အခန်း ၁၅၉ ဆုလာဘ်
စကြဝဠာကြီးတစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင် ထျန်းရွှမ်းတိုက်ကြီးမှာ သေးငယ်လွန်းလှပါသည်။
သို့သော် အင်ပါယာရှိ ကျင့်ကြံသူများနှင့် သာမန်လူသားများအတွက်မူ ဤသည်မှာ အလွန်ကြီးမားသော နယ်မြေကြီး ဖြစ်သည်။ အချို့လူများဆိုလျှင် တစ်သက်လုံး လျှောက်လျှင်ပင်တိုက်ကြီး၏ အဆုံးသို့ ရောက်နိုင်မည်မဟုတ်ပေ။
ခရီးစဉ် တစ်လခွဲခန့် ကြာပြီးနောက် စစ်တပ်သည် မြို့တော်သို့ အောင်ပွဲခံလျက် ပြန်လည်ရောက်ရှိလာခဲ့သည်။ တာ့ချန်းအင်ပါယာ၏ အပြည့်အဝ ထောက်ပံ့မှုကို ရရှိထားသော်လည်း တိုက်ပွဲအတွင်း ထိုက်ရွှမ်းနတ်ဘုရားနယ်မြေမှ ကောင်းကင်ဖြစ်စဉ်အဆင့် ကျင့်ကြံသူ အများအပြားကို သုတ်သင်နိုင်ခဲ့သည်။
ဘွဲ့အမည်တပ်၍ ချီးမြှင့်သော နယ်စားမင်း ၃၀၀ ကျော်နှင့် အဆင့်မြင့် မင်းသားကြီး ၁၀ ဦးကျော်ကို အာဏာအပ်နှင်းခဲ့သည်။ ကမ္ဘာကြီး၏ နယ်မြေမှာ မည်မျှပင် ကျယ်ပြောသနည်း ဤကဲ့သို့သော အမှုထမ်းကောင်းများက ဒေသအသီးသီးကို အုပ်ချုပ်နေသရွေ့ စိုးရိမ်စရာ မရှိတော့ပေ။
ယခုမှသမီးလေးနှစ်ယောက်သာ ရှိသေးရာ သူတို့အား နယ်မြေအုပ်ချုပ်ခိုင်းရန်မှာ မဖြစ်နိုင်သေးပေ။ ဒေသခံ ဘုရင်များ ပုန်ကန်မည်ကို စိုးရိမ်ပါသလား ပုန်ကန်ရဲတဲ့ သတ္တိရှိဖို့ပဲ လိုတာပါ။
ဆုလာဘ်များ ချီးမြှင့်ပြီးနောက် ချူနင်သည် အုပ်ချုပ်ရေးစနစ်သစ်တစ်ခုကို တည်ထောင်ခဲ့သည်။ ၎င်းမှာ နယ်မြေခွဲေဝအုပ်ချုပ်ရေးစနစ်ပင် ဖြစ်သည်။
မင်းတို့က အခုနယ်စားမင်းတွေ ဖြစ်ပြီ။ မင်းတို့မှာ သားရှိရင် မင်းတို့ပိုင်တဲ့ နယ်မြေကို အဲဒီသားတွေကို ထပ်ခွဲပေးရမယ်။ အဲဒီသားမှာ သားထပ်ရှိရင်လည်း ထပ်ခွဲရမယ်။
ဤစနစ်က ခိုင်မာသော ထိန်းချုပ်မှုကို ဖြစ်စေသည်။ တာ့ချန်းအင်ပါယာ နန်းတော်သည် ကမ္ဘာ့ဗဟိုချက်ဖြစ်နေပြီး မည်သူမျှ မပုန်ကန်ရဲသလို အစွမ်းထက်ကျင့်ကြံသူများ မရှိလျှင်ပင် ဤစနစ်က တည်ငြိမ်မှုကို ထိန်းသိမ်းပေးနိုင်သည်။
အတိတ်က ဧကရာဇ်တစ်ပါးဖြစ်သူ လျူချယ်ကျင့်သုံးခဲ့ဖူးသော နည်းလမ်းဖြစ်ကြောင်း ချူနင်က ရဲ့ချန်းလျန်ကို ပြောပြခဲ့သည်။
ရဲ့ချန်းလျန် ခေါင်းငြိမ့်လိုက်သည်။ မယုံစရာ အကြောင်းမရှိပေ။ ချူနင် အကြံပြုသော စနစ်မှာ တကယ်ပင် ကောင်းမွန်လှသည်။ ထို့နောက်တွင် ထျန်းရွှမ်းတိုက်ကြီး၏ အာဏာတည်ဆောက်ပုံမှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
ကျင့်ကြံရေးဂိုဏ်းများထဲတွင် အင်ပါယာ၏ ထောက်ပံ့မှုကို ရရှိသော ထိုက်ရွှမ်းနတ်ဘုရားနယ်မြေမှာ အထင်ရှားဆုံး ဖြစ်လာသည်။
