အခန်း ၁၈၈ နန်းတော်အတွင်း၌
နန်းတော်၏ ပင်မခန်းမဆောင် အမြင့်ဆုံးအလွှာ။
ဤနေရာသည် တကယ့်ကို တာအိုကျင့်ကြံရာ နန်းတော်တစ်ခု ဖြစ်သည်။ တောင်တန်းများနှင့် မြစ်ရေပြင်တို့မှာ တစ်ခုနှင့်တစ်ခု ယှက်နွယ်နေပြီး ခမ်းနားထည်ဝါသော ရှုခင်းကို ဖန်တီးထားသည်။
ဤတောင်တန်းများထဲတွင် အကြီးဆုံးတောင်မှာ ကလေးမလေးနှစ်ယောက်၏ ဆရာဖြစ်သူ မော့ချင်းယင်း ပိုင်ဆိုင်သော တောင်ဖြစ်သည်။
အမှန်စင်စစ် ဤနေရာတွင် သူမတစ်ဦးတည်းသာ နေထိုင်ခြင်းဖြစ်သည်။ တောင်တန်းအားလုံးမှာ သူမပိုင်သည်ဟု ဆိုနိုင်သည်။ မဟာဧကရာဇ်များနှင့် ထာဝရရှင်သန်သူများမှာ အခြားတောင်များပေါ်တွင် လာရောက်ကျင့်ကြံလေ့ ရှိကြသော်လည်း အကြီးဆုံးတောင်ကိုမူ မည်သူမျှ ကျူးကျော်ခွင့်မရှိပေ။
ချူမူ၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။ ဤနေရာသည် ဝိညာဉ်စွမ်းအင် ကြွယ်ဝပြီး နက်ရှိုင်းသော တာအိုနိယာမများဖြင့် ပြည့်နှက်နေသည်။ သူမအတွက် လောလောဆယ် မလိုအပ်သော်လည်း ကျင့်ကြံရန် အလွန်သင့်တော်သော နေရာတစ်ခု ဖြစ်သည်မှာ အမှန်ပင်။
ယောင်ယောင်ကတော့ စူးစမ်းလိုစိတ်နှင့် စိတ်လှုပ်ရှားစွာဖြင့် အထဲသို့ ပြေးဝင်သွားသည်။ သူမသည် ဒီနေ့မှ အရိုက်ခံထားရသော်လည်း အလွန်ပင် ပေါ့ပေါ့ပါးပါး ရှိနေသည်။
မော့ချင်းယင်းသည် ထိုမြင်ကွင်းကို ပြုံးကြည့်နေမိသော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် စိုးရိမ်နေမိသည်။ ဤမိန်းကလေးနှစ်ယောက်မှာ အလွန်ချစ်ဖို့ကောင်းသော်လည်း စရိုက်ချင်း လုံးဝမတူကြပေ။ တစ်ခါမှ တပည့်မယူဖူးသော သူမအတွက် သူတို့နှင့် အသားကျရန်မှာ အနည်းငယ် ခက်ခဲလိမ့်မည်ဟု ခံစားနေရသည်။ သို့သော် အဓိကမှာ လူကို သေချာစောင့်ရှောက်ရန် ကျင့်ကြံရန် တိုက်တွန်းရန်နှင့် လမ်းညွှန်ပြသရန်သာ ဖြစ်သည်။
သူတို့ ရောက်ရှိလာခြင်းကြောင့် ဂါရဝပြုရန် ရောက်ရှိလာသော မသေမျိုးဧကရာဇ်အများအပြားကို လှုပ်ခတ်သွားစေသည်။
"ဆရာဒေါ်လေး"
"ဆရာမကြီးဒေါ်လေး"
"ဘွားဘွားဒေါ်လေး"
သူတို့မှာ အသက်အရွယ်မျိုးစုံ ဖြစ်ကြသလို ဝါစဉ်အဆင့်အတန်းများမှာလည်း ကွဲပြားကြသည်။ သို့သော် လူတိုင်းက အလွန်စူးစမ်းလိုစိတ် ဖြစ်နေကြသည်။
