အခန်း (၃၆) - ကောင်းလှချည်လား။
“သံသယဖြစ်စရာ ဟုတ်လား။”
“နတ်ဆိုးသတ်ကျင့်စဉ် ရဲ့ နောက်ဆက်တွဲပြဿနာကို ပြောတာလားခင်ဗျာ။”
ယွမ်ထျန်းကန်းတစ်ယောက် ဇဝေဇဝါ ဖြစ်သွားသည်။ ကြာနီဂိုဏ်း ရဲ့ သခင်လေး သေဆုံးပြီးနောက်မှာ ထောင်ဒါရိုက်တာက အလောင်းကို စစ်ဆေးခဲ့ပြီး ပိုမိုအစွမ်းထက်တယ်ဆိုတဲ့ သခင်လေးဟာ ဘာကြောင့် အသတ်ခံလိုက်ရသလဲဆိုတဲ့ အခြေအနေကို ရှင်းပြခဲ့ဖူးသည်။ ၎င်းမှာ နတ်ဆိုးသတ်ကျင့်စဉ်ရဲ့ တန်ပြန်သက်ရောက်မှုကြောင့် ဖြစ်နိုင်ကြောင်း ယူဆခဲ့ကြသည်။ ဒါ့အပြင် သခင်လေးဟာ မပြတ်တမ်း နှိပ်စက်ညှဉ်းပန်းခံထားရတာကြောင့် ခန္ဓာကိုယ် ထိခိုက်ပျက်စီးနေတာနဲ့ တခြားအကြောင်းအရင်းတွေကြောင့်လည်း ပါဝင်သည်။
“မဟုတ်ဘူး။”
ဟန်ဒေါင်က ခေါင်းခါလိုက်၏။
“တပ်မှူးကြီးဟန်... ခင်ဗျား စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း မိန့်ဆိုပါခင်ဗျာ။”
ယွမ်ထျန်းကန်းက စိတ်မရှည်တတ်သူ ဖြစ်သည်။
“သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အပ်စိုက်ရာ သုံးခုကို ငါ သတိထားမိခဲ့တယ်၊ အစပိုင်းမှာတော့ ငါ သိပ်ပြီး အာရုံမထားမိခဲ့ပါဘူး၊ လွန်ခဲ့တဲ့ တစ်လလောက်အထိပေါ့...”
ဟန်ဒေါင် က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“ဟဟ... ဟန် က ကျွန်တော် ကြာနီဂိုဏ်း သခင်လေးကို သတ်နိုင်ခဲ့တာဟာ ကျန်းဖုန်း ဆိုတဲ့ ထောင်စောင့်လေးရဲ့ အကူအညီကြောင့်လို့ ပြောချင်တာလား။”
ထိုစကားကို ကြားရ သောအခါယွမ်ထျန်းကန်း ၏ ရင်ထဲတွင် ဒေါသလှိုင်းတစ်ခု ထက်ထက်သန်သန် ပေါက်ကွဲသွားပြီး မိမိကိုယ်ကိုယ် အထင်အမြင်သေးခံရသလို ခံစားလိုက်ရသည်။
“တပ်မှူး ယွမ်... ဒေါသထွက်နေဖို့ မလိုပါဘူး။ ငါက သာမန်ကာလျှံကာ ပြောပြရုံသက်သက်ပါ၊ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ မင်းကို ပိုပြီး သတိထားစေချင်လို့ပါ၊ ဘာပဲဖြစ်ဖြစ် ကံဆိုတာ အမြဲတမ်း တို့ဘက်မှာ ရှိမနေနိုင်ဘူးလေ။”
ဟန်ဒေါင်က ဖျောင်းဖျလိုက်၏။
“ကောင်းပါပြီ... ဒါဆိုရင်တော့ ကျွန်တော် အဲဒီ ကျန်းဖုန်း ကို ကောင်းကောင်းကြီး ကျေးဇူးတင်ရတော့မှာပေါ့။”
ယွမ်ထျန်းကန်းက ရဲ့တဲ့တဲ့ ပြောလိုက်သည်။
