အခန်း( ၄၁) - ဒီမိန်းမက မိစ္ဆာတစ်ကောင်ပဲ
ကျန်းဖုန်းနှင့် လီမင်းဟယ်တို့သည် အတူတူ ရပ်နေကြသည်။ ဟန်ဒေါင် အမိုးများပေါ်မှ ဖြတ်ကျော်၍ လွှဲပျံသွားသည်ကို သူတို့က အောက်မှနေ၍ ကြည့်နေကြခြင်း ဖြစ်သည်။ ခဏမျှအတွင်း သူမသည် အမြင်အာရုံထဲမှ ပျောက်ကွယ်သွားတော့သည်။ တစ်ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ဟန်ဒေါင် ပြန်လည်ပျံဆင်းလာပြီး လေလောင်ဟု၏ ရုပ်အလောင်းကို ကိုယ်တိုင် စစ်ဆေးလိုက်သည်။
"တပ်မှူးဟန်... တစ်ခုခု ရှာဖွေတွေ့ရှိတာ ရှိလားဗျ။"
မြို့တော်ဝန်က မေးလိုက်သည်။
"ဒါက လူတစ်ယောက်တည်းရဲ့ လက်ချက်လို့ ကျွန်မ သံသယရှိတယ်။"
ဟန်ဒေါင်က ပြောသည်။
"ဘာ..."
လူတိုင်း ထိတ်လန့်သွားကြသည်။ ကျန်းဖုန်း၏ လက်ဖဝါးများတွင် ချွေးများ စိုရွှဲလာခဲ့သည်။ သူသည်လည်း အခြားလူများကဲ့သို့ပင် အံ့အားသင့်နေသည့် ပုံစံမျိုး ဖြစ်နေစေရန် အတင်းအကျပ် ဟန်ဆောင်လိုက်ရသည်။
"ခင်ဗျားက ဘာလို့ ဒီလောက်တောင် သေချာနေရတာလဲ။"
ထောင်ပိုင်ချုပ်က မေးသည်။
"အရှင်... ကြည့်ပါ။ တပ်မှူးယွမ်နဲ့ စစ်ကဲလေး(ကြီးကြပ် ရေးမှူး)တို့ရဲ့ ကိုယ်ပေါ်က မြားတွေက မတူကြဘူး၊ ဒါပေမဲ့ စွမ်းအားချင်းကတော့ အတူတူပဲ။ ပစ်ချက်တိုင်းက ခန္ဓာကိုယ်ကို ဖောက်ထွက်သွားတယ်။ မြားတစ်စင်းစီတိုင်းက သေကွင်းသေကွက် နေရာတွေကိုပဲ ချိန်ရွယ်ထားတာ။ လေးအတတ်ပညာက ပြောင်မြောက်လွန်းတယ်။ မြားတွေကလွဲရင် ကျန်တဲ့ လက္ခဏာရပ်အားလုံးက ထပ်တူကျနေတယ်။ ဒါ့အပြင် ဒီနေရာက စစ်ကဲလေးရဲ့ အိမ်နဲ့ မဝေးဘူး။ ကျွန်မရဲ့ ကိုယ်ဖော့ပညာ နဲ့ဆိုရင် ဒီကိုရောက်ဖို့ တစ်ဆယ့်ငါးမိနစ်တောင် မကြာဘူး။
ပြီးတော့ ဆိုင်ပိုင်ရှင်နဲ့ စစ်ကဲလေးရဲ့ ကိုယ်လုပ်တော်တို့ရဲ့ ထွက်ဆိုချက်အရ စစ်ကဲလေး(ကြီးကြပ် ရေးမှူး)ဟာ တပ်မှူးယွမ် ပြီးနောက်မှာ အသတ်ခံခဲ့ရတာဖြစ်ပြီး အချိန်ကွာဟချက်က အများဆုံး တစ်ဆယ့်ငါးမိနစ်ပဲ။ ဒါကြောင့် ဒါဟာ လူတစ်ယောက်တည်းရဲ့ လက်ချက်လို့ ကျွန်မ ယုံကြည်တယ်။ ပြစ်မှုကျူးလွန်သူရဲ့ ကိုယ်ဖော့ပညာက ထူးခြားကောင်းမွန်ပြီး လေးအတတ်ကလည်း အလွန်ပြောင်မြောက်တယ်။ စိတ်ကူးစိတ်သန်းကလည်း အလွန်စေ့စပ်သေချာတယ်— တကယ့်ကို ပါးနပ်တဲ့သူပဲ။"
ဟန်ဒေါင်က သူမ၏ သုံးသပ်ချက်အားလုံးကို ရှင်းလင်းစွာ ဖြည်းဖြည်းချင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
"ဒါက..."
