အခန်း (၃၃) - မင်းက ဆရာကြီးလုပ်နေတုန်း၊ ငါကတော့ လစ်ပြီ။
ကျန်းဖုန်း ရာထူးတိုးသွားသည်။ သူသည် ပထမအဆင့် အကျဉ်းထောင်စောင့်လေးဘဝမှ တတိယအဆင့် အကျဉ်းထောင်မှူး ဖြစ်လာခဲ့သည်။ ထိုသတင်းက အလျင်အမြန်ပင် ပျံ့နှံ့သွားခဲ့၏။ တပ်မှူးများက ထိုအရာကို အာရုံမစိုက်ကြသော်လည်း အကျဉ်းထောင်စောင့်လေးများနှင့် စုမှူးများအားလုံးကတော့ အားကျမနာလို ဖြစ်နေကြသည်။
ဦးလေး ဟော့ထိုသတင်းကို ကြားရသောအခါ စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး ထိုနေ့ကသာ သူ သတိမေ့မလဲဘဲ ရှိနေခဲ့လျှင် တပ်မှူးဟန်က သူ့ကို သတိထားမိလောက်သည်ဟု ညည်းတွားနေမိသည်။
“ဒီနေ့ကစပြီး ဒါ မင်းရဲ့ အလုပ်ခန်းပဲ၊ ပြီးတော့ ဒီစုမှူး သုံးယောက်စလုံးက မင်းရဲ့ အမိန့်ကို နာခံရလိမ့်မယ်။”
လုရှန်ဟိုင်းက ကျန်းဖုန်းကို တတိယအဆင့်သို့ ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် စုစုမှူး သုံးယောက်ကို ရှေ့သို့ခေါ်ကာ ကျန်းဖုန်းနှင့် မိတ်ဆက်ပေးလိုက်သည်။
“အကျဉ်းထောင်မှူးကျန်းကို နှုတ်ခွန်းဆက်ပါတယ်ခင်ဗျာ။”
စုမှူး သုံးယောက်က အလျင်အမြန်ပင် ဖားယားလိုက်ကြသည်။
“နှုတ်ခွန်းဆက်ပါတယ် စုမှူးတို့။”
ကျန်းဖုန်းက သူတို့ကို ပြန်လည်နှုတ်ဆက်လိုက်၏။
“အကျဉ်းထောင်မှူးကျန်း... ကျွန်တော့်မှာ ပထမအဆင့်မှာ ရှင်းစရာ ကိစ္စတွေ အများကြီး ကျန်သေးလို့ အရင်သွားနှင့်တော့မယ်။ တစ်ခုခုလိုရင် ကျွန်တော့်ကို လာရှာလို့ရတယ်။”
“ကောင်းပါပြီ သခင်ကြီးလု၊ ဂရုစိုက်သွားပါ။”
ကျန်းဖုန်းသည် လုရှန်ဟိုင်းကို လိုက်ပို့လိုက်သည်။ ထို့နောက် တတိယအဆင့်၏ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်၏။ သူသည် ဤနေရာတွင် အကျဉ်းထောင်မှူး ဖြစ်လာသည့်အတွက် စိုးစဉ်းမျှ ဝမ်းမသာမိပေ။
ဆန့်ကျင်ဘက်အနေဖြင့် ပို၍ပင် စိတ်လှုပ်ရှား တင်းမာလာမိသည်။ တတိယအဆင့်တွင် ဖမ်းဆီးချုပ်နှောင်ထားသောသူများသည် နန်းတွင်းမှ အရာရှိကြီးများသာမက တော်ဝင်မိသားစုဝင်များနှင့် ဆွေတော်မျိုးတော်များပါ ဖြစ်ကြောင်း သူသိထားသည်။ ထိုလူများသည် ပြုစုလုပ်ကျွေးရန် ခက်ခဲရုံသာမက တစ်ခါတရံ ပြင်းထန်သော ပြစ်ဒဏ်များ ပေးပြီးသည့်တိုင် ရက်ပိုင်းအတွင်း ပြန်လည်လွတ်မြောက်သွားတတ်ကြသည်။ နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရလျှင်ပင် တစ်ခါတရံ မင်းစိုးရာဇာတစ်ပါးပါး သို့မဟုတ် ဧကရာဇ်မင်းမြတ်က သတိရသွားပြီး အထက်မှ စကားတစ်ခွန်း မိန့်ကြားရုံမျှဖြင့် သူတို့၏ ရာထူးနေရာများကို ချက်ချင်း ပြန်လည်ရရှိသွားတတ်ကြသည်။
