အခန်း (၉၀) - အိမ်သစ်သို့ ပြောင်းရွှေ့ခြင်း
ကျန်းဖုန်း သည် ဟန်ဒေါင် ကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။ ဟန်တုန်းက သူ့ထံ ရုတ်တရက် ရောက်ရှိလာသဖြင့် သူ တော်တော်လေး အံ့အားသင့်သွားရသည်။ လမ်းကြားထဲ၌ ရှိနေသည့် ချူယွီယန် မှာမူ ထိုမြင်ကွင်းကြောင့် ဆွံ့အသွားခဲ့ရသည်။ ကျန်းဖုန်းသည် သူမကိုကျ ငြင်းပယ်လွှတ်လိုက်ပြီး အခြားတစ်ယောက်ကိုမူ ဖိတ်ခေါ်သွင်းသွားသည်။ သူ့အိမ်က အဆင်မပြေဘူးဆိုသည်မှာ အမှန်ပင်မဟုတ်လော။
သူမအတွက်ကျ အဆင်မပြေဘဲ အခြားသူများအတွက်မူ အဘယ်ကြောင့် အဆင်ပြေနေရသနည်း။ ထိုအခိုက်အတန့်တွင် ချူယွီယန်သည် အဖြေတစ်ခုကို အမှန်တကယ်ပင် သွားရောက်တောင်းဆိုချင်စိတ် ပေါက်သွားမိသည်။ သို့သော်လည်း နောက်ဆုံးတွင် သူမ ထိုစိတ်ကို ထိန်းချုပ်လိုက်ပြီး အလွန်အမင်း စိတ်ပျက်လက်ပျက်ဖြင့် ချောင်ယန် လမ်းကြားမှ ထွက်ခွာသွားခဲ့တော့သည်။ ယခုအချိန်၌ သူမသည် ကျန်းဖုန်းကို ကျေးဇူးမသိတတ်သူဟု ထင်ရုံသာမက မောက်မာလွန်းလှသည်ဟုပါ ခံစားလိုက်ရသည်။ အကယ်၍ သူမ၏ ပိုးပန်းသူများသာ သူမအား ကျန်းဖုန်းက လျစ်လျူရှုလိုက်သည်ကို သိသွားပါက သူ့ကို အစအနမကျန် ဆွဲဆုတ်ပစ်ကြပေလိမ့်မည်။
“အစ်မဒေါင် ... ကျွန်တော်နဲ့အတူ အရက်သောက်ဖို့ ဒီကိုလာမယ်ဆိုတာ ဘာလို့ ကြိုမပြောရတာလဲဗျာ”
နွေရာသီကာလ ဖြစ်သည်။
တောက်ပသော လမင်းကြီးသည် ကောင်းကင်ထက်၌ မြင့်မားစွာ ချိတ်ဆွဲနေသည်။ ရင်ပြင်ထဲတွင် ထိုင်၍ အရက်တစ်ခွက် သောက်ရခြင်းမှာ အလွန်ပင် ပြီးပြည့်စုံလှပေသည်။ ကျန်းဖုန်းသည် မြေပဲဆားလှော် တစ်ပန်းကန်နှင့် သူကိုယ်တိုင်လုပ်ထားသော အချဉ်သီးနှပ်တစ်ပွဲကို ပြင်ဆင်ပြီး ဟန်ဒေါင် နှင့်အတူ အိမ်ရှေကွက်လပ်၌ ထိုင်လိုက်သည်။
“ဘာလို့ ချူယွီယန်ကို အထဲမပေးဝင်တာလဲ”
ဟန်ဒေါင် သည် အိမ်ရှေ့နှင့် ကျန်းဖုန်း၏ အခန်းကို လှည့်ပတ်ကြည့်ရှုကာ ဧည့်သည် လာထားသည့် အရိပ်အယောင် မတွေ့သဖြင့် စပ်စုလိုစိတ်ဖြင့် မေးလိုက်မိသည်။
