အခန်း (၁၅) - ဧကရာဇ် လေးနှင့် ခြေသုံးချောင်း ကိုယ်ဖော့ပညာ
ကျန်းဖုန်း ခြေလှမ်းတန့်သွားသည်။ အလယ်အလတ်တတိယ အဆင့်ရှိ စစ်သည်တော်တစ်ဦးဖြစ်သည့်အားလျော်စွာ သူ၏ နိုးကြားမှုမှာ အလွန်မြင့်မားလှ၏။ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူသား၏ တိုးတိုးရေရွတ်သံကို သူ မကြားလိုက်ရသော်လည်း ထိုသူ့ထံမှ အန္တရာယ်ရှိသော အငွေ့အသက်ကို ခံစားမိလိုက်သည်။ သူ အံ့ဩမိသွား၏။ အလိမ်မခံရခြင်းကပင် အခြားသူတစ်ဦး၏ ရန်လိုမှုကို ဆွပေးသကဲ့သို့ ဖြစ်နေသည်။ ဤမှောင်ခိုဈေးကွက်တွင် လူပေါင်းစုံပါတကား။ ထိုလူကို မှတ်သားထားရင်း ကျန်းဖုန်း အခြားဆိုင်ခန်းအချို့သို့ လှည့်ပတ်ကြည့်ရှုမိသည်။ ကံမကောင်းစွာဖြင့် ဆိုင်အများစုမှာ ချို့ယွင်းချက်ရှိသော သို့မဟုတ် မပြည့်စုံသော ကျင့်စဉ် များကိုသာ ရောင်းချနေကြပြီး စာမျက်နှာ အနည်းငယ်သာ ပါရှိကာ ဆိုင်ရှင်များကလည်း အကုန်အစင် အကြည့်မခံဘဲ အုပ်မိုးထားကြသည်။
ထိုစဉ် ကျန်းဖုန်းသည် မျက်စိတစ်ဖက်လပ် အဖိုးအိုတစ်ဦး၏ ဆိုင်ရှေ့သို့ ရောက်ရှိလာသည်။ ထိုအဖိုးအို၏ ရှေ့တွင် လျှို့ဝှက်ကျမ်းစာ သုံးအုပ်သာ ရှိ၏။ တစ်အုပ်မှာ ကျင့်စဉ်၊ တစ်အုပ်မှာ ကိုယ်ခံပညာ နှင့် ကျန်တစ်အုပ်မှာ ကိုယ်ဖော့ပညာ အတွက် ဖြစ်သည်။ လူတစ်ယောက် ရပ်နေသည်ကို မြင်သော်လည်း အဖိုးအိုက တုံ့ပြန်ခြင်းမရှိဘဲ သူ၏ တစ်ဖက်တည်းသော မျက်ခွံကိုပင် မပင့်ဘဲ ငြိမ်သက်စွာ ထိုင်နေလေသည်။
ကျန်းဖုန်း စိတ်ဝင်စားသွားပြီး ဆောင့်ကြောင့်ထိုင်ချကာ အလယ်တွင်ရှိသော ကိုယ်ဖော့ပညာ လျှို့ဝှက်ကျမ်းကို ကောက်ကိုင်လိုက်သည်။ မျက်နှာဖုံးတွင် "ခြေသုံးချောင်း ကိုယ်ဖော့ပညာ" ဟု ရေးထား၏။ အမည်က အနည်းငယ် ထူးဆန်းနေသော်လည်း ပထမစာမျက်နှာကို လှန်၍ သေချာဖတ်ကြည့်သောအခါ မှတ်တမ်းတင်ထားသော အကြောင်းအရာများသည် လေ့လာထိုက်ကြောင်း ကျန်းဖုန်း ခံစားလိုက်ရသည်။ အရေးကြီးသောအချက်များစွာမှာ ဆန်းသစ်နေပြီး ဆက်လက်ဖတ်ရှုလိုစိတ်ကို ဖြစ်ပေါ်စေကာ တစ်အုပ်လုံးကို မှတ်သားထားချင်စရာ ကောင်းလှသည်။ ထို့အပြင် ပထမစာမျက်နှာပါ အကြောင်းအရာများအတိုင်း လေ့ကျင့်ကြည့်ရာတွင်လည်း ပြဿနာတစ်စုံတစ်ရာ မရှိသဖြင့် ဆက်လက်ကြည့်ရှုရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် မျက်စိတစ်ဖက်လပ် အဖိုးအို၏လက်က စာအုပ်ပေါ်သို့ ဖိချလိုက်လေသည်။
