အခန်း (၁၂)။ ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်အာဏာစက်
နောက်တစ်နေ့တွင် အခွန်တော်ဝန်ကြီး ယန်ရုစုန် သည် တော်ဝင်မိသားစုအား စော်ကားမှု၊ နန်းတော်အား သွားပုပ်လေလွင့်ပြောဆိုမှုတို့ဖြင့် မိသားစုတစ်စုလုံးနှင့်အတူ ကွပ်မျက်ခြင်းခံရလေသည်။ ကျန်းဖုန်း က သူ၏ အချက်အလက်ပြဘောင်ကို စစ်ဆေးလိုက်သည်။
အမည် - ကျန်ဖုန်း
ကံကြမ္မာအမှတ် - ၁၄၅၆
ကျင့်စဉ် - ထောင်စောင့်ကျန်းမာရေးပညာ (ကျွမ်းကျင်မှု+)
စွမ်းရည် - ထောင်စောင့်လက်သီးရှည် (နှံ့စပ်မှု +)
အဆင့် - သတ္တမအဆင့် (ရိုးတွင်းခြင်ဆီသန့်စင်ခြင်း)
နတ်ဘုရားစွမ်းအင် - ထာဝရရှင်သန်ခြင်း
ယန်ရုစုန်၏ ဦးခေါင်းကို လူမြင်ကွင်းတွင် ချိတ်ဆွဲပြသထားသည်နှင့်အမျှ ကျန်းဖုန်း သည် ဤဘေးဒုက္ခမှ အမှန်တကယ် လွတ်မြောက်သွားခဲ့ပြီဖြစ်သည်။ သူ၏ ကံ အမှတ်သည် တစ်ထောင်ကျော်သွားကာ ၁၄၅၆ အမှတ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် တိတ်တဆိတ် ဝမ်းသာမိသော်လည်း တစ်ဖက်တွင်လည်း ရင်ထဲ၌ အေးစိမ့်မှုကို ခံစားလိုက်ရသည်။ ယန်ရုစုန် သည် မိမိလက်ချက်ဖြင့် သေဆုံးခြင်းမဟုတ်ဘဲ နန်းတွင်းအရှုပ်အထွေးများကြားတွင် ပျက်စီးသွားခြင်းဖြစ်မှန်း သူကောင်းကောင်းသိသည်။ ပြိုင်ဘက်အုပ်စုများက မီးလောင်ရာလေပင့်ခဲ့ကြပြီး တစ်မြို့လုံးတွင်ရန်ချီ၏ တော်ဝင်ကြင်ယာတော်ကို စော်ကားထားသည့် ကဗျာများ ပျံ့နှံ့သွားသည့်အခါ ယန်ရုစုန်သေဖို့က မလွဲဧကန်ပင်။
ထိုနာမည်ကြီးကဗျာကို ရန်ချီ က ရေးခဲ့သည်ဖြစ်စေ၊ မရေးခဲ့သည်ဖြစ်စေ ယန်ရုစုန်သည် အသက်ရှင်ခွင့် မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် တော်ဝင်မိသားစုအနေဖြင့် ဤအရှုပ်တော်ပုံကို အဆုံးသတ်ရန် ရန်ရုစုန်၏ ဦးခေါင်းကို လိုအပ်သောကြောင့်ဖြစ်သည်။
၎င်းက ကျန်းဖုန်းကို ဧကရာဇ်အာဏာစက် မည်မျှကြောက်စရာကောင်းကြောင်း သဘောပေါက်စေခဲ့သည်။ ပထမအဆင့် အရာရှိကြီးဖြစ်သော သူပင် တော်ဝင်မိသားစု၏ အလိုကျ ကံကြမ္မာအဆုံးအဖြတ် ခံခဲ့ရသည်။ ပိုမိုသန်မာလာပြီး အနိုင်မတိုက်နိုင်သောသူ ဖြစ်လာမှသာလျှင် စစ်ရေးအင်အားဖြင့် ဧကရာဇ်အာဏာကို ယှဉ်ပြိုင်နိုင်ကာ သက်ရှိအပေါင်း၏ အထက်တွင် အမှန်တကယ် ရပ်တည်နိုင်မည်ဖြစ်သည်။
ကျန်းဖုန်း သည် သူ၏ နိမ့်နိမ့်ပါးပါးနေထိုင်ရန်၊ ထောင်စောင့်လေးအဖြစ် အေးအေးဆေးဆေး လုပ်ကိုင်ရန်၊ စကားပြောဆင်ခြင်ကာ အပြုအမူသတိထားရန်နှင့် ကံအမှတ်များများစုရန် ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေခဲ့သည်။
