အခန်း ၁၀၇ နင်ကငါ့အဖေပေါ့လေ ငါနင့်ကိုမှတ်ထားမယ်
နန်းတော်အပြင်ဘက်မှာ စောင့်ဆိုင်းနေကြတဲ့ ရေတွက်မကုန်နိုင်တဲ့ ကျင့်ကြံသူတွေဟာ အတွင်းက သတင်းစကားကို နားထောင်နေဖို့တောင် မလိုတော့ပါဘူး။ ဒီကောင်းကင်ယံက နိမိတ်လက္ခဏာတစ်ခုတည်းနဲ့တင် အဖြေကထွက်နေပါပြီ။
မွေးရာပါသူတော်စင်ခန္ဓာဒီလောက် ခမ်းနားတဲ့ နိမိတ်မျိုးဆိုရင် ဒါဟာထိပ်တန်းအဆင့်ရှိတဲ့ သူတော်စင်ခန္ဓာ ပါရမီရှင် ဖြစ်ရပါမယ်။ သူတော်စင်ခန္ဓာဆိုတာ ကျင့်ကြံမှုရဲ့ အမြင့်ဆုံးအဆင့် ပါရမီပေါ် မူတည်ပြီး ကွဲပြားတာဖြစ်ပြီး အခုလို တစ်လောကလုံးကို လွှမ်းခြုံသွားတဲ့ တောက်ပတဲ့ အလင်းတန်းမျိုးဟာ ရှေးဟောင်းကျမ်းစာတွေထဲမှာပဲ မှတ်တမ်းတင်ထားတာမျိုးပါ။
မိုင်သုံးထောင် အနီရောင်တိမ်တိုက်များ အနောက်ဘက်မှလာသည် တစ်နေ့တွင် ကြိုးကြာငှက်ကို စီး၍ ကြည်လင်သော ကောင်းကင်ယံသို့ ပျံသန်းမည်။
ဧကရီရဲ့ပါရမီ ဧကရီရဲ့ပါရမီပဲ။ ဒါတင်မကသေးဘူး နိမိတ်ကတစ်ခုတည်း ပေါ်လာတာ မဟုတ်ဘဲ အရွယ်အစားတူညီတဲ့ နိမိတ်နှစ်ခု ပေါ်လာတာပါ ဆိုလိုတာက နဂါးရင်သွေး နှစ်ယောက်လုံးဟာ မွေးရာပါ အစွန်းရောက် သူတော်စင်ခန္ဓာအဆင့်တွေ ဖြစ်နေကြတာပါ။
ထိုက်ရွှီမြင့်မြတ်နယ်မြေက လူတိုင်း ဆွံ့အသွားကြသည်။ အင်ပါယာရဲ့ ကံကြမ္မာကောင်းတာ တစ်ပိုင်းဖြစ်ပေမဲ့ အခုလို ရှေးခေတ်ကတည်းက မရှိဖူးသေးတဲ့ ထိပ်တန်းပါရမီရှင် နှစ်ယောက် တစ်ပြိုင်နက် ပေါ်လာတာကတော့ မယုံနိုင်စရာပါပဲ။
ဘိုးဘေးကတော့ တကယ်ကို အမြော်အမြင်ရှိတာပဲ။ မနှစ်က ဘာပဲပေးရပေးရ တာ့ချန်းအင်ပါယာနဲ့ ပူးပေါင်းခဲ့တာ တကယ်ကို ကိုက်တဲ့ အလုပ်ပဲ။
ဟိုမင်ကူမြင့်မြတ်နယ်မြေက လူတွေကတောင် ငါတို့ကို ရူးနေတယ်လို့ ပြောသေးတယ်။ မင်းတို့တစ်သက်မှာ ဒီလို ပါရမီရှင်မျိုး တစ်ယောက်တည်းတောင် တွေ့ရဖို့မလွယ်ဘူး ဒီကလေးနှစ်ယောက် ကြီးလာရင် ငါတို့ထိုက်ရွှီ မြင့်မြတ်နယ်မြေဟာ သူတို့ရဲ့စောင့်ရှောက်သူတွေ ဖြစ်လာမှာ။