"ခွင့်ပြုပါဦး၊ ဒီကိုယ်ဖော့ပညာက ဘယ်လောက်လဲဗျ"
ကျန်းဖုန်းက ခြေသုံးချောင်း ကိုယ်ဖော့ပညာကျမ်းကို အဖိုးအိုထံ ပြန်ပေးလိုက်သည်။ အဖိုးအိုသည် စာအုပ်သုံးအုပ်ကို အပ်ချည်ဖြင့် ချုပ်မထားဘဲ ဝယ်ယူသူများကို လွတ်လပ်စွာ လှန်လှောကြည့်ရှုခွင့် ပေးထားသည်။ ဤကဲ့သို့သော ယုံကြည်ချက်ရှိမှုနှင့် စာမျက်နှာတစ်မျက်နှာဖတ်ရုံဖြင့်ပင် အကျိုးကျေးဇူး များလှသည်ကို တွေ့ရသဖြင့် ကျန်းဖုန်း၏ စိတ်ဝင်စားမှုမှာ အထူးပြင်းထန်သွားသည်။
"ဒီလောက်" အဖိုးအိုက လက်ညှိုးသုံးချောင်း ထောင်ပြလိုက်သည်။
"သုံးဆယ်လား... သုံးရာလား" ကျန်းဖုန်းက အသံကို တတ်နိုင်သမျှ နှိမ့်၍ မေးလိုက်ရာ အဖိုးအို၏ တစ်ဖက်တည်းသော မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်ကို မြင်သဖြင့် လေသံကို ချက်ချင်း ပြောင်းလိုက်ရသည်။
မျက်စိတစ်ဖက်လပ် အဖိုးအိုက အမှတ်မထင် ခေါင်းညိတ်ပြ၏။
"နည်းနည်းတော့ ဈေးကြီးသားပဲ၊ နှစ်ရာဆိုရင်ကော" ကျန်းဖုန်းက ဈေးဆစ်လိုက်သည်။
အဖိုးအိုက လျှို့ဝှက်ကျမ်းကို ဆိုင်ပေါ်သို့ ပစ်တင်လိုက်ပြီး ဘာမှမပြောတော့ပေ။ သူ၏ ဂရုမစိုက်သော ပုံစံမှာ ဤကျမ်းစာသုံးအုပ် ရောင်းမထွက်မှာကို စိုးရိမ်ပုံမရကြောင်း ဖော်ပြနေသည်။
"ကျွန်တော် ငွေစင် နှစ်ဆယ် ထပ်တိုးပေးမယ်လေ" ကျန်းဖုန်းက ကြိုးစားကြည့်သေးသည်။
မျက်စိတစ်ဖက်လပ် အဖိုးအိုမှာ ကျန်ရှိသော မျက်လုံးကိုပါ မှိတ်လိုက်ပြီး ဆိုင်ရှေ့တွင်ပင် ငိုက်မြည်းနေတော့သည်။ ကျန်းဖုန်း ခေါင်းခါလိုက်ပြီး အခြားဆိုင်များကို ကြည့်ရန် ထရပ်လိုက်သည်။ သူသည် ခြေသုံးချောင်း ကိုယ်ဖော့ပညာ၏ အဆင့်အတန်းကို မသိသေးချေ။ အဖိုးအိုမှာ ခန့်မှန်းရခက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သော်လည်း ကျန်းဖုန်းအနေဖြင့် ထိုပညာအတွက် ငွေစင်သုံးရာကို အလွယ်တကူ ထုတ်မပေးနိုင်ပေ။ သူပိုင်ဆိုင်သမျှ ငွေအားလုံးမှာ ငါးရာပင် မပြည့်ဘဲ ထိုအထဲမှ ကိုးဆယ်ရာခိုင်နှုန်းမှာ တိုက်ပွဲများမှ ရရှိလာသော လက်ရဖမ်းဆီးပစ္စည်းများ ဖြစ်သည်။ သူ၏ ပုံမှန်လစာမှာ ဤမျှလောက် မစုမိနိုင်သဖြင့် သူ စိတ်ကြိုက် မသုံးဖြုန်းနိုင်ပေ။
