အခန်း( ၄၇) - ထွက်ပြေးမလွတ်နိုင်ခြင်း
ကျန်းဖုန်းလန့်ဖျပ်သွားသည်။ ဦးလေးဟော့တစ်ယောက် ဒီလိုအချိန်မျိုးမှာ အပြေးအလွှား ရောက်လာပုံထောက်ရင် ချေင် ကျိန်း တစ်ယောက် ထောင်ထဲမှာ ပြဿနာရှာလိုက်လို့များလား။
"ဦးလေး ဟော့စိတ်မလောပါနဲ့၊ ဖြည်းဖြည်းချင်းပြော။" ကျန်းဖုန်းသည်ဦးလေး ဟော့အတွက် ရေတစ်ခွက် အရင်ခတ်ပေးလိုက်သည်။
"အိုင်း... ပြောရရင် တကယ်ကို ကံဆိုးတာပဲ။" ဦးလေး ဟော့ က ဝင်းထဲက ကျောက်ပြားပေါ်မှာ ဝင်ထိုင်လိုက်သည်။ ရေတစ်ခွက်လုံး သောက်ပြီးခါမှသာ ညည်းညူတော့သည်။ "နဂါးမြို့တော် အစိုးရရုံး က သူပုန်တစ်ယောက်ကို ဖမ်းမိတယ်။ အဲဒီသူပုန်က သူသေရတော့မယ်ဆိုတာ သိလို့ ထောင်ခန်းထဲမှာ သူ့ခန္ဓာကိုယ်ထဲ ဝှက်လာတဲ့ အဆိပ်တွေကို ပတ်ပတ်လည် လျှောက်ဖြန်းပစ်လိုက်တာ။ ဒီနေ့ အဆိပ်တွေက အငွေ့ပျံလာပြီး ဘေးနားက ထောင်ခန်းထဲက အကျဉ်းသားတချို့ အဆိပ်မိပြီး သေကုန်ကြတယ်။
ငါတို့ ညီအစ်ကိုတချို့လည်း ဆုံးရှုံးလိုက်ရတယ်။" "အိုင်း... တော်သေးတာက ငါက တပ်စုမှူး မို့လို့ ကိုယ်တိုင် ထမင်းသွားပို့စရာ မလိုတာ။ မဟုတ်ရင် မင်း ငါ့မျက်နှာကို မြင်ရတော့မှာ မဟုတ်ဘူး။" ဦးလေး ဟော့က လန့်ဖြန့်နေတုန်းပင် ရှိသေးကာ ခွက်ကို Jကျန်းဖုန်းဆီ ကမ်းပေးရင်း "ငါလည်း အသက်ကြီးပြီ၊ ဒီလို လန့်စရာတွေနဲ့ မတိုးနိုင်တော့ဘူး။ မြန်မြန်... ငါ့ကို စိတ်တည်ငြိမ်သွားအောင် ဝါးဆန်ဝိုင် တစ်ခွက်လောက် ငှဲ့ပေးဦး။" ဟု ပြောသည်။
"ကောင်းပါပြီ။" ကျန်းဖုန်းသည် ဦးလေး ဟော့ အတွက် ဝါးဝိုင်တစ်ခွက် သွားငှဲ့ပေးရင်း ရင်ထဲမှာတော့ အနည်းငယ် စိတ်ပျက်သွားမိသည်— ချောင်ကျိန်း ပြဿနာရှာတာ မဟုတ်၍ ဖြစ်သည်။ အကယ်၍ သူ ပြန်အလာမှာသာ ထိုသူနှင့် တိုက်တိုက်ဆိုင်ဆိုင် တိုးခဲ့ရင် ဘယ်လိုလုပ်မလဲ။ "မြေပဲ ရှိလား။ ငါ့ကို တစ်ဆုပ်လောက် ယူပေးဦး။" ဦးလေး ဟော့ က လှမ်းအော်သည်။
"ရပါတယ်" ကျန်းဖုန်းမငြင်းပယ်ခဲ့ပါ။ ဦးလေး ဟော့ သည် အမြည်းတစ်ခုခု ဝါးရင်း ဝိုင်သောက်ချင်၍ အကြောင်းပြချက် ရှာနေမှန်း သူ သိသာလှသည်။ "မင်း အိမ်မှာပဲ နောက်ထပ် ရက်အနည်းငယ်လောက် နားနေတာ ပိုကောင်းမယ်။ ထောင်ခန်းထဲက အဆိပ်ငွေ့တွေ ကုန်သွားပြီဆိုရင် ငါ မင်းကို လာပြောပေးမယ်။" ဝါးဝိုင်တစ်ခွက် မျိုချပြီးနောက် ဦးလေး ဟော့သည်