လူတိုင်း မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြသည်။
"တပ်မှူးဟန် ဆိုလိုတာက သံသယရှိသူက ကျွန်တော်တို့ကို လမ်းလွဲစေဖို့ မြားတွေကို ပြောင်းလဲအသုံးပြုခဲ့တာပေါ့— ကြီးကြပ် ရေးဟူရဲ့ အိမ်မှာ တွေ့ရတဲ့ မြားသုံးစင်ကလည်း ဒီလူ့လက်ချက်ပဲပေါ့ ဟုတ်လား။"
ဦးစီးမှူးဟွမ်က အံ့အားသင့်တကြား ရေရွတ်လိုက်သည်။
"ကြီးကြပ် ရေးဟူရဲ့ အိမ်က ရတဲ့ မြားသုံးစင်ကို ကျွန်မဆီ ပေးပါ။"
ဟန်ဒေါင်က အလောတကြီး မဖြေဘဲ ပြောလိုက်သည်။
"မြန်မြန်... တပ်မှူးကြီးဟန်ဆီကို ပေးလိုက်စမ်း။"
ဦးစီးမှူးဟွမ်က သက်သေခံပစ္စည်းများကို တာဝန်ယူထားရသော အရာရှိအား ပြောလိုက်သည်။ အရာရှိက ထိုမြားသုံးစင်ကို ကပျာကယာပင် ကမ်းပေးလိုက်၏။ ဟန်ဒေါင်သည် ထိုမြားထိပ်ဖျားသုံးခု၏ ပျက်စီးမှုအတိုင်းအတာကို စစ်ဆေးပြီးနောက် ယွမ်ထျန်းကန်းနှင့် လေလောင်ဟုတို့၏ ခန္ဓာကိုယ်ရှိ မြားများနှင့် တစ်စင်ချင်းစီ ယှဉ်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူမက—
"ကြီးကြပ် ရေးမှူးဟူ... အဲဒီမြားသုံးစင် နင့်အိမ်ထဲကို အပစ်ခံရတုန်းက အရှိန်အဟုန်က ဘယ်လိုလဲ။"
"ကြောက်စရာကောင်းလွန်းပါတယ်!"
ကြီးကြပ် ရေးမှူးဟူက စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။ ထို့နောက် သူက ဆိုင်ဝင်ပေါက်ရှိ သစ်သားတိုင်များကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေခဲ့သော မြားနှစ်စင်းကို ညွှန်ပြလိုက်ရင်း—
"အဲဒီမြားသုံးစင်လုံးက ကျွန်တော့်စာကြည့်ခန်းရဲ့ နံရံကို ထိမှန်ခဲ့တာ။ အုတ်ပြာတွေ အက်ကွဲသွားပြီး မြားတွေက သစ်သားထဲကို နက်နက်ရှိုင်းရှိုင်း စိုက်ဝင်သွားတာ။ သစ်သားတိုင်မှာ စိုက်နေတဲ့ မြားနှစ်စင်းလိုပဲ ရက်စက်ပြင်းထန်လှပါတယ်။"
"ဒါဆို အဲဒါပဲ။ လူတစ်ယောက်တည်း လုပ်တာ သေချာသွားပြီ။ဦး စီးမှူးဟွမ်... မှောင်ခိုဈေးကွက်ကို စုံစမ်းစမ်း— ဒီမြားအမျိုးအစားသုံးမျိုးကို ဘယ်သူတွေ ဝယ်ယူခဲ့လဲဆိုတာ ရှာဖွေပါ။ ဒါက ကြာနီဂိုဏ်း သူပုန်တွေရဲ့ လက်ချက်မဟုတ်ဘူးလို့ ကျွန်မ သံသယရှိတယ်။"
ဟန်ဒေါင်က အပြည့်အဝ ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်ရင်း ပတ်ဝန်းကျင်ရှိ လူတိုင်းကို ဝေ့ကြည့်လိုက်သည်။
