အခန်း (၁၀) ကလေးလေး လှုပ်နေပြီ
“ချန်းလျန်... အရသာ ဘယ်လိုနေလဲ မင်းအကြိုက် ဟုတ်ရဲ့လား"
“ချန်းလျန်... မင်းက ဧကရီဆိုပေမဲ့ နေ့တိုင်း နိုင်ငံရေးကိစ္စတွေ ဒီလောက်အများကြီးကို ဘယ်လို ကိုင်တွယ်နေတာလဲ မပင်ပန်းဘူးလား”
“ချန်းလျန်... ကြည့်ပါဦး မင်း ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီ။ တစ်ရက်တည်းနဲ့ ဒီလောက်တောင် ပင်ပန်းနေတာလား။ ဆက်မလုပ်ခင် ပြန်နားပြီး ခဏလောက် အိပ်လိုက်ပါလား ဒါက မင်းအတွက်ရောကလေးအတွက်ရော ကောင်းဖို့ပါပဲ”
“......”
စကားတွေက တတွတ်တွတ်နှင့် တစ်ချက်လေးတောင် မနားပေ ရဲ့ချန်းလျန်မှာတော့ ခေါင်းကိုက်လာသလိုပင် ခံစားလိုက်ရသည်။
“စားစရာရှိတာပဲ စားစရာ ဘာလို့ ဒီလောက် စကားများနေရတာလဲ”
သူ့ဇနီးသည် စိတ်အနှောင့်အယှက် ဖြစ်နေသည်ကို မြင်တော့ ချူနင်က ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ပြီး စကားတစ်ခွန်းမှ မပြောတော့ပေ။
သူ ကလေးရဲ့သန္ဓေဓာတ်ကို မနှောင့်ယှက်ချင်ဘူးလေ။ အကုန်လုံးက ကလေးအတွက်ပဲ မဟုတ်လား။
သို့သော် ချူနင် တိတ်သွားသည့်အခါ ရဲ့ချန်းလျန်၏ စိတ်ထဲတွင် ပိုလို့ပင် စိတ်ရှုပ်လာရပြန်သည်။ ဒီစကားများတဲ့လူကို လုံးဝ ပါးစပ်ပိတ်ခိုင်းလိုက်တာက ထူးဆန်းသလို ခံစားရသည်။
သူမ၏ ဧကရီဆိုသည့် အဆင့်အတန်းက ချူနင့်ရှေ့မှာ ဘာမှ သက်ရောက်မှု မရှိသလိုပဲ။ သူမမှာ သူ့ရဲ့ရင်သွေး ရှိနေလို့ သူက ဒီလောက်အထိ ယုံကြည်မှု ရှိနေတာလား။
သူမ ဟင်းတစ်လုပ်ကို ခပ်စားလိုက်သည်။ သူမ အနှစ်သက်ဆုံး အစပ်အရသာ ဖြစ်နေသဖြင့် စိတ်အခြေအနေ အနည်းငယ် ပြန်ကောင်းလာသည်။
“နန်းတော်ထဲမှာ လျှောက်မသွားဖို့ ကျွန်မ ရှင့်ကို ပြောပြီးသားနော်”
“တစ်ယောက်ယောက်က ကျွန်တော့်ကို တွေ့သွားမှာ စိုးလို့လား ဒါပေမဲ့ ကျွန်တော်က အရမ်းသတိထားပြီး လာတာပါ ဘယ်သူမှ ရှာမတွေ့နိုင်ပါဘူး။ အဲဒါတောင် မရဘူးလား”
ချူနင်က သူမကို မျှော်လင့်တကြီး ကြည့်လိုက်သည် “ဒီအချိန်မှာ မင်း ထမင်းစားနေတာကိုမြင်လို့ မင်းကျန်းမာရေးအတွက် စိတ်ပူလို့ပါ ကျွန်တော် ထမင်းလာပို့ပေးတာလေးတောင် မရဘူးလား”
ရဲ့ချန်းလျန် ခဏမျှ တိတ်ဆိတ်သွားသည်။ “ရှင်က အမှောင်အစောင့်အရှောက်တွေကိုတောင် ဘယ်လိုရှောင်ပြီး လာနိုင်တာလဲ”
“မင်းရဲ့ ခင်ပွန်းက ထူးခြားဆန်းပြားတဲ့ ဆရာကြီးတစ်ယောက်မို့လို့ပေါ့”
ခင်ပွန်းဆိုသည့် စကားလုံးကို ကြားလိုက်ရတော့ ရဲ့ချန်းလျန် ချက်ချင်း မျက်စောင်းထိုးလိုက်သည် “ရှင်နဲ့ကျွန်မက လက်မထပ်ရသေးဘူး လက်ထပ်ပြီးရင်တောင် ရှင့်အနေနဲ့ ကျွန်မကိုအရှင်မ လို့ပဲ ခေါ်ရမယ်”
“ကောင်းပါပြီ... ချန်းလျန်”
ရဲ့ချန်းလျန် : “.....”
