အခန်း (၂၅) - အဖွဲ့ချုပ်မှူးဟွမ်၏ ဉာဏ်ပညာနှင့် သတ္တိ
အဖွဲ့ချုပ်မှူးဟွမ်သည် ဝင်းခြံနံရံမှ မြားတစ်စင်းကို ဆွဲနှုတ်လိုက်သည်ကို ကျန်းဖုန်း မြင်လိုက်ရသည်။ ထိုမြားမှာ ဂျီဟွေ့ကျုံး အတုအား ဧကရာဇ်လေးဖြင့် သူပထမဆုံး ပစ်ခတ်ခဲ့သော မြားဖြစ်သည်။ ထိုမြားသည် ဂျီဟွေ့ကျုံးအတု ပစ်လွှတ်လိုက်သော လက်ပစ်မြား ကို ရိုက်ချလိုက်ပြီးနောက်၊ ဂျီဟွေ့ကျုံး အတုက ရှောင်တိမ်းလိုက်ချိန်တွင် ဝင်းခြံနံရံထဲသို့ တည့်တည့်စိုက်ဝင်သွားခဲ့ခြင်းဖြစ်သည်။ ယခုအခါမြားခေါင်းမှာ ပျက်စီးနေပြီဖြစ်ရာ ထိုမြား၏ အရှိန်အဟုန် မည်မျှပြင်းထန်ကြောင်း သက်သေပြနေသည်။
"ဆရာ... ဒီမှာ ကျန်ပေ့ထောင်မှာ အလုပ်လုပ်တဲ့ ထောင်အစောင့်လေး တစ်ယောက်ရှိပါတယ်" ဟု အစိုးရအရာရှိတစ်ဦးက လာရောက်သတင်းပို့သည်။ အဖွဲ့ချုပ်မှူးဟွမ်သည် ကျန်းဖုန်းကို တစ်ချက်ကြည့်ပြီးနောက် ဝင်းခြံထဲသို့ လျှောက်လှမ်းလာခဲ့သည်။
"ဂါရဝပြုပါတယ် ဆရာ" ကျန်းဖုန်းက အဖွဲ့ချုပ်မှူးဟွမ်ကို အရိုအသေပေးလိုက်သည်။
"ဒီမြားက မင်းရဲ့ ဝင်းခြံနံရံထဲကို အရှိန်နဲ့ စိုက်ဝင်နေတာပဲ။ စောစောက မင်း ဘာတွေတွေ့လိုက်သလဲ" ဟု အဖွဲ့ချုပ်မှူးဟွမ်က မေးမြန်းသည်။
"သတင်းပို့ပါတယ် ဆရာ၊ ကျွန်တော် အလုပ်ကပြန်ရောက်တာ မကြာသေးပါဘူး၊ ရေချိုးဖို့ ရေနွေးတည်မလို့ လုပ်နေတုန်း ဆရာတို့ ရောက်လာတာပါ။ ဆရာတို့ရဲ့ စူးရှတဲ့ မျက်လုံးတွေသာ မရှိရင် ဒီမြားကို မနက်ဖြန် နေထွက်တဲ့အချိန်ကျမှ ကျွန်တော် သေချာမြင်ရမှာပါ" ဟု ကျန်းဖုန်းက ပြန်လည်ဖြေကြားသည်။
"မင်း ဒီမှာနေတာ ဘယ်လောက်ကြာပြီလဲ"
"ငယ်ငယ်ကတည်းက နေတာပါခင်ဗျာ။ ဒီအိမ်က ကျွန်တော့်အဖေ ချန်ထားခဲ့တာပါ။ ကျွန်တော့်အဖေကလည်း ထောင်အစောင့်တစ်ယောက်ပါပဲ"
"ဒါဆိုရင် ပုံမှန်အားဖြင့် မင်းပတ်ဝန်းကျင်မှာ သံသယဖြစ်စရာ လူမျိုးတွေ မတွေ့ဖူးဘူးလား"
"အဲဒါကတော့... အမှန်အတိုင်းပြောရရင် ကျွန်တော်က အိမ်ထက် ထောင်ထဲမှာ အချိန်ပိုကုန်တာများပါတယ်။ ပြန်လာတိုင်းလည်း အမြဲတမ်း ဒီလိုပဲ နောက်ကျတတ်ပါတယ်။ ရေနွေးတည်၊ ရေချိုးပြီးတာနဲ့ တန်းအိပ်တာဆိုတော့... ကျွန်တော်..."
