာပွင့်ဖို့ထက် အမှန်တရားကို လက်ခံတတ်သူ ဖြစ်သည်။
ကလေးနှစ်ယောက်က တံဆိပ်ပြားလေးတွေကို ခါးမှာ ချိတ်လိုက်ကြသည်။ ထို့နောက် မော့ချင်းယင်းက ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်နှစ်စုံကို ထုတ်ပေးလိုက်သည်။ သူမက လက်ဆောင်ပေးပြီး ကျင့်ကြံခြင်းအကြောင်း စတင်သင်ကြားဖို့ ပြင်လိုက်စဉ် ယောင်ယောင်က ချက်ချင်း ငြင်းလိုက်သည်။
“ဖေဖေက ပြောထားတယ် သူစိမ်းတွေပေးတဲ့ ပစ္စည်းကို အလကားမယူရဘူးတဲ့။”
“ငါက မင်းတို့ဆရာလေ သူစိမ်းမှ မဟုတ်တာ”
“ဒါတင်မကဘူး သမီးတို့မှာ ကျင့်ကြံဖို့ ပစ္စည်းတွေ အများကြီးရှိတယ်။ ဖေဖေက အများကြီး ပေးထားတာ။ ဆရာ ကြည့်ကြည့်ပါဦး” ထိုသို့ပြောပြီးနောက် သူမက သိုလှောင်လက်စွပ်ထဲက ပစ္စည်းတွေကို အပြင်ကို သွန်ချလိုက်သည်။ အဆင့်အလိုက် သေချာခွဲခြားထားသော ပစ္စည်းများမှာ တောင်ပုံရာပုံပင်။
မဟာဧကရာဇ် တာအိုသီး ၊ မဟာဧကရာဇ် မူလစွမ်းအင်၊ အထွတ်အထိပ်ဧကရာဇ် မူလစွမ်းအင် စသည်ဖြင့်...။
အမွှေးလုံးနက်လေး (ထောင်းထီး) သည် မျက်လုံးပြူးသွားပြီး ထိုအနှိုင်းမဲ့ စွမ်းအင်အရင်းအမြစ်တွေကို စိုက်ကြည့်နေမိသည်။ ဒါတွေက တကယ့် ရတနာတွေပဲ ဒါနဲ့.ငါစားလို့ရမလား။
“ခွေးဥနင် ဒါကိုလိုချင်လို့လား”
ခွေးဥ ငါကဘိုးဘေးကြီးရဲ့ လက်အောက်က ပလ္လင်ရှင် လေးပါးထဲက ခေါင်းဆောင် ထောင်းထီးကွ နင်က ငါ့ကို ခွေးဥလို့ ခေါ်ရဲတယ်ပေါ့။
သို့သော် ထောင်းထီးက ချက်ချင်းပင် ခေါင်းကို အသည်းအသန် ညိတ်ပြလိုက်သည်။ ယောင်ယောင်က ပစ္စည်းတစ်ခုကို ကောက်ယူပြီး ကျွေးလိုက်သည်။ ထိုပစ္စည်းက ၎င်း၏ ကိုယ်ထည်ထက်ပင် ကြီးမားနေသော်လည်း ထောင်းထီးက တစ်လုတ်တည်းနှင့် မျိုချလိုက်သည်။
ယောင်ယောင်က အံ့သြသွားသည် “ခွေးဥ နင် တကယ် အများကြီး စားနိုင်တာပဲ”
“ကဲ... ခွေးဥ နောက်တစ်တုံး စားဦး”
နတ်စွမ်းအင်တွေ ရနေသရွေ့တော့ ငါခွေးဥပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ရတယ်။
မော့ချင်းယင်းက အံ့သြတကြီးဖြင့် တားလိုက်သည်။ “ယောင်ယောင် မလုပ်နဲ့”
ထောင်းထီးက မော့ချင်းယင်းကို မကျေမနပ် ကြည့်လိုက်သည်။ ငါ့သခင်မလေးက ပေးနေတာကို နင်က ဘာလို့ မရဘူးလို့ ပြောရတာလဲ။
“ဘာလို့လဲ ခွေးဆိုတာ စားရမှာပဲ မဟုတ်ဘူးလား”
