အခန်း (၇)၊ နိုးထသူများနှင့် မူလကမ္ဘာနယ်မြေအကြောင်း သိကောင်းစရာ (၁)
မိုက်ကယ် အိမ်အပြန်ခရီးအတွက် တက္ကစီတစ်စီး ထပ်ငှားလိုက်ရသော်လည်း သူတွန့်ဆုတ်မနေခဲ့ပေ။ နိုးထမှုဖြစ်စဉ်အပြီးတွင် ခန္ဓာကိုယ်က ပိုမိုသန်မာလာသည်ဟု ခံစားရသော်လည်း အပိုအလုပ်ရှုပ်ခံပြီး ပင်ပန်းခံနေစရာမလိုဟု သူတွေးမိသည်။ သူ့အိမ်က စွမ်းအားရှင်များအသင်းနှင့် မနီးလှပေ။ ကျောင်းမှ အိမ်အထိဆိုလျှင် မိနစ် ၃၀ ခန့် လမ်းလျှောက်ရပြီး၊ ယခု စွမ်းအားရှင်များအသင်း တည်နေရာမှဆိုလျှင် အိမ်ပြန်ရောက်ရန် အနည်းဆုံး တစ်နာရီခွဲခန့် ကြာပေလိမ့်မည်။ အခုဆိုလျှင် သူ့ဘဏ်အကောင့်ထဲတွင် ငွေရှိနေပြီဖြစ်သလို မကြာမီမှာလည်း ဒီထက်မကသော ငွေများ ရောက်လာတော့မည်ဖြစ်ရာ မိုက်ကယ်အနေဖြင့် အစွန်းထွက်လေးတွေကို ကပ်စေးနှဲနေရန် အကြောင်းမရှိတော့ပေ။
တက္ကစီပေါ်တွင်ရှိနေစဉ် သူသည် အန်တီဖြစ်သူထံ စာဆောင်တစ်စောင် ပို့ထားလိုက်သည်။ စွမ်းအားရှင်များအသင်းတွင် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် အိမ်ပြန်နေပြီဖြစ်ကြောင်း အသိပေးလိုက်ခြင်းဖြစ်သည်။ ထိုအချိန်မှာပင် ဘဏ်မှ အကြောင်းကြားစာတစ်ခု ရောက်ရှိလာပြီး ဒေါ်လာ ၁၅,၀၀၀ (မြန်မာငွေ သိန်း ၅၀၀ ကျော်ခန့်) သူ့အကောင့်ထဲသို့ လွှဲပြောင်းရောက်ရှိလာပြီဖြစ်ကြောင်း သိလိုက်ရသည်။
'ငါ ချမ်းသာပြီဟ! ချမ်းသာပြီ!'
မိုက်ကယ်သည် သူ့ဘဝဟောင်းတွင် ယခုထက်များပြားသော ငွေကြေးပမာဏကို မြင်ဖူးသော်လည်း၊ လက်ရှိတွင် သူသည် ၁၈ နှစ်အရွယ် လူငယ်တစ်ယောက်အဖြစ် နေထိုင်နေခြင်းဖြစ်ကြောင်းကို မေ့သွားတတ်သည်။ သူသည် ယခုဘဝသစ်ကို အပြည့်အဝ လက်ခံလိုက်လျောညီထွေဖြစ်အောင် နေထိုင်နေသူ ဖြစ်သည်။ စောစောက အန်တီ မိုင်ယာ သည် ချက်ချင်းပြန်စာပို့ခဲ့သော်လည်း ယခုတစ်ခါတွင်မူ ချက်ချင်းအကြောင်းမပြန်နိုင်သည်ကို မိုက်ကယ် နားလည်ပါသည်။ သူရရှိထားသော ငွေအချို့ကို အန်တီမိုင်ယာထံ ပို့ပေးရန် စဉ်းစားခဲ့သော်လည်း သူမ၏ စိတ်သဘာဝအရ ဗြုန်းစားကြီး ငွေအမြောက်အမြား မြင်လိုက်ရလျှင် ထိတ်လန့်သွားပြီး အလုပ်အပေါ် သက်ရောက်မှုရှိမည်ကို သူစိုးရိမ်သည်။ ထို့ကြောင့် အလျင်မလိုဘဲ သူမ အိမ်ပြန်ရောက်မှသာ ပြောပြရန် ဆုံးဖြတ်လိုက်သည်။
