အခန်း (၃၁ )- ထောင်မှူးချုပ်
အမျိုးသမီးတပ်မှူးကြီးက ကျန်းဖုန်းကို လှမ်းကြည့်လိုက်သည်။ ကျန်းဖုန်းမှာ သာမန်ထောင်စောင့်လေးတစ်ဦးသာဖြစ်ပြီး စုတပ်မှူး ပင် မဟုတ်ချေ။ သို့သော်လည်း သူပုန်ဂိုဏ်းက ထောင်ကိုစီးနင်းပြီး အကျဉ်းသားများ ထွက်ပြေးနေသည့် အရေးကြုံချိန်တွင် သူသည် အကျဉ်းသားတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သဖြင့် တော်တော်လေး စွမ်းဆောင်နိုင်ခဲ့သည်ဟု ဆိုရမည်။
သူမက ကျန်းဖုန်းကို ခေါင်းအသာညိတ်ပြလိုက်သည်။ ကျန်းဖုန်းမှာ မြှောက်စားခံရသဖြင့် ဝမ်းသာအားရဖြစ်သွားပြီး ခေါင်းကို ပို၍အမြန်နှိမ့်ကာ အရိုအသေပြုလိုက်သည်။ “သေဆုံးတဲ့သူ ဘယ်နှစ်ယောက်လဲ၊ ထောင်စီးနင်းတဲ့သူပုန် ဘယ်နှစ်ယောက်လဲဆိုတာ ရေတွက်လိုက်၊ ပြီးတော့ ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း ထွက်ပြေးတဲ့ အကျဉ်းသားအားလုံးရဲ့ ခြေထောက်တွေကို ရိုက်ချိုးပစ်။ ပြီးရင် သူတို့ကို အရေးယူဖို့အတွက် တရားရေးရုံးတော် ဆီ လွှဲပြောင်းပေးလိုက်” ဟု အမျိုးသမီးတပ်မှူးကြီးက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ!” သုံးလွှာစလုံးရှိ တပ်မှူးများက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။ “ဒီတစ်ကြိမ်မှာ သူပုန်တွေ ထောင်စီးနင်းတာကို အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့တဲ့အတွက် အားလုံးမှာ အကျိုးခံစားခွင့်ရှိတယ်။ ငါ ထောင်မှူးချုပ်မင်းကြီးထံ တင်ပြပြီး အားလုံးကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခိုင်းမယ်!” ဟု အမျိုးသမီးတပ်မှူးကြီးက ထပ်မံပြောကြားလိုက်သည်။
“ကျေးဇူးတင်ပါတယ် အရှင်!” ... အားလုံး၏ မျက်နှာတွင် ဝမ်းသာပီတိများ လွှမ်းခြုံသွားပြီး ကျေးဇူးတင်ကြောင်းပြသရန် ဒူးတစ်ဖက်ထောက်လိုက်ကြသည်။ အကျဉ်းသား၏ လည်ပင်းကို ညှစ်ထားသည့်ကျန်းဖုန်းကလည်း စိတ်လှုပ်ရှားနေသည့်ပုံစံ ဟန်ဆောင်လိုက်သည်။ မကြာမီမှာပင် ကျန်ပေ့ ထောင်တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားတော့သည်။ သူပုန်များက ထောင်ကိုစီးနင်းသဖြင့် နန်းတော်တစ်ခုလုံး တုန်လှုပ်သွားပြီး နဂါးမြို့တော် တွင် စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်ရသည်။ အခြေအနေကို စုံစမ်းစစ်ဆေးရန် သက်ဆိုင်ရာလူလှိုင်းများ ကျန်ပေ့ထောင်သို့ တဖွဲဖွဲ ရောက်ရှိလာကြသည်။
ကျန်းဖုန်းနှင့် သာမန်ထောင်စောင့်လေးတစ်စုမှာ ထောင်ထဲရှိ သွေးကွက်များကို သန့်ရှင်းရေးလုပ်ကာ အလောင်းများကို တစ်လောင်းချင်းစီ သယ်ထုတ်ရင်း အလုပ်ရှုပ်နေကြတော့သည်။
“ကြာနီဂိုဏ်းရဲ့ သခင်လေး ဟုန်လျန် က ဘယ်လိုဖြစ်လို့ ဒီလိုပုံစံ ဖြစ်သွားရတာလဲ။ အနံ့ကလည်း ဆိုးလိုက်တာ” ထောင်စောင့်တပ်မှူးတစ်ဦးက သေဆုံးသွားသော သခင်လေး ဟုန်လျန် ၏ အလောင်းရှေ့သို့ ရောက်လာပြီး နှာခေါင်းနှင့် ပါးစပ်ကို မလွှဲမရှောင်သာ အုပ်လိုက်ရသည်။ “နတ်ဆိုးသတ်ပညာရပ် ကို (အနံ့ဆိုးဖားပြုတ်ပညာရပ်) လို့လည်း ခေါ်ကြတယ်။ ဒီပညာရပ်ကို ကျင့်ကြံတဲ့သူတွေက အဆင့်တက်တာ အရမ်းမြန်ပေမယ့် သူတို့ရဲ့ အသားကနေ ဖားပြုတ်သေအနံ့ ထွက်လာတတ်တယ်။
ကျင့်ကြံခြင်းစွမ်းအား ပိုနက်ရှိုင်းလေ အနံ့က ပိုပြင်းလေပဲ။ အဲဒီအနံ့ကို နှိမ်နင်းဖို့ အထူးဆေးမှုန့် မရှိရင် တစ်ချိန်ချိန်မှာ အနံ့ဆိုးထွက်ရုံတင်မကဘဲ အရေပြားမှာ ဖားပြုတ်အရေပြားလို အမည်းစက် အကွက်တွေပါ ပေါ်လာလိမ့်မယ်။ ဒီကျင့်စဉ်ဟာ ကြာနီဂိုဏ်းမှာ အဆိုးဆုံး မိစ္ဆာပညာရပ်လို့ ပြောရင်လည်း မမှားဘူး!” ဟု အမျိုးသမီးတပ်မှူးကြီးက သူမ၏ ပါးစပ်နှင့် နှာခေါင်းကို အုပ်ထားရင်း ရှင်းပြလိုက်သည်။ “ဒီလောက် ရွံစရာကောင်းတဲ့ ပညာရပ်မျိုးကို ဘာလို့ ကျင့်ကြံကြတာလဲ” ဟု ထောင်စောင့်တပ်မှူးက နားမလည်နိုင်စွာ မေးလိုက်သည်။
“ကျင့်စဉ်အဆင့် အရှိန်အဟုန်နဲ့ တက်လှမ်းနိုင်တဲ့အပြင် ဒီမိစ္ဆာပညာရပ်မှာ ဆွဲဆောင်မှုအကြီးကြီး တစ်ခုရှိသေးတယ်။ တစ်ဆင့်ခံအထွတ်အထိပ် ကို ရောက်သွားတာနဲ့ (သဘာဝလွန်အဆင့်) ထဲကို အလွယ်တကူ ကူးပြောင်းသွားနိုင်တယ်။ ချီဝိညာဉ်စွမ်းအားနဲ့ သွေးစွမ်းအားတွေက (သဘာဝလွန်မူလစွမ်းအား) အဖြစ် ပြောင်းလဲသွားပြီဆိုရင် အဲဒီအနံ့နဲ့ အမည်းစက်တွေက တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မယ်။