"တော်ပြီ။ နောက်နောင် တစ်ခုခုထူးခြားတာတွေ့ရင် အစိုးရရုံးကို မပျက်မကွက် သတင်းပို့ပါ" ဤသို့ အမေးအဖြေလုပ်ပြီးနောက် အဖွဲ့ချုပ်မှူးဟွမ်သည် ကျန်းဖုန်းအပေါ် သံသယအားလုံးကို ပယ်ဖျက်လိုက်သည်။ အမှန်စင်စစ် သူသည် ကျန်းဖုန်းကို အစကတည်းက အလေးအနက် သံသယမရှိခဲ့ဘဲ ကြာနီဂိုဏ်း သစ္စာဖောက်ကို မည်သူသတ်သွားသလဲဟူသော သဲလွန်စကိုသာ စုံစမ်းလိုခြင်းဖြစ်သည်။
"ဟုတ်ကဲ့ပါ ဆရာ" အဖွဲ့ချုပ်မှူးဟွမ်နှင့် အဖွဲ့ ထွက်ခွာသွားသည်ကို ကျန်းဖုန်း ကြည့်နေလိုက်သည်။ သူတို့ထွက်သွားပြီးနောက် ကျန်းဖုန်းသည် ပုံမှန်အတိုင်းပင် ရေနွေးတည်ကာ ရေချိုးလိုက်သည်။ ထို့နောက် ဖယောင်းတိုင်ကို ငြှိမ်းကာ ကုတင်ပေါ်တွင် လဲလျောင်းလိုက်သည်။
သူသည် သူ၏ အချက်အလက်ပြစာမျက်နှာ ကို စစ်ဆေးလိုက်သည်။
အမည် - ကျန်းဖုန်း
ကံကြမ္မာမှတ် - ၂၁၄၅
ကျင့်စဉ် - ထောင်အစောင့် ကျန်းမာရေးကျင့်စဉ်- (အောင်မြင်မှုအဆင့်ငယ် +)
အတတ်ပညာများ - ထောင်အစောင့် လက်သီးကျင့်စဉ် (ကျွမ်းကျင် )၊ နတ်မြားအတတ် (ဆရာအဆင့်)၊ မျောက်အသွင် ကျော် ဖြတ် ခြင်း (ကျွမ်းကျင်)
နယ်ပယ် - အဆင့်-၆ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း
နတ်စွမ်းအား - ထာဝရအသက်
ဂျီဟွေ့ကျုံးအတုကို သတ်ဖြတ်ပြီးနောက် သူ၏ ကံကြမ္မာမှတ်များမှာ ၁၉၀၀ ကျော်အထိ တိုးလာသည်ကို တွေ့ရသဖြင့် ကျန်းဖုန်း အံ့အားသင့်သွားသည်။
အကယ်၍သာဂျီဟွေ့ကျုံး အတုကို လွတ်မြောက်ခွင့်ပေးလိုက်လျှင် နောက်ပိုင်းတွင် ကြီးမားသော အန္တရာယ်များ ရောက်လာနိုင်ကြောင်း၊ ကြာနီဂိုဏ်းက ဒေါသတကြီးဖြင့် သူ့ကိုသတ်ရန် အထက်တန်းအဆင့် သိုင်းပညာရှင်တစ်ဦးကိုပင် စေလွှတ်နိုင်ကြောင်း သိသာလှသည်။
ကျန်းဖုန်း ရင်ထဲတွင် အလွန်ပင် သက်သာရာရသွားသည်။
ကံကောင်းထောက်မစွာဖြင့် စောစောက သူလက်မလျှော့ခဲ့ဘဲ အရေးကြီးသော အခိုက်အတန့်တွင် နတ်မြားအတတ်ကို အဆင့်မြှင့်တင်ကာဂျီဟွေ့ကျုံးအတုကို တိကျသော ပစ်ခတ်မှုဖြင့် သတ်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်ပါက အကျိုးဆက်များမှာ အဆုံးရှိတော့မည်မဟုတ်ပေ။
