အခန်း ၁၈၇ ဝါစဉ်အရဆိုရင် အသက်က နည်းနည်းကြီးနေသလိုပဲ
ထိုက်ထျန်းနန်းတော်၏ အပြင်ဘက်တွင် ဂိုဏ်းဝင်အသစ် လက်ခံသည့် စစ်ဆေးပွဲကို ဖြေဆိုရန် တပည့်ပေါင်းများစွာ လာရောက်နေကြသည်။ အဆင့်မြင့်ဆုံး သတ်မှတ်ချက်မှာ ကောင်းကင်ဖြစ်စဉ်နယ်ပယ်ကို ကျော်လွန်ရန် ဖြစ်သည်။ အနည်းဆုံး အနှစ်ငါးရာအတွင်း ထိုနယ်ပယ်သို့ ရောက်အောင် ကျင့်ကြံနိုင်ရမည် ဖြစ်သည်။
ယခုကဲ့သို့ တပည့်များ အလုအယက် ခေါ်ယူနေရခြင်းမှာ အထွတ်အထိပ် ဧကရာဇ်နန်းတော်ကလည်း တပည့်သစ်များ စုဆောင်းကာ အင်အားတိုးချဲ့နေသောကြောင့် ဖြစ်သည်။ သူတို့သည် နောင်တစ်ချိန် လေ့ကျင့်ပေးရန်အတွက် အလားအလာရှိသော တပည့်များကို အထူးအခွင့်အရေးများပေးကာ ကြိုတင်သိမ်းသွင်းနေကြခြင်း ဖြစ်သည်။
သို့သော် အထွတ်အထိပ် ဧကရာဇ်နန်းတော်၏ နောက်ကွယ်တွင် တစ်စုံတစ်ဦး ရှိနေပါက အနှစ်အနည်းငယ်အတွင်းမှာပင် ထိုက်ထျန်းနန်းတော်၏ အဆင့်အတန်းမှာ လှုပ်ခတ်သွားနိုင်ပြီး ကျော်တက်ခြင်းပင် ခံရနိုင်သည်။
မော့ချင်းယင်းသက်ပြင်းသာသာ ချလိုက်မိသည်။ သို့သော် သတင်းကောင်းတစ်ခု ရှိသည်မှာ သူမသည် တပည့်အဖြစ် လက်ခံလိုက်ရာတွင် အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦး၏ သမီးများကို ရရှိခဲ့ခြင်း ဖြစ်ပြီး ထိုပုဂ္ဂိုလ်ကလည်း ဤကိစ္စကို ကျေနပ်နေခြင်းပင်။
ယောင်ယောငသည် နို့ဗူးလေးကို ထုတ်၍ စို့နေရင်း မော့ချင်းယင်း၏ ဘေးတွင် ရပ်ကာ ရှေ့မှ တက်ကြွနေသော ကျင့်ကြံသူများကို ဇဝေဇဝါ ကြည့်နေသည်။
"ဆရာ ဒီလူတွေ ဘာလုပ်နေကြတာလဲ"
"ဆရာ့နို့က ပိုအရသာရှိလား မေမေ့နို့က ပိုအရသာရှိလားဟင်"
မော့ချင်းယင်း ငေးမောနေရာမှ သတိပြန်ဝင်လာပြီး နို့ဗူးစို့နေသော တပည့်လေးကို ကြည့်ကာ ပို၍ပင် ချစ်ခင်လာမိသည်။ အရမ်းချစ်ဖို့ကောင်းတာပဲ ပါးစပ်လေးသာ ပိတ်ထားရင် ပိုကောင်းမှာ ချူမူက ယောင်ယောင်၏ခေါင်းကို တစ်ချက် ပုတ်လိုက်သည်။
"လျှောက်မပြောနဲ့လေ နန်းတော်သခင်မော့က အခု ငါတို့ရဲ့ ဆရာ ဖေဖေနဲ့ မေမေလိုပဲ အရေးကြီးတဲ့သူ။ တစ်ရက် ဆရာဖြစ်ဖူးရင် တစ်သက်လုံး အဖေပဲလို့ မကြားဖူးဘူးလား အဲဒါကို နင် နားမလည်ဘူးလား" ယောင်ယောင်က ဝမ်းနည်းသလိုဖြင့် ခေါင်းကို ပွတ်ရင်း အသံတိတ် နှာခေါင်းရှုံ့လိုက်ကာ ပြန်မပြောရဲတော့ပေ။