“သူက ကျေးဇူးလာတင်ပြီး ပြန်သွားတာပါပဲ”
ကျန်းဖုန်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။ ဟန်ဒေါင် က ဘာမှမပြောဘဲ ပြုံးလိုက်သည်။ ချူယွီယန်သည် နေနှင့်လ အဆောက်အအုံ ၏ ပြည့်တန်ဆာ တစ်ဦးဖြစ်ပြီး ချောင်ယန်လမ်းကြားသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာခြင်း ဖြစ်သည်။ ၎င်းသည် ရိုးရိုးရှင်းရှင်း ကျေးဇူးတင်ရုံသက်သက်မျှ မဖြစ်နိုင်ပေ။ အထူးသဖြင့် စောစောက သူတို့ချင်း လမ်းဖြတ်လျှောက်သွားစဉ်က သူမ၏ မျက်နှာအမူအရာမှာ မကောင်းလှပေ။ ကျန်းဖုန်းက ချူယွီယန်ကို နှင်လွှတ်လိုက်ခြင်း ဖြစ်သည်ဟု ဟန်ဒေါင် သေချာပေါက် သိနေသည်။
“အစ်မဒေါင်.. .. သောက်ကြရအောင်”
ကျန်းဖုန်းက ဟန်ဒေါင် ၏ ခွက်ထဲသို့ အရက်ငှဲ့ပေးလိုက်သည်။ အရှိန်ရရုံရှိသေး၊ ကျန်းဖုန်း တစ်ခုခု မူမမှန်သည်ကို ခံစားလိုက်ရသည်။
တစ်စုံတစ်ယောက်က ချဉ်းကပ်လာပြီး သူတို့ကို စောင့်ကြည့်နေသည်။ ထိုပြိုင်ဘက်၏ စွမ်းအားမှာ မြင့်မားလှသည်။ သူသည် ကိုယ်ခံပညာရှင် တစ်ဦး ဖြစ်သည်။
'ရှောင်ရန် ပဲ'
ကျန်းဖုန်း စိတ်ထဲမှ တွေးလိုက်သည်။ ထိုသူသည် ဟန်ဒေါင် နောက်သို့ လိုက်လာခြင်း ဖြစ်သည်။
အသေအချာ စဉ်းစားကြည့်ပြီးနောက် ရှောင်ရန်မှတစ်ပါး အခြားသူ မဖြစ်နိုင်ပေ။ အကယ်၍ ရန်သူသာဆိုလျှင် ဟန်ဒေါင် က ချောင်ယန်လမ်းကြားထဲသို့ ဝင်လာကတည်းက လှုပ်ရှားသွားလောက်ပြီ ဖြစ်သည်။
“ချူယွီယန်က ဘာဖြစ်လို့လဲ”
ဟန်ဒေါင် က ခွက်ကို မြှောက်ကာ မေးလိုက်သည်။ သူမ၏ စပ်စုချင်စိတ်က နောက်ဆုံးတွင် အနိုင်ရသွားခဲ့သည်။
“မိန်းကလေးချူက ကဏ္ဍစုံမှာ ပြည့်စုံလှပါတယ်”
ကျန်းဖုန်းက ရိုးသားစွာ သုံးသပ်လိုက်သည်။ အကယ်၍ နောက်ဆက်တွဲ ဖြစ်လာနိုင်မည့် ပြဿနာများသာမရှိပါက ကျန်းဖုန်းသည် ချူယွီယန်နှင့်အတူ လှပသော ညချမ်းတစ်ခုကို ဖြတ်သန်းချင်မိမည် ဖြစ်သည်။
“ဒါဆိုရင် ငါသူ့ကို ပြန်ခေါ်ပေးမယ်လေ”
ဟန်ဒေါင် က ချက်ချင်း ထရပ်လိုက်သည်။
“အစ်မဒေါင် !”