"ကြာနီဂိုဏ်းက ငါ့နောက်ကို လိုက်လာနိုင်တာကြောင့် ငါ့ရဲ့ ခွန်အားကို ချက်ချင်း မြှင့်တင်ဖို့ လိုအပ်တယ်" ဟု ကျန်းဖုန်း စိတ်ထဲက ရေရွတ်လိုက်သည်။ ဂျီဟွေ့ကျုံး အတုကို သူသတ်ခဲ့သော်လည်း ဒီညက ဖြစ်ရပ်အားလုံးမှာ သူ၏လက်ချက်ဖြစ်ကြောင်း ကြာနီဂိုဏ်းက သိမသွားနိုင်ဟု သူအာမမခံနိုင်ပေ။
ဂျီဟွေ့ကျုံးအတုသည် ချောင်ယန်လမ်းကြားတွင် သူ့ကို ချောင်းမြောင်းခြင်းမပြုမီ အခြားဂိုဏ်းသားများကို သတင်းပေးခဲ့သည်လည်း ဖြစ်နိုင်သည်။ အတိုချုပ်ပြောရလျှင် ကျန်းဖုန်းသည် အမြန်ဆုံး အစွမ်းထက်လာရန် လိုအပ်ရုံသာမက ယခုအချိန်မှစ၍ ယခင်ကထက် ပိုမိုသတိထားရမည်ဖြစ်သည်။
ထောင်အစောင့် ကျန်းမာရေးကျင့်စဉ်၏ နောက်က အပေါင်းလက္ခဏာကို မြင်လိုက်ရသဖြင့် ကျန်းဖုန်းသည် ကံကြမ္မာမှတ် ၂၀၀၀ ကို ထိုကျင့်စဉ်ထဲသို့ ထည့်သွင်းလိုက်သည်။အချက်အလက်ပြစာမျက်နှာမှာ ပြောင်းလဲသွားတော့သည်။
အမည် - ကျန်းဖုန်း
ကံကြမ္မာမှတ် - ၁၄၅
ကျင့်စဉ် - ထောင်အစောင့် ကျန်းမာရေးကျင့်စဉ် (အောင်မြင်မှုအဆင့်ကြီး )
အတတ်ပညာများ - ထောင်အစောင့် လက်သီးကျင့်စဉ် (ကျွမ်းကျင်)၊ နတ်မြားအတတ် (ဆရာအဆင့်)၊ မျောက်အသွင်လွတ် မြောက်ခြင်း ကိုယ်ဖော့ပညာ (ကျွမ်းကျင်)
နယ်ပယ် - အဆင့်-၅ သွေးသန့်စင်ခြင်း
နတ်စွမ်းအား - ထာဝရအသက်
မျှော်လင့်ထားသည့်အတိုင်းပင် ထောင်အစောင့် ကျန်းမာရေးကျင့်စဉ်ကို အဆင့်မြှင့်ပြီးနောက် ကျန်းဖုန်း၏ ခွန်အားမှာ အဆင့်-၆ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းနယ်ပယ်မှ အဆင့်-၅ သွေးသန့်စင်ခြင်းနယ်ပယ်သို့ တက်လှမ်းသွားသည်။ နှစ်မျိုးလုံးမှာ အလယ်အလတ်အဆင့် သိုင်းပညာရှင်များ ဖြစ်ကြသော်လည်း သူ၏ခွန်အားမှာ သိသိသာသာ တိုးတက်လာသည်။
အကြားအာရုံ၊ အမြင်အာရုံ သို့မဟုတ် နိုးကြားမှုတို့တွင် သူ၏ အာရုံခံနိုင်စွမ်းမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။ အကယ်၍ သူသာ ဤအဆင့်သို့ အစကတည်းက ရောက်နေပါက ဂျီဟွေ့ကျုံးအတု နှင့် ရင်ဆိုင်ရစဉ်မှာပင် ကံကြမ္မာမှတ်များကို နတ်မြားအတတ်ထဲ ထည့်သွင်းပြီး အဝေးကနေ အသေပစ်သတ်နိုင်မည်ဖြစ်ကာ ပို၍ပင် သန့်ရှင်းဘေးကင်းပေလိမ့်မည်။
နောက်တစ်နေ့တွင်...
