အခန်း (၆)၊ နိုးထသူအဖြစ် မှတ်ပုံတင်ခြင်း (၂)
စွမ်းအားရှင်အသင်းခွဲ အဆောက်အအုံအတွင်းပိုင်းသည် အနည်းငယ် ဆူညံနေသဖြင့် မိုက်ကယ် အတော်လေး အံ့သြသွားရသည်။ အပြင်ဘက်တွင် ဘာသံမှ သိပ်မကြားရသဖြင့် အဆောက်အအုံအတွင်းမှာလည်း တိတ်ဆိတ်နေလိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်းဖြစ်သည်။ တကယ်တမ်းတွင် လူအတော်များများ ရှိနေပြီး အများစုမှာလည်း အလွန်ငယ်ရွယ်ပုံရသည်။ သူတို့သည်လည်း သူ့နည်းတူပင် အသစ်စက်စက် "နိုးထသူ" များ ဖြစ်နိုင်ကြောင်း မိုက်ကယ် သိပ်စဉ်းစားစရာမလိုဘဲ ရိပ်မိလိုက်သည်။ ဝုဒ်စတုန်း တစ်မြို့လုံးတွင် စွမ်းအားရှင်အသင်းခွဲ နှစ်ခုသာ ရှိသဖြင့် နိုးထသူဆိုသည်မှာ ရှားပါးသည်ဆိုသော်ငြား ယခုကဲ့သို့ လူစုလူဝေးကို မြင်တွေ့ရသည်မှာ မဆန်းပေ။ တစ်နိုင်ငံလုံးရှိ ကျောင်းများအားလုံးက ယနေ့ကို နိုးထခြင်းအခမ်းအနားကျင်းပရန် သတ်မှတ်ထားကြသဖြင့် ဤအဆောက်အအုံအတွင်းရှိ လူငယ်အများစုမှာ ဝုဒ်စတုန်းမြို့မှ အသစ်စက်စက် နိုးထလာသူများသာ ဖြစ်ပေလိမ့်မည်။ ယနေ့ကျော်လွန်သွားပါက နောက်နှစ်ရက်အတွင်း လာရောက်မှတ်ပုံတင်မည့် နိုးထသူအသစ် အရေအတွက်မှာ နည်းပါးသွားမည်ဖြစ်သည်။
မိုက်ကယ် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ကျောင်းသား အနည်းဆုံး ၃၀ ခန့် ရှိနေသည်ကို ခန့်မှန်းမိသည်။ ဝုဒ်စတုန်းမြို့ရှိ အစိုးရနှင့် ပုဂ္ဂလိကကျောင်း ကိုးကျောင်းလုံးမှ လာကြခြင်းဖြစ်၍ ဤအရေအတွက်မှာ မနည်းလှပေ။ သူသည် ပတ်ဝန်းကျင်ကို အကဲခတ်ရင်း လက်ခံစောင်ကြိုကောင်တာဆီသို့ ဦးတည်နေသည့် တန်းစီလူတန်းရှည်များထဲမှ အတိုဆုံးတစ်ခုတွင် ဝင်စီလိုက်သည်။ ရှေ့ဆုံးရောက်လျှင် ဘာတွေဖြစ်လာမည်လဲဟု သူ မသေချာသော်လည်း သူ့အရွယ်တူ နိုးထသူအသစ်များကို မြင်နေရခြင်းက သူ့ကို အတိုင်းအတာတစ်ခုအထိ အကြံရစေသည်။
ကံကောင်းထောက်မစွာဖြင့် မိုက်ကယ် အကြာကြီး စောင့်လိုက်ရခြင်းမရှိပေ။ ၂၈ မိနစ်ခန့်အကြာတွင် သူသည် လူတန်း၏ ရှေ့ဆုံးနားသို့ ရောက်ရှိလာပြီး သူ့ရှေ့တွင် တစ်ယောက်သာ ကျန်တော့သည်။ သူ့နောက်တွင်လည်း လူများ ထပ်မံတိုးလာနေသည်။ စောင့်ဆိုင်းနေစဉ်မှာပင် အိတ်ကပ်ထဲမှ ဖုန်းတုန်ခါလာသည်ကို ခံစားလိုက်ရသည်။ သူ ဖုန်းကို ထုတ်ကြည့်လိုက်ရာ စာဆောင်အသစ်တစ်စောင် ရောက်နေလေသည်။
[မိုင်ယာဂရေ့စ် ထံမှ သင့်အကောင့် ၂၇******၇၈၊ XXXX အပြည်ပြည်ဆိုင်ရာဘဏ် သို့ ဒေါ်လာ၃၀၀ လွှဲပြောင်းပေးပြီးပါပြီ။ သင့်လက်ကျန်ငွေမှာ ဒေါ်လာ၄၆၁ ဖြစ်ပါသည်!]
