အခန်း ၁၆၅ လက်ဖက်ရည်သောက်ခြင်းကို ဝါသနာပါသော မိန်းကလေး
မဟာဧကရာဇ်များစွာ ထွက်ခွာသွားပြီးနောက် လအနည်းငယ်အကြာ ဖေဖေ အဘိုးစုကို မတွေ့ရတာ ကြာပြီနော်။
ရဲ့ယောင်က မော့ကြည့်ပြီး သိချင်စိတ်ဖြင့် မေးရာ ချူနင်က ပြုံးပြီး သူမခေါင်းလေးကို ပွတ်ပေးလိုက်သည်။
အဘိုးစုက သမီးအတွက် လက်ဆောင်သွားယူပေးဖို့ အဝေးကြီးကို သွားတာလေ။အော် ဒါဆို အဘိုးစုဘယ်တော့ပြန်လာမှာလဲ။
ဖေဖေလည်း အတိအကျမသိဘူး။ ဒါပေမဲ့ သမီး အဘိုးစုကို တွေ့ချင်တယ်ဆိုရင် မနက်ဖြန်ကျ ဖေဖေ လိုက်ပြမယ်လေ ဟုတ်ပြီလား။ ရဲ့ယောင်းက ခေတ္တစဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။
အဘိုးစုတို့က အလုပ်ရှုပ်နေမှာပေါ့ မေမေနဲ့အတူ မင်းတက်နန်းဆောင်မှာ အစီရင်ခံစာတွေ ဖတ်နေရတဲ့အချိန်ဆို မေမေက အရမ်းတင်းကျပ်တာ။
အရေးကြီးတဲ့ကိစ္စတွေ ဖြစ်နေမှာဆိုတော့ ရဲ့ယောင် မနှောင့်ယှက်တော့ပါဘူး။ ချူနင်တဟားဟား ရယ်မောလိုက်မိသည်။ မိမိသမီးလေးမှာ အလွန်ပင် အလိုက်သိလွန်းလှသည်။
ငါပျိုးထောင်ထားတဲ့ သမီးလေးက တကယ်ကို လိမ္မာတာပဲ။ ပိုကြည့်လေ ပိုချစ်လေပဲ။
နောင်တစ်ချိန်မှာ သမီးကို လာပိုးပန်းမည့်ကောင်ကတော့ သတိထားရပေလိမ့်မည်။ အနည်းဆုံးတော့ ကျင့်ကြံမှုအဆင့်က ငါ့ထက်မြင့်ရမည် ငါ့ထက်လည်းချောရမည် မျိုးရိုးကလည်း ငါ့ထက်သာရမည်။
ဒါမှသာ ငါ့သမီးနား ကပ်ခွင့်ရှိမည် စရိုက်လက္ခဏာပိုင်းဆိုလျှင်လည်း ဆေးလိပ်မသောက် အရက်မသောက် ရှုပ်ရှုပ်ရှက်ရှက်မနေဘဲ လူကြီးကိုရိုသေ ကလေးကိုချစ် ဇနီးသည်ကို တန်ဖိုးထားရမည်။
ထိုသို့သောသူကို ရှာရခက်နိုင်သော်လည်း ကိစ္စမရှိပေ။ သူ့သမီးကို သူ တစ်သက်လုံး ကျွေးထားနိုင်သည်မဟုတ်ပါလား။ မီးဖိုချောင်အတွင်း စကားပြောပြီးနောက် ယောင်ယောင်သည် စတီးဓားကို ကိုင်လိုက်သည်။
ဖေဖေ ဒီနဂါးရိုးတွင်းခြင်ဆီကို ဘာလုပ်ရမလဲ
အဲဒါကို အနှစ်ဖြစ်အောင် ဓားနဲ့အရင်ပေါက်ရမယ် ပြီးမှ ပြင်းထန်တဲ့မီးနဲ့ ချက်ပြီး သူ့ရဲ့ ကြမ်းတမ်းတဲ့ စွမ်းအင်တွေကို နှိမ်ရမယ်။