အုပ်ချုပ်ရေးပိုင်းတွင်မူ စာပေပညာရှင် အရာရှိကြီးများမှာ အလွန် အရှိန်အဝါ ကြီးမားလာကြသည်။ အဆင့်မြင့် ကျင့်ကြံသူများပင်လျှင် နန်းတွင်း အမတ်ချုပ်ကြီးများနှင့် တွေ့လျှင် ဦးညွှတ်ရသည်။
ကျင့်ကြံမှု မြင့်တာက ဘာဖြစ်လဲ အင်ပါယာမှာ ကျင့်ကြံမှုမြင့်တဲ့လူတွေ အများကြီး ရှိတာပဲ။ နန်းတွင်းအကြံပေးအဖွဲ့ သည် ဧကရာဇ်က အပ်နှင်းထားသော ဒေသဆိုင်ရာ အရာရှိ ခန့်အပ်မှုနှင့် ကျင့်ကြံသူများ၏ မှတ်တမ်းများကို ကိုင်တွယ်ရသည့် အာဏာအရှိဆုံး အဖွဲ့အစည်း ဖြစ်လာသည်။
ထိုက်ရွှမ်းနတ်ဘုရားနယ်မြေမှ ကူးယွမ်ပင်လျှင် အမတ်ချုပ်ကြီးချိုးကျွင်းကို ရိုရိုသေသေ ဆက်ဆံရသည်။ သာမန်လူသား အင်ပါယာများတွင် ကျင့်ကြံသူများက မြင့်မြတ်သော်လည်း တာ့ချန်းကဲ့သို့သော မသေမျိုး အင်ပါယာတွင်မူ လောကကြီးကို အုပ်ချုပ်ရန် ကူညီပေးနိုင်သူများက ပို၍ မြင့်မြတ်ပြီး ရှားပါးလှသည် မဟုတ်လား။
တစ်လအကြာ အင်ပါယာသည် တည်ငြိမ်သော ကာလသို့ ရောက်ရှိလာသည်။ ညီလာခံအပြီးတွင် ချူနင်နှင့် ရဲ့ချန်းလျန်တို့ မင်းတက်နန်းဆောင်သို့ အတူတူ သွားကြသည်။ လမ်းတစ်လျှောက်တွင် ရဲ့ချန်းလျန်က ချူနင်ကို တတွတ်တွတ် ဗြစ်တောက်ဗြစ်တောက် လုပ်နေသည်။
ဘာလို့အဲဒီကိစ္စကို သီးသန့်မပြောတာလဲ ဘာလို့ ဟိုဟင်းလင်းပြင်ဧကရာဇ်ကို ငါ့ညီလာခံထဲအထိ ခေါ်လာရတာလဲ ဧကရာဇ်တစ်ပါးက သူများညီလာခံ လာတက်တာ မသင့်တော်ဘူးလေ။
စုတိန်ဖန်းရဲ့ နောက်ခံကို ကြားတော့ အမတ်တွေ ဘယ်လို ဖြစ်သွားလဲမြင်လား သူတို့ ရယ်ချင်စိတ်ကို အောင့်ထားကြတာ ရှင်ကဝင်ပြောလိုက်တော့မှ တစ်ယောက်မှ မရယ်ရဲတော့ဘဲ ဒူးတောင် ထောက်ချင်နေကြပြီ။
ဒီနေ့ ညီလာခံမှာ စုတိန်ဖန်းက ချူနင်နှင့်အတူ တက်ရောက်ခဲ့သည်။ အမတ်တွေက ဒီအဘိုးကြီး ဘယ်သူလဲဆိုတာ သိချင်နေကြသည်။ စုတိန်ဖန်းက အမြင့်မြတ်ဆုံးဧကရာဇ်နန်းတော် အကြောင်းနှင့် ချူနင်က ကောင်းကင်တာအို၏ ကန့်သတ်ချက်ပြင်ပတွင် ခန့်အပ်ထားသော မဟာဧကရာဇ် သုံးပါးအကြောင်းကို ဆွေးနွေးခဲ့သည်။
အစကတော့ အမတ်တွေက ဒီအဘိုးကြီး ရူးနေတာလား ဒါမှမဟုတ် မူးနေတာလားလို့ ထင်နေကြတာ။ ဒါပေမဲ့ ချူနင်က အဘိုးကြီးစုလို့ ဝင်ပြောလိုက်တော့မှ ဒီအဘိုးကြီးက တကယ့် ဧကရာဇ် အစစ်အမှန်ကြီးဆိုတာ သိပြီး ကြောက်ဒူးတွေတုန်ကုန်ကြသည်။
ချူနင်က ရဲ့ချန်းလျန်၏ခါးကို ဖက်ကာ သက်ပြင်းချလိုက်သည်။ အချိန်ကိုက် ဖြစ်သွားလို့ပါကွာ အဘိုးကြီးစုက မင်းတက်နန်းဆောင်မှာ ဆွေးနွေးစရာရှိနေတာနဲ့ ညီလာခံထဲမှာပဲ တစ်ခါတည်း လုပ်လိုက်တာ ဘာဖြစ်လို့လဲ။
"ဒါက ဧကရာဇ်လေ ဧကရာဇ်"
မင်းရဲ့ခင်ပွန်းက ကောင်းကင်ဧကရာဇ်လေ အရင်ကလည်း နောက်ထပ် ကောင်းကင်ဧကရာဇ် တစ်ပါးကို သတ်ခဲ့ဖူးတာပဲ။
"ကျွန်မက..."