မော့ချင်းယင်းက အသာအယာ ပြုံးလိုက်ပြီး "ထိုက်ထျန်းနန်းတော်က အခုတပည့်သစ်တွေ လက်ခံနေတာပါ ဒီတပည့်တွေကို သူတို့ရဲ့ ပါရမီနဲ့ အဆင့်အတန်းအလိုက် နေရာအသီးသီး ခွဲပေးလိမ့်မယ်" သူမက ရှေ့မှ ခမ်းနားထည်ဝါသော ကိုးထပ်နန်းတော်ကြီးကို ညွှန်ပြလိုက်သည်။ အလွှာတိုင်းမှာ မြို့တစ်မြို့စာခန့် ကျယ်ဝန်းသည်။
"သာမန်တပည့်တွေက ဒီနန်းတော်ထဲ မဝင်နိုင်ဘူး။ အထက်တန်းလွှာ တပည့်တွေမှ ဝင်ခွင့်ရှိတာ။ အဲဒါကို ကျင့်ကြံမှုအဆင့် ခွန်အားနဲ့ ပါရမီပေါ် မူတည်ပြီး ခွဲခြားထားတာ"
"ဪ သမီးတို့တွေက ဘယ်အလွှာမှာ နေရမှာလဲ"
မော့ချင်းယင်းက အပေါ်ဆုံးထပ်ကို ညွှန်ပြလိုက်သည်။
"အဲဒီမှာ ဝိညာဉ်စွမ်းအင်တွေက ပိုပြီး ပေါများသလို မဟာတာအိုရဲ့ နိယာမတွေလည်း ပိုရှိတယ်။ ကျင့်ကြံဖို့ အကောင်းဆုံးနေရာပဲ"
"ဟုတ်ကဲ့ ဆရာ"
ကျယ်ပြောလှသော ဂိုဏ်းပိုင်နက်အတွင်း ခမ်းနားထည်ဝါသော နန်းတော်ပေါင်းများစွာ ရှိနေပြီး ရှားပါးရတနာများနှင့် ဆန်းပြားသော သားရဲများလည်း လွတ်လပ်စွာ သွားလာနေကြသည်။ ပင်မခန်းမကြီးမှာလည်း ရောင်စုံတိမ်တိုက်များဖြင့် လွှမ်းခြုံထားသဖြင့် အလွန်လျှို့ဝှက်ဆန်းပြားပြီး လှပနေသည်။ ကလေးမလေးနှစ်ယောက်က နန်းတော်ကြီးကို မော့ကြည့်နေစဉ် ယောင်ယောင်က ဝူးခနဲ ပျံတက်သွားသည်။
"ဒါဆို ဆရာ သွားကြည့်ကြရအောင်" မော့ချင်းယင်း လိုက်သွားရန် ပြင်လိုက်စဉ် တစ်စုံတစ်ဦးက သူမကို မေးခွန်းအချို့ လာမေးသည်။ ထိုကလေးနှစ်ယောက်မှာ ထိုက်ထျန်းနန်းတော်၏ အမာခံတပည့်များ ဖြစ်ကြောင်း အတည်ပြုပြီးမှသာ သူမ စိတ်အေးသွားရသည်။ ဤအဆင့်အတန်းနှင့်ဆိုလျှင် မဟာတောရိုင်းတိုက်ကြီး၏ လူသားနယ်မြေ တစ်ခုလုံးတွင် မည်သူ့ကိုမျှ ကြောက်စရာမလိုဘဲ လွတ်လပ်စွာ သွားလာနိုင်ပြီ ဖြစ်သည်။
"ဘာကိစ္စလဲ"
"ဒါက အကြီးအကဲမော့.ဒါနဲ့ စောစောက မိန်းကလေးနှစ်ယောက်က ဘယ်သူတွေလဲဟင်"
"အခု ငါ့ရဲ့ တပည့်တွေလေ"
"အကြီးအကဲမော့ တပည့်ရတာ ဂုဏ်ယူပါတယ်ခင်ဗျာ။ ဒါ အကြီးအကဲရဲ့ ပထမဆုံး တပည့်တွေဆိုတော့ နန်းတော်သခင်လည်း သေချာပေါက် ဝမ်းသာမှာပါ" ဤနေရာသည် တပည့်ပေါင်း ရာနှင့်ချီ၍ ရှိသဖြင့် အလွန်စည်ကားသည်။ မဟာဧကရာဇ်များ ပေါများလှပြီး အဆင့်နိမ့်ဧကရာဇ်များမှာမူ ခွေးများကဲ့သို့ နေရာတိုင်းတွင် တွေ့နိုင်သည်။