"ဒီမိန်းကလေးနှစ်ယောက်က အကြီးအကဲ အသစ်လက်ခံလိုက်တဲ့ တပည့်တွေလား"
"တောက်... တောက်... တောက်... မွေးရာပါ အထွတ်အထိပ် သန့်စင်သောကိုယ်ထည်နဲ့အသက်နှစ်နှစ်တောင် မပြည့်သေးဘဲ ကောင်းကင်ဖြစ်စဉ်နယ်ပယ် ကျင့်ကြံမှုရှိနေတာလား။ ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်နေတာဆိုရင် အနှစ်တစ်ထောင်အတွင်း မဟာဧကရာဇ် ဖြစ်ဖို့က ပြဿနာမရှိနိုင်ဘူး။ ဒါ့အပြင် သူတို့ဆီမှာ ကံကောင်းခြင်း အရှိန်အဝါတွေ လွှမ်းခြုံထားတာကိုကြည့်ရင် တစ်စုံတစ်ဦးသော ပုဂ္ဂိုလ်ကြီးရဲ့ လက်အောက်က ဖြစ်ရမယ်။ မေးပါရစေဦးလေး သူတို့က ဘယ်သူတွေလဲ"
မော့ချင်းယင်းက ပြုံးရုံသာပြုံးပြီး ပြန်မဖြေဘဲ သာမန်ကာလျှံကာသာ ရှင်းပြလိုက်သည်။ သူတို့၏ မည်သူမည်ဝါဖြစ်မှုကို ထုတ်ဖော်ပြောခြင်းမှာ ကျင့်ကြံမှုအတွက် မကောင်းနိုင်ကြောင်း သူမ သိထားသည်။ ထိုက်ထျန်းနန်းတော်တွင် သူမကဲ့သို့သော အကာအကွယ်ပေးမည့်သူ ရှိနေခြင်းကပင် လုံလောက်လှပြီ ဖြစ်သည်။
သို့သော် ဂိုဏ်းအတွင်း တပည့်များကြား အားပြိုင်မှုများနှင့် အခြားသော အတွေ့အကြုံများကိုမူ သူတို့နှစ်ဦး ရရှိအောင် ထားရှိမည်ဖြစ်သည်။ သို့သော် ချူနင်၏ အဆင့်အတန်းကိုသာ ထုတ်ဖော်ပြောလိုက်ပါက။
သူမ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေသည်။ ရှေးဦးမိစ္ဆာနယ်မြေမှာတောင် မိစ္ဆာမျိုးနွယ်တွေက လွတ်လပ်စွာ သွားလာနိုင်ကြတာပဲ။ ဤအကြောင်းကြောင့်ပင် သူတို့မိဘများက ထာဝရကြယ်တာရာနယ်မြေမှ ဤတောရိုင်းမြေသို့ စေလွှတ်လိုက်ခြင်း ဖြစ်နိုင်သည်။ သူတို့၏ ကျောထောက်နောက်ခံ ဂိုဏ်းများကို မရွေးချယ်ဘဲ အများသိထားသော အင်အားစုဖြစ်သည့် ထိုက်ထျန်းနန်းတော်ကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ဤအခိုက်အတန့်တွင် ဧကရာဇ်များနှင့် ထာဝရရှင်သန်သူအများအပြားမှာ မှင်တက်သွားကြသည်။ ဟာ... ဒီအမျိုးသမီးက တကယ်ပဲ ပြုံးနေတာလား သီးသန့်ဆန်လှသော ဤအမျိုးသမီး ပြုံးသည်ကို မြင်ရခဲလှသည်၊ ဤကလေးမလေးနှစ်ယောက်ကြောင့် ဖြစ်ပေလိမ့်မည်။ သို့သော် ဤကဲ့သို့ ပါရမီနှင့် ကျင့်ကြံမှုအဆင့်ကို ရရှိထားပါက မည်သူမဆို ဝမ်းသာမည်မှာ သေချာသည်။