ထို့နောက် ကျန်းဖုန်းသည် ကိုယ်ဖော့ပညာ သို့မဟုတ် ကျင့်စဉ်နှင့် ကိုယ်ခံပညာများကို ရှာဖွေရင်း ဆိုင်အချို့သို့ သွားခဲ့သေးသည်။ ကောင်းမွန်လှသော ကိုယ်ခံပညာ လျှို့ဝှက်ကျမ်း နှစ်အုပ်ကို ဆက်တိုက်တွေ့ခဲ့သော်လည်း ကံဆိုးစွာဖြင့် ၎င်းတို့၏ ဈေးနှုန်းမှာ တစ်ထောင်ကျော် ဖြစ်နေသဖြင့် ခဏတာမျှသာ ကြည့်ခွင့်ရပြီး အသေးစိတ် မလေ့လာနိုင်ခဲ့ပေ။
နှိုင်းယှဉ်ကြည့်ရလျှင် မျက်စိတစ်ဖက်လပ် အဖိုးအို၏ ခြေသုံးချောင်း ကိုယ်ဖော့ပညာက သူနှင့် အသင့်တော်ဆုံး ဖြစ်နေသည်။ သို့သော် သူ အလောမကြီးလိုပေ။ အဖိုးအိုကို ဇောချွေးပြန်အောင် ထားပြီး ဈေးလျှော့ပေးနိုင်မည့် အခွင့်အရေး ရှိမရှိ စောင့်ကြည့်လိုသည်။
ထိုအချိန်တွင် ကျန်းဖုန်းသည် လက်နက်အရောင်းဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာသည်။ အတွင်းတွင် ဓား၊ လှံ၊ တုတ်၊ သန်လျက်၊ ကောက်စိပ် စသည့် လက်နက်မျိုးစုံရှိပြီး ၁၈ ပါးသော လက်နက်များ အစုံအလင် ရှိနေသည်။ သဘာဝကျစွာပင် ကျန်းဖုန်း အလိုချင်ဆုံး ဖြစ်သော လေးမြှားများလည်း အလျှံပယ် ရှိ၏။ ကျန်းဖုန်း ခဏမျှ လေ့လာကြည့်ပြီးနောက် နံရံတွင် ချိတ်ဆွဲထားသော ပေါင်သုံးဆယ်ကျော် လေးလံသည့် လေးကြီးတစ်လက်ကို ကောက်ကိုင်ကာ ကြိုးကို ဆွဲကြည့်ပြီး ပြန်လွှတ်လိုက်ရာ တုန်ခါသံ ထွက်ပေါ်လာသည်။ ဤလေးမှာ လေးလံပြီး အကိုင်ရခက်လွန်းလှ၏။ လီဝေ၏ လေးနှင့် ယှဉ်လျှင် အဝေးကြီးပင် လိုသေးသည်။
"ဟဲဟဲ၊ သူရဲကောင်းလေး... ဒီလေးကို ဆွဲဖို့ဆိုရင် အားပေါင်နှစ်ရာလောက်ပဲ လိုပါတယ်၊ ခင်ဗျား ဒီ 'ဧကရာဇ်လေး' ကို စမ်းကြည့်ပါလား" ဆိုင်ရှင်မှာ ပါးနပ်သူတစ်ဦး ဖြစ်သည်။ သူသည် နံရံမှ သားရေဖြင့် ပတ်ထားသော လေးအကြီးစားတစ်လက်ကို ဖြုတ်ယူလိုက်သည်။
ကျန်းဖုန်းက ယခင်လေးကို မူလနေရာတွင် ပြန်ထားလိုက်ပြီး ဆိုင်ရှင်ကမ်းပေးသော ဧကရာဇ်လေးကို လှမ်းယူလိုက်သည်။ မှောင်ခိုဈေးကွက်တွင် ဆိုင်ဖွင့်ထားနိုင်သူများသည် နောက်ခံနောက်ကြောင်း မရိုးရှင်းနိုင်ကြောင်း သူ သိထားသဖြင့် ပေါ့ပေါ့ဆဆ မလုပ်ဝံ့ပေ။ လေးရှည်မှာ သူ၏လက်ထဲတွင် ပေါ့ပါးနေသကဲ့သို့ ခံစားရ၏။ သုံးလေးပေါင်ခန့်သာ ရှိမည်ဟု ကျန်းဖုန်း ခန့်မှန်းမိသည်။ သူသည် လေး၏ ထိပ်နှစ်ဖက်ကို စမ်းကြည့်ရာ သတ္တု၏ အေးစက်သော အထိအတွေ့ မရှိသဖြင့် သတ္တုဖြင့် ပြုလုပ်ထားခြင်း မဟုတ်ကြောင်း သိလိုက်ရသည်။