မိုက်ကယ်သည် တက္ကစီကို အိမ်ရှေ့အထိ တိုက်ရိုက်မမောင်းခိုင်းဘဲ အိမ်နှင့်နီးသော ရပ်ကွက်ထဲမှ ကုန်တိုက်တစ်ခုတွင် ဆင်းခဲ့သည်။ အန်တီဖြစ်သူက သူ့အတွက်နှင့် သူ့ဝမ်းကွဲညီမလေးအတွက် တစ်ခုခုဝယ်ရန် မှာကြားထားသည်ကို သူ မမေ့သေးပေ။ သို့သော် သူမပေးလိုက်သောငွေကို မသုံးဘဲ အစိုးရထံမှ ရရှိသောငွေကိုသာ သုံးရန် သူဆုံးဖြတ်လိုက်သည်။ ညနေပိုင်း အန်တီဖြစ်သူ အိမ်ပြန်ရောက်သည့်အခါ သူမပေးလိုက်သော ငွေများကို ပြန်ပေးမည့်အပြင် အပိုငွေအချို့ပါ ထည့်ပေးရန် သူစီစဉ်ထားသည်။
မိုက်ကယ် ကုန်တိုက်မှ ထွက်လာချိန်တွင် လက်ထဲ၌ ဈေးဝယ်အိတ်ပေါင်းများစွာ ပါလာခဲ့ပြီဖြစ်သည်။ ယခုတစ်ခေါက် ဈေးဝယ်ခြင်းအတွက် သူ ဒေါ်လာ ၅၀၀ ခန့် အသုံးပြုလိုက်သည်။ ဤမျှ ငွေဖြုန်းလိုက်ခြင်းမှာ အလွန်အကျွံဖြစ်သည်ဟု ထင်ရသော်လည်း မိုက်ကယ်ကတော့ နောင်တမရပါ။ လောလောဆယ်တွင် သူ့မိသားစုကို ဘဝ၏အရသာကို အနည်းငယ်ပို၍ ခံစားစေချင်မိသည်။ မိမိကိုယ်တိုင်နှင့် မိမိချစ်ရသူတွေအတွက်မှ မသုံးလျှင် ငွေရှိနေခြင်းက ဘာထူးမည်နည်း။
ဟုတ်ပါသည်၊ မိုက်ကယ်တွင် သုံးစွဲရန် ကန့်သတ်ချက်တော့ ရှိပါသည်။ အစိုးရက နိုးထသူအသစ်များကို အကျိုးခံစားခွင့်များ ပေးနေခြင်းမှာ စေတနာသက်သက်ကြောင့်သာ မဟုတ်နိုင်ဟု သူ သံသယရှိသည်။ ဤငွေများထဲမှ အချို့မှာ နိုးထသူများ၏ ကြီးထွားဖွံ့ဖြိုးမှုအတွက် အရင်းအမြစ်တစ်ခုအဖြစ် ပေးထားခြင်းဖြစ်နိုင်သည်ဟု သူ ခံစားမိသည်။
'သိပ်ပြီး အများကြီး တွေးမနေတော့ပါဘူး။ စွမ်းအားရှင်များအသင်းက ပို့ထားတဲ့ အီးမေးလ်တွေကို စစ်ကြည့်လိုက်ရင် အားလုံး ရှင်းသွားမှာပဲ။'
မိုက်ကယ် အိမ်ပြန်ရောက်ချိန်တွင် နေဝင်ရီတရော အချိန်သို့ ရောက်နေပြီဖြစ်သည်။ နိုးထခြင်း အခမ်းအနားကို မွန်းတည့် ၁၂ နာရီခွဲတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုအချိန်မှာ ညနေ ၄ နာရီကျော်နေပြီ ဖြစ်သည်။
'လီလီလည်း ကျောင်းက ပြန်ရောက်တော့မှာပဲ။ အချိန်ရတုန်း အိမ်ကိစ္စလေးတွေ စီစဉ်ထားဦးမှ။'
မိုက်ကယ်သည် ဝယ်လာသော စားသောက်ကုန်များကို သက်ဆိုင်ရာ နေရာအသီးသီးတွင် ထည့်သွင်းကာ ကျန်သည့် ပစ္စည်းများကိုလည်း စနစ်တကျ သိမ်းဆည်းလိုက်သည်။
"အား... ပင်ပန်းလိုက်တာ!"