ဒီအမွှေးလုံးက အထွတ်အထိပ် နတ်စွမ်းအင်တွေကို ဘယ်လို မျိုချနိုင်တာလဲ မသိပေမဲ့ ဒီအရွယ်အစား တစ်တုံးဆိုရင် မဟာဧကရာဇ်အထွတ်အထိပ် ရောက်ဖို့ လုံလောက်တယ်လေ နင်က ဒါကို ခွေးကျွေးနေတာလား။
မော့ချင်းယင်းမှာ တောင်လိုပုံနေတဲ့ ရတနာတွေကို ကြည့်ပြီး မှင်တက်နေမိသည်။ ထိုက်ထျန်းနန်းတော် တစ်ခုလုံးရဲ့ ဆေးတိုက်ထဲမှာ ရှိတာတောင် ဒီကလေးမလေး တစ်ယောက်တည်းဆီမှာ ရှိတာလောက် များပါ့မလား။
ချူမူကတော့ အေးဆေးစွာ ရှင်းပြသည်။ “ဒါတွေက ဖေဖေ ထွက်မလာခင် သမီးတို့ကို ပေးလိုက်တဲ့ ပစ္စည်းတွေပါ။ သိပ်ပြီးတော့လည်း ထူးထူးခြားခြား မဟုတ်ပါဘူး။ သမီးတို့မှာ ကျင့်ကြံဖို့ ပစ္စည်းတွေ မရှားပါဘူး။”
ထို့နောက် သူမက ယောင်ယောင်ကို စိုက်ကြည့်လိုက်သည်။ ယောင်ယောင် တုန်ရင်သွားရသည်။ “ဘာ... ဘာလို့ ငါ့ကို ဒီလိုကြည့်နေတာလဲ”
“ဖေဖေက ပြောထားတယ် ကုန်သွားရင် ထပ်တောင်းလို့ ရတယ်တဲ့။ ဒါတွေက သိပ်တန်ဖိုးရှိတာ မဟုတ်ပါဘူး။ ငါ့ခွေးကို ကျွေးတာ ဘာဖြစ်လို့လဲ နင်လည်းသူ့ကို ကိုင်ဖူးတာပဲ မဟုတ်လား”
ချူမူက အမူအရာမပျက် ပြောလိုက်သည်။ “ဒါတွေက ဖေဖေ့အတွက် တန်ဖိုးမရှိတာ နင့်အတွက် မဟုတ်ဘူး။ နင်တစ်သက်လုံး ရှာရင်တောင် ဒီပစ္စည်းတွေရဲ့ တစိတ်တပိုင်းတောင် ရမှာမဟုတ်ဘူး။ ဒါကြောင့် ခွေးကျွေးတာ ပြဿနာ မရှိပေမဲ့ နင့်ရဲ့ ကျင့်ကြံမှုအဆင့်ထက် ပိုတန်ဖိုးရှိတာတွေကို ကျွေးရင်တော့ ငါ နင့်ကို ပါးရိုက်မယ်။”
“ဖေဖေက နင်ဖြုန်းတီးမယ်ဆိုတာ သိလို့ ဆယ်ဆလောက် ပိုပေးလိုက်တာ။ ဒါတွေက နင်ကျင့်ကြံဖို့အတွက်ပဲ။”
“နင်က ဘာလို့ငါ့ကို ရိုက်မှာလဲ ငါလည်းဖေဖေ့သမီးပဲ ဖေဖေက နင့်ကိုလည်း ပေးထားတာပဲလေ”
“ငါက နင့်အစ်မမလို့ပဲ ဖေဖေရှိနေရင်တောင် ငါနင့်ကို ရိုက်မှာပဲ”
“အေးပါ... မကျွေးတော့ဘူး ဒါပေမဲ့ နင်လည်း ငါ့ခွေးရဲ့ ဥတွေကို လာမကိုင်နဲ့တော့”
“ဘယ်သူက ဂရုစိုက်လို့လဲ”
“ဂရုမစိုက်ဘဲနဲ့ ငါ့ခွေးဥကို ဘာလို့ စိုက်ကြည့်နေတာလဲ”
“ဒီလောက် ရုပ်ဆိုးတာကို ဘယ်သူက ကြည့်ချင်မှာလဲ”
ယောင်ယောင်က စိတ်ဆိုးမာန်ဆိုးဖြင့် ကောင်းကင်ဖြစ်စဉ်နယ်ပယ်သုံး ပစ္စည်းအမြောက်အမြားကို ချူမူရှေ့တင် ခွေးကို ထပ်ကျွေးလိုက်ပြန်သည်။ “ခွေးဥ စား ငါ ဒါတွေမလိုဘူး”
ထောင်းထီးကတော့ ကလေးနှစ်ယောက် ရန်ဖြစ်နေတာကို ကြည့်ပြီး ဝင်မပါတော့ဘဲ စားစရာရှိတာကိုသာ အဝစားနေတော့သည်။
ဖတ်
ချူမူက ယောင်ယောင်ရဲ့ ခေါင်းကို ထပ်ရိုက်လိုက်ပြန်သည်။