ဒါကြောင့် ကြာနီဂိုဏ်းမှာ ဒီပညာရပ်ကို ဘယ်သူမှမကျင့်တာ မဟုတ်ဘူး၊ ကျင့်တဲ့သူတွေက ဂိုဏ်းချုပ်နဲ့ နီးစပ်တဲ့သူတွေ ဖြစ်လေ့ရှိတယ်” ဟု အမျိုးသမီးတပ်မှူးကြီးက ဆက်ပြောသည်။ “ဪ... ဒါကြောင့်ကိုး။ ငါသာ (သဘာဝလွန်အဆင့်)စွမ်းအားရှင်တစ်ယောက် ဖြစ်လာနိုင်မယ်ဆိုရင် ငါလည်း စမ်းကျင့်ကြည့်မိမှာပဲ” ဟုအဆင့် ခြောက်နန်းတွင်းကိုယ်ရံတော်အရာရှိ တစ်ဦးက သက်ပြင်းချလိုက်သည်။ “သူတို့က နေ့ခင်းကြောင်တောင်ကြီး ထောင်လာစီးရအောင် မိုက်လွန်းတာ မဟုတ်ဘူးလား။
ထောင်စီးချင်ရင် ညဘက်မှ စီးပါလား!” ဟု ထောင်စောင့်တပ်မှူးက လှောင်ပြုံးပြုံးလိုက်သည်။ “ငါထင်တာ မမှားဘူးဆိုရင် သူတို့သခင်လေးရဲ့ ခန္ဓာကိုယ်ပေါ်က အမည်းစက်တွေက ဒီညမှာ အကုန်လုံး ပေါက်ကွဲထွက်လာတော့မှာ၊ အဲဒီအခါကျရင် သူ့ရဲ့ အမှတ်အသားကို ဖုံးကွယ်ဖို့ ခက်သွားလိမ့်မယ်။ အဲဒီအချိန်ကျမှ ထောင်စီးဖို့က မလွယ်ကူတော့ဘူးလေ” အမျိုးသမီးတပ်မှူးကြီးက သခင်လေး ဟုန်လျန်၏ မျက်နှာပေါ်ရှိ အမည်းစက်များကို သေချာစွာ စစ်ဆေးပြီး ခန့်မှန်းလိုက်သည်။
“ကင်းလှည့်တပ်စခန်း ရဲ့ စစ်တပ်တွေ ဒီမနက်တင် နဂါးမြို့တော်ကနေ တခြားနေရာကို ပြောင်းရွှေ့သွားတာ၊ ဒီနေ့က သူတို့အတွက် ထောင်စီးဖို့ အကောင်းဆုံးအချိန်ပဲ” ဟု နန်းတွင်းကိုယ်ရံတော်အရာရှိက ခေါင်းညိတ်လိုက်သည်။ “သခင်လေး ဟုန်လျန်ရဲ့ အလောင်းကို သယ်သွားဖို့ လူအချို့ ခေါ်လိုက်၊ ပြီးရင် အချုပ်ခန်းထဲမှာ ထားလိုက်ပါ။ နောက်မှ ထောင်မှူးချုပ်က သူ့ရဲ့ အမှတ်အသားကို ကိုယ်တိုင်လာပြီး အတည်ပြုလိမ့်မယ်” ဟု အမျိုးသမီးတပ်မှူးကြီးက အမိန့်ပေးလိုက်သည်။
“ကျွန်တော် သယ်ပါ့မယ်။” ကျန်းဖုန်းရှေ့သို့ တက်လာခဲ့သည်။ အခြားသူများ ကူညီရန်မလိုဘဲ သူတစ်ဦးတည်းကပင် သခင်လေး ဟုန်လျန်၏ အလောင်းကို မြေပြင်မှ ဆွဲထူကာ ပခုံးပေါ်ထမ်း၍ လျှောက်သွားတော့သည်။ လူအုပ်ကြီးအနားမှ ဖြတ်သွားသောအခါ အမျိုးသမီးတပ်မှူးကြီး အပါအဝင် အားလုံး နောက်သို့ ဆုတ်ပေးလိုက်ကြသည်။