ရဲ့ချန်းလျန် မျက်လုံးအဝိုင်းသားဖြင့် ကြည့်လိုက်သော်လည်း ချူနင်ပြောတာကလည်း အမှန်ပင်။ သို့သော် ရဲ့ချန်းလျန်မှာ ကျင့်ကြံမှု အဆင့် တာအိုနယ်ပယ်အစောပိုင်း အဆင့်သို့ ရောက်ရုံသာ ရှိသေးသည်။ မဟာဧကရာဇ် ဖြစ်ဖို့ဆိုသည်မှာ နောက်ထပ် အဆင့်ပေါင်းများစွာ ကျန်သေးသည်။ ချူနင်နှင့် အလှမ်းကွာဝေးချက်မှာ ရေတွက်လို့ပင် မရနိုင်ပေ။
ဧကရာဇ်တွေ ရှေ့မှာဆိုရင် ကျွန်မက ဒူးထောက်ရမလို ဖြစ်နေပြီ။ မထောက်ပါနဲ့ မလိုပါဘူး။ သူတို့ကလည်း သူတို့အလုပ် သူတို့ လုပ်နေကြတာပဲ။ အခုခေတ်မှာ အင်ပါယာရဲ့ တတိယအဆင့် အရာရှိတွေတောင် ဒူးမထောက်ကြတော့ဘူးလေ။
ချူနင်က ပြုံးပြီး ရဲ့ချန်းလျန်၏ ပါးလေးကို ပွတ်လိုက်သည်။
နေသားကျသွားမှာပါ စိတ်မပူနဲ့။ နေသားကျဖို့ ကြိုးစားနေတာ တစ်နှစ်ရှိပြီ အခုထိ မရသေးဘူး။
ချန်းလျန် အခုဆို အထက်လောကက လူတွေ အကုန်လုံးက ငါ့မှာဇနီးရှိတယ်ဆိုတာ သိကုန်ကြပြီ။ သူတို့က မင်းကို ထာဝရမသေမျိုးနယ်မြေ၏သခင်မလို့တောင် ခေါ်နေကြပြီ။
မင်းက ဒီလိုဖြစ်နေရင် ဘယ်လိုလုပ်မလဲ
ဒါကိုကြားတော့ ရဲ့ချန်းလျန် ခေါင်းငုံ့ပြီး ရေရွတ်လိုက်သည် ဘယ်သူ့ကိုမှ မတွေ့ချင်ပါဘူး။ ကျင့်ကြံတာကိုပဲ အာရုံစိုက်ပြီး ရှင့်ကို အမှီလိုက်ချင်တာ။ လူစိမ်းတွေ ရှေ့မှာဆိုရင်တော့ ကျွန်မ ဟန်မပျက်နေနိုင်ပါတယ်။
ကတိနော် ဒီနေ့အထက်လောကက ဧကရာဇ်နန်းတော်ကို သွားကြမယ်။ မဟုတ်ရင် ငါ အပြင်မှာ သေသွားပြီလို့ သူတို့ထင်နေဦးမယ်။ ဒီနေ့အစီရင်ခံစာတွေကို ငါအမြန် ကူဖတ်ပေးမယ် ပြီးရင် ကလေးတွေကိုပါ ခေါ်သွားမယ်။
ရဲ့ချန်းလျန်က သနားစရာ မျက်နှာလေးဖြင့် ချူနင်ကို ကြည့်လိုက်သည်။
"ရှင်"
ကျွန်မ ဒီအောက်မှာပဲနေတာ ကျေနပ်ပါတယ်။ ကျွန်မရဲ့ ကျင့်ကြံမှု အဆင့်လေး တက်လာတဲ့အထိ စောင့်ပါဦးလား။
ရှင့်ရဲ့ အမြင့်မြတ်ဆုံးဧကရာဇ်နန်းတော်မှာ ရှိတဲ့လူတွေက အနိမ့်ဆုံး အဆင့်တောင် ဧကရာဇ်တစ်ပိုင်းတွေလေ။ ကျွန်မက ဘယ်လိုလုပ်။
ချူနင်က ရယ်မောရင်း သူမ၏ ပါးကို ဆွဲညှစ်လိုက်သည်။ သမီးလေးတောင် မကြောက်တာကို မင်းကဘာကြောက်နေတာလဲ သမီးလေးလောက်တောင် မစွမ်းဘူးလား။