“ရှင့်ရဲ့ကလေးက ကျွန်မဝမ်းထဲမှာ ရှိနေလို့ ကျွန်မ ရှင့်ကို ဘာမှမလုပ်ရဲဘူးလို့ ထင်နေတာလား”
“ငါက ဒီနေ့ပဲ သူတော်စင်နယ်ပယ်ကို အဆင့်တက်ထားတာ။ ရှင့်ကို ချေမှုန်းဖို့ဆိုတာ ပုရွက်ဆိတ်တစ်ကောင်ကို နင်းသတ်တာထက်တောင် လွယ်သေးတယ်”
ထိုအမျိုးသမီးက ဒေါသတကြီး ခြိမ်းခြောက်လိုက်သော်လည်း ချူနင်ကတော့ ပြုံးမြဲအတိုင်းပင်။
“ချန်းလျန် မင်းရဲ့ ခြိမ်းခြောက်မှုက တကယ်ကို အာနိသင်မရှိပါဘူး။ အကယ်၍ မင်းသာ ကျွန်တော့်ကို တကယ် တစ်ခုခု လုပ်ချင်တယ်ဆိုရင် ကျွန်တော့်ကို ပြောနေဖို့ လိုဦးမလား”
ရဲ့ချန်းလျန် မျက်လုံးလေး မှေးလိုက်သည်။ သူက တကယ်ပဲ သူမ မလုပ်ရဲဘူးလို့ ထင်နေတာလား။
“ပြီးတော့လည်း” ချူနင်က ပြုံးပြီး ဆက်ပြောသည် “ကျွန်တော်က မင်းအကျိုးအတွက် လုပ်ပေးနေတာလေ။ ကျွန်တော် မင်းကို ဘာပြဿနာမှ မပေးသေးဘဲနဲ့ မင်းက ဘာလို့ ကျွန်တော့်ကို ရိုက်ရမှာလဲ”
ထားလိုက်ပါတော့ နောက်တစ်နေ့ကျမှပဲ သူ့ကို သင်ခန်းစာ ပေးရတော့မယ် အခုတော့ အရသာရှိတဲ့ ဟင်းတွေအတွက်ပဲ သည်းခံလိုက်မယ်။
ရဲ့ချန်းလျန် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည် “ရှင် ဘယ်လိုနည်းနဲ့ အမှောင်အစောင့်အရှောက်တွေကို ရှောင်လာနိုင်လဲဆိုတာ ငါမသိပေမဲ့ ဒါမျိုး နောက်တစ်ခါ မဖြစ်စေနဲ့”
ချူနင်က ပြတ်ပြတ်သားသား ငြင်းလိုက်သည်။
“မရဘူး”
“ရှင်က ငါ့ကို အာခံရဲတယ်ပေါ့”
ကျွန်တော်က မင်းနဲ့ ကလေးအတွက် စဉ်းစားရမှာလေ ရှောင်ပင်းက ပြောတယ် မင်းက အလုပ်ကို အရမ်းစွဲလမ်းနေတာ တစ်နေ့လုံး နိုင်ငံရေးကိစ္စတွေနဲ့ အချိန်ကုန်နေပြီး ထမင်းစားဖို့တောင် အချိန်မရှိဘူးတဲ့။
အကယ်၍ ကျွန်တော်သာ တိတ်တိတ်လေး ထမင်းလာမပို့ပေးဘဲ မင်းစားတာကို မစောင့်ကြည့်ရင် မင်းကျန်းမာရေး တစ်ခုခုဖြစ်သွားမှာပေါ့ယ
ရဲ့ချန်းလျန်မှာ သူ၏ စကားကြောင့် ဆွံ့အသွားပြီး သူမ၏ အရှိန်အဝါကလည်း ချက်ချင်းပင် လျော့ကျသွားရသည်။ သူမက အမူအရာမရှိဘဲ ပြောလိုက်သည် “ငါက ကျင့်ကြံသူတစ်ယောက်ပဲ စိတ်ပူစရာ မလိုပါဘူး”