"ဒီလေးရဲ့ ပစ္စည်းက သံတုံးတွေကို ထုနှိပ်ထားတာပါ၊ ပေါ့ပါးတယ်၊ ကွေးညွှတ်နိုင်စွမ်း မြင့်မားပြီး ရုန်းကန်အား အလွန်ကောင်းတယ်၊ နတ်ဘုရားမြှားတော်တပ်ဖွဲ့ ရဲ့ လေးတွေနဲ့တောင် ယှဉ်နိုင်တယ်" ဟု ဆိုင်ရှင်က မိတ်ဆက်ပေးသည်။
ကျန်းဖုန်း အနည်းငယ် ခေါင်းညိတ်ပြပြီး လေးကြိုးကို ဆွဲကြည့်လိုက်သည်။ အဆင့်၆နယ်ပယ်၏ ခွန်အားဖြင့် ကျန်းဖုန်းသည် ဧကရာဇ် လေးကိုလပြည့်ဝန်းပုံစံဖြစ်အောင် အလွယ်တကူ ဆွဲနိုင်သော်လည်း ဆိုင်ရှင်၏ အကြည့် ပြောင်းလဲသွားသည်ကို သတိထားမိသဖြင့် အားကုန်မသုံးဘဲ ခြောက်ပုံ ခုနစ်ပုံခန့်သာ ဆွဲပြလိုက်သည်။
"သူရဲကောင်းလေး... မလောပါနဲ့၊ လေးက သုံးရင်းနဲ့ ပိုပြီး လက်ယဉ်လာမှာပါ၊ တဖြည်းဖြည်းနဲ့ ခင်ဗျား ကျွမ်းကျင်လာပါလိမ့်မယ်" ဆိုင်ရှင်က ပြုံး၍ ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ သံသယဖြစ်နေမိသည်။
"ခင်ဗျားပြောသလိုဆိုရင် ဒီလေးကို ဧည့်ခန်းထဲမှာ ချိတ်ထားရင် သူငယ်ချင်းတွေ၊ ဆွေမျိုးတွေကြားထဲမှာ မျက်နှာပန်း လှတာပေါ့" ကျန်းဖုန်းက သဘောတူသကဲ့သို့ ခေါင်းညိတ်လိုက်သည်။"ဒါဆို ခင်ဗျား ဒီဧကရာဇ်လေးကို ယူမှာလား" ဆိုင်ရှင်က စူးစမ်းလိုက်သည်။
"ကျွန်တော့်မှာ ငွေစင် သိပ်မရှိဘူးဗျ၊ ခင်ဗျား ဈေးကို အရင်ကြည့်ရဦးမယ်" ကျန်းဖုန်းက ဧကရာဇ်လေးကို ဆိုင်ရှင်ထံ ပြန်ပေးလိုက်သည်။
ဆိုင်ရှင်က ပါးနပ်သူဖြစ်သဖြင့် သူ၏ မုတ်ဆိတ်ကို သပ်ရင်း ပြောလိုက်သည်။ "ကျွန်တော် ပြောခဲ့သလိုပဲ၊ ဒီလေးရဲ့ အရည်အသွေးက နတ်ဘုရားမြှားတော်တပ်ဖွဲ့ရဲ့ လေးတွေထက် မနိမ့်ပါဘူး၊ အပြင်ပေါက်ဈေးအရဆိုရင် နတ်ဘုရားမြှားတော်တပ်ဖွဲ့ရဲ့ လေးတစ်လက်ဟာ ငွေစင်သုံးရာလောက် တန်ပါတယ်၊ ဒါပေမဲ့ မှောင်ခိုဈေးကွက်ရဲ့ စည်းမျဉ်းအရ အပြင်ထက်တော့ လျော့ပေးရမှာပေါ့၊ ဒါကြောင့် ဒီလေးကို ငွေစင်နှစ်ရာနဲ့ ပေးမယ်၊ မြှားအစင်း ၅၀ နဲ့ မြှားတောင့်ကိုပါ လက်ဆောင်ထည့်ပေးမယ်"
ကျန်းဖုန်းက ချက်ချင်း ခေါင်းခါလိုက်ပြီး "ငွေစင်နှစ်ရာတန်တဲ့ လေးကို နံရံမှာ ချိတ်ထားဖို့ဆိုတာကတော့ အတော်လေးကို ဖြုန်းတီးရာ ရောက်လွန်းပါတယ်"
"ဒီလေးကို ခြောက်ပုံ ခုနစ်ပုံလောက်ပဲ ဆွဲနိုင်ရင်တောင် မြှားတစ်စင်း ပစ်လိုက်တာနဲ့ ၊ အဆင့်ရှစ် အဆင့်ခုနစ် နယ်ပယ်က စစ်သည်တော်တွေကိုတောင် ခြိမ်းခြောက်နိုင်တယ်ဆိုတာ သတိရပါဦး" ဟု ဆိုင်ရှင်က သတိပေးသည်။