'သုံးရာတောင်လား? အတော်များသားပဲ!'
သူ့အဒေါ် လွှဲပေးလိုက်သည့် ငွေပမာဏကို ကြည့်ပြီး မိုက်ကယ် စိတ်မသက်မသာ ဖြစ်သွားသည်။ အဒေါ်မိုင်ယာ၏ လစာမှာ တစ်ခါတရံရသည့် အပိုဆုကြေးများကို မတွက်လျှင် တစ်လမှ ဒေါ်လာ၃,၀၀၀ ဝန်းကျင်သာ ရှိပြီး ယခုပင် သူမလစာ၏ ဆယ်ပုံတစ်ပုံကို လွှဲပေးလိုက်ခြင်းဖြစ်သည်။ ဇွန်လလယ် ရောက်နေပြီဖြစ်ရာ ပုံမှန်အားဖြင့် လဆန်းပိုင်းတွင် လစာရတတ်သော မိုင်ယာအတွက် ဤ ဒေါ်လာ၃၀၀ မှာ သူမလက်ထဲ ကျန်သမျှ၏ လေးပုံတစ်ပုံ ဖြစ်နေနိုင်သည်။ ကမ္ဘာမြေပေါ်တွင်တောင် ဒေါ်လာ၃,၀၀၀ ဆိုသည်မှာ မိသားစုတစ်စု ရပ်တည်ရန် မလွယ်ကူလှပေ။ ယခင်ရှိနေသည့် လက်ကျန် ဒေါ်လာ၁၆၁ မှာလည်း အဒေါ်မိုင်ယာ ပေးနေကျ တစ်လစာ မုန့်ဖိုး ဒေါ်လာ၃၀၀ ထဲမှ ကျန်ရှိနေသော ငွေများဖြစ်သည်။
မိုက်ကယ် စိတ်ပူသွားသော်လည်း ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။ ဤကမ္ဘာတွင် သူသည် အမှန်တကယ်ပင် အချစ်ခံနေရသည်။ ကင်ဆာရောဂါကို ဘယ်သူမှ ဂရုမစိုက်ဘဲ တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရသည့် ကမ္ဘာဟောင်းတွင် သူ ခဲခဲယဉ်းယဉ်းသာ ခံစားခဲ့ရဖူးသည့် အရာမျိုးဖြစ်သည်။ မိသားစုအကြောင်း တွေးမိရင်း မိုက်ကယ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူတို့ဘဝတွေကို ပြောင်းလဲပေးကာ ကောင်းကောင်းစောင့်ရှောက်မည်ဟု စိတ်ထဲမှ ထပ်မံတိုင်တည်လိုက်သည်။
သို့သော်လည်း ဝေခွဲမရသည့် အတွေးတစ်ခုက ဝင်ရောက်လာသည်။ 'နိုးထသူတစ်ယောက် ဖြစ်လာတာက သာမန်လူတစ်ယောက်ရဲ့ ဘဝကို တကယ်ပဲ အကြီးအကျယ် ပြောင်းလဲပေးနိုင်မှာလား?'
အမှန်အတိုင်း ပြောရလျှင် လူတိုင်းမှာ "နိုးထသူ" ဖြစ်လာခြင်းသည် ဘဝ၏ အထွတ်အထိပ်သို့ တက်လှမ်းနိုင်သည့် တစ်ကြောင်းတည်းသော လက်မှတ်ဟု ယုံကြည်ကာ ကြီးပြင်းလာခဲ့ကြသည်။ သို့သော် ရရှိလာမည့် အစွမ်းထက်မှုအပြင်၊ ၎င်းက ဘဝကို မည်သို့မည်ပုံ အတိအကျ ပြောင်းလဲသွားစေမည်နည်းဆိုသည်မှာ လူအများစုအတွက် ပဟေဠိတစ်ခုသာ ဖြစ်နေဆဲပင်။ အင်အားရှိလျှင် ချမ်းသာကြွယ်ဝမှု ပါလာတတ်သည်မှာတော့ အများသိသာဖြစ်သည့် အမှန်တရားပင်။ လူကြီးဘဝကို မနည်းဖြတ်သန်းခဲ့ရသည့် မိုက်ကယ်ကတော့ ဤအချက်ကို ကောင်းကောင်းကြီး သိထားသည်။
အတွေးမျိုးစုံ ဖြတ်ပြေးနေစဉ်မှာပင် မိုက်ကယ်၏အလှည့်သို့ ရောက်ရှိလာတော့သည်။
"မင်္ဂလာပါရှင်၊ ဘာကူညီပေးရမလဲ?"