“ဒါ... ငါလည်း အတွေးလွန်သွားတာ ဖြစ်နိုင်ပါတယ်။ တပ်မှူး ယွမ်... ငါ ဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ။”
ဟန်ဒေါင် ခဏမျှ တုံ့ဆိုင်းသွားသည်၊ ယွမ်ထျန်းကန်း ၏ လေသံထဲတွင် မကောင်းသော အရိပ်အယောင်တစ်ခုကို ခံစားလိုက်ရသဖြင့် မိမိကြောင့် ကျန်းဖုန်းဒုက္ခရောက်ရတော့မည်ဟု ထင်မှတ်သွားမိသည်။
“မဟုတ်တာ... တပ်မှူးကြီးဟန် ရဲ့ စေတနာကို ကျွန်တော် နားလည်ပါတယ်။ ဒါကို စိတ်ထဲမှာ အသေအချာ မှတ်ထားပါ့မယ်။”
ယွမ်ထျန်းကန်း သည် ထိုင်ရာမှထကာ ထွက်ခွာသွားတော့သည်။
“ဒီကောင် အတွေးလွန်သွားတာလား။”
ယွမ်ထျန်းကန်းထွက်ခွာသွားသည်ကို ကြည့်ရင်း ဟန်ဒေါင်
တစ်ယောက်တည်း ရေရွတ်မိနေသည်။
“တပ်မှူးယွမ်... ညီအစ်ကိုတွေက ဖုန်းယွဲ့အ ဆောက်အဦ မှာ ထျန်းဇီ နံပါတ် ၁ သီးသန့်ခန်းကို ကြိုတင်ဘိုကင်လုပ်ထားပြီးပါပြီ၊ ဒီညတော့ တပ်မှူးနဲ့အတူ အမူးမှောက်အောင် သောက်ဖို့ စောင့်နေကြတာပါ။”
လီမင်ဟယ်နှင့် ထောင် မှူး အချို့၊ ကြီးကြပ်ရေးမှူးအချို့တို့က ယွမ်ထျန်းကန်းကို ဝိုင်းအုံကာ ဖားယားနေကြသည်။
“ကောင်းပြီ... ဒီည ငါ သေချာပေါက် လာခဲ့မယ်၊ ဒါပေမဲ့ မင်းတို့ ကျန်းဖုန်းကိုပါ ခေါ်လာခဲ့ရမယ်။”
ယွမ်ထျန်းကန်းက ဆိုလိုက်သည်။
“ကျန်းဖုန်း ဟုတ်လား။”
ကြီးကြပ်ရေးမှူး သုံးယောက်စလုံး မျက်နှာစိမ်း ဖြစ်နေကြသည်။
“တပ်မှူး ယွမ်... ပထမအဆင့်ကနေ တတိယအဆင့်ကို ပြောင်းလာတဲ့ အကျဉ်းထောင်မှူး ကျန်း ကို ပြောတာလားခင်ဗျာ။”
လီမင်ဟယ် က မေးလိုက်သည်။
“ဟုတ်တယ်... သူ သေချာပေါက် လာရမယ်။”
ယွမ်ထျန်းကန်းက လီမင်ဟယ်၏ ပုခုံးကို ပုတ်ကာ ထိုစကားကို ချန်ထားခဲ့ပြီးနောက် ထွက်ခွာသွားခဲ့တော့သည်။
“ကောင်းပါပြီဗျာ။”
လီမင်ဟယ်က ဦးညွှတ်ရင်း ခေါင်းညိတ်လိုက်သည်။ ကျန်းဖုန်း၏ စွမ်းအားကို ပြန်လည်သတိရမိပြီး သူ့ကို စောစောစီးစီး ခေါ်ဖို့ မစဉ်းစားမိခဲ့သည့် မိမိကိုယ်ကိုယ် စိတ်ပျက်မိသွားသည်။
ထိုသတင်းစကားက ကျန်းဖုန်းထံသို့ ရောက်ရှိသွားခဲ့၏။
ကျန်းဖုန်း အံ့အားသင့်သွားရသည်။ တပ်မှူးများနှင့် ကြီးကြပ်ရေးမှူးများကယွမ်ထျန်းကန်းကျန် ပေ့အကျန်းထောင်ရဲ့ ဒုတိယ ထောင် စောင့်တပ်မှူးအဖြစ် ရာထူးတိုးခြင်းကို ဂုဏ်ပြုရန် စားပွဲသောက်ပွဲ ပြုလုပ်ခြင်း ဖြစ်ပြီး၊ မိမိက အကျဉ်းထောင်မှူးအသေးအဖွဲလေး မျှသာဖြစ်သော်လည်း ယွမ်ထျန်းကန်းက သူ့ကို အထူးတလည် လာရောက်စေချင်နေသည်။ လီမင်ဟယ် က မိမိ၏ စွမ်းအားအကြောင်းကို ယွမ်ထျန်းကန်း အား ပြောပြလိုက်ခြင်းများ ဖြစ်နေမလား။