ကျေနပ်သွားကာ ကျန်းဖုန်းကို လက်ပြနှုတ်ဆက်၍ ထွက်ခွာသွားတော့သည်။
ကျန်းဖုန်း သည် ကျောက်ပြားပေါ်တွင် တစ်ယောက်တည်း ထိုင်နေရင်း သူ၏ အချက်အလက်ပြစာမျက်နှာ ကို စစ်ဆေးလိုက်သည်။
နာမည် - ကျန်းဖုန်း
ကံကြမ္မာတန်ဖိုး - ၃၄၈၉
ကျင့်စဉ် - ထောင်စောင့် ကျန်းမာရေးစွမ်းရည် ((ပြည့်စုံခြင်းအဆင့်)
ကျွမ်းကျင်မှုများ - ထောင်စောင့်လက်သီးရှည် (အဆင့်မြင့်အောင်မြင်မှု)၊ နတ်မြားတော် (အဆင့်မြင့် အောမြင်မှု)၊ မျောက်အသွင်လွတ်မြောက်ခြင်း (အဆင့်မြင့်အောင်မြင်မှု+)
အဆင့် - စတုတ္ထအဆင့် (အနှစ်သာရသန့်စင်ခြင်း )
နတ်စွမ်းအား - မသေမျိုး
ကျန်းဖုန်း သည် သူ၏ ကံကြမ္မာတန်ဖိုး တစ်ရာကျော် တိုးလာသည်ကို သတိပြုမိလိုက်သည်။ ဒီနေ့ ထောင်ခန်းထဲတွင် ဖြစ်ပျက်ခဲ့သည့်အရာသည် သူ့အတွက်လည်း အန္တရာယ်အချို့ ရှိခဲ့ပုံရသည်။ နှမြောစရာကောင်းတာက ရက်ဝက်ခန့် ကုန်လွန်သွားခဲ့သော်လည်းချောင်ကျိန်း ၏ အရိပ်အယောင်မျှပင် မတွေ့ရခြင်းဖြစ်သည်။ ၎င်းသည်ဟန် ဒေါင်၏ တင်းကျပ်သော စည်းကမ်းကြောင့်လား၊ သို့မဟုတ် ချောင်ကျိန်းကိုယ်တိုင်က သောင်းကျန်းရန်မဝံ့ရဲခြင်းကြောင့်လား မသိရပေ။
ဒီလိုနဲ့ပဲ နောက်ထပ် ဆယ်ရက် ထပ်မံကုန်လွန်သွားခဲ့သည်။ တစ်ဆက်တည်း နှစ်ဆယ့်ငါးရက်တိုင်တိုင် နားနားနေနေ နေခဲ့ခြင်းက အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကျန်းဖုန်း တွင် ကျန်ပေ့ တောင် သို့ ပြန်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။
"ဟေး... ထောင်မှူးကျန်း ၊ ပြန်လာပြီလား။" မိမိ၏ ရုံးခန်းထဲတွင် ကျန်းဖုန်းသည် ချောင်ကျိန်း ကို တွေ့လိုက်ရသည်။ "ထောင်မှူး ချောင် ၊ လွန်ခဲ့တဲ့ ရက်တွေက ကျွန်တော့်ရဲ့ တာဝန်တွေကို လွှဲပြောင်းယူပေးခဲ့လို့ ပင်ပန်းသွားပါပြီ၊ ကျေးဇူးအများကြီးတင်ပါတယ်။" ကျန်းဖုန်း က လေးလေးနက်နက် ပြောလိုက်သည်။