အလုပ်တွေပြီးသွားချိန်တွင် မိုက်ကယ်မှာ ဗိုက်လည်း အတော်ဆာနေပြီ ဖြစ်သည်။ ထိုနေ့မနက်က မနက်စာ အနည်းငယ်သာ စားခဲ့ရသဖြင့် ကုန်တိုက်မှ ဝယ်လာသော ပါဝင်ပစ္စည်းများဖြင့် ကိုယ်တိုင်ချက်ပြုတ်ရန် သူ ဆုံးဖြတ်လိုက်သည်။ ဒီနေ့ ဟင်းလျာထဲမှာ အသားလည်း ပါတယ်လေ! စားဖိုမှူးတစ်ယောက်ဖြစ်သော အန်တီနှင့် အတူနေထိုင်ရသည့်အတွက် မိုက်ကယ်၏ ချက်ပြုတ်နိုင်စွမ်းမှာလည်း မဆိုးလှပေ။ သူ ထမင်းချက်ပြီး အသားကြော်နေစဉ်မှာပင် ဝမ်းကွဲညီမဖြစ်သူ လီလီ အိမ်ပြန်ရောက်လာသည်။
လီလီသည် သူမ၏အမေကဲ့သို့ပင် ဆံပင်အနက်ရောင်၊ မျက်လုံးပြာနှင့် အရပ်ပုပုလေး ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ မိုက်ကယ်သည် ရွှေရောင်ဆံပင်၊ မျက်လုံးစိမ်းနှင့် အရပ်ရှည်ရှည် ကိုယ်လုံးကိုယ်ပေါက်ရှိသဖြင့် မိသားစုထဲတွင် ထူးခြားနေသူဖြစ်သည်။ သူတို့ သုံးယောက်စလုံးမှာ သွေးသားရင်းချာမဟုတ်ကြောင်း သိထားကြသဖြင့် မထူးဆန်းသော်လည်း၊ သူတို့၏ မျိုးရိုးအမည်များ ကွဲပြားနေသည်ကို မသိမီအထိ ပြင်ပလူများက သူတို့ကို ညီအစ်ကို
မောင်နှမရင်းများဟု ထင်တတ်ကြသည်။
"နေကောင်းလား ကိုကိုမိုက်ကယ်!"
မီးဖိုချောင်တံခါးမှ ခေါင်းလေးပြူကာ လီလီက နှုတ်ဆက်လိုက်သည်။
"ဘာတွေချက်နေတာလဲ? ဟင်... အသားတွေလား! အနံ့က ရှယ်ပဲ!"
သွားရည်ကျနေသော ညီမလေးကိုကြည့်ကာ မိုက်ကယ် အားမလိုအားမရ ပြုံးလိုက်မိသည်။
"မစားခင် အရင်သွားရေချိုးလိုက်ဦး။ ကိုကို အဲဒီအတွင်းမှာ ပန်းကန်ထဲ ထည့်ပြင်ပေးထားမယ်။"
"ဟုတ်ကဲ့ပါ ကိုကိုမိုက်ကယ်!"
စားပိုးနင့်မလေးသည် ဘာမှထပ်မပြောတော့ဘဲ ချက်ချင်းလှည့်ထွက်သွားသည်။ သို့သော် စက္ကန့်အနည်းငယ်အကြာတွင် သူမ ပြန်လာပြီး မိုက်ကယ်ကို မဝံ့မရဲ ကြည့်နေပြန်သည်။
"ဘာဖြစ်လို့လဲ?" မိုက်ကယ်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ကိုကိုမိုက်ကယ်..." လီလီသည် လက်ကလေးနှစ်ဖက်ကို နောက်ပစ်ကာ ခေါင်းငုံ့လျက် စကားစလိုက်သည်။ "နိုးထခြင်း အခမ်းအနားက ဘယ်လိုဖြစ်သွားလဲဟင်?"
"အော်... ဒါကြောင့်ကိုး။"
သားအမိနှစ်ယောက် ထပ်တူကျနေပုံကိုကြည့်ပြီး မိုက်ကယ် သက်ပြင်းချလိုက်မိသည်။ သူတို့သည် မိုက်ကယ်၏ စိတ်ကို မထိခိုက်စေချင်သော်လည်း လျစ်လျူရှုမထားတတ်ကြပေ။ လီလီသည် မိုက်ကယ်၏ သက်ပြင်းချသံကို ကြားလိုက်သောအခါ သူ နိုးထမှုမအောင်မြင်ခဲ့ဟု ထင်သွားသည်။
"အရမ်း စိတ်မကောင်းမဖြစ်ပါနဲ့ ကိုကိုမိုက်ကယ်ရယ်။ နိုးထမှု မအောင်မြင်လည်း ကမ္ဘာကြီး ပျက်စီးသွားတာမှ မဟုတ်တာ။ ကိုကိုက မူလကမ္ဘာနယ်မြေကို မသွားနိုင်ရင်တောင် တခြားနည်းလမ်းတွေနဲ့ အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်လာပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ နယ်မြေတွေကို ဝင်ရောက်နိုင်မယ်လို့ ညီမလေး ယုံကြည်ပါတယ်! အနာဂတ်က တောက်ပနေတုန်းပါပဲ!"