သို့သော် ကျန်းဖုန်းက ထိုဖားပြုတ်သေအနံ့ဆိုးကို အောင့်အီးသည်းခံပြီး သခင်လေး ဟုန်လျန်၏ အလောင်းကို တစ်ဦးတည်း သယ်ဆောင်သွားသည်ကို မြင်သောအခါ သူမသည် ကျန်းဖုန်း၏ အလုပ်ကြိုးစားမှုအပေါ် ပို၍ပင် သဘောကျသွားတော့သည်။
အချုပ်ခန်းအတွင်း၌... ကျန်းဖုန်းသည် သခင်လေးဟုန်လျန်၏ အလောင်းကို ချထားလိုက်သည်။ သူ လျှောက်လာစဉ်ကတည်းက အဆိပ်အပ်အချို့ကို လက်ထဲတွင် စုဆောင်းရယူခဲ့ပြီးဖြစ်သည်။
ဤမျှ အလုပ်ကြိုးစားပြနေခြင်းမှာ အဆိပ်အပ်များကို ပြန်လည်ရယူရန်အတွက်သာ ဖြစ်သည်။ သို့မဟုတ်ပါက သူက ဘာကြောင့် သခင်လေးဟုန်လျန် ၏ အလောင်းကို သယ်ချင်စိတ် ရှိပါမည်နည်း။ “ယူနီဖောင်းတော့ ပျက်စီးပြီပဲ။” ကျန်းဖုန်း နမ်းကြည့်လိုက်ရာ သူ၏ ထောင်စောင့်ယူနီဖောင်းတွင် ဖားပြုတ်သေအနံ့ဆိုးများ စွဲကျန်နေသဖြင့် ခေါင်းခဲသွားကာ အလုပ်ဆက်လုပ်ရန် ထောင်ခန်းသို့ ပြန်လာခဲ့သည်။ အစက သူနှင့်အတူ အလုပ်လုပ်နေသည့် ထောင်စောင့်အချို့မှာ သူ၏ အဝတ်အစားမှ ထွက်နေသောအနံ့ကို မခံနိုင်သဖြင့် သူ့အနားသို့ မကပ်ဘဲ အလိုအလျောက် အကွာအဝေးတစ်ခု၌ နေကြသည်။
ကျန်းဖုန်းမှာ ဘာမှမပြောဘဲ အလုပ်ကိုသာ အာရုံစိုက်လုပ်နေခဲ့သည်။
ထိုအချိန်တွင်... အရာရှိ ယွမ်သည် အမျိုးသမီးတပ်မှူး ပေးသော နတ်ဆေးရည် ကြောင့် သတိပြန်လည်လာခဲ့သည်။ “တပ်မှူး ဟန် ... သခင်လေး ဟုန်လျန်လွတ်သွားပြီလား” အရာရှိ ယွမ်၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူ၏ အင်္ကျီကို ထောင်ဆရာဝန်က ဓားဖြင့် ခွဲဖွင့်ထားသဖြင့် အမည်းရောင် လက်ဝါးရာနှင့် ငွေရောင်အပ်အချို့ကို မြင်တွေ့နေရသည်။
“အရာရှိ ယွမ်၊ မင်းက ရဲရဲတောက် သတ္တိရှိရှိနဲ့ အသက်ကိုစွန့်ပြီး တိုက်ခိုက်ခဲ့တာပဲ။ သခင်လေး ဟုန်လျန် က အသက်ရှင်လျက်နဲ့ ဘယ်လိုလုပ် လွတ်မြောက်နိုင်မှာလဲ။ သူက မင်းရဲ့လက်ချက်နဲ့ သေသွားပြီလေ” ဟု ဟန်ဒေါင် ဟု အမည်ရသော ထောင်စောင့်တပ်မှူးကြီးအမျိုးသမီးက ပြောလိုက်ပြီး တတိယအလွှာကို စောင့်ကြပ်နေသည်။ အပြင်ပန်းသဏ္ဌာန်အရ အရာရှိ ယွမ်နှင့် ဘာမှမထူးခြားသော်လည်း လက်တွေ့တွင်မူ သူမ၏ ရာထူးမှာ ထောင်စောင့်တပ်မှူး ကြီးအဖြစ် တစ်ဆင့် ပိုမြင့်သည်။