ကောင်တာနောက်မှ အမျိုးသမီးက မေးလိုက်သည်။ သူမသည် အသက် ၂၀ ကျော်နှောင်းပိုင်း အရွယ်ခန့်ရှိပြီး လုပ်ငန်းခွင်အပြုံးတစ်ခုကို ဆင်မြန်းထားသည်။ သူမ၏ တည်ငြိမ်သော အမူအရာကြောင့် မိုက်ကယ်၏ လှုပ်ရှားနေသော စိတ်များ အနည်းငယ် ငြိမ်ကျသွားပြီး သူက တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည်။
"ကျွန်တော် မှတ်ပုံတင်ဖို့ လာတာပါ"
"ဘာအဖြစ်လဲဟင်?"
အမျိုးသမီးက သူ၏ ကျောင်းဝတ်စုံကို ငဲ့ကြည့်ရင်း မေးလိုက်သည်။ ပုံမှန်အားဖြင့် မှတ်ပုံတင်ရန်လာသည့် ကျောင်းသား နှစ်မျိုးသာ ရှိတတ်သည်။ နိုးထသူအသစ်များ သို့မဟုတ် ကျောင်းတက်နေစဉ်မှာပင် "အဆင့် (၁) ကျင့်ကြံသူ" အဖြစ် ရောက်ရှိနိုင်လောက်အောင် ပါရမီပါသူများသာ ဖြစ်သည်။ ယနေ့က အမျိုးသားနိုးထခြင်း အခမ်းအနားနေ့ ဖြစ်သော်လည်း သူမအနေဖြင့် အလျင်စလို မကောက်ချက်ချလိုပေ။
"ဟုတ်ကဲ့၊ ကျွန်တော် နိုးထသူအဖြစ် မှတ်ပုံတင်ဖို့ လာတာပါ" ဟု မိုက်ကယ်က အတည်ပြုလိုက်သည်။
"ဪ... ဟုတ်ပါပြီ"
သူ့အဖြေကြောင့် သူမက အံ့သြပုံမပြပေ။ ရည်ရွယ်ချက်ကို အတည်ပြုပြီးနောက် သူမသည် မိုက်ကယ်ကို မေးခွန်းအချို့ စတင်မေးမြန်းတော့သည်။ အများစုမှာ နာမည်၊ အသက်နှင့် လိပ်စာကဲ့သို့ ကိုယ်ရေးအချက်အလက်များသာ ဖြစ်သည်။ တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ဘဏ်အကောင့်နံပါတ်ကိုပါ တောင်းသဖြင့် မိုက်ကယ်လည်း တုံ့ဆိုင်းမနေဘဲ ပေးလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် လုပ်ငန်းစဉ်များမှာ မြန်ဆန်ပြီး ထင်ထားသည်ထက် ပို၍ ရိုးရှင်းနေသည်။
"ကျွန်တော့်ရဲ့ အသက်မွေး၀မ်းကျောင်းအကြောင်း မမေးတော့ဘူးလား?"