ကျန်းဖုန်းသည် တစ်နာရီစော၍ နိုးလာသည်။ အကယ်၍ ကျန့်ပေထောင်က နောက်ကြောင်းရာဇဝင် စစ်ဆေးလာပါက အဆင်သင့်ဖြစ်စေရန် လမ်းကြားထဲရှိ အောင်သွယ်တော်အား သူ့အတွက် မိန်းကလေးတစ်ယောက် မိတ်ဆက်ပေးရန် ပြောထားလိုက်သည်။ ထို့နောက် ကျန့်ပေထောင်သို့ အမြန်သွားခဲ့သည်။
"မင်းတို့ ကြားပြီးပြီလား၊ မနေ့ညက ချောင်ယန်လမ်းကြားဘက်မှာ ကြာနီဂိုဏ်းက သစ္စာဖောက်တွေ ပြဿနာရှာကြတယ်တဲ့"
"ဒီရက်ပိုင်းမှာ အရမ်းအန္တရာယ်များတာပဲ၊ နေရာတိုင်းမှာ သစ္စာဖောက်တွေချည်းပဲ"
"မနေ့ညက ကျားခေါင်းကျန်း ရဲ့ အိမ်အပြင်ဘက်မှာ အဖိုးကြီးဟော့ တုတ်နဲ့ အရိုက်ခံရပြီး သတိမေ့သွားတာ ဒီမနက်အထိ နိုးမလာသေးဘူးလို့ အဖွဲ့မှူးဆီက ကြားတယ်"
"ဟေ့လူ... တာဝန်ကျတဲ့ ငါတို့တွေက ဘာမှရတာမဟုတ်ဘူး၊ အပြင်လူတွေကတော့ ငါတို့ကို မနာလိုဖြစ်နေကြတာ။ ညဘက်ဆိုရင်တော့ အထူးသတိထားရလိမ့်မယ်"
ကျန်းဖုန်း ပထမအထပ်သို့ ရောက်သည်နှင့် ထောင်အစောင့်လေးအချို့ မနေ့ညက ဖြစ်ရပ်များကို အတင်းပြောနေကြသည်ကို ကြားလိုက်ရသည်။ သူတို့ ပြောလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေဖြစ်ပြီး နောက်ဆုံးတွင် အဖိုးကြီးဟော့ သတိမေ့သွားခြင်းမှာလည်း ကြာနီဂိုဏ်း သစ္စာဖောက်များ၏ လက်ချက်ဖြစ်သည်ဟု ပုံချလိုက်ကြတော့သည်။ ထောင်အစောင့်နှစ်ဦးမှာ ကျန်းဖုန်းက ချောင်ယန်လမ်းကြားတွင် နေထိုင်ကြောင်း သိထားသဖြင့် သူ့ကို ဝိုင်း၍ မေးမြန်းကြရာမှ နောက်ဆုံးတွင် သူတို့လက်မှ လွတ်အောင် ရုန်းထွက်ခဲ့ရသည်။
သူသည် ဒုတိယအထပ်သို့ ဝင်လာခဲ့သည်။ မနေ့ညက အဖိုးကြီးဟော့ကို သတိမေ့အောင် လုပ်ခဲ့မိသဖြင့် ကျန်းဖုန်း အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။ သူ၏ ရည်ရွယ်ချက်အမှန်မှာ ဦးလေးဟော့ကို ကယ်တင်ရန်သာဖြစ်သည်။ အကယ်၍ သူသာ ပထမအထပ်တွင် တာဝန်ကျနေစဉ် ကြာနီဂိုဏ်းဝင်များနှင့် တိုးခဲ့လျှင် ဓားတစ်ချက်တည်းနှင့် အသတ်ခံရနိုင်သောကြောင့်ဖြစ်သည်။ ဂျီဟွေ့ကျုံးအတု က တစ်ခုခုလွဲနေသည်ကို သတိထားမိပြီး မနေ့ညက လမ်းကြားတွင် သူ့ကို လာပိတ်လိမ့်မည်ဟု မည်သူထင်ထားပါ့မလဲ။ သို့သော် ကျန်းဖုန်းက သူ့ကို သတ်လိုက်ပြီဖြစ်သဖြင့် ကြာနီဂိုဏ်း၏ အကြံအစည်မှာ ပျက်ပြားသွားပြီဖြစ်သည်။
ထောင်ဖောက်မည့် ကိစ္စမှာလည်း ဖြစ်လာတော့မည်မဟုတ်ပေ။ ကျန်းဖုန်းအနေနှင့်လည်း ထောင်စောင့်စစ်တပ်ကို လာရောက်ကူညီရန် မြားဖြင့် သတင်းပေးစရာ မလိုတော့ပေ။ တစ်ချိန်တည်းမှာပင် မနေ့ညက အဖိုးကြီးဟော့ ခံလိုက်ရသည့် တစ်ကန့်မှာတော့ အလကားဖြစ်သွားရရှာသည်။
...