ကျန်းဖုန်း ထိတ်လန့်သွားပြီး ဟန်ဒေါင် ၏ လက်ကို အမြန်လှမ်းဆွဲလိုက်သည်။ အဝေးတစ်နေရာတွင်မူ ‘စွမ်းအင် နှင့် သွေးသားစွမ်းအား တို့ဖြင့် အားဖြည့်ထားသော တည်ရှိမှုတစ်ခုက အနည်းငယ် တုန်ခါသွားသည်။ ကျန်းဖုန်းက တစ်ခုခု မူမမှန်သည်ကို ရိပ်မိသွားပြီး အမြန်ပင် လက်ကို လွှတ်လိုက်တော့သည်။ ဟန်ဒေါင် ၌ နောက်လိုက် အများအပြား မရှိသော်လည်း သူမတွင် အဆင့်-၂ စွမ်းအားရှင် ဖြစ်သလို ကျန့်နန် ၏ အမွေခံဖြစ်သူ မင်းသားနောက်လိုက်တစ်ယောက် ရှိနေသည်ကို သူ သတိပြုမိသွားသည်။
“ဘယ်သူလဲ”
ဟန်ဒေါင် က ထိုလှုပ်ရှားမှုကို ရိပ်မိသွားသည်။ သူမသည် စားပွဲပေါ်မှ တူတစ်စုံကို အမြန်ကောက်ယူကာ အနောက်မြောက်ဘက် ထောင့်စွန်းဆီသို့ ပစ်လွှတ်လိုက်သည်။
အကျဉ်းထောင်တံခါးဝ၌ သူမအား ဆရာတစ်ယောက်က ချုံခိုတိုက်ခိုက်ရန်ပြုကတည်းက ဟန်ဒေါင် သည် သူမ၏ သတိဝီရိယကို တိုးမြှင့်ထားခဲ့သည်။
“ဒေါင် အာ ... ငါပါ”
ရှောင်ရန်သည် အမိုးစွန်းနောက်တွင် ပုန်းကွယ်ကာ ပျံသန်းလာသော တူများကို ရှောင်တိမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားကာ ကျန်းဖုန်း၏ခြံဝင်း ထဲသို့ ခုန်ဆင်းလာခဲ့သည်။ သူက လက်နှစ်ဖက်ကို အနောက်တွင် ပိုက်ထားသည်။ သူသည် ကျန်းဖုန်း၏ အိမ်ရှေ့ဝင်းနှင့် အခန်းကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ ဤနေရာမှာ အလွန်ပင် ရိုးရှင်းလှပြီး ရင်ပြင်ထဲတွင် မီးအိမ်တစ်လုံးသာ ဆွဲထားကာ အခန်းထဲတွင်လည်း အခြေခံ ပရိဘောဂအချို့သာ ရှိသဖြင့် သာမန်အရပ်သားတစ်ဦးနှင့် မခြားနားပေ။
“မင်းသားလေးကို ဂါရဝပြုပါတယ်”
ကျန်းဖုန်းက မတ်တတ်ရပ်ကာ အလေးပြုလိုက်သည်။
“ကျေးဇူးပြုပြီး ထိုင်ပါဦး”
သူက သူ၏ ထိုင်ခုံကို ရှောင်ရန်အား ဖိတ်ခေါ်ပေးလိုက်သည်။
“ဒေါင် အာ... မင်း အရက်သောက်ချင်ရင် ငါ့ဆီလာလို့ရတာပဲ။ ဘာလို့ ဒီလိုနေရာမျိုးအထိ လာသောက်ရတာလဲ”
ရှောင်ရန်က ကျန်းဖုန်းကို လျစ်လျူရှုထားလိုက်သည်။ ကျန်ဖုန်းအပေါ် ဟန်ဒေါင် ၏ သဘောထားမှာ သူ့အပေါ်ထားသည့် သဘောထားထက် ပိုမိုကောင်းမွန်နေသည်ဟု သူ ခံစားရသဖြင့် စိတ်ထဲတွင် မမျှမတ ဖြစ်နေရသည်။
“နင် ငါ့နောက်ကို လိုက်ချောင်းနေတာလား”
ဟန်ဒေါင် ၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။
“ငါ မင်းရဲ့ လုံခြုံရေးအတွက် စိုးရိမ်လို့ပါ”
ရှောင်ရန်က ပြောလိုက်သည်။
“နင့်ရဲ့ စိုးရိမ်မှုကို ငါမလိုချင်ဘူး”
ဟန်ဒေါင် ၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ လှုပ်ရှားသွားပြီး ကျန်းဖုန်း၏ အိမ်ဝင်း မှ ထွက်ခွာကာ လမ်းကြားထွက်ပေါက်ဆီသို့ ပျံသန်းသွားတော့သည်။
“ဒေါင် အာ!”