တာ့ချန်းအင်ပါယာနဲ့ အခုလိုအချိန်မှာ ရင်းနှီးမှု တည်ဆောက်ထားတာဟာ အစောဆုံး ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်လာတာပါပဲ။ ဒုက္ခရောက်နေချိန်မှာ ကူညီတာက အောင်မြင်နေချိန်မှာလာပြီး မြှောက်ပင့်တာထက် အဆပေါင်းများစွာ ပိုတန်ဖိုးရှိပါတယ်။
ဘေးနားက အင်ပါယာတွေကတော့ သူတို့ရဲ့ ကောင်းကင်ယံအထိ ပျံ့နှံ့လာတဲ့ နိမိတ်တွေကို ကြည့်ပြီး ကောင်းကင်ကြီး ပြိုကျလာသလို ခံစားလိုက်ရသည်။
ပြီးပြီ... အားလုံး ပြီးသွားပြီ။
အိပ်ဆောင်အတွင်း၌ အထူးခေါ်ဆောင်လာတဲ့ သားဖွားဆရာမတွေဟာ ဘာမှတောင် မလုပ်ရသေးပါဘူး။ သူတို့က ဘယ်လိုနေရမယ် ဘယ်လိုအားစိုက်ရမယ်ဆိုတာကို ရှင်းပြရုံပဲ ရှိပါသေးသည်။
ဟင်
ကလေး မွေးသွားပြီလား။
မဟုတ်ဘူးလေ ကျွန်မတို့ ဘာမှမကူညီရသေးဘူး။ အရှင်မ ဒါကတကယ်ပဲ ပထမဆုံးအကြိမ် မွေးတာ ဟုတ်ရဲ့လား မျက်မှောင်တောင် တစ်ချက်မကြုတ်ဘူး အော်သံလည်း တစ်ချက်မထွက်ဘူး။
ဒါပေမဲ့ အရှင်မဆိုရင်တော့။
အရှင်မက ယောက်ျားတွေထက်တောင် သတ္တိရှိတဲ့ သူရဲကောင်းမပါပဲ။ ကျွန်မ တစ်သက်မှာ အမျိုးသမီးတွေ အများကြီးကို မွေးပေးဖူးပေမဲ့ အရှင်မလောက် သတ္တိရှိပြီး ပြိုင်ဘက်ကင်းတဲ့သူ တစ်ခါမှမမြင်ဖူးဘူး။
အရှင်မ ဧကရာဇ် ကလေးတွေ ချောချောမောမော မွေးဖွားလာပါပြီ မင်းသမီးလေး နှစ်ယောက်ပါ။ ချူနင် ကတော့ အခုထိ ကြောင်နေတုန်းပါပဲ။
ဘာဖြစ်သွားတာလဲ။
ဒါက သူထင်ထားတဲ့ သူ့ဇနီးရဲ့ ပုံစံနဲ့ လုံးဝ ကွဲပြားနေပါတယ်။ ကြောက်နေမယ်။စိုးရိမ်နေမယ် ထင်ထားတာ အခုတော့ သူမက တော်တော်လေး တည်ငြိမ်နေသလားလို့။
ဟုတ်သားပဲ ဟုတ်ပြီ ဇနီးသည်ကို ဘယ်နားက မသက်မသာ ဖြစ်နေလဲ မေးရဦးမယ်။ ချူနင် ခေါင်းလှည့်ကြည့်လိုက်တော့ ရဲချန်းလျန် က မျက်နှာဖြူဖျော့နေပေမဲ့ သူ့ကို တည်ငြိမ်စွာ ကြည့်နေတုန်းပါပဲ။
ငါအဆင်ပြေပါတယ်။
ချူနင်: "......"