“ကျင့်ကြံသူဆိုတာလည်း လူပဲလေ မင်းက လူမဟုတ်ရင်တော့ တစ်မျိုးပေါ့”
“ငါ့ရဲ့ အခုနယ်ပယ်နဲ့ဆိုရင် ကျင့်ကြံသူတွေကြားမှာ နတ်ဘုရားလို့တောင် ခေါ်လို့ရတယ်”
“နတ်ဘုရားဖြစ်တော့ကော ဘာဖြစ်လဲ ကျွန်တော့်ကလေးကို လွယ်ထားရတာ မဟုတ်ဘူးလား ကျွန်တော့်ရဲ့အနာဂတ်ဇနီး မဟုတ်ဘူးလား”
ရဲ့ချန်းလျန် : “......”
“ကျွန်မ ရှင့်နဲ့ ရန်မဖြစ်ချင်တော့ဘူး။ ရှင်က သာမန်လူ တစ်ယောက်ပဲ ငါသာ လက်လှုပ်လိုက်ရင် ရှင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားမှာကို စိုးရိမ်လို့” သူမ ချူနင့်ကို သတိပေးသည့်အနေဖြင့် စိုက်ကြည့်လိုက်သည် “ဒါကြောင့် ငါ့ကို ဒေါသမထွက်အောင် မလုပ်နဲ့ နားလည်လား”
ချူနင်က ခေါင်းခါလိုက်သည်။
“ကျွန်တော်က မင်းနဲ့ ကလေးအတွက် စဉ်းစားရမှာပဲ ကျွန်တော် မင်းကိုတခြားကိစ္စတွေမှာ မကူညီနိုင်ရင်တောင် အနည်းဆုံးတော့ မင်းရဲ့ ထမင်းသုံးနပ်ကိုတော့ အာမခံနိုင်ရမယ်”
ရဲ့ချန်းလျန် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမ၏ နှုတ်ခမ်းလေးများ တွန့်သွားသည်။
“ရှင် ပို့ချင်ရင်လည်း ပို့ပါ ဒါပေမဲ့ တစ်ခါလေးတောင် လူမိသွားတာနဲ့ ရှင့်ကို ငါ သေချာပေါက် မေးမြန်းအရေးယူမှာပဲ”
ဒီလူက တကယ်ပဲ စိတ်အနှောင့်အယှက် ပေးတတ်လှသည်။ သို့သော် သူမ၏ ဒေါသအများစုက ချူနင့်၏ ကြင်နာမှုအပေါ် ကျင့်သားမရသေးခြင်းကြောင့် ဖြစ်သည်။
အရင်က မရှိခဲ့ရာမှ ရုတ်တရက် ပေါ်ပေါက်လာပြီး ဒီလူကလည်း သူမနဲ့ သူမဝမ်းထဲက ကလေးအပေါ်မှာပဲ စိတ်ဝင်စားနေခြင်းဖြစ်သည်။ ဒီအပြောင်းအလဲက ကြီးမားလွန်းလှသဖြင့် ကျင့်သားရဖို့ ခက်နေဆဲပင်။
ဒါကြောင့် သူမအနေဖြင့် ချူနင့်ကို အပြစ်ပေးဖို့ အကြောင်းပြချက် မရှိသလို အပြစ်လည်း မပေးနိုင်ပေ။ ချူနင်က သာမန်လူ တစ်ယောက်ဆိုပေမဲ့ သူ့ဟင်းချက်လက်ရာကတော့ မဆိုးလှဘူးလေ။ သူ ချက်ချင်တယ်ဆိုရင်လည်း ချက်ပါစေပေါ့။