သူတို့နှစ်ဦးသည် ဒုတိယအလွှာသို့ အရင်ရောက်သွားကြသည်။ ဤနေရာရှိ ကျင့်ကြံသူအားလုံးမှာ တာအိုအဆုံးစွန်နယ်ပယ်ရှိသူများ ဖြစ်သည်။ ဤနေရာကို အုပ်ချုပ်သူမှာ မသေမျိုးဧကရာဇ်တစ်ဦး ဖြစ်ပြီး ပုံမှန်အားဖြင့် အပေါ်ဆုံးထပ်တွင်သာ ကျင့်ကြံလေ့ရှိသည်။ ဤနေရာတွင် ရှိနေသူအများစုမှာ ထိုအဆင့်ရှိ တပည့်များကို သင်ကြားပေးနေသည့် သူ၏ တပည့်များနှင့် မြေးတပည့်များ ဖြစ်ကြသည်။
သူတို့နှစ်ဦး ပေါ်လာခြင်းမှာ လူအများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားသည်။
"ဟေ့ ဒီကလေးမလေးနှစ်ယောက်က တော်တော်ချစ်ဖို့ကောင်းတာပဲ ကလေးတို့ ဘယ်ကလာတာလဲ"
ချူမူက အေးဆေးစွာ ပြောလိုက်သည် "ကျွန်မတို့က မော့ချင်းယင်းရဲ့ တပည့်တွေပါ" စကားပြောလိုက်သော အမျိုးသားကျင့်ကြံသူမှာ ခဏတာ မှင်တက်သွားပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။
"အကြီးအကဲမော့က တစ်ခါမှ တပည့်မယူဖူးဘူးလေ။ မင်းတို့ရဲ့ ပါရမီက ထူးချွန်မှာ သေချာပေမဲ့ မင်းတို့က ငယ်သေး" သူ စကားမဆုံးသေးခင်မှာပင် ရပ်သွားရသည်။ ဟား... ဒါကောင်းကင်ဖြစ်စဉ်နယ်ပယ်ရဲ့ နောက်ဆုံးအဆင့်ပါလား ဒီကလေးနှစ်ယောက်က အသက်နှစ်နှစ်ပဲ ရှိဦးမှာ။ အရိုးသက်တမ်းက မသိသာပေမဲ့ သူတို့ရဲ့ အရွယ်အစားက အသက်သိပ်မကြီးသေးတာ သိသာနေသည်။ ဒါ ဘာတွေလဲ ယမ်းမှုန့်တွေစားပြီး ကျင့်ကြံထားတာလား။
ထို့နောက် တစ်ဖက်လူဆီမှ ဖြာထွက်နေသော ရွှေရောင်အရှိန်အဝါကို မြင်လိုက်ရသည်။ မသေမျိုးဧကရာဇ်၏ တံဆိပ်တော်နှင့် နှင်းဓားအမှတ်အသား ဒါသေချာပေါက် မော့ချင်းယင်းရဲ့ တပည့်တွေပဲ သူ ချက်ချင်း လှည့်ထွက်သွားတော့သည် မမြင်ချင်ယောင်ဆောင်နေတာ ပိုကောင်းသည်။
အနှစ်တစ်ထောင် ကျင့်ကြံထားရတဲ့ တာအိုနယ်ပယ်ကျင့်ကြံသူက ဒီကလေးနှစ်ယောက်ကို ဘိုးဘွားအဆင့်တွေ လိုက်ခေါ်နေရမှာလား။ တွက်ကြည့်ရအောင် ဆရာက ဧကရာဇ်တစ်ပိုင်း၊ ဆရာ့ရဲ့ဆရာက ဧကရာဇ်လောင်းလျာ၊ ဆရာ့ရဲ့ဆရာ့ဆရာက မဟာဧကရာဇ်၊ မဟာဧကရာဇ်ရဲ့အထက်မှာ မသေမျိုးဧကရာဇ်၊ မသေမျိုးဧကရာဇ်ရဲ့ အထက်မှာမှ နန်းတော်သခင်ကို ဆရာလို့ ခေါ်တဲ့သူတွေ ရှိတာ။ မော့ချင်းယင်းက ဒုတိယနန်းတော်သခင် ဖြစ်နေတော့ နန်းတော်သခင်နဲ့ ဝါစဉ်တူတူပဲ။