သူ ဆေးကုသနားနေစဉ်အတွင်း တပ်စုမှူး ဝမ် နှင့် အခြားသူများက သူ့ထံ လာရောက်တွေ့ဆုံခဲ့ကြသည်။ ၎င်းတို့၏ စကားဝိုင်းများမှတစ်ဆင့် ဟန်ဒေါင် က သူ၏ တာဝန်အားလုံးကို ချောင်ကျိန်း ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိခဲ့ရသည်။
"သိပ်တော့ မပင်ပန်းပါဘူး၊ ထောင်ထဲက အလုပ်တွေက ဒီလောက်အထိ ပျင်းစရာကောင်းလိမ့်မယ်လို့ မထင်ထားမိတာ။ မင်းသာ မြန်မြန်ပြန်မလာရင် ငါတော့ ပျင်းလို့ သေတော့မှာပဲ။" ချောင်ကျိန်း က ညည်းညူသည်။ "ကျန်ပေ့ထောင်မှာ အလုပ်လုပ်ရတာ ဒီလိုပါပဲ။ မင်းက အသစ်မို့လို့ မကျင့်သားရသေးတာပါ။ အချိန်ကြာလာရင် ကျင့်သားရသွားပါလိမ့်မယ်။"
ကျန်းဖုန်းက ခပ်ဖွဖွ ရယ်မောလိုက်သည်။ "ငါကတော့ ကျင့်သားမရနိုင်ဘူး။ ငါက ဒီငရဲတွင်းကနေ အမြန်ဆုံး ထွက်သွားချင်တာ၊ ဒါပေမဲ့ ငါ့အစ်ကိုက ခွင့်မပြုဘူး။" ချောင်ကျိန်း က မတတ်သာသလို ပြောသည်။
ကျန်းဖုန်းက အနည်းငယ် ပြုံးလိုက်သည်။ အပြင်တွင် ရှိနေသည့် ထိုနှစ်ဆယ့်ငါးရက်အတွင်း သူသည် ချောင်ကျိန်း ၏ မည်သူမည်ဝါဖြစ်ကြောင်းကို တိတ်တဆိတ် စုံစမ်းစစ်ဆေးခဲ့ပြီး တွေ့ရှိချက်ကြောင့် တုန်လှုပ်သွားခဲ့ရသည်— ချောင်ကျိန်း သည် အမှန်စင်စစ်တွင် နတ်မြားတပ်မတော် ၏ တပ်မှူး၊ မြားနတ်ဘုရား ချောင်ကျန့်ရန်
၏ ညီအရင်း ဖြစ်နေခြင်းကြောင့်ပင်။ ချောင်ကျန့်ရန် သည် ချောင်ကျိန်း ကို နတ်မြားတော်သမားတစ်ဦးဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးချင်ပြီး နတ်မြားတော်တပ်မတော်တွင် တာဝန်ထမ်းဆောင်စေခဲ့သည်။
သို့သော် ကံဆိုးစွာဖြင့် ချောင်ကျိန်းသည် ပါရမီမရှိသည့်အပြင် ကျင့်ကြံခြင်း ၌လည်း စိတ်ဝင်စားမှုမရှိရာ ချောင်ကျန့်ရန် မှာ သူ့အတွက် အခြားအလုပ်တစ်ခု ရှာပေးခဲ့ရသည်။ သို့သော်လည်း ထိုအချိန်ထိ သူသည် နတ်မြားတော်တပ်မတော်အတွင်း၌ပင် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည်။ သူသည် ထောက်ပံ့ရေးဌာနခွဲငယ်တစ်ခုကို တာဝန်ယူခဲ့ရသည်။ ဘယ်သူက ထင်ထားမှာလဲ၊ ချောင်ကျိန်းသည် နတ်မြားတော်တပ်မတော်ကို မိမိအိမ်ကဲ့သို့ သဘောထားကာ ပြက္ခဒိန်ခြောက်လမပြည့်မီမှာပင် အဖြစ်အပျက် တော်တော်များများကို