“အကျဉ်းထောင်မှူး ကျန်း... တပ်မှူး ကြီး ဟန် က ခင်ဗျားနဲ့ ဆွေးနွေးစရာ ကိစ္စရှိလို့တဲ့။”
ရုတ်တရက် စုမှူးဝမ် ရောက်လာပြီး ပြောလိုက်သည်။
“တပ်မှူးလီ ... ကျွန်တော် ဒီည သေချာပေါက် လာခဲ့ပါ့မယ်။ အခုတော့ တပ်မှူးကြီးဟန် ဆီ အရင်သွားလိုက်ဦးမယ်။”
ကျန်းဖုန်း ၏ မျက်မှောင်က ပိုမို တွန့်ချိုးသွားခဲ့သည်၊ ဟန်ဒေါင် က ဘာကြောင့် သူ့ကို ရုတ်တရက်ကြီး တွေ့ချင်ရသလဲဆိုသည်ကို တွေးတောမရ ဖြစ်နေမိသည်။
“ကောင်းပြီ... ငါ ဒီည စောင့်နေမယ်နော်။”
တပ်မှူး လီက နောက်မှ လှမ်းအော်ပြောလိုက်သည်။ သူ၏ လေသံက အလွန်ပင် ရင်းနှီးလွန်းလှရာ သူက အကျဉ်းထောင်မှူး ဖြစ်ပြီး ကျန်းဖုန်း ကသာ တပ်မှူးကြီး ဖြစ်နေသယောင် ထင်မှတ်ရသည်။
“ငယ်သား တပ်မှူးကြီး ဟန် ကို ဂါရဝပြုပါတယ်ခင်ဗျာ။”
ကျန်းဖုန်းက အရိုအသေပေးလိုက်သည်။
“မင်းကို ဘယ်လိုပြောရမလဲ မသိတဲ့ ကိစ္စတစ်ခု ရှိနေတယ်။”
ဟန်ဒေါင် က စိတ်မအေးရိပ်ဖြင့် ဆိုလိုက်သည်။
“အော်... အားမနာတမ်း မိန့်ဆိုပါခင်ဗျာ။”
ကျန်းဖုန်းရင်ထဲ မငြိမ်မသက် ဖြစ်သွားရသည်။
“ကောင်းပြီလေ။”
ဟန်ဒေါင် သက်ပြင်းအရှည်ကြီး ချလိုက်ပြီးနောက်—
“ခုနတင် တပ်မှူး ယွမ်ငါ့ဆီ လာခဲ့တယ်၊ အဲဒါနဲ့ ငါလည်း ကြာနီဂိုဏ်း သခင်လေး သေဆုံးမှုနဲ့ ပတ်သက်ပြီး သံသယရှိတာတွေကို ထည့်ပြောမိလိုက်တယ်။ အဲဒီကိစ္စက မင်းနဲ့ ပတ်သက်နေမလားလို့ ငါ သံသယရှိလို့လေ။ ဒါပေမဲ့ သူက အဲဒါကို ကြားတော့ သိပ်ပြီး သဘောမကျဘူး ဖြစ်သွားတယ်၊ မင်းက သူ့ရဲ့ အောင်မြင်မှုကို လုယူသွားမှာ စိုးရိမ်နေတဲ့ ပုံပဲ။ အကယ်၍ သူ မင်းကို ပြဿနာရှာလာရင် ဒုက္ခတွေကို ရှောင်လွှဲဖို့ ဒီတံဆိပ်ပြားကို အသုံးပြုလိုက်ပါ။”
ထိုသို့ပြောပြီးနောက် ဟန်ဒေါင်က ကျန်းဖုန်းထံသို့ တံဆိပ်ပြားတစ်ခု လှမ်းပစ်ပေးလိုက်သည်။ ၎င်းမှာ သူမ၏ ကိုယ်ပိုင်အမှတ်အသား တံဆိပ်ပြားဖြစ်ပြီး ထောင်စောင့်များ၊ တပ်မှူးများ၊ ကြီးကြပ်ရေးမှူးများနှင့် ယွမ်ထျန်းကန်းကိုယ်တိုင် အပါအဝင် အားလုံးကို အမိန့်ပေးစေခိုင်းနိုင်သည်။