တစ်နေ့နေ့မှာ သူ စိတ်မပါတော့ရင်လည်း ထားလိုက်ရုံပဲ ဘာပဲဖြစ်ဖြစ် ဒါက ရက်အနည်းငယ်ကြာမယ့် စိတ်အားထက်သန်မှု တစ်ခုပဲ ဖြစ်မှာပါ။
သူမက အေးအေးဆေးဆေး ပြောလိုက်သည် -“နောက်ကျရင် ရှောင်ပင်းကို သွားရှာလိုက်။ ငါ့ရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲကနေ ရွှေဒင်္ဂါး တစ်ထောင်ကို ငါ့အတွက် ဟင်းချက်ပေးတဲ့ ဆုလာဘ်အဖြစ် သွားထုတ်ယူလိုက်”
သူမသည် ဘယ်သူ့အကြွေးကိုမှ မထားတတ်ပေ၊ ပိုကောင်းတဲ့ အခြေအနေတွေနဲ့သာ ပြန်ဆပ်တတ်သည်။
“မယူဘူး”
ရဲ့ချန်းလျန် အနည်းငယ် မကျေမနပ် ဖြစ်သွားသည် “ရှင်က ပိုက်ဆံရော အဖိုးတန်ပစ္စည်းတွေရော မလိုချင်ဘူးလား”
ချူနင်က အားကိုးရာမဲ့စွာ ပြောလိုက်သည် “ကျွန်တော်က နန်းတော်ထဲမှာပဲ ရှိနေတာလေ မင်းပိုက်ဆံပေးရင်တောင် ကျွန်တော် ဘယ်မှာ သွားသုံးရမှာလဲပြီးတော့ ကျွန်တော့်မှာ ဒီမှာ စားစရာ၊ သောက်စရာ၊ ဇနီးနဲ့ ကလေးလည်း ရှိနေတာပဲ။ ကျွန်တော် ပိုက်ဆံကို ဘာအတွက် လိုဦးမှာလဲ တခြားမိန်းမတွေ သွားရှာဖို့လား”
“ရှင် မလုပ်ရဲပါဘူး”
ရဲ့ချန်းလျန် ချူနင့်ကို မျက်စောင်းထိုးလိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည် “ဒါဆို ရှင်ဘာလိုချင်လဲ ပွင့်ပွင့်လင်းလင်း ပြောစမ်း။ ငါ ဖြည့်ဆည်းပေးနိုင်တာမှန်သမျှ လိုက်လျောပေးမယ်”
“ကျွန်တော် မင်းကိုမယုံဘူး”
ရဲ့ချန်းလျန် ဆွံ့အသွားသည်။ ဒီလူကတော့ တကယ်ကို တမင်တကာ လုပ်နေတာပဲ သူမကို နောက်ပြောင်နေတာ။
ချူနင်က ရဲ့ချန်းလျန်၏ ပန်းကန်နှင့် တူကို ယူလိုက်ပြီး မျက်လုံးလေး မှေးကာ ပြုံးလိုက်သည်။
“ခုနလေးတင် တစ်ယောက်ယောက်က သူ့စကား သူပြန်ဖျက်သွားတယ်လေ။ ဒါကို ကြည့်ရင် ဧကရီရဲ့စကားက တည်ရမယ်ဆိုတာတွေက အလကားပါပဲ။ ဖြည့်ဆည်းမပေးနိုင်တဲ့ ကတိက အသုံးမဝင်ဘူး မင်းကော မသဘောမတူဘူးလား”