သူသည် 'ထောင်စောင့်ကျန်းမာရေးပညာ' နှင့် 'ထောင်စောင့်လက်သီးရှည်' နှစ်ခုလုံး၏ နောက်ကွယ်တွင် Plus (+) လက္ခဏာ ပေါ်နေသည်ကို သတိပြုမိလိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် ကံအမှတ် တစ်ထောင်ကို 'ထောင်စောင့်ကျန်းမာရေးပညာ' ထဲသို့ ထည့်သွင်းလိုက်သည်။ အဆင့်အတန်း ကသာ အရေးကြီးဆုံးဟု သူခံစားရသောကြောင့်ဖြစ်သည်။ အနည်းဆုံးတော့ ၎င်းက သူ့ကို ဟန်ရေးပြရာတွင် အထောက်အကူပြုနိုင်သည်။
ကံအမှတ် တစ်ထောင်ကျော်သွားသည်နှင့် 'ထောင်စောင့်ကျန်းမာရေးပညာ' နောက်တွင် +လက္ခဏာ ပေါ်လာခဲ့ခြင်း ဖြစ်သည်။
မကြာမီအချက်အလက်ပြ ဘောင်က ပြောင်းလဲသွားပြန်သည်။
အမည် - ကျန်းဖုန်း
ကံအမှတ် - ၄၅၆
ကျင့်စဉ် - ထောင်စောင့်ကျန်းမာရေးပညာ (အောင်မြင်မှုအဆင့်ငယ်)
စွမ်းရည် - ထောင်စောင့်လက်သီးရှည် (နှံ့စပ်မှု+)
အဆင့် - ဆဋ္ဌမအဆင့် (ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း )
နတ်ဘုရားစွမ်းအင် - ထာဝရရှင်သန်ခြင်း
"ဘုန်း!"
ကျန်းဖုန်းလက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ သူ၏ ကိုယ်တွင်းအင်္ဂါများထဲမှ အတွင်းအား နှင့် သွေးစွမ်းအားများ တိုးလျှံလာသည်ကို ခံစားလိုက်ရပြီး လက်သီးတစ်ချက်တည်းဖြင့် ရွှံ့နံရံတစ်ခုကို ထိုးဖောက်နိုင်စွမ်းရှိသည်။ အကယ်၍ ဝမ်ဟဲ ကို မြားဖြင့် ပစ်ခတ်ခဲ့သူများနှင့် ထပ်မံတွေ့ဆုံပါက ထိုမြားများကို သူ ကျော်တက်ပြေးနိုင်မည်ဟု ယုံကြည်ချက်ရှိသွားပြီဖြစ်သည်။ မည်သည့် ကိုယ်ဖော့ပညာ ကိုမျှ မသုံးဘဲ ဆဋ္ဌမအဆင့်မှ ရရှိသော အလျင်နှုန်းဖြင့်ပင် သူတို့ကို လှည့်ပတ်တိုက်ခိုက်ရန် လုံလောက်နေပြီဖြစ်သည်။
"ငါ ပိုက်ဆံ ပိုစုဖို့လိုတယ်၊ ကောင်းမွန်တဲ့ ကိုယ်ဖော့ပညာ စာအုပ်တွေကို ရှာပြီး ကျင့်ရမယ်။ မဟုတ်ရင် စစ်မှန်တဲ့ စွမ်းအားရှိနေရင်တောင် ဘယ်လို အသုံးချရမလဲ သိမှာမဟုတ်ဘူး။ တကယ့် ဝါရင့်ပညာရှင်တွေနဲ့ တွေ့ရင် ငါပဲ ခံရလိမ့်မယ်" ဟု ကျန်းဖုန်းရေရွတ်လိုက်သည်။