ကျန်ပေ့ ထောင်တွင် ထောင်မှူးချုပ်မှလွဲ၍ သူမကို အမိန့်ပေးနိုင်သူ နည်းပါးသည်။ သို့သော်လည်း သူမသည် ယေဘုယျအားဖြင့် အားလုံးကို စီမံခန့်ခွဲရန် ငြင်းဆန်လေ့ရှိပြီး တတိယအလွှာတွင်သာ နေထိုင်ကာ အလုပ်အားလုံးကို သူမ၏ လက်အောက်ငယ်သားများထံ လွှဲအပ်ထားလေ့ရှိသည်။
“ထောင်မှူးချုပ် ပြန်ရောက်ပြီလား” အရာရှိယွမ်၏ မျက်နှာတွင် ဝမ်းသာရိပ် သန်းသွားသည်။ “ထောင်မှူးချုပ်မင်းကြီး ရောက်ရှိလာပါပြီ!” အရာရှိ ယွမ် စကားပြောပြီးသည်နှင့် ပြင်ပစင်္ကြံလမ်းမှ အသံရှည်ကြီး ထွက်ပေါ်လာသည်။ “ထောင်မှူးချုပ်မင်းကြီးကို ဂါရဝပြုပါတယ်!” မကြာမီမှာပင် ခြင်္သေ့တစ်ကောင်ကဲ့သို့ အရှိန်အဝါရှိသော ခြေလှမ်းများဖြင့် ဖိအားတစ်ခုကို သယ်ဆောင်လာသည့် လူရိပ်တစ်ခုမှာ အားလုံး၏ ရှေ့မှောက်သို့ ပေါ်လာတော့သည်။ လူတိုင်းမှာ အလုပ်လုပ်နေသည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ အလုပ်အားလုံးကို ချထားလိုက်ပြီး ခရီးဦးကြိုပြုရန် ဒူးထောက်လိုက်ကြသည်။
ကျန်းဖုန်းလည်း ထူးမခြားနားဘဲ သာမန်ထောင်စောင့်လေးများကြားတွင် ဒူးထောက်ကာ ခေါင်းငုံ့ထားပြီး မော့မကြည့်ဝံ့ချေ။ ပြင်ပက ကောလာဟလများအရမူ ကျန်ပေ့ ထောင်၏ ထောင်မှူးချုပ် ပေါင်လုံဝေ
သည် တတိယအဆင့်မြင့် ကိုယ်ခံပညာရှင် တစ်ဦးဖြစ်ပြီး ထောင်မှူးချုပ်လေးဦးအနက် အားအကောင်းဆုံးဖြစ်ကာ ကျန်းဖုန်းမှာမူ ပဉ္စမအဆင့် မျှသာရှိသဖြင့် စူးစမ်းကြည့်ရှုပါက အလွယ်တကူ ရိပ်မိသွားနိုင်သည်။ ထို့ကြောင့် သူသည် သူ၏ Qi နှင့် သွေးစွမ်းအားကို ထိန်းချုပ်ကာ ရိုသေမှုကို ပြသရင်း မိုက်မဲသော လှုပ်ရှားမှုများမလုပ်ဘဲ ထောင့်တစ်နေရာတွင်သာ ငြိမ်သက်စွာ နေလိုက်သည်။