အကယ်၍ သေချာ ဂရုမစိုက်မိပါက နောင်တွင် အဆုံးမရှိသော ဒုက္ခများနှင့် ရင်ဆိုင်ရနိုင်သည်။ တစ်ဖက်တွင်လည်း ထိုလူများနှင့် အလွန်အမင်း နီးစပ်လွန်းပါက အထက်လူကြီးများ၏ ငြိုငြင်မှုကို ခံရပြန်သည်။ အကျဉ်းချုပ်ရလျှင် တတိယအဆင့်တွင် ရှိနေခြင်းက အပေါ်ယံ၌ ဂုဏ်ကျက်သရေရှိပြီး အကျိုးအမြတ် ပိုများပုံရသော်လည်း အန္တရာယ်ဇုန်က ပိုမိုမြင့်မားကာ မတော်တဆ အမှားအယွင်းတစ်ခု ရှိရုံဖြင့် လုံးဝ ဘဝပျက်သွားနိုင်သည်။
“အကျဉ်းထောင်မှူးကျန်း... ကျွန်တော်တို့ စုမှူး သုံးယောက် ပိုက်ဆံစုပြီး ခင်ဗျာ့်ကို ကြိုဆိုတဲ့အနေနဲ့ ဒီည ဖုန်းယွဲ့အ ဆောက်အဦးမှာ ဂုဏ်ပြုစားပွဲတစ်ခု ပြင်ဆင်ထားပါတယ်၊ ခင်ဗျား အသေအချာ ကြွရောက်ပေးရပါမယ်။”
တြိဂံပုံ မျက်လုံးတစ်စုံရှိသော စုမှူးဝမ်က စိတ်အားထက်သန်စွာ တိုးကပ်လာပြီး ပျော်ပျော်ရွှင်ရွှင် ပြောဆိုလိုက်သည်။
“မင်းတို့ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ငါ ဖုန်းယွဲ့ကို မသွားတော့ဘူး။ ညီအစ်ကိုတွေကိုလည်း ပိုက်ဆံအများကြီး မသုံးကြဖို့ ပြောပေးပါ။”
ကျန်းဖုန်းက စုမှူးဝမ်၏ ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်။
“အကျဉ်းထောင်မှူးကျန်း... ဒါက ညီအစ်ကိုတွေရဲ့ စေတနာ သက်သက်ပါ၊ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ခင်ဗျား ငြင်းလိုက်ရင် သူတို့ နောက်ကျရင် ကျွန်တော့်ကို အပြစ်တင်ကြပါလိမ့်မယ်။”
စုမှူးဝမ်က ပြုံးရွှင်သော မျက်နှာဖြင့် ပြောရှာသည်။
ကျန်းဖုန်းလည်း အကယ်၍ သူ ငြင်းပယ်လိုက်လျှင် သူ့လက်အောက်ရှိ စုမှူးများက ‘အရာရှိအသစ်က အစွမ်းပြချင်နေတာ’ ဟု အထင်လွဲကာ အတွေးလွန်ကုန်ကြမည်ကို နားလည်သဖြင့်—
“ငါ ဒီည တကယ်ပဲ တခြားကိစ္စရှိလို့ပါ၊ နောက်ရက်မှပဲ လုပ်ကြတာပေါ့။ နောက်တစ်ခါကျရင် မင်းအိမ်မှာပဲ အစီအစဉ်လုပ်လိုက်၊ တို့တွေ တို့စရာနဲ့ ပဲပြားလေး စားရင်း ရင်းနှီးအောင် စကားစမြည် ပြောကြတာပေါ့။”
“ကောင်းပါပြီဗျာ... ဒါဆို သဘောတူပြီနော်၊ နောက်တစ်ခါကျရင် ကျွန်တော် ဖိတ်လိုက်ပါ့မယ်။”