သူမက ငါ ဘာပြောမလဲဆိုတာ ကြိုသိနေတာလား။
ဒါပေမဲ့ ချူနင်က အမြန်ပဲ အနားတိုးသွားပြီး ဝိညာဉ်စွမ်းအင်တွေကို သုံးကာ ရဲချန်းလျန်ရဲ့ ပင်ပန်းနေတဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်ကို ပြန်လည် နိုးကြားလာအောင် ကူညီပေးလိုက်သည်။ ရဲချန်းလျန်ကတော့ ဘာမှ ပြန်မပြောဘဲ မျက်လုံးမှိတ်ပြီး အာရုံစူးစိုက်နေသည်။
တော်တော်တော့ နာတာပဲ ဒါပေမဲ့ သူမ ထင်ထားသလောက်တော့ မဟုတ်ပါဘူး။ အရာအားလုံးက ချောချောမောမောနဲ့ ခဏလေးအတွင်းမှာပဲ ပြီးသွားတာပါ။
သူမက လက်ရှိဧကရီဖြစ်တာကြောင့် ကလေးမွေးချိန်မှာတောင် သူမရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကို မပျက်စီးအောင် ထိန်းထားရမည်။ အခု ကလေးတွေ မွေးပြီးပြီဆိုတော့ သူမရဲ့ စွမ်းအားတွေကို အပြည့်အဝ ပြန်သုံးလို့ ရပြီလေ
သူမ ညီလာခံတက်ချင်ေနပါပြီ။
အုပ်ချုပ်မှုကိစ္စတွေကို ပြန်ကိုင်တွယ်ချင်ပြီ။ ချူနင်က သူမကို နှစ်လ သုံးလလောက် နှိမ်ထားခဲ့တာ သူမရဲ့ စိတ်ထဲက မကျေနပ်မှုတွေက ကောင်းကင်တိုင်အောင် မြင့်တက်နေပါပြီ။
ငါ့ဘာသာ ငါလုပ်နိုင်တယ် မနက်ဖြန်ကျရင် ငါဆုံးရှုံးခဲ့တာတွေကို ပြန်ယူမယ် ဟွန့် ဒါပေမဲ့ အခုလောလောဆယ်တော့ ကလေးလေးတွေကို အရင်ကြည့်ရဦးမယ်။ ရဲချန်းလျန်က မျက်လုံးဖွင့်လိုက်ပြီး ဆရာမ လက်ထဲက ကလေးနှစ်ယောက်ကို ကြည့်လိုက်သည်။
"ဘယ်လောက် လေးလဲ"
ဆရာမက ပြုံးရင်း ဂုဏ်ပြုလိုက်သည်။နှစ်ယောက်လုံးက ရှစ်ပိဿာနဲ့ ရှစ်ကျပ်သား (၈ ကတ်တီး ၈ တေးလ်) အတိပါပဲ အရွယ်အစားနဲ့ ရုပ်ရည်ကလည်း အတူတူပါပဲ ဂုဏ်ယူပါတယ်အရှင်မ ဂုဏ်ယူပါတယ်ဧကရာဇ်။ ချူနင်ကတော့ အရမ်းရင်ခုန်နေပြီး ရဲချန်းလျန်ကတော့ ခေါင်းလေးပဲ ငြိမ့်ပြသည်။
အင်း... ဘယ်သူက အရင်ထွက်လာတာလဲ
အရှင်မကို တင်ပြရရင် ဒီတစ်ယောက်ပါ ဒါပေမဲ့ သူကဘာလို့ မငိုတာလဲ မသိဘူး။ ဆရာမက ချက်ချင်း ထိတ်လန့်သွားသည်။ မင်းသမီးလေးက ဘာလို့ မငိုတာလဲ ဒါ မဖြစ်သင့်ဘူး။