ရဲ့ချန်းလျန်၏ နှုတ်ခမ်းများ တုန်သွားသည် ခုနက ကိစ္စက ဒါအတွက်လား ခုနက သူမ သတိမထားမိလိုက်တာပါ။ သူမရဲ့ အင်အားအကောင်းဆုံး အမှောင်အစောင့်အရှောက်တွေတောင် ချူနင် ရောက်နေတာကို မသိကြဘူးဆိုတော့ တကယ်ကို စိတ်တိုစရာကြီးလေ အခုတော့ သူ့ကို ဟင်းချက်ခအတွက် ဆုချဖို့ ပြောနေတာကိုး။
ရဲ့ချန်းလျန် စကားမပြောနိုင်ခင်မှာပင် ချူနင်က ပြုံးလိုက်သည်။
“သာမန် မိသားစုအများစုမှာတော့ ယောက်ျားက အပြင်အလုပ်ကို လုပ်ပြီး မိန်းမက အိမ်တွင်းမှုကို စီမံကြတာလေ။ နန်းတော်ထဲမှာတော့ ချန်းလျန် မင်းက အပြင်ကိစ္စတွေကို သေချာပေါက် ကိုင်တွယ်ရမှာပေါ့။
ကျွန်တော်က မင်းကို တခြားကိစ္စတွေမှာ မကူညီနိုင်တော့ ဟင်းချက်ပေးဖို့နဲ့ ကျွန်တော့်ရဲ့ အစွမ်းတွေကို သုံးဖို့ပဲ တာဝန်ယူပါ့မယ်”
“ပြီးတော့ ဆုလာဘ်တွေလည်း တကယ် မလိုပါဘူး လင်မယားကြားမှာ အဲဒီလောက်အထိ လုပ်နေရင် အရမ်းစိမ်းကားလွန်းရာ ကျမှာပေါ့”
ရဲ့ချန်းလျန်၏ မျက်နှာ နီရဲသွားသော်လည်း ချူနင့်ရဲ့ လုပ်ရပ်တွေအပေါ် သူမ ချက်ချင်းပဲ အဖြေထုတ်လိုက်သည်။ သူမ နားလည်သွားပြီ ဒီလူက ဆုလာဘ်တွေကို လိုချင်တာ မဟုတ်ဘူး သူက သူမရဲ့ အင်ပါယာကြီးကို လိုချင်နေတာ သူမကို လှည့်စားပြီးရင် အင်ပါယာက သူ့လက်ထဲ ရောက်သွားမှာဖြစ်သလို သူလိုချင်တာ အကုန်ရတော့မှာပေါ့။
“ရှင် စဉ်းစားနေတာတွေက လုံးဝ မဖြစ်နိုင်ဘူး အင်ပါယာက ငါ့ပိုင်နက်ပဲ တစ်ခြားလူကို လွှဲပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး”
ချူနင်ကတော့ ကြောင်အမ်းအမ်း ဖြစ်သွားသည် “အင်”
ရဲ့ချန်းလျန်က ချူနင့်ကို အကုန်လုံး မြင်သာသွားပြီလို့ ထင်နေတာ သူမရဲ့ အင်ပါယာက ကျယ်ပြောလွန်းလှသည်။ သာမန်လူ တစ်ယောက်က ပိုက်ဆံနဲ့ နာမည်ကျော်ကြားမှု မဟုတ်ရင် ဘာကိုလိုချင်ဦးမှာလဲ သမိုင်းတစ်လျှောက်မှာ ဧကရီတွေ နိုင်ငံရေးမှာ ဝင်စွက်ဖက်လို့ တိုင်းပြည်ပျက်ရတာတွေ အများကြီး ရှိခဲ့တာပဲ ယောက်ျားတစ်ယောက်ဆိုရင်တော့ ပိုတောင် ဆိုးဦးမှာပေါ့။