စုမှူးဝမ်သည် အလွန်အမင်း ဝမ်းသာသွားခဲ့သည်။ အကျဉ်းထောင်မှူးက သူ့အိမ်တွင် ထမင်းလာစားမည်ဆိုခြင်းမှာ သူ့ကို မိသားစုဝင်ကဲ့သို့ အမှန်တကယ် သဘောထားခြင်းပင် ဖြစ်သည်။
ကျန်းဖုန်းသည် သူ့အလုပ်ခန်းသို့ ပြန်လာခဲ့သည်။ အထဲတွင် ထားရှိထားသော သက်ဆိုင်ရာ စာရွက်စာတမ်းအချို့ကို သူ စစ်ဆေးကြည့်ရှုလိုက်၏။ အကျဉ်းထောင်စောင့်လေးဘဝမှ စုမှူးသုံးယောက်ကို အုပ်ချုပ်ရသည့် တတိယအဆင့် အကျဉ်းထောင်မှူး ဖြစ်လာခြင်းကြောင့် ကျန်းဖုန်းသည် သူ့အလုပ်က ပိုမိုပေါ့ပါးသွားသည်ဟု ခံစားရသည်။ အကျဉ်းသားများကို ထမင်းသွားပို့ရန် မလိုတော့ဘဲ သူ့အောက်ရှိ စုမှူးများ၏ စွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ် စောင့်ကြည့်ရန်၊ ထောင်စောင့်များကို ကောင်းမွန်စွာ စီမံခန့်ခွဲရန်၊ ပြဿနာမတက်စေရန်နှင့် အထက်လူကြီးများ၏ ငြိုငြင်မှုကို မခံရစေရန်သာ အဓိက ဂရုစိုက်ရတော့သည်။
အချိန်အတော်ကြာအောင် ကျန်းဖုန်း တစ်ယောက် ခေါင်းခဲနေမိသည်။ သူသည် ပထမအဆင့်သို့ ပြန်သွားပြီး အကျဉ်းထောင်စောင့်လေးအဖြစ်သာ ဆက်လုပ်ချင်စိတ် ပေါက်လာမိသည်။ ထိုစဉ်က သန့်ရှင်းရေးလုပ်ခြင်းနှင့် အကျဉ်းသားများကို ထမင်းပို့ခြင်းမှလွဲ၍ တခြားဘာကိုမျှ တွေးတောနေစရာမလိုဘဲ တည်ငြိမ်အေးချမ်းစွာနှင့် သတိရှိရှိ နေထိုင်နိုင်ခဲ့သည်။
“ဘယ်သူက အကျဉ်းထောင်မှူးအသစ် ကျန်းဖုန်းလဲ။”
အလုပ်ခန်းအပြင်ဘက်သို့ အကျဉ်းထောင်မှူးတစ်ယောက်နှင့် ထောင်စောင့်နှစ်ယောက် ရောက်ရှိလာသည်။ ထောင်စောင့်များနှင့် အကျဉ်းထောင်မှူးသည် ဝတ်စုံဒီဇိုင်း တူညီကြသော်လည်း ရင်ဘတ်ပေါ်ရှိ စာလုံးများမှာ ကွဲပြားသည်။ တစ်ယောက်တွင် “ထောင်စောင့်” ဟု ရေးထားပြီး၊ နောက်တစ်ယောက်တွင် “ထောင်မှူး” ဟု ရေးထားကာ သူတို့၏ ဦးထုပ်များတွင်လည်း ကွာခြားချက်အချို့ ရှိသည်။ အကျဉ်းထောင်မှူး၏ ဦးထုပ်တွင် ကြက်ဖအမွှေးနှစ်ချောင်း ပါရှိသော်လည်း ထောင်စောင့်များတွင်မူ မပါရှိပေ။
ထို့အပြင် အကျဉ်းထောင်မှူးများအားလုံးသည် ခါးတွင် ချိတ်ဆွဲထားနိုင်သော ကိုယ်ပိုင်ဓားမြှောင်ကို ဆောင်ထားကြပြီး ထိုဓားမြှောင်ကို အကျဉ်းထောင်အပြင်ဘက်သို့ပါ ယူဆောင်သွားနိုင်သည်။
ပြောရလျှင် အကျဉ်းထောင်စောင့်လေးများနှင့် စုမှူးများကို နန်းတွင်းက အမြဲတမ်းဝန်ထမ်းအဖြစ် သတ်မှတ်ခြင်းမရှိပေ။ အကျဉ်းထောင်မှူးတစ်ယောက်တွင် ရာထူးအဆင့်အတန်း မရှိသေးသော်လည်း စနစ်ထဲသို့ ဝင်ရောက်ပြီးဖြစ်၍ နန်းတွင်း၏ အကာအကွယ်ကို ရရှိထားသည်။