မိုက်ကယ်မှာ ညီမလေး၏ စကားကိုကြားပြီး ဆွံ့အသွားရသည်။
'ငါ ဘယ်တုန်းက နိုးထမှု မအောင်မြင်ဘူးလို့ ပြောလို့လဲ? ဒီ ၁၅ နှစ်သမီးလေး ခေါင်းထဲမှာ ဘာတွေတွေးနေတာပါလိမ့်?'
သို့သော် မကြာမီမှာပင် မိုက်ကယ်သည် သဘောကျလွန်းသဖြင့် ရယ်မောမိတော့သည်။ လီလီမှာမူ မျက်ရည်ကျသည်အထိ ရယ်နေသော မိုက်ကယ်ကိုကြည့်ပြီး ကြောင်တောင်တောင် ဖြစ်သွားသည်။ 'ငါ့ကိုကို စိတ်မကောင်းဖြစ်လွန်းလို့ ရူးသွားပြီလား' ဟုပင် သူမ တွေးမိသည်။ စောစောက သူ အေးဆေးဖြစ်နေတာ ဒါကြောင့်များလား။
မိုက်ကယ်သည် စိုးရိမ်ပူပန်နေသော ညီမလေး၏ မျက်နှာကို မကြည့်ရက်တော့သဖြင့် အမှန်အတိုင်း ပြောပြလိုက်ရသည်။
"ဘယ်သူက နိုးထမှု မအောင်မြင်ဘူးလို့ ပြောလို့လဲ ကလေးမလေးရဲ့? ထူးခြားတဲ့ အထိမ်းအမှတ် မရှိဘဲနဲ့ ငါတို့ ဒီနေ့ အသားဟင်း စားပါ့မလား?"
"ဟင်?"
ထို့နောက် မိုက်ကယ်သည် ထိုနေ့မွန်းလွဲပိုင်းက ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုပ် ပြောပြလိုက်သည်။ စွမ်းအားရှင်များအသင်းအကြောင်းကို အသေးစိတ် မပြောသော်လည်း ရရှိထားသော ငွေများအကြောင်းကိုတော့ ထည့်ပြောလိုက်သည်။
"ဝိုး! ကိုကိုမိုက်ကယ်... ကိုကို ချမ်းသာသွားပြီပေါ့!"
"ဘာတွေတွေးနေတာလဲ? ငါ့ကို အဲ့ဒီလို မျက်လုံးကြီးနဲ့ ကြည့်မနေနဲ့!"
"ကိုကိုမိုက်ကယ်ကြီးရယ်~~"
"ဟေ့ ဟေ့ ဟေ့!"
"မုန့်ဖိုးပေးပါဦး~~"
မိုက်ကယ်သည် ကတိအချို့ပေးကာ သူ့အကောင့်ထဲက ငွေတွေအပေါ် အာရုံရောက်နေသော ညီမဖြစ်သူကို ဖျောင်းဖျလိုက်ရသည်။ လီလီတစ်ယောက် သီချင်းတအေးအေးနှင့် ပျော်ရွှင်စွာ ခုန်ပေါက်ထွက်သွားသည်ကို ကြည့်ရင်း မိုက်ကယ်၏ မျက်နှာတွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာသည်။ သူမသည် ငွေကြောင့် ပိုပျော်နေပုံရသော်လည်း၊ သူ နိုးထမှု အောင်မြင်သွားသည့်အတွက် စစ်မှန်စွာ ဝမ်းသာနေသည်ကို သူ သိပါသည်။
မိုက်ကယ် သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်းရှူကာ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ထမင်းပန်းကန်ကို ကိုင်ကာ သူ့အခန်းထဲသို့ ဝင်ခဲ့သည်။ သူ အချိန်ဆွဲနေခဲ့သည်မှာ ကြာလှပြီ။ ယခုတော့ ဤ 'နိုးထခြင်း' လုပ်ငန်းစဉ်အကြောင်းကို အသေအချာ လေ့လာရန် အချိန်ရောက်ပြီ ဖြစ်သည်။