ချူနင်က ရဲချန်းလျန်ရဲ့ လက်ကိုကိုင်ထားရင်း ကနဦးက သူမရဲ့ ကျန်းမာရေးကို စိုးရိမ်နေတာပါ။ ဒါပေမဲ့ ဒါကို ကြားတော့ သူလည်း ဇဝေဇဝါနဲ့ လှမ်းကြည့်လိုက်သည်။
"မငိုတာက တစ်ခုခု ဖြစ်လို့လား"
အရှင်မ ဧကရာဇ်။ကလေးက အမေ့ဗိုက်ထဲမှာရှိတုန်းက ရေမြွာရည်တွေနဲ့ ပတ်ဝန်းကျင်က ကာကွယ်ထားတာပါ။ မွေးလာပြီးတဲ့နောက်မှာတော့ ပတ်ဝန်းကျင် အပြောင်းအလဲက ကလေးကို လှုံ့ဆော်မှု ဖြစ်စေပြီး အလိုက်သင့် ဖြစ်အောင် လုပ်ရတဲ့ အဆင့်ရှိပါတယ်။
ဒီအချိန်မှာ ကလေးက ငိုလေလေ ပိုပြီး သန်စွမ်းလေလေပါပဲ။ အခုလို လုံးဝ မငိုဘူးဆိုရင်တော့ သူက ပတ်ဝန်းကျင်နဲ့ အသားမကျနိုင်တာ ဖြစ်ဖို့ များပါတယ်။ တည်ငြိမ်လှတဲ့ ရဲချန်းလျန်တောင် အခုတော့ မတည်ငြိမ်နိုင်တော့ပါဘူး။ ချူနင်က အရင်က အားလုံး အဆင်ပြေမှာပါလို့ ပြောထားတာလေ အခုကျမှ ဘာလို့ ပြဿနာ ရှိနေရတာလဲ။
"ဒါဆို ဘာလုပ်ရမလဲ"
ကလေး ငိုအောင် လုပ်ရပါမယ်။ ကျွန်မ အရင်ကမြို့တော်မှာ ကလေးမွေးပေးတုန်းက ဒီလိုအခြေအနေမျိုး ကြုံဖူးတယ် အဲဒီကလေးကတော့ ကံမကောင်းစွာနဲ့ပဲ။
အဲဒီအချိန်မှာပဲ မှောင်မိုက်နေတဲ့ ကမ္ဘာကြီးက ရုတ်တရက် လင်းထိန်သွားသည်။ သူမရဲ့ခန္ဓာကိုယ်က အပြည့်အဝ ဖွံ့ဖြိုးသွားပြီဖြစ်လို့ အမေ့ဗိုက်ထဲကနေ ထွက်ခွာရမယ့် အချိန်ရောက်ပြီဆိုတာ သူမ သိလိုက်သည်။
ဝိညာဉ်စွမ်းအင်တွေ ခွဲဝေနိုင်တယ် အာဟာရတွေ ခွဲဝေနိုင်တယ် အားလုံးကညီအစ်မတွေပဲဆိုတော့ အညီအမျှ ခွဲတာ ပြဿနာမရှိဘူး။ ဒါပေမဲ့ မွေးဖွားတဲ့ အစီအစဉ်ကိုတော့ သေချာပေါက် လုရပါမယ်။
ညီမလေးက အစ်မထက် ဘယ်လိုလုပ် ပိုစွမ်းနိုင်မှာလဲ နာမည်ရော အစွမ်းမှာပါ သူမကပဲ ပိုပြီး အစွမ်းထက်ရမယ်။ သူမရဲ့ ကျင့်စဉ်လမ်းကိုလည်း သေချာ စဉ်းစားထားပြီးသားပါ။ သူမရဲ့ ဉာဏ်ရည်က အစောကြီးပွင့်နေပြီဖြစ်လို့ စကားတောင် ပြောနိုင်နေပါပြီ။ ဒါပေမဲ့ မွေးကင်းစကလေးက စကားပြောရင် ထူးဆန်းနေမှာမို့လို့ ခဏတော့ ဟန်ဆောင်နေရမယ်။