ကျန်းဖုန်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ အလုပ်ခန်းထဲတွင် သူကလွဲ၍ တခြားဘယ်သူမျှ မရှိပေ။ တစ်ဖက်လူက ထောင်စောင့်နှစ်ယောက်ကို ခေါ်ဆောင်လာပြီး သူ့အလုပ်ခန်းတံခါးဝတွင် ဘယ်သူက အကျဉ်းထောင်မှူးကျန်းလဲဟု မေးနေခြင်းမှာ သူ့ကို ပညာပြချင်နေသည်မှာ ထင်ရှားလှသည်။
တော်ဝင်မိသားစုဝင်များနှင့် ဆွေတော်မျိုးတော်များ၊ နန်းတွင်းမှ အရာရှိကြီးများ၊ ဇာတ်လိုက်ကမ္ဘာ မှ အစွမ်းထက်ပုဂ္ဂိုလ်များ... ထိုသူများသည် သူ ရန်မစရဲသော လူများ ဖြစ်ကြသည်။
သို့သော် ဤကဲ့သို့သော အကျဉ်းထောင်မှူးအသေးအဖွဲလေးကိုမူ ကျန်းဖုန်း စိတ်ထဲမထားပေ။ သူသည် သွေးသန့်စင်ခြင်းနယ်ပယ် ၏ ပဉ္စမအဆင့် ကျင့်ကြံခြင်း ရှိပြီး၊ အလယ်အလတ် တတိယအဆင့် သိုင်းပညာရှင် တစ်ဦး ဖြစ်သည်ကို မမေ့သင့်ပေ။ ဤမျှအစွမ်းမျိုးနှင့် ကျန်းဖုန်းသာ အလိုရှိပါက နန်းတွင်းထံမှ ဆဋ္ဌမအဆင့် အရာရှိ ရာထူးကို အချိန်မရွေး တောင်းခံနိုင်သည်။ ကျန့်ပေ့အကျဉ်းထောင် တွင် အနည်းဆုံးတော့ အရာရှိယွမ် ကဲ့သို့ ရာထူးမျိုး ရနိုင်သည်။
အရေပြားသန့်စင်ခြင်းနယ်ပယ် ၏ နဝမအဆင့် မျှသာရှိသော အကျဉ်းထောင်မှူးလေးတစ်ယောက်က သူ့ရှေ့တွင် လာ၍ လှည့်ကွက်ဆင်နေခြင်းအပေါ် ကျန်းဖုန်း စိတ်ထဲမှ ရယ်မောမိလိုက်သည်။
စကားပုံအတိုင်းပင်... လူတွေက ငါ့ကိုမထိရင် ငါလည်းသူတို့ကိုမထိဘူး၊ လူတွေက ငါ့ကိုလာထိရင်တောင် တစ်ခါတရံ ငါ အောင့်အီးသည်းခံနိုင်ပါသေးတယ်။
ကျန်းဖုန်း အလျင်အမြန်ပင် ထရပ်လိုက်ပြီး—
“ကျွန်တော်ပါပဲ... ကျွန်တော့်ကို ရှာနေတာလားခင်ဗျာ။”
မည်သို့ပင်ဆိုစေ တတိယအဆင့်သို့ ပြောင်းရွှေ့လာခါစ ဖြစ်သဖြင့် အကောက်ကြံမခံရစေရန် လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေးကောင်းမွန်အောင် ထိန်းသိမ်းရမည်ဖြစ်သောကြောင့် ကျန်းဖုန်း သည်းခံလိုက်ခြင်း ဖြစ်သည်။
“အကျဉ်းထောင်မှူးကျန်း... အာဏာပြချင်စရာ ကောင်းလှချည်လား၊ ဒါကြောင့်မို့လို့ တပ်မှူးလီက မင်း ဒီကိုရောက်ကတည်းက ဘာလို့ သူ့ဆီ လာမတွေ့တာလဲလို့ ပြောနေတာကိုး။”
အကျဉ်းထောင်မှူးဆွန်းက ရဲ့တဲ့တဲ့လေသံဖြင့် ပြောလိုက်သည်။