ဖန်တီးခဲ့သည်။ ချောင်ကျန့်ရန် သည် အလွန်အမင်း စိတ်ပျက်ဒေါသထွက်ကာ သူ့ကို စိတ်ဓာတ်ကြံ့ခိုင်လာစေရန် ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် ထောင်အရာရှိချုပ် ထံ အကူအညီတောင်းကာ ချောင်ကျိန်းကိုကျန်ပေ့ ထောင်သို့ ပို့ဆောင်ပြီး ထောင်မှူးငယ် အဖြစ် စတင်စေခဲ့ခြင်း ဖြစ်သည်။ "စိတ်မပူပါနဲ့၊ မင်း ဒီကနေ တစ်နေ့နေ့တော့ ထွက်သွားရမှာပါ။ လာ... ငါ မင်းကို တပ်မှူး လီဆီ ခေါ်သွားပြီး အလုပ်အသစ်တစ်ခု စီစဉ်ပေးဖို့ ပြောပေးမယ်။" ကျန်းဖုန်းက သူ့ကို နှစ်သိမ့်လိုက်သည်။
ချောင်ကျိန်း က ခေါင်းညိတ်လိုက်သော်လည်း သူတို့ ထွက်ခွာသွားစဉ် စားပွဲပေါ်တွင် ဝံပုလွေမွေးစုတ်တံတစ်ချောင်း ချန်ထားခဲ့သည်။
"ထောင်မှူး ချောင် ၊ မင်း စုတ်တံ ကျန်ခဲ့ပြီ။" ကျန်းဖုန်းသတိပြုမိလိုက်သည်။ ထိုဝံပုလွေမွေးစုတ်တံသည် လက်ရာသေသပ်ပြီး ငွေပြားအနည်းငယ် တန်ဖိုးရှိသည်။ "အော်... မင်းမပြောရင် ငါမေ့တော့မလို့။ တပ်မှူး လု က ဒါကို မင်းကြီး တိုင်ဆီ ပေးခိုင်းလိုက်တာ။ သူက မင်းတာဝန်ယူရတဲ့ ထောင်ခန်းထဲမှာ ရှိတာဆိုတော့— နောက်မှ ဒါကို ငါ့ကိုယ်စား မင်းကြီး တိုင်ဆီ ပေးလိုက်ပါဦး။" ချောင်ကျိန်း က ပေါ့ပေါ့ပါးပါး ပြောသည်။ "ဒါ... ဘယ် တပ်မှူး လုက မင်းကို ပေးလိုက်တာလဲ။" ကျန်းဖုန်း လန့်သွားပြီး ဝံပုလွေမွေးစုတ်တံကို ချောင်ကျိန်း ၏ လက်ထဲသို့ အမြန်ပြန်ထည့်ပေးလိုက်သည်။
"ထောင်တပ်မတော်တပ်မှူး
ဗိုလ်ကြီးလု လေ။ ဒါက သာမန် ဝံပုလွေမွေးစုတ်တံတစ်ချောင်းပဲဟာ၊ ငါ စစ်ဆေးပြီးပြီ၊ ဘာမှ ပုံမှန်မဟုတ်တာ မရှိပါဘူး။" ချောင်ကျိန်း က စုတ်တံကို ကျန်းဖုန်းထံ ပြန်ကမ်းရန် ကြိုးစားသည်။ "ထောင်မှူး ချောင် မင်း ဒီစုတ်တံကို တပ်မှူး လုဆီ ပြန်ပေးလိုက်တာ ပိုကောင်းလိမ့်မယ်။ ထောင်ထဲမှာ စည်းကမ်းရှိတယ်— အကျဉ်းသားတွေကို ဘယ်လိုကိုယ်ရေးကိုယ်တာ လက်ဆောင်မျိုးမှ ပေးခွင့်မရှိဘူး၊ စုတ်တံတစ်ချောင်းပဲ ဖြစ်ဖြစ်ပေါ့။" ကျန်းဖုန်း က နောက်သို့ အမြန်ဆုတ်လိုက်သည်။