"အို... ကြည့်စမ်း... ငါ့ရဲ့ မှတ်ဉာဏ်ကတော့"
အဘိုးအိုတစ်ဦးက သူ့နဖူးကို ရိုက်လိုက်သည်။
"ငါ့ရဲ့ဒေါ်လေးက တပည့်လက်ခံတဲ့ အထိမ်းအမှတ်အနေနဲ့တူဖြစ်တဲ့ ငါကဂုဏ်ပြုလက်ဆောင်လေးတွေ ပေးရမှာပေါ့"
"ဒီမဟာဧကရာဇ် တာအိုသီးက ဖရိုဖရဲ မူလစွမ်းအင်ကနေ ငါဖန်တီးထားတာပါ။ မင်းရဲ့ တပည့်အတွက် အကျိုးရှိမှာပါ"
ဒါကို ကြားတော့ လူတိုင်း ကြောင်သွားကြသည်။ ခွေးမသား... ခင်ဗျားက ကြိုပြင်လာတာလား။
ခင်ဗျားက လက်ဆောင်ပေးပြီး တို့တွေက မပေးရင် မျက်နှာဘယ်နား သွားထားရမလဲ ဒီလိုလူမျိုးတွေကို အမုန်းဆုံးပဲ။ အားလုံးက လက်ဆောင်ကို စုပေးနေတာကို ခင်ဗျားကကျတော့ တစ်ယောက်တည်း စွတ်ပေးနေတယ်။
တချို့လူများမှာလည်း သူတို့၏ စိတ်အာရုံကို သုံး၍ သင့်တော်သော ပစ္စည်းများကို စတင်ရှာဖွေနေကြပြီ။ ဖရိုဖရဲ တာအိုကိုယ်ထည် နှင့် ကောင်းကင်တာအို ဓားအရိုး မော့ချင်းယင်းကတော့ ဒါတွေမလိုပေတပည့်တွေအတွက်သာ ဖြစ်သည်။
"ကျွန်တော့်ဆီမှာလည်း ဧကရာဇ်လက်နက်တစ်ခု ရှိတယ် အထူးပြုလုပ်ထားတာပါ။ ကျွန်တော် မလိုတော့လို့ ညီမလေးကိုပဲ ပေးလိုက်မယ်"
ငါ့ရဲ့ ဧကရာဇ်လက်နက်က ပိုကောင်းတယ် နှစ်ပေါင်းတစ်သောင်းကျော် အားထုတ်ပြီး ထုလုပ်ထားတဲ့ နတ်ဘုရားလက်နက်ပဲ ဆရာဒေါ်လေး အားမနာပါနဲ့။
ကျွန်တော့်ဆီမှာလည်း ဆေးဘက်ဝင်အပင်တွေ အများကြီး ရှိပါတယ်။ သိပ်ပြီး မအဖိုးတန်ပေမဲ့ ကျင့်ကြံတဲ့နေရာမှာ ဒါမှမဟုတ် ဒဏ်ရာရရင် သုံးလို့ရတာပေါ့။
အဘိုးကြီး... ခင်ဗျားက ငါ့ရဲ့ဒေါ်လေးကို ကျိန်ဆဲနေတာလား တို့ရဲ့ဘိုးဘိုးဦးလေး ရှိနေတာပဲ ဘာမှဖြစ်စရာ အကြောင်းမရှိဘူး။
မော့ချင်းယင်းက ထိုလက်ဆောင်အားလုံးကို တုံ့ဆိုင်းခြင်းမရှိဘဲ လက်ခံလိုက်ပြီး ချူမူကို ထိုလူများမှာ မည်သူမည်ဝါဖြစ်ကြောင်း တစ်ယောက်ချင်း ရှင်းပြပေးသည်။ သူတို့မှာ အောက်ထပ်ရှစ်လွှာကို အုပ်ချုပ်နေသော ဧကရာဇ်များ ဖြစ်ကြသလို တာဝန်မယူဘဲ ကျင့်ကြံနေကြသော ဧကရာဇ်များလည်း ဖြစ်ကြသည်။
သူမကတော့ ဤလက်ဆောင်များကို မလိုပေ။ သို့သော် ဤတပည့်နှစ်ယောက် ဤလက်ဆောင်များကို ရရှိခြင်းမှာ ထိုလူများနှင့် ရင်းနှီးမှုရစေရန် ဖြစ်သည်။ နောင်တစ်ချိန် ဘယ်နေရာသွားသွား ထိုက်ထျန်းနန်းတော်က ဘယ်သူ့ရဲ့ ညီမလေးပါ ဘယ်သူ့ရဲ့ ဒေါ်လေးပါလို့ ပြောလိုက်ရင် ဘယ်သူကထိရဲမှာလဲ ဒါကတော့ အဆက်အသွယ် အင်အားသုံးခြင်းပင်။