ဒါကြောင့် ဒီအူကြောင်ကြောင် ညီမလေးဆီကနေ ခဏလောက် သင်ယူရမယ် သူဘာလုပ်လဲ ကြည့်ပြီး လိုက်လုပ်ရမယ်။ အဲဒီနောက်မှာတော့ သူမရဲ့ နှလုံးသားဓားကျင့်စဉ်ကို ဆက်ပြီး လေ့ကျင့်မယ်။
သုံးလသား အရွယ်ရောက်ရင်တော့ သူမရဲ့ကျင့်စဉ်လမ်းကို စတင်နိုင်ပြီ။ အဲဒီအချိန်ကျရင် သူမရဲ့ မိဘတွေကို သူတော်စင်ခန္ဓာ နဲ့ ဧကရာဇ်ဟောင်းပြန်လည်ဝင်စားသူရဲ့ အစွမ်းကို ပြပြီး အံ့သြသွားအောင် လုပ်မယ်။
သူမ အေးအေးဆေးဆေးပဲ ထွက်လာခဲ့သည်။ အဲဒီနောက်မှာတော့ အမျိုးသားတစ်ယောက်ရဲ့ ရင်ခုန်သံနဲ့အတူ မုမု... မုမုလို့ ခေါ်နေတာကို ကြားလိုက်ရသည်။ ကြည့်ရတာ ဒါကသူမရဲ့ နာမည် ဖြစ်မှာပါ။
ချူမုက ဒါကိုဂရုမစိုက်ဘဲ ဆရာမရဲ့ပွေ့ဖက်ခြင်းကို ခံယူလိုက်သည်။ နူးညံ့တဲ့ အဝတ်တွေနဲ့ ထုပ်ပိုးလိုက်တာက တော်တော်တော့ နေလို့ကောင်းသား။
ပတ်ဝန်းကျင်ကို ကြည့်ရသလောက်တော့ ဒါကနန်းတော်ပဲ။ ဟိုအမျိုးသားက နဂါးဝတ်စုံ ဝတ်ထားတာဆိုတော့ ဧကရာဇ်ပေါ့။ သူမက မင်းမျိုးမင်းနွယ်ထဲမှာ ပြန်ဝင်စားတာလား မဆိုးပါဘူး အရင်ဘဝက တစ်ယောက်တည်း ရုန်းကန်ခဲ့ရတာထက်စာရင် အခုက အများကြီး ပိုကောင်းပါတယ်။
အဖေဖြစ်သူကလည်း သူမကို ဂရုစိုက်ပုံရပေမဲ့ သူမကို နှစ်ခါတောင် သေချာမကြည့်ဘဲ အမေ့ဆီပဲ သွားကြည့်နေသည်။ ကြည့်ရတာ သူမထက် အမေကို ပိုချစ်ပုံရတယ် ဒါကလည်း ဖြစ်နိုင်တာပဲလေ ဆယ်လလုံးလုံး လွယ်ထားရတာကိုး။ အဲဒီအချိန်မှာပဲ နားငြီးစရာ ငိုသံကြီးကို ကြားလိုက်ရသည်။
တော်တော် နားငြီးတာပဲ။ ဒီအူကြောင်ကြောင်လေး နာမည်က ယောင်ယောင်လား။ ဘာလို့ ငိုနေတာလဲ။
သူမတို့လို မွေးရာပါသူတော်စင်ခန္ဓာတွေက အနည်းဆုံး ဧကရာဇ်တစ်ပိုင်းအဆင့်ကနေ စမှာဖြစ်ပြီး သူမရှိနေတာကြောင့် ဧကရာဇ်အစစ်ဖြစ်ဖို့ကလည်း ပြဿနာ မရှိဘူး။ ဟွန့် ဘာငိုစရာ ရှိလို့လဲ။