"ခင်ဗျား နောက်နေတာပဲ၊ ကျွန်တော်က ရိုးရိုးသားသား နေတတ်တဲ့သူပါ၊ ပြဿနာ မရှာချင်ပါဘူး၊ (အဆင့် ခုနစ် ) နယ်ပယ်က စစ်သည်တော်တွေကို ပိုလို့တောင် မရှာချင်ပါဘူး" ကျန်းဖုန်းက လက်ကာပြလိုက်သည်။
"ဟားဟားဟား၊ သူရဲကောင်းလေး... ခင်ဗျားကော ဘယ်လောက် ပေးချင်လို့လဲ" ဆိုင်ရှင်က ရယ်မောလိုက်၏။ အမှန်တကယ် ရိုးသားသူတစ်ဦးသည် ဤမှောင်ခိုဈေးကွက်ထဲသို့ ခြေမချဝံ့ကြောင်း သူ သိနေသည်။
ကျန်းဖုန်းက လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။
"ခင်ဗျား အရှေ့က လေးကိုပဲ ပြန်ကြည့်တာ ပိုကောင်းမယ် ထင်တယ်!" ဆိုင်ရှင်မှာ ပြောစရာ စကားမဲ့သွားရသည်။
နောက်ဆုံးတွင် အပြန်အလှန် ဈေးဆစ်ကြပြီးနောက် ကျန်းဖုန်းသည် ငွေစင် ၁၄၀ ဖြင့် ဧကရာဇ်လေးကို ဝယ်ယူခဲ့ပြီး ဆိုင်ရှင်ထံမှ မြှား ၁၀ စင်း အပိုတောင်းယူနိုင်ခဲ့သည်။ သူသည် မြှားတောင့်ကို လွယ်ကာ ပိုင်ရှင်မဲ့လေးကို အဝတ်အိတ်တစ်ခုအတွင်း ဝှက်လိုက်သည်။ ထို့နောက် မှောင်ခိုဈေးကွက်မှ ထွက်ရန် ပြင်လိုက်သည်။
မျက်စိတစ်ဖက်လပ် အဖိုးအို၏ ဆိုင်ရှေ့မှ ဖြတ်သော်လည်း ကျန်းဖုန်း မရပ်တန့်ခဲ့ပေ၊ အဖိုးအိုကလည်း သူ့ကို အသိအမှတ်မပြုချေ။ တစ်ဦးနှင့်တစ်ဦး အလျှော့မပေးကြပေ။
"ဧကရာဇ်လေးတစ်လက်ကို ဝယ်နိုင်တယ်ဆိုတော့ သူက သိုးဖတ်ကြီးပဲ၊ ဒီညတော့ ဖုန်းယွဲအဆောက်အအုံမှာ သွားပြီး ပျော်ပါးလို့ ရပြီ"
ကျန်းဖုန်း ထွက်သွားသည်ကို မြင်သောအခါ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူသည် သူ၏ ဆိုင်ခန်းကို အမြန်သိမ်းလိုက်ပြီး ဝင်ပေါက်တွင် စောင့်နေသော လူနှစ်ယောက်နှင့်အတူ ကျန်းဖုန်းသွားရာဘက်သို့ အမြန်လိုက်ပါသွားကြတော့သည်။
မှောင်ခိုဈေးကွက်ရှိ အချို့သောသူများသည် ထိုလူတို့၏ လှုပ်ရှားမှုကို မြင်သောအခါ ကျန်းဖုန်းအတွက် စိတ်မကောင်းဖြစ်ကာ ခေါင်းခါနေကြသည်။ မှောင်ခိုဈေးကွက်သို့ ပထမဆုံးအကြိမ် လာရောက်ပြီး ငွေစင်တစ်ရာကျော် အသုံးပြုကာ ဧကရာဇ်လေးကို ဝယ်ယူဝံ့သော လူသစ်တစ်ယောက်သည် သေတွင်းထဲ ခြေစုံပစ်ဝင်နေခြင်း မဟုတ်ပါလော။ အားလုံးက နတ်ဘုရားမြှားတော်ရှင်များ မဟုတ်ကြချေ။ ရန်သူက အနီးကပ် ရောက်ရှိလာပြီး ဦးသူအသာရမှုကို ဆုံးရှုံးလိုက်ရသည်နှင့် လက်ထဲရှိ လေးမြှားမှာ အလှပြပစ္စည်းသက်သက်သာ ဖြစ်သွားပေတော့မည်။