ကျန်းဖုန်း ခဏမျှ ကြောင်အသွားသည်။ သူ ထိုအရာကို မေ့သွားခဲ့ခြင်း ဖြစ်၏။ အကျဉ်းထောင်မှူးဆွန်းကို တပ်မှူးလီက စေလွှတ်လိုက်ပုံရသည်။ ဤသည်မှာ အရာရှိလောက၏ သဘာဝပင်။ အရာရှိအသစ်တစ်ယောက် ရာထူးလက်ခံပြီးလျှင် ပထမဦးဆုံး လုပ်ရမည့်အလုပ်မှာ အထက်လူကြီးများကို သွားရောက် ဂါရဝပြုခြင်း ဖြစ်သည်။ တပ်မှူးလီသည် ဤအကျဉ်းထောင်မှူးအသစ် သူ့ထံ လာရောက်တွေ့ဆုံမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်မှာ သေချာသည်။ ထို့အပြင် ကျန်းဖုန်းသည် ပထမအဆင့်မှ ပြောင်းလာပြီး မူလက အကျဉ်းထောင်စောင့်လေး သက်သက်သာဖြစ်ကြောင်း သူ သိထားသည်။ ထိုကဲ့သို့သော လူမျိုးထံမှ အဖက်လုပ်ခြင်း မခံရဟု ထင်မှတ်ကာ ဒေါသထွက်နေခြင်း ဖြစ်ပေမည်။
“တိုက်တိုက်ဆိုင်ဆိုင်ပါပဲ... ကျွန်တော်က ထောင် စောင့်တပ်မှူးဟန် ညွှန်ကြားခဲ့တဲ့အရာတွေကို စဉ်းစားနေမိလို့ အချိန်ကုန်သွားတာ မသိလိုက်တာပါ။ အခုချက်ချင်းပဲ တပ်မှူးလီဆီ သွားတွေ့ပါ့မယ်။”
ကျန်းဖုန်းက တောင်းပန်ရိပ်အပြည့်ရှိသော မျက်နှာဖြင့် အလျင်အမြန် ရှင်းပြလိုက်သည်။
ထိုစကားကြောင့် အကျဉ်းထောင်မှူးဆွန်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ကျန်းဖုန်း ပထမအဆင့်မှ တတိယအဆင့်သို့ အကျဉ်းထောင်မှူးအဖြစ် ပြောင်းရွှေ့လာခြင်းမှာ ထောင် စောင့်တပ်မှူးဟန် ဒေါင် ၏ အသိအမှတ်ပြုမှုကြောင့် ဖြစ်ကြောင်း သူတို့အားလုံး သိကြသည်။ ကျန်းဖုန်းနှင့် ဟန် ဒေါင်တို့အကြားတွင် အမှန်တကယ် ပတ်သက်မှုရှိမည်ကို သူတို့ ကြောက်ရွံ့ကြသည်။ ထို့ကြောင့် သူက—
“အကျဉ်းထောင်မှူးကျန်း မေ့နေမှာစိုးလို့ ကျွန်တော် လာသတိပေးတာပါ၊ သွားကြစို့... ကျွန်တော် တပ်မှူးလီဆီ လိုက်ပို့ပေးမယ်။”
“ကောင်းပါပြီ... အများကြီး ကျေးဇူးတင်ပါတယ်။”
ကျန်းဖုန်းက ခေါင်းငြိမ့်ပြပြီး အကျဉ်းထောင်မှူးဆွန်း၏ နောက်မှ လိုက်ပါသွားခဲ့သည်။ သူ့၏ ရိုကျိုးလွန်းသော အမူအရာကြောင့် အကျဉ်းထောင်မှူးဆွန်း၏ မျက်လုံးများတွင် အထင်အမြင်သေးဟန်များ ဖြတ်ပြေးသွားခဲ့သည်။
ခဏအကြာတွင် ကျန်းဖုန်းသည် တပ်မှူးလီ၏ အလုပ်ခန်းတံခါးဝသို့ ရောက်ရှိလာခဲ့သည်။
“တပ်မှူးလီ... ကျွန်တော် ကျန်းဖုန်းပါခင်ဗျာ၊ တတိယအဆင့်ရဲ့ အကျဉ်းထောင်မှူးအသစ်အဖြစ် လာရောက် သတင်းပို့တာပါ။”
ကျန်းဖုန်းသည် တံခါးဝတွင် ရပ်ကာ အရိုအသေပေး နှုတ်ဆက်လိုက်သည်။
“ချောက်ချား...”