ဒါဆို သူတို့ကို ဘယ်လိုခေါ်ရမှာလဲ မေမေလို့ပဲ ခေါ်ရတော့မှာလား ရယ်စရာကြီး ဘာမှမမြင်ဘူး ဘာမှမကြားဘူး ကျင့်ကြံဖို့ပဲ သွားတော့မယ်။
ယောင်ယောင်ကတော့ လုံးဝ ဇဝေဇဝါ ဖြစ်နေသည်။"ဟော... အဲဒီအစ်ကိုက ဘာလို့ ထွက်သွားတာလဲ"
ချူးမူက အေးဆေးစွာ ပြောလိုက်သည် "အဲဒီလူက ဝါစဉ်နိမ့်တာလေ ဒါပေမဲ့ သူက အရှက်အကြောက်ကြီးပြီး နင်နဲ့ စကားမပြောချင်တာ ဖြစ်လိမ့်မယ်"
"ဪ... နားလည်ပြီ ဒါဆို ဘာလို့စကားမပြောချင်တာလဲ"
"တချို့လူတွေက မျက်နှာပွင့်ချင်ကြတာလေ ဘယ်သူဂရုစိုက်မှာလဲ ဘာလဲ နင်က သူ့ကိုမျက်စိကျနေလို့လား"
"မျက်စိကျတယ်ဆိုတာ ဘာကို ပြောတာလဲ"
"တာအိုလက်တွဲဖော် ဖြစ်ချင်တဲ့သူမျိုးလေ"
"ဖေဖေနဲ့ မေမေလိုမျိုးလား"
"အင်း"
ယောင်ယောင်က ခဏစဉ်းစားပြီးနောက် "ဒါဆို သမီးက ဖေဖေ့ကိုပဲ တာအိုလက်တွဲဖော် လုပ်ခိုင်းမှာပေါ့။ သူတို့ကိုလည်း မသိဘူး ဘာလို့လက်တွဲဖော် လုပ်ချင်ရမှာလဲ ပြီးတော့ သူတို့က သမီးနဲ့ စကားတောင် မပြောချင်ကြတာကို"
ချူမူ၏နှုတ်ခမ်းမှာ တွန့်သွားရသည်။ နင့်ဖေဖေကို သွားရှာမလို့လား နင့်မေမေက နင့်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်လိမ့်မယ်။
ဤနေရာတွင် မည်သူမျှ သူတို့နှစ်ဦးကို အနားမကပ်ရဲကြပေ။ ဒုတိယနန်းတော်သခင် အသစ်ခေါ်လာသည့် တပည့်ကို ဘယ်သူကအပြစ်လုပ်ရဲမှာလဲ ကိုယ့်ထက် အများကြီး အသက်ကြီးနေတဲ့သူတွေကို ဘယ်လိုများ စကားသွားပြောရမှာလဲ သူတို့ ဘာလုပ်လုပ် သူတို့ကိစ္စပဲ။
ထိုက်ထျန်းနန်းတော် တစ်ခုလုံးမှာ ဤနှစ်ယောက်ထက် အဆင့်အတန်းနှင့် ဝါစဉ် ပိုမြင့်သူ လူတစ်ရာထက် မပိုပေ။ တချို့သော ဧကရာဇ်တွေတောင် သူတို့ကို ညီမလေးလို့ ခေါ်ရမလို ဖြစ်နေတာ ရယ်စရာကြီးပဲ
ရုတ်တရက် ဤအလွှာကို စောင့်ကြပ်နေသည့် ဧကရာဇ်ရောက်လာသည်။ သူသည် ဆံပင်ဖြူအနည်းငယ်ရှိသော အဘိုးအိုတစ်ဦး ဖြစ်ပြီး ကလေးနှစ်ယောက်ကို မြင်သည်နှင့် ပြုံးရွှင်သွားသည်။