ရဲ့ချန်းလျန် ပိုပြီး စိတ်မကောင်း ဖြစ်သွားသည်။ သမီးက တစ်နှစ်တောင် မပြည့်သေးဘူး သူတော်စင်အဆင့်ကို ရောက်နေပြီလေ။ ကျွန်မက တကယ်ပဲ သူ့ကို မမီတာပါ။
စိတ်အေးအေးထားပါ အပန်းဖြေခရီးလို့ပဲ သဘောထား။ မနေ့ညက မင်းငါ့ကို ကတိပေးထားတာနော် စကားမဖျက်နဲ့ ဒါပဲ။
ပြောပြီးနောက် ချူနင်သည် အစီရင်ခံစာများကို စတင်ကိုင်တွယ်တော့သည်။ ရဲ့ချန်းလျန်မှာလည်း ချူနင်ဘေးတွင် ထိုင်ရင်း အတွေးများနေတော့သည်။
တကယ် သွားရမှာလား အမြင့်မြတ်ဆုံးဧကရာဇ်နန်းတော် လောကခပ်သိမ်းမှာ အင်အားအကြီးဆုံးနေရာပေါ့။ အဲဒီကို ဝင်ဖို့ ဧကရာဇ်တစ်ပိုင်းအဆင့် ရှိရမယ် သူမကတော့ ချူနင်ရဲ့မိန်းမဖြစ်ပြီး တာအိုနယ်ပယ်ကျင့်ကြံသူပဲ ရှိသေးတယ် ဒါက တကယ်ကို အားငယ်စရာပဲ။ ကလေးထိန်းနေတာကမှ တော်ဦးမည်။
တွေးရင်းနှင့် ဒေါသထွက်လာကာ ချူနင်ကို တစ်ချက် ကန်လိုက်သည်။ မတတ်နိုင်ဘူး သူက အစီရင်ခံစာတွေ ကူဖတ်ပေးနေတာပဲ မနှောင့်ယှက်တော့ပါဘူး။
ဟင် ငါကတကယ့်ဧကရီ မဟုတ်လား။ ဒါကို သတိရသွားတော့မှ သူမလည်း အစီရင်ခံစာအချို့ကို ယူဖတ်လိုက်သည်။ ချူနင်က သူမရဲ့ ဝန်ထုပ်ဝန်ပိုးကို ကူထမ်းပေးနေတာပဲလေ။
နာရီဝက်ခန့် ကြာပြီးနောက် သူတို့နှစ်ဦး ချန်ချန်းနန်းဆောင်သို့ ပြန်လာခဲ့ကြသည်။ ကလေးထိန်းနေသော ရှောင်ပင်းကို မြင်တော့ ရဲ့ချန်းလျန် မျက်လုံးများ တောက်ပသွားသည်။
"ရှောင်ပင်း အတူတူ သွားရအောင်"
"အရှင်မ ကျွန်မ မလိုက်ချင်ပါဘူး"
နင်က အသက် ၃၀ ကျော်လေးနဲ့ သူတော်စင် နယ်ပယ်ကို ရောက်နေတာ အထက်လောကမှာဆို ပါရမီရှင်ပဲ။ ငါတောင်သွားတာပဲ နင်က ဘာကြောက်တာလဲ လိုက်ခဲ့စမ်းပါ။ အတူတူ ကြောက်ရတာက ပိုပြီး အားရှိတာပေါ့။
ရှောင်ပင်း စိတ်မကောင်း ဖြစ်သွားသည်။ အရှင်မက သူမကို ဗဟုသုတရအောင် ခေါ်တာ မဟုတ်ဘဲ အတူတူ နှိပ်စက်ခံရအောင် ခေါ်တာလို့ ခံစားလိုက်ရသည်။
ဖေဖေ ယောင်ယောင် အဝတ်အစားလဲပြီးပြီ အိမ်သာလည်း သွားပြီးပြီ ဘယ်တော့ သွားမှာလဲ။ မေမေနဲ့ ရှောင်ပင်းမမတို့ အဝတ်အစားလဲပြီးရင် သွားကြမယ် ဟုတ်ပြီလား။
"ဟုတ်ကဲ့"