“နင်ခိုင်းတာ လုပ်နေတာပဲကို ဘာလို့ ခေါင်းကို လာရိုက်တာလဲ”
ချူးမူက လှောင်ပြုံးပြုံးရင်း “ငါ့ကို မကျေနပ်ဘူးလား”
“နင် စောင့်နေလိုက် ငါပြန်ရောက်ရင် ဖေဖေ့ကို ပြောပြီး နင့်ကို ပစ်ခိုင်းမယ်။ နင်က ဖေဖေ ငါ့အပေါ် ကောင်းတာကို မနာလိုဖြစ်နေတာ”
“ပစ္စည်းတွေကို သိမ်းလိုက်တော့ လူမှာအပြစ်မရှိပေမဲ့ ရတနာရှိရင်တော့ အပြစ်ရှိတယ်တဲ့။ နောက်ဆို ဘယ်သူ့ကိုမှ ဒီပစ္စည်းတွေ ထုတ်မပြနဲ့”
“ဒါက ဆရာလေ တခြားသူမှ မဟုတ်တာ”
“တခြားသူ မြင်သွားရင် ဘယ်လိုလုပ်မလဲ”
“သိမ်းမယ် သိမ်းမယ်” ယောင်ယောင်က ငိုမဲ့မဲ့ဖြင့် ပစ္စည်းတွေကို ပြန်သိမ်းလိုက်ရသည်။ ဒီမှာက ဘယ်သူမှ ကိုယ့်ဘက်မပါဘူး ဖေဖေလည်းမရှိဘူး။ ဘေးမှာ ရပ်နေတဲ့ မော့ချင်းယင်းကတော့ ဘာပြောရမှန်းမသိဘဲ အကြာကြီး တိတ်ဆိတ်နေမိသည်။ ဒီအစ်မဖြစ်သူက သူမထက်တောင် ပိုရင့်ကျက်နေပြီး ညီမကို ဘယ်လိုလမ်းညွှန်ရမလဲဆိုတာ သိနေသည်။ သူမ လမ်းညွှန်ပေးဖို့တောင် မလိုတော့သလိုပင်။
နတ်ဝတ်ရုံတွေကော မလိုဘူး ဆရာ သမီးတို့မှာ ရှိပြီးသား။” ချူမူက စိတ်ဖြင့် ခေါ်လိုက်ရုံနှင့် ဝတ်ရုံတစ်ထည်က သူမကိုယ်ပေါ်မှာ ပေါ်လာပြီး ပြန်ပျောက်ကွယ်သွားသည်။ “ဖေဖေက ပြောတယ် မသေမျိုးဧကရာဇ်ရဲ့ နတ်ပန်းပွင့်ပြောင်းလဲခြင်းအောက်က ဘယ်သူမှ ဒီဝတ်ရုံကို မဖျက်စီးနိုင်ဘူးတဲ့။
“ဟုတ်တယ် ဆရာ၊ဖေဖေက သမီးတို့ကို အကောင်းဆုံးတွေ ပေးထားတာ။ ယောင်ယောင်ရဲ့ ဖရိုဖရဲခန္ဓာကို ဖေဖေက ကြယ်စင်တန်းတစ်ခုလုံးနဲ့ တံဆိပ်ခတ်ပေးထားတာ။ ကျင့်ကြံမှု မြင့်လာရင် အဲဒီ နတ်ပန်းပွင့်ပြောင်းလဲခြင်းအဆင့်က လူတွေကိုတောင် ဖိနှိပ်နိုင်တယ်တဲ့ အစ်မရဲ့ ဓားကိုလည်း ဖေဖေက ဟင်းလင်းပြင်ထဲက ကြယ်ကမ္ဘာတစ်ခုကို သုံးပြီး ထုလုပ်ပေးထားတာ”
မော့ချင်းယင်းရဲ့ နှုတ်ခမ်းတွေ တုန်ရင်သွားသည်။ ဒါဆို ဒီတပည့်နှစ်ယောက်က နတ်လက်နက်တွေ သုံးပြီး ငါ့ကိုတောင် သတ်နိုင်တယ်ပေါ့။
မဟုတ်သေးဘူး... သူတို့မိဘတွေက ကလေးတွေကို အရမ်းအလိုလိုက်ထားတယ်ဆို ဒါဆိုရင် သူတို့ကို ငါ့ဆီ ဘာလို့ လာအပ်တာလဲ ငါ ဘာမှပေးစရာ မလိုတော့ဘူး မဟုတ်လား သူမ စိတ်ဓာတ်ကျသွားရသည်။ ဒီကလေးနှစ်ယောက်က ထိုက်ထျန်းနန်းတော် တစ်ခုလုံးထက်တောင် ပိုတန်ဖိုးရှိနေသလိုပင်။