မိုက်ကယ်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"မလိုပါဘူး မောင်မိုက်ကယ်၊ မောင်တို့်ကျောင်းကနေ အဲဒီအချက်အလက်တွေကို ကျွန်မတို့ဆီ ပို့ပေးပါလိမ့်မယ်"
အမျိုးသမီးက သူမ၏ ထုံးစံအတိုင်း ပြုံးလျက် ပြန်ဖြေသည်။
'ဪ... အေးလေ၊ အဲလိုကိုး' မိုက်ကယ် အခုမှ သဘောပေါက်သွားသည်။ 'သူ မေ့သွားတာလားလို့ ကျွန်တော် ထင်နေတာ။ စဉ်းစားကြည့်တော့လည်း ဟုတ်ပါတယ်။ စွမ်းအားရှင်အသင်းမှာ နိုးထသူတွေရဲ့ အသက်မွေး
၀မ်းကျောင်းကို စစ်ဆေးနိုင်တဲ့ နည်းလမ်းရှိရင်တောင်၊ လာသမျှလူတိုင်းကို လိုက်စစ်နေဖို့က အချိန်အများကြီး ကုန်မှာပဲ'
သူမပေးသည့် စက်ပေါ်တွင် လက်ဗွေနှိပ်ပြီး အသစ်ထွက်လာသော စာရွက်စာတမ်းပေါ်တွင် လက်မှတ်ထိုးပြီးနောက်၊ အမျိုးသမီးက ပိုမိုလေးနက်သော လေသံဖြင့် ဆိုလာသည်။
"နိုးထသူတစ်ယောက် ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ် မောင်မိုက်ကယ်"
"ဒီနေ့ကစပြီး မောင်ဟာ ပြည်ထောင်စု ၊ ပြည်သူလူထုနဲ့ အော်ရိုရာနယ်မြေတို့ရဲ့ ဂုဏ်ယူစရာ စစ်သည်တော်တစ်ယောက် ဖြစ်သွားပါပြီ။ ပြည်ထောင်စုရဲ့ နိုးထသူအသစ်တစ်ယောက်အနေနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်စဉ်တွေနဲ့ ကိုယ်ခံပညာတွေကို မောင်လေးရဲ့ အီးမေးလ်ထဲ ပို့ပေးပါလိမ့်မယ်။ နောက်ပြီး စွမ်းအားရှင်တွေအတွက် သီးသန့်ပြုလုပ်ထားတဲ့ ပလက်ဖောင်းရဲ့ လင့်ခ်ကိုလည်း ပေးပါမယ်။ လျှို့ဝှက်နံပါတ် ကတော့ မောင်လေးရဲ့ အမည်အပြည့်အစုံကို စာလုံးကြီး နဲ့ ရေးပြီး၊ နောက်မှာ ဒီနှစ်ရဲ့ နံပါတ် '၂၂၈' ကို ခြားနားချက်မရှိဘဲ တွဲရေးရမှာပါ"
"ဒါ့အပြင် နိုးထသူအသစ်တစ်ယောက်အနေနဲ့ တစ်လကို ထောက်ပံ့ကြေး ဒေါ်လာ၁၅,၀၀၀ ခံစားခွင့် ရှိပါတယ်။
အကယ်၍ ခြောက်လအတွင်း အဆင့် (၁) ကို မရောက်နိုင်ဘူးဆိုရင် ဒီပမာဏကို ထက်ဝက်လျှော့ချမှာဖြစ်ပြီး၊ တစ်နှစ်အတွင်း အဆင့် (၂) နိုးထသူ မဖြစ်လာနိုင်ဘူးဆိုရင်တော့ ဒီခံစားခွင့်ကို ရပ်စဲမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မောင့်ရဲ့ အဆင့်တက်လှမ်းမှုနဲ့အညီ လစဉ်ထောက်ပံ့ကြေးကလည်း တိုးလာမှာပါ"
ရုတ်တရက် ရောက်လာသည့် သတင်းအချက်အလက်များကြောင့် မိုက်ကယ် အနည်းငယ် ကြောင်အသွားသော်လည်း တစ်ခုကတော့ သူ့အာရုံကို ချက်ချင်း ဖမ်းစားသွားသည်။ အဲဒါကတော့ ငွေ! ငွေတင်မကဘဲ အခြားသော အကျိုးခံစားခွင့်တွေပါ ပါလာဦးမည်! သတ်မှတ်ထားသည့် စည်းကမ်းချက်များက တင်းကျပ်သည်ဟု ထင်ရသော်လည်း မကြာမီမှာပင် သူသည် ကြီးမားသော ဝင်ငွေတစ်ခုကို ရရှိတော့မည်ဆိုသည့် အချက်ကတော့ မပြောင်းလဲပေ။ မိုက်ကယ်၏ ရင်ခုန်သံများ မြန်လာသော်လည်း အတွေးထဲ နစ်မသွားမီ ကောင်တာနောက်မှ အမျိုးသမီးက ထပ်မံပြောဆိုလာသည်။
"မောင်မိုက်ကယ် တခြား သိချင်တာ ရှိသေးလားရှင်?"