လူတိုင်း ဆွံ့အသွားကြသည်။ ကျန်းဖုန်းကမူ စိတ်ထဲမှ - ဒီမိန်းမက မိစ္ဆာတစ်ကောင်ပဲလား ဟု တွေးနေမိသည်။ သူ၏ စိတ်ထဲတွင် ထိတ်လန့်မှုများ လှိုင်းထလာပြီး ဟန်ဒေါင်က သူ့ကို ရုတ်တရက် လက်ညှိုးထိုးပြလာမည်ကို အလွန်ပင် စိုးရိမ်နေမိတော့သည်။
"ဒီ... ဒီလိုပါ၊ တပ်မှူးကြီးဟန်ရဲ့ ခွဲခြမ်းစိတ်ဖြာချက်က အခြေအမြစ်ရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါက လူတစ်ယောက်တည်းရဲ့ လက်ချက် ဖြစ်နိုင်ပေမဲ့ သံသယရှိသူရဲ့ အထောက်အထားကတော့ ကြာနီဂိုဏ်းက သူပုန်တွေပဲ ဖြစ်ရမယ်— မဟုတ်ရင် ဘာလို့ ကျန်ပေ့အကျဉ်းထောင်ရဲ့ အရာရှိတွေကိုပဲ တကူးတက ပစ်မှတ်ထားရမှာလဲ။"
ဦးစီးမှူးဟွမ်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်"
မြို့တော်ဝန်ကလည်း သဘောတူညီစွာဖြင့် ခေါင်းငြိမ့်ပြသည်။ ယွမ်ထျန်းကန်းမှာ လမ်းမပေါ်တွင် အသတ်ခံရပြီး လေလောင်ဟုမှာ အိမ်၌ပင် သေဆုံးခဲ့သည်။ ဤအရာက သူတို့၏ နဂါးမြို့တော် အစိုးရရုံးအတွက် ပြဿနာများစွာ ဖြစ်ပေါ်စေခဲ့ပြီ ဖြစ်သည်။ အကယ်၍ အမှုတစ်ခုလုံးကို ဖော်ထုတ်ရန် ဟန်ဒေါင်ကိုသာ အားကိုးနေရပါက သူတို့၏ ဂုဏ်သိက္ခာမှာ လုံးဝ ပျက်စီးသွားပေလိမ့်မည်။
"ကျွန်မလည်း လွန်လွန်ကဲကဲ တွေးမိတာ ဖြစ်နိုင်ပါတယ်— ဒါက ကျွန်မရဲ့ ကိုယ်ပိုင်တွေးဆချက် သက်သက်ပါ။ တရားခံကို ဖမ်းမိနိုင်မလဲဆိုတာကတော့ နဂါးမြို့တော် အစိုးရရုံးအပေါ်မှာပဲ မူတည်နေပါသေးတယ်။"
ဟန်ဒေါင်က အခြေအနေကို ရိပ်မိသဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
"ထောင်ပိုင်ချုပ်ကြီးနဲ့ တပ်မှူးကြီးဟန်တို့ စိတ်ချလက်ချ နေပါ။ နဂါးမြို့တော် အစိုးရရုံးကနေ ဒီကိစ္စကို အဆုံးအထိ ဖော်ထုတ်သွားမှာပါ။"
ဦးစီးမှူးဟွမ်က ခိုင်မာစွာ ပြောလိုက်သည်။
"ကောင်းပြီ။"
ထောင်ပိုင်ချုပ်နှင့် ဟန်ဒေါင်တို့ကလည်း ခေါင်းငြိမ့်ပြကြသည်။ ထို့နောက် ထိုရာထူးကြီး အရာရှိများသည် တိုတိုတုတ်တုတ် ဆွေးနွေးကြသည်။ ဖုန်းယွဲ့အဆောက်အအုံတွင် ယွမ်ထျန်းကန်းနှင့်အတူ အရက်သောက်ခဲ့ကြသော ကျန်းဖုန်းနှင့် ကျန်တဲ့သူများကိုလည်း တစ်ဦးချင်းစီ မေးမြန်းစစ်ဆေးခဲ့ကြသည်။