"မင်း ကြောက်နေတာကိုလည်း ကြည့်ဦး။ ငါ လွန်ခဲ့တဲ့ ရက်တွေက မင်းကြီး တိုင် ဆီကို နေ့တိုင်း ပစ္စည်းတွေ ယူသွားပေးနေတာ ဘာမှမဖြစ်ပါဘူး။ ထားလိုက်ပါ၊ နောက်မှ ငါ့ဘာသာငါ သွားပေးလိုက်မယ်။" ချောင်ကျိန်း က လုံးဝ ဂရုမစိုက်ဟန်ဖြင့် ပြောသည်။ ကျန်းဖုန်း ၏ ပျာပျာသလဲ ဖြစ်နေမှုကို ကြည့်ပြီး သူက အတော်ပင် အထင်သေးနေပုံရသည်။ "ဘာ...။ မင်းမင်းကြီး တိုင် ဆီကို တခြား ဘာတွေ ပို့ပေးခဲ့သေးလဲ။" ကျန်းဖုန်း ၏ မျက်နှာက ချက်ချင်းဆိုသလို အကြီးအကျယ် ပြောင်းလဲသွားသည်။
ဂျန်ဟူး နယ်စားကြီး ဖြစ်သူ တိုင်ရုရ
န်း သည် နယ်စပ်ကာကွယ်ရေး ရန်ပုံငွေများကို အလွဲသုံးစားလုပ်မှုကြောင့်ကျန်ပေ့ထောင်တွင် တစ်နှစ်ကျော်ကြာ အကျဉ်းချခံထားရပြီး ၎င်း၏ လုပ်ရပ်ကြောင့် နေရာအနှံ့အပြားတွင် သူပုန်များ ထကြွသောင်းကျန်းခဲ့ရသည်။ ထိုအမှုတွင် လူအများအပြား ပါဝင်ပတ်သက်နေသည်ဟု ဆိုကြပြီး ရာဇဝတ်တရားရုံး နှင့် တရားရေးဝန်ကြီးဌာန တို့မှ လူများက မကြာခဏ လာရောက် စစ်ဆေးမေးမြန်းလေ့ရှိသည်။ တိုင်ရုရှန်းသည် အကြိမ်ပေါင်းများစွာ နှိပ်စက်ညှဉ်းပန်းမှုကိုပင် ခံခဲ့ရသည်။
ထောင်စောင့်အားလုံး၏ မျက်စိထဲတွင် တိုင်ရုရှန်း သည်ကျန်ပေ့ထောင်ထဲမှ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မည့်သူ မဟုတ်ပေ။ သူသည် ကျန်းဖုန်းက အမြဲတမ်း ပတ်သက်မိရန် ရှောင်ရှားခဲ့သည့် လူစားမျိုးလည်း ဖြစ်သည်။
ဘယ်သူက ထင်ထားမှာလဲ၊ သူ မရှိသည့် ရက်ပိုင်းအတွင်းမှာပင် ချောင်ကျိန်း သည် တိုင်ရုရှန်းထံသို့ အမှန်တကယ် ပစ္စည်းများ ပို့ပေးခဲ့လိမ့်မည်ဟု။ "ငါ မင်းကို ပြောပြမယ် ထောင်မှူး ကျန်း၊ ငါ ကျန်ပေ့ထောင်ရဲ့ စည်းကမ်းတွေကို သိပါတယ်။
စိတ်အေးအေးထား— ငါ မင်းကြီးတိုင် ဆီ ယူသွားပေးသမျှက နေ့စဉ်သုံး ပစ္စည်းလေးတွေတင်ပါ။ ပစ္စည်းတိုင်းကို ငါ့ဘာသာငါ စစ်ဆေးပြီးသား၊ ဘာပြဿနာမှ မရှိဘူး။" ချောင်ကျိန်း က မကျေမနပ် ပြောသည်။ ကျန်းဖုန်းက သူ့ကို စစ်ဆေးမေးမြန်းနေသည့်ပုံစံ ဖြစ်နေ၍ပင်။ "အဲဒါဆိုရင်တောင် မင်း ပစ္စည်းတွေကို ဒီတိုင်း သွားမပေးသင့်ဘူး— ဘယ်လောက်ပဲ သေးငယ်ပါစေ၊ စုတ်တံတစ်ချောင်းပဲ ဖြစ်ဖြစ်ပေါ့။" ကျန်းဖုန်း က ဝံပုလွေမွေးစုတ်တံကို ချောင်ကျိန်း ၏ လက်ထဲမှ လုယူလိုက်သည်။ သူသည် စုတ်တံ၏ ကိုယ်ထည်အတွင်း၌ တစ်ခုခု ဝှက်ထားခြင်း ရှိမရှိ သိနိုင်ရန် လက်ချောင်းများကြားတွင် လှည့်ပတ်ကြည့်ရှုလိုက်သည်။