ထောင်စောင့်ကျန်းမာရေးပညာနှင့် ထောင်စောင့်လက်သီးရှည်တို့သည် အနိမ့်ဆုံးအဆင့် ကျင့်စဉ်နှင့် စွမ်းရည်များ ဖြစ်သော်လည်း အခြေခံအကျဆုံး လေ့ကျင့်ခန်းများပင် ဖြစ်သည်။ အကယ်၍ ဤနှစ်ခုကို 'ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံနိုင်ပါက သူ၏အစွမ်းသည် လောကီနယ်ပယ်မှ တတိယတန်းစား ကျင့်စဉ်များနှင့် ယှဉ်နိုင်မည်ဖြစ်သည်။ သို့သော် ဤနည်းလမ်းနှစ်ခုသည် တိုးတက်မှု အလွန်နှေးကွေးလှရာ သာမန်လူများအနေဖြင့် တစ်သက်လုံး ကြိုးစားလျှင်ပင် 'ကျွမ်းကျင်မှုအဆင့်'သာ ရောက်နိုင်ကြသည်။ သို့သော် ကျန်းဖုန်းက မတူပေ။ သူ၌ ကံအမှတ်ရှိနေသရွေ့ အချိန်ပေးနိုင်လျှင် ဤပညာရပ်များကို 'ပြီးပြည့်စုံခြင်းအဆင့်' သို့ ရောက်အောင် ကျင့်ကြံနိုင်ပြီး လောကအနှံ့ လှည့်လည်နိုင်မည်ဖြစ်သည်။
သိသာသည်မှာ ပိုမိုမြင့်မားသော ကျင့်စဉ်များ ရလာပါကလည်း ကျန်းဖုန်း က ငြင်းပယ်မည်မဟုတ်ပေ။ ယခုအခါ သူ၌ အရန်စွမ်းရည်အချို့ လိုအပ်နေပြီဖြစ်သည်။ ဥပမာ ကိုယ်ဖော့ပညာ၊ သိုင်းလက်နက်ပညာ (ဓား၊ လှံ၊ တုတ် စသည်ဖြင့်) ဖြစ်သည်။ ထောင်စောင့်လက်သီးရှည် တစ်မျိုးတည်းဖြင့် တကယ့် ပညာရှင်နှင့် ရင်ဆိုင်ရပါက ကျန်းဖုန်းအနေဖြင့် အားသာချက် သိပ်ရှိမည်မဟုတ်ပေ။
သို့သော် ဤကမ္ဘာတွင် ကျင့်စဉ်များ၊ ကိုယ်ဖော့ပညာများနှင့် လက်နက်ပညာများသည် အလွန်တရာ တန်ဖိုးကြီးမားလှသည်။ လောလောဆယ်တွင် ကျန်းဖုန်း သည် သူရသမျှ ပိုက်ဆံအားလုံးကို စုဆောင်းထားသည်မှာ ငွေတုံး တစ်ရာ့သုံးဆယ်ကျော်သာ ရှိသေးသည်။ ဤမျှသော ငွေကြေးပမာဏဖြင့် အဆင့်မြင့်ကျင့်စဉ်များကို ဝယ်ယူရန် မဖြစ်နိုင်ပေ။ သို့သော်လည်း အခြေအနေများ ငြိမ်သက်သွားသည်အထိ ရက်အနည်းငယ် စောင့်ပြီးနောက် အမှောင်စျေး သို့ သွားရန် သူ ဆုံးဖြတ်လိုက်သည်။
အမှောင်စျေး ဆိုသည်မှာ အဂတိလိုက်စားသော အရာရှိများနှင့် လူမိုက်ဂိုဏ်းသားများ မြေအောက် အရောင်းအဝယ်ပြုလုပ်ရာ နေရာဖြစ်သည်။ နဂါးမြို့တော် ကဲ့သို့သော နေရာမျိုး၌ပင် ၎င်းကို ရှောင်လွှဲ၍မရပေ။ နဂါးမြို့တော်ရှိ အမှောင်စျေးကို မင်းသားတစ်ပါးကိုယ်တိုင် တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု သတင်းကြီးသည်။ ထိုနေရာတွင် ကိုယ်ပိုင်စည်းမျဉ်းများ ရှိသည်။ ယခင်က ကျန်းဖုန်း ၏ အစွမ်းမှာ နိမ့်ပါးလွန်း၍ ထိုနေရာသို့ မချဉ်းကပ်ဝံ့ခဲ့ပေ။ ယခုမူ သူသည် 'အလယ်အလတ် တတိယတန်းစား သိုင်းပညာရှင်' တစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်။ ဆဋ္ဌမအဆင့် ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း ကျင့်စဉ်ဖြင့် ကျန်းဖုန်း သည် အမှောင်စျေးသို့ လမ်းလျှောက်ရန် သတ္တိရှိလာပြီဖြစ်သည်။