ထာဝရဧကရာဇ် တစ်ဒါဇင်ခန့်မှာ ချူမူနှင့် အဝေးတွင် လျှောက်ကြည့်နေသော ယောင်ယောင်ကို ကြည့်ကာ ကျေနပ်နေကြသည်။
"ဒီလိုတပည့်မျိုးတွေက နောင်ကျရင် တို့ရဲ့ ထိုက်ထျန်းနန်းတော်မှာ နောက်ထပ် မသေမျိုးဧကရာဇ် တစ်ဦး ပေါ်ထွက်လာစေမှာပဲ"
"ဖြစ်နိုင်ရင် အကြီးအကဲ မော့ထက်တောင် သာသွားနိုင်တယ်"
ချူမူကတော့ ဘာခံစားချက်မှ မရှိဘဲ အရာအားလုံးကို အေးဆေးစွာ ကြည့်နေသည်။ သူမအတွက်တော့ ဒါတွေက တကယ်မလိုအပ်ပေ။ သူမတို့ဆီမှာ ရှိတာတွေက သူတို့ပေးတာထက် အများကြီး ပိုကောင်းသည်။
သို့သော် ဒါက စေတနာဖြစ်သဖြင့် ကျင့်ကြံရာတွင် ပိုရှိနေခြင်းကို မည်သူက ငြင်းပယ်မည်နည်း။ ယောင်ယောင်ကတော့ ပျော်နေသော်လည်း ချူမူကတော့ လူတိုင်းနှင့် ရင်းနှီးအောင် လုပ်ရန်လိုအပ်သည်။ ရုတ်တရက် လူတိုင်းရှေ့တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ လူတိုင်း ချက်ချင်း ဦးညွှတ် ဂါရဝပြုလိုက်ကြသည်။
"နန်းတော်သခင်"
"နန်းတော်သခင်ကို ဂါရဝပြုပါတယ်"
ဤနေရာတွင် ရှိနေသူအားလုံးမှာ ထာဝရဧကရာဇ်များ ဖြစ်ကြသဖြင့် အလွန်အကျွံ ယဉ်ကျေးနေရန် မလိုဘဲ လူမြင်ကောင်းရုံသာ ပြုမူကြသည်။ ထိုသူမှာ အလွန်ခန့်ညားပြီး နူးညံ့သိမ်မွေ့သော အရှိန်အဝါရှိကာ အမြဲတမ်း ပြုံးနေတတ်သည်။ သူက မော့ချင်းယင်းကို ကျေနပ်အားရစွာ ကြည့်လိုက်သည်။
"ညီမလေး... အခုတော့ တပည့်ယူဖို့ သဘောတူလိုက်ပြီပေါ့"
"အစ်ကိုကြီး တကယ်ကို ဝမ်းသာပါတယ်"
ချူမူက မော့ကြည့်လိုက်သည်။ ဒုတိယနန်းတော်သခင်ရဲ့ အစ်ကိုကြီးဆိုတော့ နန်းတော်သခင် ဖြစ်ပေလိမ့်မည်။ သူမက လက်အုပ်ချီကာ "နှုတ်ခွန်းဆက်ပါတယ် ဆရာကြီးဦးလေး" ဟု ပြောလိုက်သည်။
မော့ချင်းယင်းက အေးဆေးစွာ ပြောလိုက်သည် "ဒီလူကို ဂရုမစိုက်နဲ့ မူမူ ငါနင်တို့ကို ဂူဗိမာန်ဆီ အရင်ခေါ်သွားမယ်" ပြောပြီးနောက် သူမ လှည့်ထွက်သွားရန် ပြင်သော်လည်း ထိုအမျိုးသားက အမြန်တားလိုက်သည်။
"ညီမလေး... သူစိမ်းတွေရှေ့မှာ ငါတို့ကို ရယ်စရာမဖြစ်စေနဲ့ဦး။ မင်း ငါ့အပေါ် အမြင်မကြည်တာ ရှိရင်တောင် ငါက နန်းတော်သခင် တစ်ယောက်အနေနဲ့ ဒီတပည့်သစ်လေးတွေအတွက် စေတနာပြဖို့ လိသေးတာပေါ့"