ယောင်ယောင်လုပ်မယ် ဖေဖေ့အတွက် ချက်ပေးမယ် ယောင်ယောင် အခု အသားပေါက်တတ်ပြီ။ ကလေးမလေးက ခေါင်းကို တဆတ်ဆတ်ငြိမ့်ကာ လေထဲတွင်ဓားကိုမြှောက်ကာ အသားများကို အားရပါးရ စတင်ပေါက်တော့သည်။
မလှမ်းမကမ်းရှိ ချူမူသည် မီးဖိုချောင်ထဲမှ အသံများကြားသဖြင့် လှမ်းကြည့်လိုက်ရာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
တစ်နှစ်ပဲ ရှိသေးတဲ့ကလေးကို ဟင်းချက်ခိုင်းနေတာလား။
မြန်မြန်ကြီးထွားတာက ထားပါဦး ဒါက ကလေးအလုပ်သမားကို ခိုင်းစေနေတာပဲ။
ထိုစဉ် ရဲ့ချန်းလျန်ပြန်ရောက်လာပြီး ချူမူ ကျင့်ကြံနေသည်ကို မြင်တော့ ပြုံးပျော်သွားသည်။
"မူမူလေး မေမေ ဖက်ထားပါရစေဦး"
"ဟုတ်"
မူမူကို ဖက်ပြီးနောက် သူမသည် ယောင်ယောင်ဆီသို့ သွားသည်။ သို့သော် မြင်လိုက်ရသော မြင်ကွင်းကြောင့် သူမ ဒေါသထွက်သွားရသည်။
ချူနင် ရှင်ရူးနေတာလား ရှင့်သမီးက တစ်နှစ်ပဲ ရှိသေးတာကို ဟင်းချက်ခိုင်းနေတယ်ပေါ့လေ။ သူမက ချူနင်ကို ကန်ရန် ကြိုးစားသော်လည်း ချူနင်က လျင်မြန်စွာ ရှောင်တိမ်းပြီး သူမကို ပြန်ဖက်လိုက်သည်။
မိန်းမ မင်းထင်သလို မဟုတ်ပါဘူး။ သမီးက သင်ပေးဖို့ ပူဆာလွန်းလို့ ခွင့်ပြုလိုက်ရတာပါ။ ကလေးကို ကတိပေးပြီးမှ ဖျက်လို့ မကောင်းဘူးလေ။
ရဲ့ချန်းလျန်က ချူနင်ကို မျက်စောင်းထိုးပြီးနောက် သမီးဖြစ်သူကို ကြည့်လိုက်ရာယောင်ယောင်မှာ အသားပေါက်နေသည်မှာ အလုပ်ပင်ပန်းနေပုံမရဘဲ အလွန်ပျော်ရွှင်နေသည်ကို တွေ့ရသည်။
သမီး နည်းနည်းလေး ပိုညက်အောင် ပေါက်လိုက်ဦး။ ညက်လေလေ စားလို့ ပိုကောင်းလေလေပဲ။ ဒါဆိုယောင်ယောင်က နူးညံ့နေတာမျိုး လိုချင်တယ်။ ပြောပြီးနောက် သူမက ဓားကို ဆက်လက် လွှဲယမ်းနေပြန်သည်။
ရဲ့ချန်းလျန် မျက်နှာပျက်ပျက်ဖြင့် ယောင်ယောင် သမီးအဖေက သမီးကို အတင်းခိုင်းနေတာ မဟုတ်ဘူးလား။ မေမေကလည်း ဖေဖေ့ကို အဲလိုမထင်ပါနဲ့။ ဖေဖေ ကြည့်ဦး မေမေက ဖေဖေ့ကို အထင်လွဲနေပြန်ပြီ။