လူတိုင်းက ရိုးရိုးသားသားပင် ပြန်ဖြေခဲ့ကြသော်လည်း စားပွဲဝိုင်းတွင် ဖြစ်ပွားခဲ့သော မနှစ်မြို့ဖွယ်ရာ ကိစ္စရပ်များကိုမူ မည်သူမျှ တစ်ခွန်းတည်းသော စကားပင် ထုတ်မပြောခဲ့ကြချေ။ ၎င်းမှာ ကျန်းဖုန်းကို သံသယမှ ကင်းလွတ်စေရန် ကူညီလိုခြင်းကြောင့် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ကျန်ပေ့အကျဉ်းထောင်၏ အတွင်းရေးကိစ္စသာ ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းအပြင် ဟန်ဒေါင်က ကျန်းဖုန်းအပေါ် သဘောကျနေသည်။ ယခုအခါ ယွမ်ထျန်းကန်း သေဆုံးသွားပြီ ဖြစ်ရာ ကျန်းဖုန်း၏ ရာထူးနေရာမှာ ကျန်ပေ့အကျဉ်းထောင်အတွင်း မြင့်တက်လာရန် သေချာသလောက် ရှိနေသည်။ မည်သူမျှ ကျန်းဖုန်း သို့မဟုတ် ဟန်ဒေါင်ကို မလိုအပ်ဘဲ ရန်မရှာလိုကြချေ။
ထို့ကြောင့် စားပွဲဝိုင်းတွင် ဖြစ်ပွားခဲ့သော အကြောင်းအရာများ— ယွမ်ထျန်းကန်းက ကျန်းဖုန်းကို မည်သို့ ခက်ခဲအောင် လုပ်ခဲ့ပုံ၊ သို့မဟုတ် စစ်ကဲလေး(ကြီးကြပ်ရေးမှူး) သူ့ကို မည်သို့ နင်းခြေခဲ့ပုံတို့ကို လူတိုင်းက ပါးနပ်စွာဖြင့်ပင် ဖုံးကွယ်ကျော်ဖြတ်သွားကြသည်။ ထို့အပြင် ကျန်းဖုန်းတွင် ယွမ်ထျန်းကန်းနှင့် လေလောင်ဟုတို့ကို သတ်ဖြတ်နိုင်မည့် စွမ်းရည် သို့မဟုတ် သတ္တိ ရှိလိမ့်မည်ဟု သူတို့ မယုံကြည်ကြ၊ မတွေးမိကြချေ။ သူတို့၏ စိတ်ထဲတွင် ၎င်းမှာ သူပုန်များ၏ လက်ချက်ဖြစ်သည်ဟုသာ ပို၍ ယုံကြည်လိုကြသည်။
ထို့ကြောင့် ကျန်းဖုန်းသည် တကယ့် သံသယရှိသူ ဖြစ်မလာခဲ့ဘဲ နဂါးမြို့တော် အစိုးရရုံး အရာရှိများက သူ့ကို လုပ်ရိုးလုပ်စဉ် မေးခွန်းအနည်းငယ် မေးမြန်းပြီးနောက် ပြန်လွှတ်ပေးလိုက်ကြသည်။
သို့သော် ဟန်ဒေါင်သည် အလွန်စေ့စပ်သေချာသူ ဖြစ်သည်။ သူမက ၎င်းမှာ လူတစ်ယောက်တည်း၏ လက်ချက်ဖြစ်ကြောင်း သိမြင်နိုင်ရုံတင်မကဘဲ သူပုန်များ၏ လက်ချက်ဟုတ်မဟုတ်ကိုပင် သံသယဝင်နေခဲ့သည်။ ထို့ကြောင့် ကျန်းဖုန်းသည် အိမ်အပြန်လမ်းတစ်လျှောက်လုံးတွင် စိတ်မအေးနိုင်ဘဲ ဟန်ဒေါင်ကို မည်သို့ ရင်ဆိုင်ရမည်ကို တွေးတောနေခဲ့သည်။ အကယ်၍ ဟန်ဒေါင်က အမှန်တရားကို တကယ်ပဲ ဖော်ထုတ်နိုင်ခဲ့လျှင် သူ ဘာလုပ်မည်နည်း။