ရုတ်တရက် မော့ချင်းယင်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ “မင်းတို့အဖေ ပြောတဲ့ နတ်ပန်းပွင့်ပြောင်းလဲခြင်းဆိုတာ ဘယ်လိုနယ်ပယ်လဲ မင်းတို့အဖေကအဲဒီအဆင့်မှာလား”
ယောင်ယောင်က ရယ်ရင်း ရှင်းပြသည်။ “မဟုတ်ဘူး ဖေဖေက မသေမျိုးဧကရာဇ်လေ ဟိုဟာ မဟုတ်ဘူး။”
ချူမူက ဖြည်းဖြည်းချင်း စတင်ပြောပြသည် “ဖေဖေက ပြောတယ် မသေမျိုးဧကရာဇ်ရဲ့ နတ်ပန်းပွင့်ပြောင်းလဲခြင်းဆိုတာ မသေမျိုးဧကရာဇ်အဆင့်ရဲ့ စတုတ္ထမြောက် နယ်ပယ်တဲ့။ အဲဒီအထက်မှာ ဘေးဒုက္ခ ၂၃,၀၀၀၊ နိယာမကိုယ်ပွား ၃,၀၀၀၊ ကောင်းကင်ပန်းပွင့် ၊ ရွှေပန်းပွင့်၊ ကျောက်စိမ်းပန်းပွင့်၊ သန့်စင်သောပန်းပွင့်၊ နတ်ဘုရားပန်းပွင့် ၊ မဟာတာအို နိယာမကိုယ်ထည်၊ အထွတ်အထိပ် မူလနေရာ......”
မော့ချင်းယင်းမှာ ဘာမှ ပြန်မပြောနိုင်ဘဲ မှင်တက်နေမိသည်။
ယောင်ယောင်က သူမရဲ့ လက်ကို လှုပ်ပြီး မေးလိုက်သည်။ “ဆရာ ဘာလို့ ဘာမှ မပြောတော့တာလဲ”
မော့ချင်းယင်း သက်ပြင်းအရှည်ကြီး ချလိုက်ပြီး အနိုင်နိုင် ပြုံးလိုက်ရသည်။
“ဆရာက... ဒီည မင်းတို့ ဘာစားချင်လဲလို့ စဉ်းစားနေတာပါ။”
“သမီး နဂါးရိုးတွင်းခြင်ဆီ စွပ်ပြုတ်သောက်ချင်တယ် အဲဒါ ဖေဖေ အချက်ပေးဆုံးနဲ့ သမီး အကြိုက်ဆုံးပဲ”
“ကောင်းပါပြီ”
သူမ လှည့်ထွက်သွားပြီးနောက် မျက်နှာက ထိန်းမရအောင် တုန်ရင်သွားသည်။ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က... တကယ်ကို နိမ့်လွန်းနေတာပဲ။
ဘယ်သူမှ မကြားဖူးတဲ့ နယ်ပယ်တွေရဲ့ အမည်တွေကို ဒီလောက်အသေးစိတ် ပြောနိုင်တယ်ဆိုရင် ထိုပုဂ္ဂိုလ်က ဘယ်အဆင့်ကို ရောက်နေမလဲဆိုတာ စဉ်းစားလို့တောင် မရပေ။
ငါက ဘာအရည်အချင်းရှိလို့ သူတို့ကို တပည့်အဖြစ် လက်ခံလိုက်တာလဲ။ ပစ္စည်းတွေ၊ ကျင့်စဉ်တွေ၊ လက်နက်တွေ အားလုံးက အဆင့်မြင့်ဆုံးတွေ ရှိနေပြီးသား။ သင်ကြားပေးဖို့ ဆိုတာကလည်း သူတို့အဖေက ပိုတော်မှာ သေချာသည်။ ဒါဆို ဘာလို့ ငါ့ဆီ လာအပ်တာလဲ ရုတ်တရက် မော့ချင်းယင်း တစ်ခုခုကို သဘောပေါက်သွားသည်။
အော်... အားလုံးကို နားလည်သွားပြီ။
ဆရာနဲ့ တပည့်ဆိုတာကို မေ့လိုက်စမ်းပါ။
ထိုပုဂ္ဂိုလ်ကြီးက သူမကို ဒီကျင့်စဉ်ကို ပေးခဲ့တာက ကလေးတွေကို ထိန်းပေးခိုင်းတဲ့ အခကြေးငွေပဲ သူတို့ဇနီးမောင်နှံကတော့ လွတ်လွတ်လပ်လပ် သွားပျော်နေကြတာပေါ့။
ငါက သူတို့အတွက် ကလေးထိန်းတစ်ယောက်ပဲ ဖြစ်နေတာပဲ။