လူတိုင်းမှာ ရည်မှန်းချက်တွေ ရှိကြတာပဲလေ
“ရှင့်ရဲ့ တောင်းဆိုချက်ကို အခုပဲ ပြောလိုက်ဖို့ ငါ အကြံပေးချင်တယ်။ ဒါက ရှင့်အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ။ နောက်တစ်ခါမှ ထပ်ပြောမယ်ဆိုရင်တော့ လုံးဝ မရတော့ဘူး” သူမ ချူနင့်ကို အမူအရာမရှိဘဲ ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။
မင်းနဲ့ငါက တစ်ယောက်ကိုတစ်ယောက် ဘာမှ အကြွေးမတင်ဘူး။ သူ နန်းတွင်းမှာ အရာရှိလုပ်ချင်တာပဲဖြစ်ဖြစ် စစ်တပ်ကို ကွပ်ကဲချင်တာပဲဖြစ်ဖြစ် သူမ လိုက်လျောပေးနိုင်သည် ဒီလောက် အရသာရှိတဲ့ ဟင်းတွေကို စားရတဲ့အတွက် ဒါက ဆုလာဘ်တစ်ခုပေါ့။
ချူနင် ခဏမျှ တွန့်ဆုတ်နေပြီးမှ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးလိုက်သည်။
“တကယ်လား”
“ငါ့ရဲ့ ဂုဏ်သိက္ခာနဲ့ အာမခံပါတယ်။ ရှင်ပြောတာမှန်သမျှ ငါလုပ်ပေးနိုင်တာဆိုရင် လိုက်လျောပေးမယ် အရမ်းလွန်လွန်ကျွံကျွံ မဖြစ်ဖို့ပဲ လိုတယ်”
ချူနင်က ပြုံးလိုက်သည် - “ကောင်းပြီလေ တကယ်တော့ အဲဒါက အရမ်းကြီးလည်း မလွန်ပါဘူး ကျွန်တော် ကလေးကို ပွေ့ဖက်လို့ ရမလား”
ရဲ့ချန်းလျန် ဇဝေဇဝါဖြင့် မေးလိုက်သည် “ဒါပေမဲ့ အခုမှ ကိုယ်ဝန် ၃ လပဲ ရှိသေးတာလေ ရှင်က ဘယ်လို ပွေ့ဖက်မှာလဲ ဗိုက်ကို ခွဲထုတ်ပြီး ပွေ့မှာလား” သူမ၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး ခါးက ဓားရှည်ကို လှမ်းကိုင်လိုက်သည် “ရှင်သာ ငါ့ကလေးကို ထိခိုက်အောင် လုပ်ရဲရင် ရှင် သေပြီသာမှတ်”
ချူနင် တကယ်ကို ကြောင်သွားရသည်“ဒါက ကျွန်တော့်ကလေးလည်း ဖြစ်တာပဲလေ ကျွန်တော်က ဘာလို့ လုပ်မှာလဲ မင်း ဘာတွေ တွေးနေတာလဲ”
ရဲ့ချန်းလျန် မျက်မှောင်ကြုတ်လိုက်သည်။
“ဒါဆို ရှင်က ဘယ်လို ပွေ့ဖက်မှာလဲ”
“မင်း သဘောတူတယ် မဟုတ်လား”
“ဒါပေါ့... ဒါက အလွန်အကျွံ တောင်းဆိုမှုမှ မဟုတ်တာ၊ ဟုတ်တယ်မလား”