“ဘာ... ဒါ... တပ်မှူးကြီး ဟန် ... ခင်ဗျား ကျီစယ်နေတာ ဖြစ်ရမယ်။ ကျွန်တော်က ဘာကိစ္စ တပ်မှူး ယွမ်နဲ့ အောင်မြင်မှု လုရမှာလဲခင်ဗျာ။ ကြာနီဂိုဏ်း သခင်လေး သေဆုံးတာကို ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာပါ၊ တပ်မှူး ယွမ်ကိုယ်တိုင်ပဲ သူ့ကို ခုတ်ပိုင်းလိုက်တာ။”
ကျန်းဖုန်း တစ်ယောက် ခေါင်းခဲသွားပြီး ညည်းတွားလိုက်မိသည်။ လွန်ခဲ့တဲ့ တစ်လက အကျဉ်းထောင်ထဲမှာ လီမင်ဟယ် ကို ခြိမ်းခြောက်ဖို့ မိမိရဲ့ စွမ်းအားကို ထုတ်ပြခဲ့မိခြင်းအပေါ် နောင်တရနေမိတော့သည်။
“မင်း တကယ်ပဲ တပ်မှူးယွမ် ကို မကူညီခဲ့ဘူးလား။”
ဟန်ဒေါင်က သံသယစိတ်ဖြင့် မေးသည်။
“မကူညီခဲ့ပါဘူးခင်ဗျာ၊ ကောင်းကင်ကြီးကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်တကား။”
ကျန်းဖုန်း က လက်မြှောက်၍ ပြောလိုက်၏။
ဟန်ဒေါင် မျက်မှောင်ကုတ်သွားသည်။ ခဏမျှ တွေးတောပြီးနောက်—
“အကယ်၍ မင်းနဲ့ မပတ်သက်ဘူးဆိုရင်လည်း စိုးရိမ်စရာ မရှိပါဘူး၊ သွားနိုင်ပါပြီ။”
“ဗျာ...”
ကျန်းဖုန်းသည် ဤမျှ ရိုးရှင်းသော စကားတစ်ခွန်းတည်းနှင့် ပြီးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ တခြား ဘာအစီအစဉ်မှ မရှိတော့ပေ။ သူ့ကို ခေါ်ပြီး ယွမ်ထျန်းကန်းနှင့် နားလည်မှုလွဲတာကို ရှင်းပြပေးခြင်းမျိုးလည်း မရှိခဲ့။ မိမိလက်ထဲတွင် ဟန်ဒေါင်၏ ကိုယ်ပိုင်တံဆိပ်ပြား ရှိနေသေးသည်ကို သတိပြုမိမှသာ ကျန်းဖုန်းသည် စိုးရိမ်ထိတ်လန့်စိတ်ဖြင့် ထွက်ခွာလာခဲ့တော့သည်။
“ငါ တကယ်ပဲ အတွေးလွန်သွားတာလား။”
ကျန်းဖုန်းထွက်ခွာသွားပြီးနောက် ဟန်ဒေါင်တစ်ယောက်တည်း ဆက်လက် စဉ်းစားနေမိသည်။
“အစ်ကို ကျန်း... ခင်ဗျား ဘယ်မှာနေလဲ။ ဒီည ခင်ဗျားကို လာကြိုဖို့ ရထားလုံးတစ်စီး လွှတ်လိုက်မယ်လေ။”
လီမင်ဟယ် က ဟန်ဒေါင် ၏ အိမ်ရာဝင်းအပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
“မင်း ငါ့ကို ဒုက္ခရောက်အောင် လုပ်လိုက်တာပဲ။”
လီမင်ဟယ်ကို မြင်လိုက်ရသောအခကျန်းဖုန်း ၏ ရင်ထဲတွင် ဒေါသများ အလိပ်လိုက် ထွက်ပေါ်လာခဲ့သည်။
“ငါ့လက်သီးကို မြည်းစမ်းကြည့်စမ်း။”
“အား... ဘာလို့ ရိုက်ရတာလဲ...”