သူမက တစ်ချက်ကြည့်ပြီး မျက်လုံးမှိတ်ကာ ဒီကမ္ဘာသစ်ကို ခံစားနေလိုက်သည်။ ဘဝသစ်ရဲ့ ခံစားချက်က တကယ်ကို ကောင်းပါတယ်။ အရင်ဘဝက ဧကရာဇ်ရှစ်ပါးရဲ့ ဝိုင်းတိုက်တာကို ခံခဲ့ရတာကြောင့် အခုဘဝမှာတော့ အဲဒီထက် မြင့်တဲ့အဆင့်ကို တက်လှမ်းပြီး အဲဒီရှစ်ယောက်လုံးကို သတ်ပစ်ရမယ်။
မြစ်အရှေ့ဘက်မှာ အနှစ်သုံးဆယ် မြစ်အနောက်ဘက်မှာ အနှစ်သုံးဆယ် မိန်းကလေးတစ်ယောက်ရဲ့ဆင်းရဲမှုကို လာပြီး အထင်မသေးနဲ့(သူမ စိတ်ထဲက ကြုံးဝါးနေတာပါ) သူမ ဘေးနားက စကားသံတွေကို နားထောင်နေသည်။ မိဘတွေရဲ့ စကားသံ ညီမလေးရဲ့ ငိုသံ နန်းတွင်းသူတွေရဲ့အံ့သြသံ ပြီးတော့ ဆရာမရဲ့ စိုးရိမ်သံ။
သတိပေးချက်။ ချူမု တစ်ခုခု မှားနေပြီဆိုတာ သိလိုက်ရသည်။
ဆရာမရဲ့ အသံက တုန်ရင်နေသည် ကျွန်မတို့လို အောက်ခြေလူတန်းစားတွေက နဂါးရင်သွေးကို မထိရဲပါဘူး။ အရှင်မနဲ့ ဧကရာဇ်တို့ပဲ ဆုံးဖြတ်ပေးကြပါ။ နဂါးရင်သွေးက မငိုဘူးဆိုရင် ခန္ဓာကိုယ်မှာ တစ်ခုခု ချို့ယွင်းနေတာ ဖြစ်မှာပါ။ အချိန်တွေ အများကြီး ကြာသွားရင် ပြန်ပြင်လို့ မရတော့မှာ စိုးရိမ်ရပါတယ်။
ရဲချန်းလျန် ချက်ချင်းပဲ စိတ်လှုပ်ရှားသွားသည်။ သူမမှာ အင်အားမရှိတော့တာကြောင့် ချူနင့်ကိုပဲ လှမ်းကြည့်လိုက်သည်။ ချူနင်ကတော့ တစ်ခုခုကိုချက်ချင်း သတိရသွားသည်။
ကလေးက အမေ့ဗိုက်ထဲမှာရှိတုန်းက အဆုတ်ထဲမှာ အောက်ဆီဂျင် မရှိပါဘူး။ လိုအပ်တဲ့ အာဟာရနဲ့ အောက်ဆီဂျင်ကို ချက်ကြိုးကနေပဲ ရတာပါ။ ဒါပေမဲ့ အခုချက်ကြိုးကို ဖြတ်လိုက်ပြီဆိုတော့ အောက်ဆီဂျင်ရလမ်း ပြတ်သွားပြီ ဒါကြောင့် အဆုတ်နဲ့ အသက်ရှူဖို့ လိုပြီလေ။ သေချာပေါက် ငိုမှ ဖြစ်မယ် မဟုတ်ရင် ပြဿနာ တက်တော့မှာ
သိပ္ပံပညာကို ယုံကြည်ရမယ်။
"ငါ့ဘာသာပဲ လုပ်မယ်"
ချူမု ကြောင်သွားသည်။ မျက်လုံးလေး ပုတ်ခတ် ပုတ်ခတ် လုပ်နေတုန်းမှာပဲ ဟိုအမျိုးသားရဲ့ လက်ထဲကို ရောက်သွားသည်။