ရှောင်ရန်က အပြေးအလွှား နောက်မှလိုက်သွားသည်။ သူသည် ကျန်းဖုန်း၏ ခြံစည်းရိုးပေါ်ရှိ ရွှံ့အုတ်ခဲတစ်ခဲကို နင်းခြေလိုက်ရာ အပေါက်ကြီးတစ်ခု ဖြစ်ကျန်ခဲ့ပြီး ဟန်ဒေါင်
နောက်သို့ လိုက်လံဖမ်းဆီးရင်း ကျန်းဖုန်း၏ မြင်ကွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
ကျန်းဖုန်းက ထိုအပေါက်ကြီးကို ကြည့်လိုက်သည်။ အိမ်ရှေ့တစ်ခုလုံးတွင် တံခါးပေါက်အပိုတစ်ခု ထပ်တိုးလာသကဲ့သို့ ဖြစ်နေသည်။
“ဟူး... မျက်နှာလိုမျက်နှာရ လုပ်တတ်တဲ့ကောင်တွေက အကျိုးအကြောင်းမရှိလိုက်တာ”
သူက အကူအညီမဲ့စွာဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။
“ဒီနေရာမှာ ဆက်နေဖို့ကတော့ မလွယ်တော့ဘူးထင်တယ်”
ကျန်းဖုန်းသည် အိမ်ပြောင်းရန် ဆုံးဖြတ်လိုက်သည်။ ပထမအချက်မှာ ဤနေရာသည် အမှန်တကယ်ပင် ရိုးရှင်းလွန်းလှသည်။ ကိုယ်ပိုင်အိမ်သာပင် မရှိပေ။ သွားလိုသည့်အခါတိုင်း လမ်းကြားအလယ်ရှိ အိမ်သာကိုသာ သုံးရသည်။ ဒုတိယအချက်မှာ ချူယွီယန်နှင့် ရှောင်ရန်တို့က တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ နောက်တစ်ကြိမ် ဖြစ်ပျက်လာမည့်အရာက အိပ်မက်ဆိုးတစ်ခု ဖြစ်မလာနိုင်ဟု မည်သူမျှ မပြောနိုင်ပေ။
အထူးသဖြင့် ချူယွီယန်နှင့် ဖြစ်သည်။ အကယ်၍ သူမ၏ ပိုးပန်းသူများသာ အုန်းအုန်းထထနှင့် ရောက်လာကြပြီး တစ်ယောက်တစ်ပေါက် လာလုပ်ကြပါက သူတို့က ကျန်းဖုန်းကို တိုက်ရိုက်ပင် တစဆီဖြစ် အောင်
လုပ်နိုင်ကြသည်။ ရှောင်ရန်နှင့် ပတ်သက်၍မူ ခြံအုတ်ရိုးကအ ပေါက်ဖြစ်သည် ရှောင်ရန်၏ သတိပေးချက်ဖြစ်သည်ဟု ကျန်းဖုန်း တွေးမိသည်။
ဟန်ဒေါင် နှင့် ဝေးဝေးနေသရွေ့ ရှောင်ရန်က သူ့ကို ရန်ပြုမည်မဟုတ်ပေ။
ထို့ကြောင့် နောက်ရက်များတွင် ကျန်းဖုန်းက ခွင့်ယူလိုက်သည်။ သူသည် အနီးအနားရှိ လမ်းကြားများသို့ သွားရောက်ကာ ကောင်းမွန်သော ခြံဝင်းတစ်ခုကို ရှာဖွေခဲ့ပြီး နောက်ဆုံးတွင် ဦးလေးဟော့၏မိုးမလမ်းကြားရှိစိဟေယွမ် အိမ်ရာဝင်းတစ်ခုကို ရှာတွေ့ခဲ့သည်။ ၎င်းတွင် သီးသန့်အိမ်သာတစ်ခု ပါရှိသည်။ ပြည့်စုံသော ရေနုတ်မြောင်းစနစ် ပါရှိသဖြင့် မိုးရွာသည့်အခါ အိမ်ရှေဝင်းထဲတွင် ရေလျှံမည်မဟုတ်ပေ။