"မလိုဘူး"
ချူမူ ချက်ချင်း သဘောပေါက်သွားသည်။ သူတို့နှစ်ဦးမှာ အဆင်မပြေကြပေ။ ဘေးကလူများမှာလည်း ချက်ချင်းပင် လူစုခွဲလိုက်ကြသည်။
"ကျွန်တော် ကျင့်ကြံစရာ ရှိသေးလို့"
"ကျွန်တော့် ဆရာ့မိန်းမ ကလေးမွေးတော့မယ် ဆရာက မရှိတာ ကြာပြီဆိုတော့ ကျွန်တော် သွားကြည့်ပေးရမယ်"
"ဟားဟား... ကျွန်တော့် ဆေးလုံးတွေ ပေါက်ကွဲတော့မယ် သွားကြည့်ဦးမှ"
လူအုပ်ကြီး လူစုကွဲသွားသော်လည်း ထိုအမျိုးသားက စိတ်မကောင်းသော အမူအရာနှင့် ရှိနေသည်။
"ညီမလေး... ငါက အရည်အချင်းလည်း ရှိသလို မင်းအပေါ်မှာလည်း စေတနာအပြည့် ရှိတာကို ဘာလို့ ငါ့ကို အခုထိ လက်မခံနိုင်သေးတာလဲ"
မော့ချင်းယင်း၏ နှုတ်ခမ်းမှာ တွန့်သွားပြီး သူမက ဂရုမစိုက်ချင်သော်လည်း ထိုလူ၏အတွေးကို အမြစ်ကနေ ဖြတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။ သူမက အေးဆေးစွာ ပြောလိုက်သည် "မဆိုးဘူးလား ရှင်က မိစ္ဆာမျိုးနွယ်ကို နှိမ်နင်းခဲ့တဲ့ အဲဒီလူနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ"
ထိုအမျိုးသားမှာ ချက်ချင်း မှင်တက်သွားပြီးမှ အိုးတိုးအောင့်တေးဖြင့် "အဲဒီ အဲဒီလူရဲ့ ခွန်အားကတော့"
"အဲဒီလောက် ခွန်အားမျိုး ရောက်လာမှ ဒီအကြောင်းတွေကို ထပ်ပြောကြတာပေါ့။ ငါက အစွမ်းထက်တဲ့သူကိုပဲ ကြိုက်တဲ့ လူမျိုးလေ။ တကယ် မလိုအပ်ရင် ငါ့ကိုလာမနှောင့်ယှက်ပါနဲ့" ပြောပြီးနောက် သူမသည် ချူမူကို ဆွဲကာ ဘယ်ကို ပျံသွားမှန်းမသိသော ယောင်ယောင်ကို လိုက်ရှာတော့သည်။ မော့ချင်းဖုန်းတစ်ယောက် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
အခုထိ မအောင်မြင်သေးဘူးလား သို့သော် သူ၏အကြည့်မှာ ဆွဲခေါ်သွားခြင်း ခံလိုက်ရသော မိန်းကလေးဆီသို့ ကျရောက်သွားသည်။ ငါ့ညီမလေးက ဘာလို့ ဒီတပည့်ကိုမှ အသည်းအသန်ရှာခဲ့တာလဲ ဒီတပည့်က တကယ်ပဲ ထူးခြားလို့လား အကယ်၍ သူတို့နှစ်ယောက်သာကြားထဲက ကူပြောပေးမယ်ဆိုရင် ကိစ္စတွေ အောင်မြင်နိုင်မှာပဲ ဒါပေမဲ့ အရင်ဆုံး ဒီတပည့်လေးနှစ်ယောက်ရဲ့ စိတ်ကို ဘယ်လိုသိမ်းသွင်းရမလဲ ဆိုတာ စဉ်းစားရဦးမယ်။