ဒါကိုကြားတော့ ရဲ့ချန်းလျန်က ချူနင်ကို ရိုက်မည့်အစား ယောင်ယောင်ကိုသာ ကြည့်နေတော့သည်။ သူမရှေ့တင် တိုင်ပြောနေသည်မှာ တကယ်ကိုလက်ဖက်ရည်နံ့(ဟန်ဆောင်ကောင်းခြင်း) သင်းနေသည့် မိန်းကလေးငယ်လေး ဖြစ်နေသည်။
ချူနင်ကလည်း လေသံကို ပြောင်းလိုက်ပြီး မင်းက ငါ့ကိုအဲလိုထင်တာလား ယောင်ယောင်က သူ့ဘာသာ ချက်ချင်တာလေ။ ငါက ဘေးကနေ စောင့်ကြည့်ပေးနေတာပါ။
ရဲ့ချန်းလျန်က ချူနင်ကို ကန်လိုက်ပြီး ကျင့်ကြံတာ ကောင်းကောင်းမသင်ဘဲ ဒါတွေ လိုက်သင်ပေးနေတယ်။
မေမေက ဟင်းချက်တဲ့သူတွေကို အထင်သေးတာလား ဖေဖေက မေမေ့အတွက် နှစ်ပေါင်းများစွာ ချက်ကျွေးလာတာကို အထင်သေးလို့လား ယောင်ယောင်က ပြန်မေးလိုက်သည်။
အေးပါ အေးပါ နင်တို့သားအဖတွေပဲ လုပ်ကြတော့။ ငါကတော့ ဒီမှာ မရှိခဲ့သလိုပဲ သဘောထားလိုက်တော့မယ် ရဲ့ချန်းလျန် စိတ်ကောက်ပြီး ထွက်သွားတော့သည်။
ဒီကလေးမလေးကတော့ တကယ့်ကို မြေခွေးမလေး ဝင်စားတာပဲ။ သူ့လေသံက တကယ့်ကို လက်ဖက်ရည်နံ့ နံတယ်။ တခြားမိန်းမသာဆိုရင် ငါ ဓားနဲ့ ခုတ်သတ်လိုက်တာ ကြာလှပြီ
ဒါပေမဲ့ ဒါက မိမိသမီးဖြစ်နေသဖြင့် သည်းခံလိုက်ရသည်။
ချူမူကတော့ ရဲ့ချန်းလျန် စိတ်ကောက်သွားသည်ကို မြင်သောအခါ သူမနား သွားပြီး ဖက်လိုက်ကာ ကျင့်ကြံခြင်းဆိုင်ရာများကို မေးမြန်းရင်း ချော့လိုက်သည်။ ထိုအခါမှ ရဲ့ချန်းလျန် ပြန်ပြုံးနိုင်တော့သည်။
ဒါမှငါ့သမီးအစစ် ဟိုကလေးမလေးကတော့ တကယ့် မြေခွေးမလေးပဲ။ ဖေဖေ မေမေ့ကို လွှတ်လိုက်ပြီ။ ဆက်လုပ်ရအောင် နောက်တစ်ဆင့်က ဘာလဲ။ အခုကတော့ မီးပြင်းပြင်းနဲ့ ချက်ရတော့မယ်။
ယောင်ယောင် တစ်ယောက်တည်း လုပ်လို့ရလား။ သမီးက မီးကို ထိန်းချုပ်နိုင်စွမ်း မရှိသေးဘူး။ တာအိုအထွတ်အထိပ်ရောက်မှပဲ ကိုယ်တိုင်လုပ်လို့ရမယ်။ အခုတော့ ဖေဖေက မီးထိန်းပေးမယ် သမီးက ဘေးက ကြည့်ပေါ့။
ယောင်ယောင် အားရပါးရ ခေါင်းငြိမ့်ပြသည်။ဟုတ်ကဲ့ ဖေဖေ စလိုက်ရအောင်။
ယောင်ယောင်လေး လေးဖက်သွားတတ်ကတည်းက ချူနင်ခေါင်းပေါ်မှာ ထိုင်ပြီး ဒါတွေကြည့်လာခဲ့တာဆိုတော့ စိတ်ဝင်စားနေတာ မဆန်းပေ။ သူမ၏ ကြီးထွားမှုနှုန်းကလည်း မြန်ဆန်လှသည်။