"ဟားဟား... ငါတို့ဂိုဏ်းက တပည့်သစ်နှစ်ယောက် ရတယ်လို့ ကြားလို့ လာကြည့်တာ။ ဝါစဉ်အရဆိုရင် ငါက မင်းတို့ကို အဒေါ် လို့ ခေါ်ရမှာပဲ"
ဒါကို ကြားတော့ တပည့်များစွာ အံ့သြတကြီး လှည့်ကြည့်မိကြသည်။ ဟာ... ကိုးယောက်မြောက် အကြီးအကဲ ခင်ဗျား တကယ်ပဲ ဒီလောက်အထိ အောက်ကျခံတာလား ခင်ဗျားကဧကရာဇ်တစ်ပါး ဖြစ်နေပြီးတော့ သူတို့ကို ဆရာမကြီးလို့ ခေါ်ဖို့ ဘာမှမခံစားရဘူးလား။
ယောင်ယောင်က ခဏစဉ်းစားပြီးနောက် ရုတ်တရက် တစ်ခုခု သတိရသွားပုံဖြင့် "တူလေး"
"ဟားဟား ငါက ဝါစဉ်အရ ကိုးယောက်မြောက်ပါ နာမည်က ပိုင်လျန်ချန်းလို့ ခေါ်ပါတယ်။ မင်းတို့ ကြိုက်သလို ခေါ်နိုင်ပါတယ် ဘာပဲဖြစ်ဖြစ် ဆရာမကြီးနှစ်ယောက်က ဝါစဉ်ပိုမြင့်တာကိုး"
"အဘိုးပိုင်... ဘာလို့ ဒီမှာ ဘယ်သူမှ တို့ကို စကားမပြောရဲကြတာလဲ"
အဘိုးအိုက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း ချက်ချင်းသဘောပေါက်သွားသည်။
"ကျင့်ကြံခြင်းလောကမှာ ကျင့်ကြံမှုက အရေးကြီးဆုံးပဲ။ တချို့လူတွေက အနှစ်သုံးထောင်အတွင်း ဧကရာဇ် ဖြစ်နိုင်ပေမဲ့ တချို့ကတော့ အနှစ်တစ်သိန်းကြာရင်တောင် ဧကရာဇ်တစ်ပိုင်းအဆင့်မှာပဲ ရှိနေတုန်းပဲ။ သူတို့ကတော့ အဲဒီဧကရာဇ်တစ်ပိုင်းကိုပဲ ရိုရိုသေသေ ခေါ်နေရတာပါပဲ။ ဝါစဉ်စနစ်ဆိုတာ ဂိုဏ်းတစ်ခုထဲမှာ တပည့်တွေရဲ့ နီးစပ်မှုကို ခွဲခြားတဲ့ အဓိကသော့ချက် ဖြစ်ပေမဲ့ အမည်ခံ သက်သက်ပါပဲ။ ခွန်အားကမှ လေးစားခံရဖို့ ပထမဆုံးခြေလှမ်းပဲ"
"ငါ့ရဲ့ တပည့်တွေနဲ့ မြေးတပည့်တွေက အသက်နည်းနည်း ကြီးကြပြီး မာနရှိကြတာလေ။ သူတို့ ဦးမညွှတ်ချင်တာက သူတို့ရဲ့ မာနတွေ မကျိုးသေးလို့ပါ။ ဆရာမကြီးတို့ သူတို့ကို ဂရုစိုက်နေဖို့ မလိုပါဘူး"
ချူမူ၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။ သူမ တော်တော်လေး သဘောကျသွားသည်။ မသေမျိုးဧကရာဇ် အဆင့်အထိ ကျင့်ကြံနိုင်သူများမှာ အမှန်တကယ်ပင် အမြင်ကျယ်ကြသူများ ဖြစ်သည်။ ကလေးဖြစ်နေပါစေ ဝါစဉ် မြင့်ရင် မြင့်တဲ့အတိုင်းပဲ သူကတော့ ဝါစဉ်အတိုင်းပဲ ဆက်ဆံသည်။