“အရှင်။” ဟန်ဒေါင် နှင့် အရာရှိ ယွမ် တို့က ရှေ့ဆုံးမှ ဒူးထောက်လိုက်ကြသည်။ “မြန်မြန်ထကြပါ၊ မင်းတို့အားလုံး သူပုန်တွေ ထောင်စီးတာကို အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့တာ သိပ်ကို ကြီးမားတဲ့ အောင်မြင်မှုပဲ။ ငါ ဒီအကြောင်းကို ဧကရာဇ်မင်းမြတ် ဆီ မှန်မှန်ကန်ကန် တင်ပြပေးမယ်။ အထူးသဖြင့် အရာရှိ ယွမ်၊ မင်း အသက်ကို စွန့်စားပြီး သခင်လေးဟုန်လျန် ကို သတ်နိုင်ခဲ့တာ တော်တော်လေး ကောင်းမွန်တဲ့ လုပ်ရပ်ပဲ!” ပေါင်လုံ ဝေကဟန်ဒေါင် နှင့် အရာရှိ ယွမ်တို့ကို တွဲထူလိုက်သည်။
ထို့နောက် သူက သူ၏ လက်အောက်ငယ်သားများကို ဦးဆောင်ကာ ထောင်ခန်းများသို့ လှည့်လည်ကြည့်ရှုပြီး အရေးကြီးသော လမ်းညွှန်မှုများ ပေးခဲ့ကာ နောက်ဆုံးတွင် နန်းတော်ရှိ ဧကရာဇ်မင်းမြတ်ထံကျန်ပေ့ထောင်၏ အခြေအနေကို အစီရင်ခံရန် ထွက်ခွာသွားတော့သည်။
ကျန်းဖုန်းနှင့် အခြား သာမန်ထောင်စောင့်လေးများကိုမူ တစ်ချက်ကလေးမျှပင် လှည့်မကြည့်ခဲ့ချေ။ ကျန်းဖုန်းကမူ ထိုကဲ့သို့ အေးအေးဆေးဆေး နေရသည်ကို သဘောကျသည်။ သူသည် ကျန်ပေ့ထောင်တွင် သာမန်ထောင်စောင့်လေးအဖြစ် ဆက်လက်ပုန်းအောင်းနေထိုင်ချင်ရုံသာဖြစ်ပြီး စည်းစိမ်ချမ်းသာနှင့် ကျော်စောမှုကို မမက်မောပေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူသည် ထိုအရာများကို ထိန်းသိမ်းထားနိုင်စွမ်း မရှိသေးဘဲ အနည်းဆုံး သူ၏ ကျင့်ကြံခြင်းစွမ်းအား မွေးရာပါ စွမ်းရည် / ပင်ကိုယ်ပါရမီ အဆင့်သို ရောက်ရှိမှသာ ဖြစ်နိုင်မည်ဖြစ်သည်။
သူပုန်များ ထောင်စီးနင်းမှုကြောင့် ထောင်ထဲတွင် လူအများအပြား သေဆုံးခဲ့ရသည်။ ခဏအတွင်းမှာပင် လူအင်အား နည်းပါးသွားသဖြင့် အိပ်ရာထဲတွင် သတိမေ့မြောနေသော ဘကြီး ဟော့ မှလွဲ၍ တာဝန်ပြီးဆုံးသွားသော ထောင်စောင့်အားလုံးကို ပြန်လည်ခေါ်ယူလိုက်ရသည်။ လူတိုင်း ရက်အနည်းငယ်မျှ အလုပ်ရှုပ်နေကြပြီး ထောင်၏ အတွင်းအပြင်တစ်ခုလုံးကို လုံးဝ သန့်ရှင်းရေးလုပ်ကာ စီစဉ်နေကြတော့သည်။
စတုတ္ထမြောက်နေ့သို့ ရောက်သောအခါ ထောင်စောင့်အချို့က ကျန်းဖုန်း၏ ကိုယ်ပေါ်မှ မခံမရပ်နိုင်အောင် ဆိုးရွားလှသော အနံ့ဆိုးကြောင့် ညည်းညူကြသဖြင့် ပထမအလွှာရှိ တပ်မှူးက ကျန်းဖုန် ကို ရေမိုးချိုး သန့်စင်ရန်နှင့် တစ်ညတာ အနားယူပြီးမှ ပြန်လာရန် ခွင့်ပြုလိုက်တော့သည်။