ငါ့ဘာသာ လုပ်မယ် ဘာလုပ်မှာလဲ။ ချူနင်က ချူမုကို ဇောက်ထိုးလှန်လိုက်ပြီး သူမရဲ့ဖင်လေးကို အပေါ်ဘက် လှည့်လိုက်သည်။ ချူမု အံ့သြသွားတာကိုတောင် အချိန်မပေးဘဲ ချူနင်က ဘာမှမပြောဘဲ ဖြန်းခနဲ ရိုက်ချလိုက်သည်။
သူမမွေးလာတာ အမွှေးတိုင် တစ်ဝက်စာတောင် မရှိသေးဘူး အခု အရိုက်ခံလိုက်ရပြီ ချူမုရဲ့ မျက်လုံးတွေ ပြူးသွားပြီး နောက်ကအမျိုးသားက စိုးရိမ်တကြီး ပြောနေသည်။
"ငိုစမ်းပါ မုမုလေး မြန်မြန်ငိုပါ ဘာမှ မဖြစ်ပါစေနဲ့"
ဒီဧကရာဇ်က ဘာလို့ ငိုရမှာလဲ။ အဲဒီနေ့က ဧကရာဇ် ရှစ်ပါး ဝိုင်းတိုက်တုန်းကတောင် ငါ မျက်ရည်တစ်စက် မကျခဲ့ဘူး။ ဧကရာဇ်အဆင့်ကို ရောက်တဲ့သူတွေက အလွယ်တကူ မျက်ရည်မကျဘူး။
ဒါပေမဲ့ ယောင်ယောင်ရဲ့ ငိုသံက ပိုကျယ်လာလေလေ ရဲချန်းလျန်က ပိုပြီး စိုးရိမ်လာလေလေပါပဲ။ ပိုပြီး ပြင်းပြင်းရိုက် အားမနာနဲ့ မငိုရင် ပြဿနာ တက်လိမ့်မယ်။ သိပြီ ငါဆက်ရိုက်မယ်။
ဖြန်း ဖြန်း ဖြန်း
နောက်ထပ် သုံးချက် ဆက်တိုက် ရိုက်လိုက်ပြန်သည်။ တစ်ချက်ချင်းစီက တော်တော်လေး အားပါတာပါ။
မငိုသေးတာကို မြင်တော့ ချူနင် မတွန့်ဆုတ်တော့ပါဘူး။ မငိုရင် ငိုတဲ့အထိ ရိုက်မှာပဲ မငိုနိုင်ဘူးဆိုတာ တစ်ခုခု မှားနေလို့ပဲ ဖြစ်ရမယ်။
သူရိုက်လိုက်တာ အမွှေးတိုင် တစ်တိုင်စာလောက် ကြာသွားပြီး ဖင်လေးနီရဲလာတော့မှ ချူမု မအောင့်နိုင်တော့ဘဲ "ဝါး..." ခနဲ အော်ငိုချလိုက်ပါတော့သည်။ သူမတစ်သက်မှာ ဧကရာဇ်ရှစ်ပါး ဝိုင်းတိုက်ခံရတုန်းကတောင် ဒီလောက် မနာကျင်ခဲ့ဖူးဘူး။
နင်တို့က ဘယ်လို မိဘတွေလဲ။ ကြည်လင်တဲ့ ငိုသံကို ကြားလိုက်ရတော့မှ လူတိုင်း သက်ပြင်းချနိုင်တော့သည်။
"ငိုပြီ ဟားဟား ငိုပြီဟေ့"
ဒါကိုကြားတော့ ချူမုက မျက်လုံးဖွင့်လိုက်ပြီး ရယ်မောနေတဲ့ အမျိုးသားကို ရန်ငြိုးအပြည့်နဲ့ စိုက်ကြည့်လိုက်သည်။
နင်က ငါ့အဖေပေါ့လေ။
ဒီဧကရီက နင့်ကိုမှတ်ထားမယ်။