သူမ ပြောသမျှကို နားလည်သွားပြီဖြစ်၍ "မရှိပါဘူး" ဟု အလိုအလျောက် ပြန်ပြောတော့မည့်ဆဲဆဲမှာ တစ်ခုကို သတိရသွားသည်။ ရုတ်တရက် ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ မျက်နှာနီမြန်းလျက် လေသံတိုးတိုးဖြင့် မေးလိုက်သည်။
"အဲဒီ လစဉ်ထောက်ပံ့ကြေးက ဘယ်တော့လောက် ရမလဲဟင်?"
"အာ..."
အမျိုးသမီးမှာ သိသိသာသာ အံ့အားသင့်သွားသော်လည်း၊ စိတ်ကိုပြန်ထိန်းလိုက်ပြီးနောက် သူမ၏ အပြုံးက ပို၍ ကျယ်ပြန့်လာကာ ရယ်ချင်စိတ်ကို အောင့်ထားရပုံရသည်။ သူမ၏ တုံ့ပြန်မှုကြောင့် မိုက်ကယ် ပို၍ပင် ရှက်သွားရသော်လည်း၊ ကံကောင်းထောက်မစွာပင် သူမက ထိုအချက်ကို အကြာကြီး ဆွဲမထားခဲ့ပေ။
"အနောက်ဆုံး တစ်နာရီအတွင်း ရပါလိမ့်မယ်ရှင်"
မိုက်ကယ် အသာအယာ ခေါင်းညိတ်ပြကာ သူမကို ကျေးဇူးတင်စကားဆိုပြီး စွမ်းအားရှင်အသင်းအဆောက်အအုံထဲမှ အမြန်ထွက်လာခဲ့သည်။ ငွေအကြောင်း မေးမြန်းခဲ့သည်ကို နောင်တမရသော်လည်း၊ သူက တခြားအရာတွေထက် ငွေကိုပဲ ပိုမက်မောနေသလိုမျိုး အထင်ခံရမှာကိုတော့ စိုးရိမ်မိသည်။ တကယ်တော့လည်း... သူက ငွေကို တကယ်ပဲ အရေးတကြီး လိုအပ်နေတာလေ။
'ဘာပဲဖြစ်ဖြစ်၊ ဒါဆိုရင်တော့ နောက်လတွေမှာ အိမ်မှာ ငွေပြတ်လပ်မှာ မဟုတ်တော့ဘူး။ အဒေါ်လည်း အလုပ်တွေ အပင်ပန်းခံစရာ မလိုတော့သလို၊ သူမနဲ့ လီလီတို့လည်း ကိုယ့်ကိုယ်ကိုယ် ပိုပြီး ဂရုစိုက်နိုင်ကြတော့မယ်'
မိုက်ကယ်သည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသော်လည်း ထိုပျော်ရွှင်မှုကြောင့် မျက်စိမကွယ်သွားပေ။ ဤကမ္ဘာတွင် ဘာမှ အလကားမရမှန်း သူသိသည်။ နိုးထသူတစ်ယောက် ဖြစ်လာလျှင်တောင် ပြည်ထောင်စုက တစ်စုံတစ်ရာ ပြန်လည်မျှော်လင့်ခြင်းမရှိဘဲ ငွေတွေကို ဒီတိုင်းပေးနေမည် မဟုတ်ပေ။
'ရှုပ်ထွေးနေပုံရပေမဲ့ အဲဒီအမျိုးသမီး ပြောပုံအရဆိုရင်တော့ ဒီခံစားခွင့်တွေကို ဆက်ရဖို့နဲ့ ပိုတိုးလာဖို့အတွက် ကျွန်တော် လုပ်ရမှာက ပိုပြီး အစွမ်းထက်လာအောင် လုပ်ဖို့ပဲ'
ယခုတော့ မိုက်ကယ်မှာ ရှင်းလင်းသော ရည်မှန်းချက်တစ်ခု ရှိသွားပြီ။ ၎င်းမှာ သူ၏ အစွမ်းကို လျင်မြန်စွာ မြှင့်တင်ရန်နှင့် သူ့မိသားစုနှင့် သူ့ဘဝကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန်ဖြစ်သည်။ နိုးထသူတစ်ယောက် ဖြစ်လာခြင်းက အစပျိုးရုံသာ ရှိသေးသည်။ သို့သော် အရာအားလုံးထက် အရင်ဆုံး အိမ်ပြန်ပြီး စွမ်းအားရှင်အသင်းက ပို့ပေးမည့် အချက်အလက်များကို ကြည့်ကာ နိုးထသူများအကြောင်း ပိုမိုလေ့လာရပေဦးမည်။