"ဟွန့်... ငါ ဘာလုပ်လုပ် မင်းက လာပြီး ဆရာလုပ်စရာ မလိုပါဘူး။" ချောင်ကျိန်း က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက ဝံပုလွေမွေးစုတ်တံကို ပြန်လုယူလိုက်ပြီး တိုင်ရုရှန်း ထံသို့ ကိုယ်တိုင် သွားရောက်ပေးအပ်ရန် ရည်ရွယ်လိုက်သည်။ "ငါ့ဘာသာငါ တပ်မှူးလီဆီ သွားတွေ့မယ်။ မင်း လိုက်ပို့ပေးဖို့မလိုဘူး။" သူက နှာမှုတ်လိုက်ပြီး လှည့်ထွက်သွားတော့သည်။
"ထောင်မှူး ကျန်း၊ မင်းက ဘာလို့ ထောင်မှူးချောင် ကို ရန်သူဖြစ်အောင် လုပ်ရတာလဲ။ မင်း မရှိတဲ့အချိန်တုန်းက သူက တပ်မှူးတင်မကဘူး၊ ကြီးကြပ်ရေးမှူး နဲ့ပါ ရင်းနှီးအောင် လုပ်နေတာ။" တပ်စုမှူး ဝမ် သည် ကျန်းဖုန်းနှင့် ချောင်ကျိန်း တို့ သဘောထားကွဲလွဲနေသည်ကို မြင်သောအခါ စိုးရိမ်တကြီး ပြောရှာသည်။
"ဦးလေးဝမ်၊ ကျွန်တော့်ကို ပြောပြစမ်းပါ— ချောင်ကျိန်း က မင်းကြီးတိုင် ဆီ ဘာတွေ ပေးခဲ့လဲ။ မင်းကြီးတိုင် ကကော သူ့ဆီ ဘာပစ္စည်း ပြန်ပေးခဲ့တာမျိုး ရှိလား။" ကျန်းဖုန်း က မေးလိုက်သည်။ "အဲဒါ... ငါက ဘယ်လိုလုပ် သိမှာလဲ။ မင်းပဲ ငါတို့ကို အမြဲပြောနေကျမဟုတ်လား— မကြားနဲ့၊ မမေးနဲ့၊ မပတ်သက်နဲ့၊ လက်မခံနဲ့ ဆိုတာ။ ငါ လုပ်စရာ အလုပ်တွေ ရှိသေးတယ်။" တပ်စုမှူး ဝမ်က အတင်းပြုံးပြရင်း အလျင်အမြန် ထွက်ပြေးသွားတော့သည်။ "ဒုန်း!" ကျန်းဖုန်းသည် ဒေါသတကြီးဖြင့် နံရံကို လက်သီးဖြင့် ထိုးလိုက်သည်။
သူ နားလည်သွားပြီ— သူ့လက်အောက်ငယ်သားများက သူ့ကို အသုံးဝင်မည့်အရာ မည်သည်ကိုမျှ ပြောပြလိမ့်မည်မဟုတ်ပေ။ ထို့အပြင် အဖြစ်အပျက်များက ဖြစ်ပျက်သွားခဲ့ပြီမို့ ယခုအချိန်တွင် တားဆီးရန် အလွန်နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ အသေအချာ စဉ်းစားပြီးနောက် ကျန်းဖုန်းသည် ဟန်ဒေါင် ၏ ဝင်းတံခါးကို သွားရောက်ခေါက်လိုက်တော့သည်။