အလုပ်ခန်းထဲတွင် တပ်မှူးလီသည် လက်ဖက်ရည် ငှဲ့နေသည်။ သူ့နောက်တွင် ထောင်မှူးဆွန်းကဲ့သို့ အရေပြားသန့်စင်ခြင်း နဝမအဆင့် အစွမ်းရှိသော အကျဉ်းထောင်မှူး သုံးယောက် ရပ်နေကြသည်။ တပ်မှူးလီသည် ကျန်းဖုန်း၏ အသံကို မကြားချင်ယောင်ဆောင်ကာ မိမိဘာသာ လက်ဖက်ရည် ဆက်ငှဲ့နေခဲ့၏။
တတိယအဆင့်၏ တပ်မှူးတစ်ယောက်အနေဖြင့် သူသည် ရာထူးရော အစွမ်းပါ ပထမအဆင့်မှ လုရှန်ဟိုင်းထက် သာလွန်သည်။ သူသည် အကျဉ်းထောင်မှူးတစ်ယောက်၏ လျစ်လျူရှုခြင်းကို တစ်ခါမျှ မခံခဲ့ရဖူးဘဲ ကျန်းဖုန်းက ပထမဆုံး ဖြစ်သည်။ ထို့ကြောင့် သူက မကြားချင်ယောင်ဆောင်ကာ တခြားအကျဉ်းထောင်မှူးများ ရှေ့တွင် ကျန်းဖုန်းကို ရည်ရွယ်ချက်ရှိရှိ ပညာပြကာ မျက်နှာဖျက်နေခြင်း ဖြစ်သည်။
ကျန်းဖုန်းသည် ဤအရာမှာ အာဏာပြနေခြင်းဖြစ်ကြောင်း ချက်ချင်း ရိပ်မိလိုက်သည်။ သူသည် ဤကဲ့သို့သော လှည့်ကွက်မျိုးကို အမုန်းဆုံး ဖြစ်၏။ သို့သော်လည်း တခြားနည်းလမ်းမရှိပေ။ အရာရှိလောကတွင် ရှင်သန်ရန်အတွက် ပါးနပ်ရမည်ဖြစ်ပြီး လိုအပ်လျှင် သည်းခံရမည်ဖြစ်သည်။
အထူးသဖြင့် တပ်မှူးလီသည် သူ့အထက်လူကြီး ဖြစ်နေသောကြောင့် သူနှင့် ဆက်ဆံရေးကောင်းအောင် မလုပ်ထားပါက နောင်တွင် မည်သည့် ကောက်ကျစ်မှုမျိုးမဆို သူ့ကို ဒုက္ခအကြီးအကျယ် ပေးနိုင်ပေသည်။
ထို့ကြောင့် သူသည် ပိုမိုရိုသေသမှုရှိစွာဖြင့်—
“အကျဉ်းထောင်မှူးအသစ် ကျန်းဖုန်း... တပ်မှူးလီကို ဂါရဝပြုပါတယ်ခင်ဗျာ။”