လီမင်ဟယ် သည် အကာအကွယ်မဲ့နေစဉ် အရိုက်ခံလိုက်ရသဖြင့် နှာခေါင်းသွေးများ လျှံကျလာပြီး ဆဲဆိုရန် ပြင်လိုက်သော်လည်း ကျန်းဖုန်း၏ လက်ထဲတွင် ရှိနေသော တံဆိပ်ပြားကို လှမ်းမြင်လိုက်ရသည်။ ၎င်းမှာ တပ်မှူးကြီး ဟန်ရဲ့ တံဆိပ်ပြား ဖြစ်နေသဖြင့် သူ၏ ဒေါသအားလုံး ချက်ချင်းပင် လွင့်ပျယ်သွားခဲ့ရ၏။ ထို့နောက် သူ၏ စကားကို အလျင်အမြန် ပြောင်းလဲလိုက်သည်—
“ကောင်းကောင်း ရိုက်လိုက်တာပဲဗျာ။”
ကျန်းဖုန်း က လီမင်ဟယ် ကို လျစ်လျူရှုလိုက်သည်။ ဤကဲ့သို့သော လူမျိုးသည် ရည်မှန်းချက်ကြီးကြီးမားမား မရှိသော်လည်း အလွန် ပါးနပ်လှသည်။ မိမိထက် သာလွန်သူရှိနေသရွေ့ သူက ဦးအောင် ရန်စလိမ့်မည် မဟုတ်ပေ။ သို့သော် ယွမ်ထျန်းကန်း၏ ကိစ္စကိုမူ သူ မည်သို့ ကိုင်တွယ်ရပါမည်နည်း။
မကြာမီ တာဝန်လွှဲပြောင်းပြီး ထွက်ခွာရမည့် အချိန်သို့ ရောက်ရှိလာခဲ့သည်။
ကျန်းဖုန်းအနည်းငယ် စဉ်းစားလိုက်ပြီးနောက် မိမိရရှိထားသော ဆုကြေးငွေများထဲမှ—ငွေစင် တစ်ရာ့ငါးဆယ်သား အပြည့်ကို သုံးစွဲ၍—ဖျံမွေးဝတ်စုံတစ်ထည်ကို ဝယ်ယူလိုက်သည်၊ ၎င်းကိုယွမ်ထျန်းကန်း ထံ ကိုယ်တိုင် သွားရောက် ပေးအပ်ပြီး သူ၏ သံသယများကို ဖြေဖျောက်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ထို့နောက် သူသည် အိမ်သို့ပင် အရင်မပြန်တော့ဘဲ ဖုန်းယွဲ့ ၏ အဝင်ဝတွင် သွားရောက် စောင့်ဆိုင်းနေခဲ့သည်။
သူသည် မိမိ၏ အဆင့်အတန်းကို အောက်ဆုံးသို့ နှိမ့်ချထားလိုက်၏။ မည်သို့ပင်ဖြစ်စေ ယွမ်ထျန်းကန်း သည် လီမင်ဟယ် နှင့် မတူပေ။ လီမင်ဟယ် က အငယ်တန်း တပ်မှူးလေးမျှသာ ဖြစ်သဖြင့် ကျန်းဖုန်းအနေဖြင့် စွမ်းအား သုံး၍ ခြိမ်းခြောက်နိုင်သလို ရာထူးကိုပင် အစားထိုးပစ်နိုင်သည်။ သို့သော် ယွမ်ထျန်းကန်း ကမူ ကွဲပြားသည်။ သူသည် ကျန့်ပေ့အကျန်းထောင်၏ ဒုတိယ ထောင် စောင့်တပ်မှူးဖြစ်ပြီး ဟန်ဒေါင်ပြီးလျှင် ဒုတိယ အာဏာအရှိဆုံးသူ ဖြစ်သည်။ ထို့အပြင် သူ၏ လက်ရှိ ရာထူးနေရာမှာ စွမ်းအားကြောင့်တင်မကဘဲ ကြာနီဂိုဏ်း သခင်လေးကို သတ်နိုင်ခဲ့တဲ့ ကောင်းမှုကုသိုလ် အောင်မြင်မှုများကြောင့်လည်း ပါဝင်သည်။
ကျန်းဖုန်း၏ ပဉ္စမအဆင့်နယ်ပယ် စွမ်းအားကယွမ်ထျန်းကန်းထက် သာလွန်နေပါစေဦးတော့၊ သူ့ကို အစားထိုးရန် ခက်ခဲလှပေလိမ့်မည်။
ထို့ကြောင့် သူတစ်ပါးရဲ့ လက်အောက်မှာ အလုပ်လုပ်နေရသရွေ့တော့ ကျန်းဖုန်းအနေဖြင့် လောလောဆယ်တွင် သည်းခံရုံသာ ရှိတော့သည်။
နာရီဝက်ခန့် ကြာပြီးနောက်...