ယခု အဋ္ဌမနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ ရဲ့မျိုးနွယ်စုမှ ရာစုနှစ်ချီ ကျင့်ကြံလာသူများကိုပင် ကျော်လွန်နေပြီဖြစ်သည်။ ချူနင်က သူ့ပညာကို ဆက်ခံမည့်သူရှိလာသဖြင့် ကျေနပ်နေသည်။
ဘယ်သူက ဟင်းချက်တာ မကောင်းဘူး ပြောလဲ လူတစ်ယောက်ရဲ့ နှလုံးသားကို သိမ်းပိုက်ချင်ရင် သူ့ရဲ့အစာအိမ်ကို အရင် သိမ်းပိုက်ရမယ်။
သူတို့ သားအဖ နှစ်ယောက် အကြာကြီး ချက်ပြုတ်ပြီးနောက် နဂါးရိုးတွင်းခြင်ဆီ ရတနာစွပ်ပြုတ်ပြီးစီးသွားသည်။ ယောင်ယောင်က ထိုစွပ်ပြုတ်ကို ရဲ့ချန်းလျန်ဆီ သယ်သွားပေးသည်။ ရဲ့ချန်းလျန်ကတော့ စိတ်မပြေသေးသဖြင့် မကြည့်ဘဲ နေသည်။
သမီးအဖေဆီပဲ သွားလိုက်လေ ငါ့ဆီ ဘာလာလုပ်တာလဲ။ယောင်ယောင်က ရယ်မောရင်း မေမေ့အတွက် ချက်ပေးတာလေ။ ချက်နေတုန်း နှောင့်ယှက်မှာစိုးလို့ ပြီးမှ လာကျွေးတာ။ မေမေ မြည်းကြည့်ပါဦး။ ရဲ့ချန်းလျန်၏ မျက်နှာမှာ ချက်ချင်း နူးညံ့သွားသည်။
မေမေက သမီးအတွက် တွေးပေးလို့ပါ သမီးက ငယ်သေးတာကိုး။ သူမက စွပ်ပြုတ်ကို မြည်းကြည့်ပြီးနောက် အရသာမှာ အလွန်ကောင်းမွန်လှသဖြင့် အံ့သြသွားရသည်။
ယောင်ယောင်က ချူမူကိုလည်း တစ်ဇွန်း ခွံ့လိုက်သည်။ ချူမူသည်လည်း အရသာကို အံ့သြသွားပြီး အရသာရှိသားပဲ နောက်မှ စားမှာမယ်။
ဟဲဟဲ သိတာပေါ့ ဖေဖေကိုယ်တိုင် သင်ပေးထားတာပဲ ဘယ်အရသာမရှိဘဲ နေမလဲ။ ချူမူက မျက်လုံးလှန်ပြပြီး ချူနင်ဘက်ကို ညွှန်ပြလိုက်သည်။
ဒါဆိုရင်လည်း မြန်မြန်သွားသင်ဦး။ ဖေဖေက ဟင်းတွေ ၄-၅ မျိုးလောက် ထပ်ချက်နေပြီ။
ယောင်ယောင် လန့်သွားပြီး ချူနင်ဆီ အပြေးသွားတော့သည်။
ဖေဖေ ယောင်ယောင်ကို မစောင့်ဘူး အဲဒီဟင်းတွေရဲ့ ပါဝင်ပစ္စည်းတွေကို ယောင်ယောင် မသိသေးဘူးလေ။ တစ်နေ့ကို တစ်မျိုးပဲ သင်လေ တစ်ခါတည်း အများကြီး စားလို့ မရဘူး။
"ဟုတ်ကဲ့ပါ"
တကယ်တော့ ချူနင်က သူ့ဇနီးနှင့် သမီးကြီးတို့ ဆာလောင်နေမည်စိုးသဖြင့် မြန်မြန်ချက်လိုက်ခြင်း ဖြစ်သည်။