ယန်ရုစုန်၏ မိသားစုတစ်စုလုံး ကွပ်မျက်ခံရပြီးနောက် ကျန်းဖုန်းသည် ထုံးစံအတိုင်း ကျန်းပေ့ (ယအကျဉ်းထောင်သို့ တာဝန်ကျရာ အချိန်အတိုင်း လာခဲ့သည်။ ထောင်တိုက်ခန်းများထဲတွင် လူတိုင်းက ယန် မိသားစု ကွပ်မျက်ခံရခြင်းအကြောင်းကို အတင်းပြောနေကြသည်။ ကျန်းဖုန်း ကမူ ဘာကိုမှ ဂရုမစိုက်ဘဲ သူ၏ နေ့စဉ်တာဝန်များကိုသာ သေသေချာချာ လုပ်ဆောင်နေခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျန်းပေ့အကျဉ်းထောင်သို့ လူများစွာ ရောက်ရှိလာခဲ့သည်။ အများစုမှာ ရန်ချီအရေးတွင် ပတ်သက်မိသူများ ဖြစ်သော်လည်း၊ အချို့မှာ ရန်ချီ ၏ ကဗျာကို နောက်ပြောင်ပြောဆိုရင်း အဖမ်းခံရကာ အကျဉ်းထောင် လူဦးရေဖြည့်ရန် ရောက်လာသည့် သာမန်လူများသာ ဖြစ်ကြသည်။
ထောင်ထဲရောက်သည်နှင့် ထိုသူအားလုံးသည် ပထမဆုံးအနေဖြင့် ကြိမ်ဒဏ် ခံကြရသည်။ ၎င်းမှာ အထက်မှ အမိန့်ဖြစ်သည်။ ပုံမှန်အားဖြင့် လူမှုဘဝတွင် ဖိနှိပ်ခံထားရသည့် ထောင်စောင့်လေးများစွာသည် ထိုကံဆိုးသူများကို ကြိမ်လုံးဖြင့် ရိုက်နှက်ရန် လုယက်နေကြတော့သည်။ ဦးလေးကြီး ဟော့ ပင်လျှင် ရက်အနည်းငယ်ကြာ ပါဝင်ခဲ့သေးသည်။ သူသည် ရက်ပေါင်းများစွာ ကြိမ်လုံးသိုင်းကို လေ့ကျင့်နေခဲ့ပြီး ကျန်းဖုန်းကိုပါ စမ်းကြည့်ရန် ဖိတ်ခေါ်ခဲ့သည်။ ကျန်းဖုန်း ကမူ ဆင်ခြေတစ်ခုပေးကာ ချက်ချင်း ငြင်းဆိုလိုက်သည်။
ကံကြမ္မာ ကို ဖြစ်စေမည့် မည်သည့်အရာကိုမျှ သူ မထိတွေ့ချင်ပေ။ အကယ်၍ ထိုအနှိပ်စက်ခံရသူများထဲမှ တစ်ယောက်ယောက်က ကံကြမ္မာကို ဆန့်ကျင်ပြီး နတ်ဘုရားဖြစ်သွားကာ သူ့ကို ရိုက်ခဲ့သူများကို လိုက်လံလက်စားချေလျှင် ဘယ်လိုလုပ်မလဲ။
ဤသို့ဖြင့် တစ်လ ကုန်ဆုံးသွားသည်။ ရန်ချီ ၏ အရှုပ်တော်ပုံမှာ စတင်မှေးမှိန်လာခဲ့ပြီဖြစ်သည်။ ကျန်းပေ့အကျဉ်းထောင်တွင် ရန်ချီ၏ ကဗျာအကြောင်း ပြောဆို၍ အဖမ်းခံရသူအသစ်များ မရှိသလောက် ဖြစ်သွားခဲ့သည်။ ထောင်တိုက်ခန်းများမှာလည်း တော်တော်လေး လစ်လပ်သွားခဲ့ပြီ။ အချို့မှာ ရက်အနည်းငယ် ရိုက်နှက်ခံရပြီး ငွေအမြောက်အမြား ပေးဆောင်ကာ လွတ်မြောက်သွားကြသည်။ ကျန်းမာရေးမကောင်းသူ အချို့မှာမူ မခံနိုင်တော့ဘဲ သေဆုံးသွားကြရာ အလောင်းများကို အမှိုက်ပုံတွင် သွားရောက် စွန့်ပစ်ခြင်း ခံကြရသည်။ အချို့မှာမူ နှိပ်စက်မှုများကို ခံနိုင်ရည်ရှိသော်လည်း မသန်မစွမ်းဖြစ်ကာ အပြင်သို့ အပစ်ခံရသည်။