ချူနင်က ချက်ချင်း ထရပ်လိုက်ပြီး ပြုံးပြုံးလေးဖြင့် ရဲ့ချန်းလျန် အနားသို့ တိုးသွားသည်။
“ရိုးရိုးလေးပါ ချန်းလျန် မင်း ဒီအတိုင်း မတ်တပ်ရပ်နေ လုံးဝ မလှုပ်နဲ့နော်”
ထိုအမျိုးသမီး ပိုလို့ပင် ဇဝေဇဝါ ဖြစ်သွားသည်။ မတ်တပ်ရပ်နေ မလှုပ်နဲ့ သူ ဘာလုပ်မလို့လဲ သူမဆီက အခွင့်အရေး ယူမလို့လား။
ချူနင့်မှာ ဘာကျင့်စဉ်မှ မရှိရင်တောင် အဆင့် (၆) ကျင့်စဉ် ရှိရင်တောင်မှ အခု သူတော်စင်နယ်ပယ်ကို ရောက်နေတဲ့ ရဲ့ချန်းလျန်ကို ထိခိုက်အောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
“ချူနင် ရှင် ဘာလုပ်မှာလဲဆိုတာ မြန်မြန်ရှင်းပြရင် ကောင်းမယ် မဟုတ်ရင်တော့”
ရုတ်တရက်
လက်တစ်စုံက သူမကို နောက်ကနေ ချက်ချင်း သိုင်းဖက်လိုက်ပြီး ချူနင်က သူ့ရဲ့ တစ်ကိုယ်လုံးကို သူမရဲ့ ကိုယ်နဲ့ ကပ်ထားလိုက်သည် ရဲ့ချန်းလျန်၏ မျက်နှာ ချက်ချင်း နီရဲသွားပြီး မျက်လုံးများ ပြူးကာ ထိတ်လန့်သွားရသည် တစ်ကိုယ်လုံးလည်း တုန်ယင်သွားသည်။
ဒီလူ သူက သူမကို တကယ်ပဲ ဖက်လိုက်တာလား သူမရဲ့ ဧကရီဆိုတဲ့ အဆင့်အတန်းကိုတောင် မထောက်ထားဘဲ ချူနင်က ဒီလောက်အထိ သတ္တိရှိလိမ့်မယ်လို့ သူမ တစ်ခါမှ မထင်ထားခဲ့ဘူး ပြီးတော့ သူမက သူတော်စင် နယ်ပယ်ကလေ။
ရဲ့ချန်းလျန်က ဒီရိုင်းစိုင်းတဲ့လူကို သင်ခန်းစာပေးဖို့ ပါးရိုက်တော့မည့်အချိန်မှာပင် ချူနင့်ရဲ့ စကားက ချက်ချင်း ထွက်လာသည်။
“ချန်းလျန် ကျွန်တော် ထင်တာတော့ ကလေးလေး လှုပ်နေတာကို ခံစားနေရပြီ”
သူ့ရဲ့ လက်တွေက သူမရဲ့ ဗိုက်အောက်ပိုင်းကို သိုင်းဖက်ထားတာ အမှန်ပင်။ သူမ ဆွံ့အသွားသည်။ ဒါက တကယ်ပဲ ကလေးကို ပွေ့ဖက်နေတာလား ဒါပေမဲ့ ဒီလိုမျိုးကြီး သူမ စိတ်ထဲက ရှက်စိတ်ကို အတင်းနှိမ်လိုက်ပြီး ခဏလောက် အာရုံခံကြည့်လိုက်သည်။
“ဟင်”
သူမ၏ မျက်နှာက ချက်ချင်းပင် လင်းလက်သွားပြီး ပျော်ရွှင်မှုတွေ ပြည့်သွားသည်။
“တကယ်ပဲ တကယ်ကြီး လှုပ်နေတာပဲ”