နောက်ဆုံးတော့ ဝါစဉ်ထက် အရည်အချင်းက ပိုအရေးကြီးသည်။ ခွန်အားရှိရင် အဲဒီအရာတွေကို ဘာလို့ ဂရုစိုက်နေမှာလဲ ဤကလေးမလေးနှစ်ယောက်မှာ အသက်နှစ်နှစ်ပင် မပြည့်သေးဘဲ ကောင်းကင်ဖြစ်စဉ်နယ်ပယ်သို့ ရောက်နေခြင်းက သူတို့နှင့် သက်တူရွယ်တူ ဖြစ်နေသော်လည်း ဝါစဉ်မှာ ပိုမြင့်နေသဖြင့် ဤသို့ အခြေအနေမျိုး ဖြစ်နေရခြင်းပင်။
ဤစကားများကို သူတို့နှစ်ဦးအား ပြောနေခြင်းသာမက ပတ်ဝန်းကျင်ရှိ တပည့်များကိုပါ ကြားအောင် ပြောလိုက်ခြင်း ဖြစ်သည်။ ထိုက်ထျန်းနန်းတော်က သူမကို အနည်းငယ် အံ့သြစေခဲ့သည်။
သူတို့နှစ်ဦး၏ နောက်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ဒါကို မြင်တော့ အဘိုးအိုက ရယ်မောရင်း "ဟားဟား... ခန်းမသခင် နေကောင်းရဲ့လား"
မော့ချင်းယင်းက အသာအယာ ခေါင်းညိတ်ပြပြီး သူမ၏အကြည့်မှာ တပည့်နှစ်ယောက်ဆီသို့ ကျရောက်သွားသည်။ သူမက ကလေးနှစ်ယောက်၏ ခေါင်းကို ပုတ်ပေးရင်း ပြုံးလိုက်သည်။
"မူမူနဲ့ ယောင်ယောင် နင်တို့ နေရမယ့်နေရာကို လိုက်ပြမယ်။ ကြိုက်တဲ့နေရာမှာ နေလို့ ရတယ်နော် ဟုတ်ပြီလား"
"ဒီည ဆရာနဲ့ အတူအိပ်လို့ ရမလား သမီးမှာတစ်ခုခုကို ဖက်အိပ်တတ်တဲ့ အကျင့်ရှိလို့။ သမီးရဲ့ ခွေးလေးက အရမ်းသေးနေတော့ ဆရာ့ရဲ့ဟာကြီးတွေကို ဖက်အိပ်ရတာ ပိုသက်သောင့်သက်သာ ရှိမှာပါ"
အဘိုးအိုမှာ ချက်ချင်းပင် အနေခက်သွားပြီး ဘာမှမကြားလိုက်သလိုမျိုး ဟန်ဆောင်ကာ သူ့တပည့်ကို ဆူပူရန် လှည့်ထွက်သွားတော့သည်။ ဒီဆရာမကြီးတော့ အရိုက်ခံရတော့မှာပဲ ကြည့်ရတာတောင် သည်းမခံနိုင်စရာကြီး။
"ရတာပေါ့ မူမူကော ငါနဲ့ အတူအိပ်ချင်လား"
"ဟင့်အင်း တစ်ယောက်တည်းပဲ အဆင်ပြေပါတယ်"
အဘိုးအိုက ရုတ်တရက် လှည့်ကြည့်လိုက်ပြီး မျက်နှာမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။ ဒုခန်းမသခင်က သဘောတူလိုက်တာလား ဒါကလက်ခံနိုင်စရာ မဟုတ်ဘူး။ ဒီကလေးမလေးက ပွင့်လင်းလွန်းတာပဲ ငယ်သေးပေမဲ့ သေချာလမ်းညွှန်ပေးဖို့တော့ လိုအပ်မှာပဲ။ မော့ချင်းယင်း၏ မျက်လုံးများက အဘိုးအိုကို ကြည့်လိုက်ရာ ချက်ချင်းပင် အေးစက်သွားသည်။
"ဘာလဲ ရှင်ကကော အတူအိပ်ချင်လို့လား"
"အို... မဟုတ်ပါဘူး မဟုတ်ပါဘူး ကျွန်တော် ဘာမှမကြားလိုက်ဘူး ဘာမှ မမြင်လိုက်ဘူး"
သူမဝံ့မရဲဖြစ်သွားသည်။ဤဒုခန်းမသခင်မှာအလွန်ခက်ထန်ပြီးနန်းတော်သခင်ကိုပင်ပါးရိုက်ရဲသူမဟုတ်ပါလား။