အချုပ်အားဖြင့်ဆိုရသော် နန်းတော်သည် ဤအရေးအခင်းကို သွေးထွက်သံယိုနည်းလမ်းဖြင့် ရက်ရက်စက်စက် နှိမ်နင်းခဲ့ခြင်းဖြစ်သည်။ ဤတစ်လအတွင်း ထောင်ကြီးလေးခုတွင် နေ့စဉ်သေဆုံးမှုနှုန်းမှာ နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။
ကျန်းဖုန်းနှင့် အခြားထောင်စောင့်လေးများ၏ အလုပ်မှာလည်း ပိုများလာခဲ့သည်။ အကျဉ်းသားများကို အစာကျွေးရုံသာမက ထောင်ထဲတွင် အလောင်းများကိုပါ လိုက်လံစစ်ဆေးရပြီး တွေ့သည်နှင့် ချက်ချင်း ဆွဲထုတ်စွန့်ပစ်ရသည်။
မဟုတ်ပါက အလောင်းများ ပုပ်သိုးသွားလျှင် ထိုအနံ့အသက်ဆိုးမှာ ဘယ်တော့မှ ပျောက်ကွယ်သွားမည် မဟုတ်ပေ။ ဤတစ်လအတွင်း ကျန်းဖုန်း သည် သေခြင်းတရားကို ထုံထိုင်းသွားခဲ့သည်။ ဦးလေးကြီး ဟော့ တို့ပင်လျှင် အကျဉ်းသားများကို ရိုက်နှက်ခြင်းမှ ပျော်ရွှင်မှု မရတော့ပေ။ လူသစ်များ ရောက်လာတိုင်း လူတိုင်းက မောပန်းနွမ်းနယ်နေသော အကြည့်ဖြင့်သာ ကြည့်ကြတော့သည်။
နောက်ဆုံးတွင် အရှုပ်တော်ပုံ ငြိမ်သက်သွားသည့်အခါ အကျဉ်းသား အဝင်အထွက်မှာ ပုံမှန်ပြန်ဖြစ်သွားသည်။ ကျန်းဖုန်းနှင့် အခြားထောင်စောင့်များအားလုံး မသိမသာ သက်ပြင်းချလိုက်မိကြသည်။ အဖွဲ့ခေါင်းဆောင်ဟောင်း ဦးလေးကြီး ဟော့ က ယနေ့ညတွင် ပိုက်ဆံအတော်အတန်အကုန်ခံကာ အချဉ်တည်ထားသော ဟင်းသီးဟင်းရွက်နှင့် ပဲပြားအိုးကြီး တစ်အိုးကို ပြင်ဆင်ပြီး ကျန်းဖုန်းနှင့် အခြားထောင်စောင့်အချို့ကို သူ၏အိမ်သို့ ထမင်းစားဖိတ်ခဲ့သည်။
ကျန်းဖုန်း ကလည်း မငြင်းဘဲ အခြားထောင်စောင့် သုံးယောက်နှင့်အတူ ဦးလေးကြီး ဟော့ ၏ အိမ်တွင် အရက်ကို အဝသောက်ခဲ့ကြသည်။ ဤကဲ့သို့ ရှားပါးလှသော အပန်းဖြေချိန်လေးတွင် ကျန်းဖုန်းပင်လျှင် ဦးလေးကြီး ဟော့ တို့နှင့်အတူ နောက်ပြောင်ပြောဆိုနေခဲ့သည်။
သူတို့အားလုံး ဗိုက်ဝပြီး မူးနေကြသည့်အချိန်တွင် အိမ်ပြန်ရန် ပြင်ကြတော့သည်။
ကျန်းဖုန်း သည် ဦးလေးကြီး ဟော့ ၏ လမ်းကြားထဲမှ ထွက်လာစဉ် မူးနေသေးသော်လည်း သူ၏ အတွင်းအား နှင့် သွေးအဟုန်ကို လှုံ့ဆော်ကာ အရက်ရှိန်ကို သတ်လိုက်ပြီး သတိပြန်ဝင်လာအောင် လုပ်လိုက်သည်။ ဤကဲ့သို့ ဘေးဒုက္ခများသော ကမ္ဘာတွင် ကျန်းဖုန်း သည် သတိကို လုံးဝမလျှော့ဝံ့ပေ။ အိမ်ပြန်ရောက်ပြီး အိပ်စက်ရန် ပြင်နေစဉ်တွင် ကျန်းဖုန်းသည် တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရလေသည်။