ဟန်ဒေါင်၏ အင်အားမှာ ယွမ်ထျန်းကန်းထက် သာလွန်သည်။ သူမက သတိကြီးပြီး ထက်မြက်လှသည်။ ရင်ဆိုင်ရန် လွယ်ကူသောသူ မဟုတ်ချေ။
နောက်ဆုံးတွင် ကျန်းဖုန်း သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ သူသည် အခြေအနေကို တစ်လှလှမ်းချင်းစီသာ ရင်ဆိုင်သွားရန် ဆုံးဖြတ်လိုက်တော့သည်။ ဟန်ဒေါင် မည်မျှပင် ထက်မြက်ပါစေ ဤမျှတိုတောင်းသော အချိန်အတွင်း သူ့ကို တကယ့်လူသတ်သမားအဖြစ် မဖော်ထုတ်နိုင်လောက်ဟု သူ ယူဆလိုက်သည်။ သူမတွင် သံသယရှိလျှင်တောင် သက်သေ လိုအပ်လိမ့်မည်။ သူက မည်သည့် သဲလွန်စမျှ ချန်မထားခဲ့သရွေ့ ဟန်ဒေါင် သူ့ကို ဖမ်းဆီးနိုင်မည်မဟုတ်ချေ။
အိမ်သို့ ပြန်ရောက်သောအခါ။
ကျန်ဖုန်းသည် မိမိ၏ အချက်အလက်ပြစာမျက်နှာ ကို စစ်ဆေးလိုက်သည်။
နာမည် - ကျန်ဖုန်း
ကံကြမ္မာအမှတ် - ၃၆၇၈
ကျင့်စဉ်ပညာ - ထောင်စောင့်ကျန်းမာရေးစောင့်ရှောက်မှုပညာ အဆင့်မြင့်အောင်မြင်မှု -
ကျွမ်းကျင်မှုများ - ထောင်စောင့်လက်သီးရှည် အလယ်အလတ်အောင်မြင်မှု+ - နတ်မြားအတတ် ဆရာအဆင့်+ - ၊ မျောက်အသွင်လွတ် မြောက်ခြင်း ကိုယ်ဖော့ပညာ အဆင့်မြင့်အောင်မြင်မှု -
နယ်ပယ် - အဆင့်ငါး သွေးသန့်စင်ခြင်းနယ်ပယ်
နတ်စွမ်းအား - ထာဝရအသက်
ကျန်ဖုန်းသည် ယွမ်ထျန်းကန်းနှင့် လေလောင်ဟုတို့ကို သတ်ဖြတ်ပြီးနောက် သူ၏ ကံကြမ္မာအမှတ်မှာ သုံးထောင်နီးပါး တိုးပွားလာသည်ကို မြင်လိုက်ရသည်။ ထင်ရှားသည်မှာ ယွမ်ထျန်းကန်းသည် သူ့ကို တကယ်ပင် အမြစ်ပြတ်ရှင်းလင်းပစ်ချင်နေခဲ့ခြင်း ဖြစ်သည်။ သူ ဦးအောင် လက်ဦးမှုရယူခဲ့ခြင်းမှာ တကယ့်ကို ကံကောင်းလှသည်။ မဟုတ်ပါက နောက်ဆက်တွဲရလဒ်များမှာ ဆိုးရွားလှပေလိမ့်မည်။
သူသည် ထောင်စောင့်လက်သီးရှည်နှင့် နတ်မြားအတတ် နှစ်ခုလုံး၏ နောက်ကွယ်တွင် အပေါင်းလက္ခဏာ (+) များ ပေါ်နေသည်ကို မြင်လိုက်ရသည်။
ကျန်ဖုန်းသည် သူ၏ ကံကြမ္မာအမှတ်များကို အလောတကြီး အသုံးမပြုသေးချေ။ သူသည် ယခုအခါ အလယ်အလတ်အဆင့် အဆင့်သုံးဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်သော်လည်း ယွမ်ထျန်းကန်း သို့မဟုတ် ဟန်ဒေါင်ကဲ့သို့သော လူများနှင့် ရင်ဆိုင်ရလျှင် နတ်မြားအတတ်ကို အသုံးပြုခြင်းမှလွဲ၍ အနီးကပ်တိုက်ခိုက်မှုတွင် သူတို့ကို ရင်ဆိုင်ရန်အတွက် သူ၏ ကိုယ်ဖော့ပညာကိုသာ အားကိုးရဦးမည်ဖြစ်သည်။ သူက အားနည်းလွန်းနေသေးသည်။