မီးဖိုချောင်ထဲတွင် မြေမီးဖို သုံးလုံးရှိသည်။ သူသည် စားပွဲအကြီးကြီးတစ်ခုကို ချထားနိုင်သည်။ ချက်ပြုတ်ပြီးနောက်တွင် အရက်သောက်ရင်း အပန်းဖြေနိုင်သဖြင့် အလွန်ပင် သက်တောင့်သက်သာ ရှိလှသည်။ အမိုးပေါ်ရှိ လျော့ရဲနေသော အုတ်ကြွပ်ပြားများ၊ ပေါက်ပြဲနေသော ပြတင်းပေါက်စက္ကူများနှင့် ပြုပြင်ရန်လိုအပ်သည့် နေရာအချို့မှလွဲ၍ ကျန်းဖုန်းသည် ဤခြံဝင်းအိမ်လေးကို ပို၍ပို၍ သဘောကျလာမိသည်။
၎င်းက သူ၏ ယခင်ရွှံ့ခြံဝင်းထက် များစွာ သာလွန်ကောင်းမွန်လှသည်။
သူသည် ထိုခြံဝင်းကို ရရှိရန် ငွေဒင်္ဂါး ဆယ်ပြား သုံးစွဲခဲ့သည်။ ထို့ပြင် ခြံဝင်းကို ပြုပြင်ရန်အတွက် အလုပ်သမား နှစ်ယောက်ကို ငှားရမ်းခအဖြစ် ငွေဒင်္ဂါးတစ်ပြားကျော် သုံးစွဲခဲ့သည်။ တတိယမြောက်နေ့တွင် သူသည် ချောင်ယန်လမ်းကြားမှ မိုးမခလမ်းကြားသို့ ပြောင်းရွှေ့ခဲ့တော့သည်။
အိမ်ပြောင်းသည့်နေ့တွင် ကျန်းဖုန်းက အရာရာကို ရိုးရိုးရှင်းရှင်းပင် ပြုလုပ်ခဲ့သည်။ သူသည် ဦးလေးဟော့တစ်ယောက်တည်းကိုသာ ဖိတ်ကြားခဲ့သည်။ သူသည် ဈေးသို့သွားကာ ဦးလေးဟော့ကို ဧည့်ခံရန်အတွက် ဝက်ခေါင်းသုပ် သုံးပိဿာ၊ မြေပဲတစ်ပိဿာ၊ မုန်လာဥခြောက် အစိတ်သားနှင့် ဝါကျင်ဆန်အရက် ငါးအိုးတို့ကို ဝယ်ယူခဲ့သည်။
သို့သော် ဦးလေးဟော့က သူ၏ မိသားစုတစ်ခုလုံးကို ခေါ်ဆောင်လာခဲ့သည်။ သူတို့က ကျန်းဖုန်းအား ပရိဘောဂတစ်စုံကို လက်ဆောင်ပေးခဲ့ကြသည်။ ၎င်းမှာ ဦးလေးဟော့၏ ဇနီးဖြစ်သူက နွယ်ပင်များဖြင့် ရက်လုပ်ထားသော ကြိမ်ထိုင်ခုံ သုံးလုံး ဖြစ်သည်။ ရှောင်ဟော့ဝါး က ခြံကွက်လပ်ထဲတွင် ငိုယိုနေသည်။
ကျန်းဖုန်းက အပြင်သို့ တဖန်ပြန်ထွက်ကာ တန်ဟူလူး (ကျောက်ဖရုံယို) အချို့နှင့် ပဲပြား သုံးပိဿာကို ဝယ်ယူခဲ့ပြီး သူကိုယ်တိုင်လုပ်ထားသော အချဉ်သီးနှပ်များကို ထုတ်ကာ ဦးလေးဟော့ မိသားစုနှင့်အတူ ပူပြင်းလှသော နွေရာသီတွင် မီးဖိုကို ဝိုင်းဖွဲ့လျက် ချဉ်စပ်ဟင်းရည်နှင့် ပဲပြားဖြူ ဟော့ပေါ့ကို စားသောက်ကြတော့သည်။ ထိုဝက်ခေါင်းသုပ် သုံးပိဿာမှာမူ ကျန်ဖုန်း ပဲပြားသွားဝယ်သည့် အချိန်အတွင်းမှာပင် ဦးလေးဟော့၏ သားကြီးနှင့် သားလတ်တို့က တစ်ဝက်ခန့်ကို စားပွဲတော် တည်ထားနှင့်ပြီး ဖြစ်သည်။