တပ်မှူးများနှင့် ကြီးကြပ်ရေးမှူးများ ဖုန်းယွဲအ ဆောက်အဦး ၏ အဝင်ဝတွင် စုရုံးလာကြပြီး ကျန်းဖုန်းနှင့်အတူ စောင့်ဆိုင်းနေကြသည်။ ခရီးတစ်ထောက်စာ အချိန်ခန့် ကုန်လွန်ပြီးနောက် ဝေါယာဉ်တစ်စီး သူတို့ရှေ့တွင် ပေါ်လာခဲ့၏။ ဝေါယာဉ်ထဲမှ ထွက်လာသူမှာ တခြားသူမဟုတ်ဘဲ ကျန့်ပေ့အကျန်းထောင်၏ ဒုတိယ ထောင် စောင့်တပ်မှူးယွမ်ထျန်းကန်းပင် ဖြစ်သည်။
“သခင်ကြီး ယွမ်...။”
“သခင်ကြီး... ဒီဘက်က ကြွပါခင်ဗျာ။”
ကြီးကြပ်ရေးမှူးအချို့က သူ့ကို ကြိုဆိုရန် အလျင်အမြန် ရှေ့သို့ တိုးသွားကြသည်။ တပ်မှူးအားလုံးနှင့်အတူ ကျန်းဖုန်းသည်လည်း နောက်ဘက်တွင် မတ်တတ်ရပ်လျက် ယွမ်ထျန်းကန်း ကို ခေါင်းညိတ် နှုတ်ဆက်လိုက်ကြသည်။
“လူကြီးမင်းတို့... အကြာကြီး စောင့်ခိုင်းမိတဲ့အတွက် စိတ်မရှိပါနဲ့။”
ယွမ်ထျန်းကန်း က လူတိုင်းကို လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။ သူသည် လူအုပ်ထဲတွင် ရှိနေသော ကျန်းဖုန်း ကို ချက်ချင်း သတိထားမိလိုက်သော်လည်း ဝေ့ကြည့်ရုံမျှသာ ကြည့်ပြီး လျစ်လျူရှုထားလိုက်၏။
ကျန်းဖုန်းရင်ထဲ မသက်မသာ ဖြစ်သွားရသော်လည်း တခြားလူများကဲ့သို့ပင် မျက်နှာတွင် အပြုံးတစ်ခုကို ဆင်မြန်းလျက် ယွမ်ထျန်းကန်းကို ဖားယားပြနေခဲ့ရသည်။
“သခင်ကြီး... အစားအသောက်တွေနဲ့ အရက်တွေ အကုန်အဆင်သင့်ဖြစ်နေပါပြီ၊ အထဲကို ကြွကြစို့ခင်ဗျာ။”
“ကောင်းပြီလေ။”
ကြီးကြပ်ရေးမှူး သုံးယောက်က ယွမ်ထျန်းကန်းကို ထျန်းဇီ နံပါတ် ၁ သီးသန့်ခန်းထဲသို့ ခြံရံ ခေါ်ဆောင်သွားကြသည်။
ကျန်းဖုန်း နှင့် တခြားလူများကလည်း နောက်မှ ကပ်လျက် လိုက်ပါသွားကြ၏။
သီးသန့်ခန်းထဲတွင်မူ လူပေါင်း နှစ်ဆယ်ကျော် ထိုင်နိုင်သော အဝိုင်းစားပွဲကြီး တစ်လုံး ရှိနေသည်။ စားပွဲပေါ်တွင် အငွေ့တထောင်းထောင်း ထွက်နေသော အရသာရှိလှသည့် အစားအသောက်များဖြင့် ပြည့်နှက်နေ၏။
လူတိုင်း တစ်ယောက်ပြီးတစ်ယောက် နေရာယူလိုက်ကြသည်။ ကြီးကြပ်ရေးမှူး သုံးယောက်က ယွမ်ထျန်းကန်း ၏ ဘေးတွင် ထိုင်ကြပြီး ကျန်ရှိသော တပ်မှူးများကလည်း နောက်ကလိုက်၍ ထိုင်လိုက်ကြသည်။
ကျန်းဖုန်း က ဝင်ထိုင်ရန် ပြင်လိုက်သည့် အချိန်တွင်မူ အခန်းထဲတွင် ကျန်ရှိနေသော တစ်လုံးတည်းသော ကုလားထိုင်ကို ယွမ်ထျန်းကန်းက သူ၏ခြေထောက်ဖြင့် နင်းထားလိုက်တော့သည်။