ကျန်ဖုန်းသည် အဆင့်မမြှင့်တင်မီ "ထောင်စောင့်ကျန်းမာရေးစောင့်ရှောက်မှုပညာ" တွင် အပေါင်းလက္ခဏာ ပြသလာသည်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူသည် အိမ်ရှိ ပစ္စည်းပစ္စယများကို သိမ်းဆည်းလိုက်သည်။ မိုးမလင်းမီမှာပင် သူသည် ကျန်ပေ့အကျဉ်းထောင်သို့ အပြေးအလွှား သွားခဲ့သည်။ သူသည် မိုးကြိုးပေါက်ကွဲမှုပုတီးစေ့ ၊ ဖုတ်ကောင်မှုန့် နှင့် သံနွယ်မြက်လက်သီးပုန်းများကိုပါ တစ်ပါတည်း ယူဆောင်သွားခဲ့သည်။
လက်ဖျံအပ် နှင့် ပတ်သက်၍မူ—
ကြာနီဂိုဏ်း သခင်လေး သေဆုံးမှုနှင့် ပတ်သက်၍ ဟန်ဒေါင်က သူ့အပေါ် တစ်ခါက သံသယဝင်ခဲ့ဖူးသည်ကို သတိရသဖြင့် ကျန်ဖုန်းသည် လက်ဖျံအပ်အားလုံးကို လွှင့်ပစ်လိုက်ပြီး အိတ်ကြီးနှစ်အိတ်ကို သယ်ဆောင်ကာ ကျန်ပေ့အကျဉ်းထောင်ထဲသို့ ပြောင်းရွှေ့နေထိုင်လိုက်တော့သည်။
ယွမ်ထျန်းကန်းနှင့် လေလောင်ဟုတို့ သေဆုံးမှုအပေါ် ဟန်ဒေါင် မည်သို့တွေးသည်ကို သူ ဂရုမစိုက်ချေ။ ပြင်ပလူများ၏ အမြင်တွင် ကျန်းဖုန်းသည် ၎င်းမှာ သူပုန်များ၏ လက်ချက်ဖြစ်သည်ဟု လူတိုင်းကို ယုံကြည်စေချင်ပြီး ကျန်ပေ့အကျဉ်းထောင်ထဲတွင် ပုန်းကွယ်နေခြင်းကသာ အသက်ရှင်ကျန်ရစ်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ထင်စေချင်သဖြင့် ညတွင်းချင်းပင် ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။ သူသည် နောက်ထပ်ခြေလှမ်းများကို မစဉ်းစားမီ နှစ်လ သို့မဟုတ် သုံးလခန့် ငြိမ်ငြိမ်လေး ပုန်းနေမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူသည် ဧကရာဇ်လေး နှင့် မြားများကို မည်သည့်နေရာတွင် ဝှက်ထားခဲ့သည်ကို မိမိကိုယ်ကိုယ် အတင်းအကျပ် မေ့ပစ်လိုက်သည်။ မလိုအပ်ဘဲနှင့်မူ ၎င်းတို့ကို သွားရောက်ထုတ်ယူရန် လုံးဝ ကြံစည်မည်မဟုတ်ချေ။ အဖိုးအခ အနည်းငယ် ပေးရလျှင်ပင် အသစ်တစ်စုံ ထပ်မံဝယ်ယူရခြင်းက ပို၍ ထိုက်တန်ပေလိမ့်မည်။