ကျန်းဖုန်းက ကျန်ရှိနေသော အသားများကို အိုးထဲသို့ လောင်းထည့်လိုက်ပြီး လူတိုင်းက တို့စားကြတော့သည်။
သူတို့က လမ်းကြားတစ်ခုတည်းတွင် နေကြသူများ ဖြစ်သဖြင့် စားသောက်ပြီးနောက်တွင် ဦးလေးဟော့က သူ့ဇနီးအား ကလေးများကို အိမ်သို့ အရင်ခေါ်သွားရန် ပြောလိုက်သည်။ ထို့နောက် သူက ကျန်းဖုန်း၏ခြံဝင်း
ထဲတွင် လှည့်ပတ်ကြည့်ရှုကာ အရက်ရှိန်ဖြင့် ပြောလိုက်သည် - “ရှောင်ကျန် ... မင်းရဲ့ မီးဖိုချောင်နတ်မင်း နေရာချထားတာ မှားနေတယ်။ ငါရွှေ့ပေးမယ်”
“ဘာလို့ မီးဖိုချောင်အပြင်ဘက်ကို ရွှေ့လိုက်တာလဲဗျာ”
ကျန်းဖုန်းက စိတ်ညစ်သွားသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ ဦးလေးဟော့က မီးဖိုချောင်နတ်မင်းရုပ်ကို ကိုင်ကာ ခြံဝင်း ထဲ၌ ပတ်ပြေးနေသည်ကို သူ ကြည့်နေမိတော့သည်။
...
ချောင်ယန်လမ်းကြား။
ချူယွီယန်သည် ကျန်းဖုန်း၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသည့်အပေါ် စိတ်ခုနေဆဲ ဖြစ်သည်။ နောက်ဆုံးတွင် သူမ စိတ်ကို ဆက်၍ မထိန်းနိုင်တော့ပေ။ ယနေ့တွင် သူမသည် သူမ၏ အစေခံမလေး အဘီ ကို ခေါ်ဆောင်၍ ကိုယ်တိုင်ကိုယ်ကျ ထပ်မံရောက်ရှိလာခဲ့သည်။ ယနေ့ညတွင် ကျန်းဖုန်းက သူမကို မည်သို့ ပိတ်ပင်တားဆီးဦးမည်ကို သူမ ကြည့်ချင်နေသည်။
“သခင်မလေး... အထဲမှာ ဘယ်သူမှမရှိဘူး”
အဘီက တံခါးကို အကြာကြီး ခေါက်နေခဲ့သည်။ ကျန်းဖုန်း ထွက်လာသည်ကို မမြင်ရပေ။ စိတ်ပျက်လက်ပျက်ဖြင့် သူမက ခြံဝင်းတံခါးကို ကန်ဖွင့်ကာ အထဲသို့ ဝင်ကြည့်လိုက်သည်။ ချူယွီယန်၏ အနီးကပ်အစေခံဖြစ်သည့်အလျောက် သူမသည် ကိုယ်ခံပညာအချို့ တတ်မြောက်ထားပြီး အမြင်အာရုံ စူးရှလှသည်။
သူမ သေချာကြည့်လိုက်သောအခါ လူမရှိရုံသာမက အိုးခွက်ပန်းကန်များပင် မရှိတော့သည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမက လှမ်းအော်လိုက်တော့သည် - “သခင်မလေး... သူ အိမ်ပြောင်းသွားပြီ!”