ဒုတိယအထပ်တွင် ကျန်းဖုန်းသည် သန့်ရှင်းရေးနှင့် အထွေထွေအလုပ်များကို တာဝန်ယူရသည်။ သူသည် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်ပြီး ဘာကိုမှ နားမထောင်၊ မမေးမြန်း၊ မစွက်ဖက်ဘဲ အေးဆေးစွာ နေထိုင်ခြင်းဖြင့် ပြဿနာများကို ရှောင်ရှားသည်။ သူ၏ တာဝန်ချိန်ပြီးဆုံးသောအခါ ကျန်းဖုန်းသည် ပထမအထပ်သို့ ပြန်သွားသည်။ အဖိုးကြီးဟော့နှင့် သူ အတူနေသော အလုပ်ခန်းထဲရှိ မြေပြင်ပေါ်က ခုတင်ကြမ်းပေါ်တွင် အိပ်စက်လိုက်သည်။ ကြာနီဂိုဏ်း၏ လက်စားချေမှုကို စိုးရိမ်သဖြင့် တစ်ပတ် သို့မဟုတ် နှစ်ပတ်ခန့် ဤနေရာတွင်သာ အောင်းနေရန် သူ စီစဉ်ထားသည်။
ဂျီဟွေ့ကျုံးအတု က ကျန်းဖုန်းအပေါ် သူ၏ သံသယများကို အခြားဂိုဏ်းသားများအား ပြောပြထားခြင်း ရှိမရှိ သူ မသေချာပေ။ အကယ်၍သာ တကယ်ပြောခဲ့လျှင် ကြာနီဂိုဏ်း၏ ရက်စက်သော နည်းလမ်းများကို တွေးကြည့်ရုံနှင့် ကျန်းဖုန်း ကြောက်ရွံ့မိသည်။ ထို့ကြောင့် ကျန်ပေ့ထောင်ထဲတွင် ပုန်းအောင်းနေပြီး အခြေအနေကို စောင့်ကြည့်ခြင်းကသာ အန္တရာယ်အကင်းဆုံး ဖြစ်လိမ့်မည်။
ခုနစ်ရက်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။ ချောင်ယန်လမ်းကြားတွင် ဆူပူသောင်းကျန်းသော ကြာနီဂိုဏ်းသားများအား ပညာရှင်တစ်ဦးက ပစ်သတ်သွားသည့် ကိစ္စနှင့် ပတ်သက်၍ နဂါးမြို့တော် အစိုးရရုံးက တရားဝင် ရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်။ သူတို့သည်ဂျီဟွေ့ကျုံးအတု ၏ အလောင်းကို မိုးသောက်ချိန်တွင် တွေ့ရှိခဲ့ပြီး မကြာမီပင် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
သူသည် ကြာနီဂိုဏ်း ခေါင်းဆောင်၏ မွေးစားသားဖြစ်ပြီး ဂိုဏ်းအတွင်း အခွင့်ထူးခံ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပြန်သည်။ ဤသတင်းကို ကြားလိုက်ရသောအခါ ကျန်းဖုန်းသည် ချွေးစေးများ ထွက်လာပြီး သူ၏ နောက်ကျောတွင် ကြာနီဂိုဏ်း ခေါင်းဆောင် ရောက်နေမည်ကို စိုးရိမ်သဖြင့် နောက်သို့ပင် လှည့်မကြည့်ရဲတော့ပေ။
ကံကောင်းထောက်မစွာဖြင့် အဖွဲ့ချုပ်မှူးဟွမ်သည် နာမည်ကောင်းရလိုသူဖြစ်သဖြင့် အခင်းဖြစ်ပွားရာရှိ မြားများကို ကြည့်၍ ဤမြားများမှာ မှောင်ခိုဈေးကွက်မှသာ ဝယ်ယူနိုင်ပြီး ထိုလျှို့ဝှက်ပညာရှင်မှာ မည်သည့်အခါမျှ သူဘယ်သူဆိုတာကို ထုတ်ဖော်မည်မဟုတ်ကြောင်း ကောက်ချက်ချလိုက်သည်။
ထို့ကြောင့် သူသည် အစိုးရရုံးရှိ လူယုံများနှင့် ပေါင်းကာ ဇာတ်လမ်းတစ်ပုဒ် ဆင်လိုက်တော့သည် - အစိုးရရုံးမှ ပညာရှင်များသည် ကြာနီဂိုဏ်းသားများနောက်သို့ ကြိုတင်ခြေရာခံကာ လမ်းကြားထဲတွင် ထောင်ချောက်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း၊ သစ္စာဖောက်များက ပြင်းပြင်းထန်ထန် ပြန်လည်ခုခံသဖြင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးအတွက် သစ္စာဖောက် ခြောက်ဦးလုံးကို နေရာတင် ပစ်သတ်ခဲ့ရကြောင်းပင်။
ခဏအတွင်းမှာပင် လူတိုင်းက နဂါးမြို့တော် အစိုးရရုံး၏ ထူးချွန်သော ပညာရှင်များနှင့် အဖွဲ့ချုပ်မှူးဟွမ်၏ တော်ရုံတန်ရုံ မဟုတ်သော ဦးဆောင်မှုကို ချီးမွမ်းကြတော့သည်။ ကျန်းဖုန်းသည် သူ၏ မျက်လုံးများကို သုတ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်၊ "ကျေးဇူးတင်ပါတယ်ဗျာ" တဲ့။