တစ်လအကြာတွင် လမ်းသစ်ကို ယာဉ်များ သွားလာနိုင်ရန် ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။
ရှီးရွှေ့ကျေးရွာမှ မြို့ပေါ်သို့ ဆက်သွယ်ထားသည့် ၂ ဒသမ ၂ ကီလိုမီတာရှည်သော လမ်းမကြီးသည် လမ်းကြိတ်စက်ဖြင့် အကြိမ်ကြိမ် ကြိတ်ညှိပြီးနောက် အနက်ရောင်တောက်ပြောင်နေသည့် နှစ်လမ်းသွား ကတ္တရာလမ်းမကြီးတစ်ခု ဖြစ်လာခဲ့သည်။
ကျေးရွာအုပ်ချုပ်ရေးမှူး လင်းတာ့ရှန်းသည် ရွာအဝင်ဝတွင် ရပ်နေပြီး ခြေထောက်ဖြင့် လမ်းပေါ်ကို သုံးချက်တိတိ ဆောင့်နင်းကြည့်လိုက်သည်။ ထို့နောက် ဘာစကားတစ်ခွန်းမှ မပြောဘဲ ခေါင်းလှည့်ကာ နှာခေါင်းကို ပွတ်သပ်လိုက်လေသည်။
သို့သော် လုဖုန်းကတော့ ထိုကဲ့သို့ စိတ်လှုပ်ရှားမနေခဲ့ပေ။ သူသည် စီမံကိန်းမြေပုံတစ်ရွက်ကို ကိုင်ထားရင်း မြေယာမြေလွတ်ကြီး၏ အစွန်းတွင် ရပ်နေခဲ့သည်။
ထိုမြေကွက်ကြီးသည် မည်မျှကျယ်ဝန်းသနည်း။
ကျေးရွာ၏ အရှေ့ဘက်အစွန်းမှ မြောက်ဘက်သို့ ဆက်လက်ကျယ်ပြန့်နေသည့် ထိုမြေကွက်ကြီးသည် စုစုပေါင်း ၄၆၀ မူ (တရုတ်မြေဧရိယာတိုင်းတာမှုယူနစ်အရ ၃၀ ဒသမ ၇ ဟက်တာခန့်) ကျယ်ဝန်းသည်။ သို့သော် မြေပြင်တစ်ခုလုံးမှာ ကျောက်တုံးကျောက်ဆောင်များနှင့် ပေါင်းမြက်ရိုင်းများသာ ဖုံးလွှမ်းနေခဲ့သည်။
မြို့နယ်စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူများသည် ထိုမြေကို လာရောက်စစ်ဆေးခဲ့ကြသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်သည်။ သို့သော် နှစ်ကြိမ်စလုံး ခေါင်းခါသွားခဲ့ကြပြီး မြေယာပြုပြင်စရိတ်မှာ အလွန်များပြားသည့်အပြင် သီးနှံစိုက်ပျိုးရန်လည်း မသင့်တော်ကြောင်း ပြောဆိုသွားခဲ့ကြသည်။
လုဖုန်းသည် ဘေးတွင်ရပ်နေသော ဒီဇိုင်းရေးဆွဲသူထံ မြေပုံကို ကမ်းပေးလိုက်သည်။
"ဒီပုံအတိုင်း တစ်သွေမတိမ်း ဆောက်လုပ်ပါ။ ဘာတစ်ခုမှ ပြောင်းလဲခွင့်မရှိဘူး"
ဒီဇိုင်းရေးဆွဲသူက မြေပုံကို ကြည့်လိုက်ပြီး စက္ကန့်အနည်းငယ်မျှ ဆွံ့အသွားခဲ့သည်။
"လုသူဋ္ဌေးကြီး၊ ဒီအရွယ်အစားအတိုင်းဆိုရင်..."
"အဆင့်သုံးဆင့်ခွဲပြီး တည်ဆောက်မယ်။ ဟူမျိုးသိုးကောင်ရေ တစ်သိန်းအထိ မွေးမြူနိုင်တဲ့ စံချိန်မီ သိုးမွေးမြူရေးခြံကြီးတစ်ခု ဆောက်မှာ။ ပထမအဆင့်မှာတော့ အခြေခံအဆောက်အအုံတွေနဲ့ သိုးမွေးမြူဖို့ စံချိန်မီ ခြံဝန်းတွေကို အရင်ဆောက်မယ်"
( # ဟူမျိုးသိုး - ဆိုတာ တရုတ်နိုင်ငံမှာ မွေးမြူကြတဲ့ သိုးမျိုးစိတ်တစ်မျိုးကို ဆိုလိုခြင်းဖြစ်သည်။)
ဒီဇိုင်းရေးဆွဲသူသည် စီမံကိန်းပုံကြမ်းကို တစ်ဖက်လှန်ကြည့်လိုက်ပြီးနောက် ပြန်တည့်မတ်လိုက်သည်။
"ပထမအဆင့်အတွက် ဘတ်ဂျက်(ပိုက်ဆံ)ကတော့ အကြမ်းဖျင်းအားဖြင့်..."
"ဘယ်လောက်လဲ"
"အနည်းဆုံး ခန့်မှန်းတွက်ချက်မှုအရ ယွမ်ခြောက်သန်းကနေ ခြောက်သန်းခွဲအထိ ကုန်ကျနိုင်ပါတယ်"
"စဆောက်တော့"
ဒီဇိုင်းရေးဆွဲသူသည် ဘောပင်အဖုံးကို ပါးစပ်ဖြင့် ကိုက်ထားရင်း ကျောက်ဆောင်ထူထပ်နေသည့် မြေကွက်ကြီးကို ကြည့်ကာ တူးဖော်ရမည့် မြေပမာဏကို စိတ်ထဲမှ တွက်ချက်နေတော့သည်။
ထိုအချိန်တွင် လင်းရှောင်နွမ်သည် မှတ်စုစာအုပ်ကို ဖွင့်ထားပြီးဖြစ်သည်။
"လုဖုန်းအစ်ကို၊ မနေ့က အန်ဟွေးပြည်နယ်က ရှင်းကျဲဟူမျိုးသိုးမွေးမြူရေးသမဝါယမအသင်းနဲ့ ဆက်သွယ်ထားတယ်။ သူတို့ဘက်က ညှိနှိုင်းဆွေးနွေးလို့ရတယ်လို့ ပြောတယ်။ ဒါပေမဲ့ မြေပြင်အခြေအနေကို လာရောက်စစ်ဆေးဖို့ လူတစ်ယောက်တော့ စေလွှတ်ရမယ်တဲ့"
"အဲဒီဘက်က အရည်အသွေးအကောင်းဆုံး သိုးကလေးတွေရဲ့ တစ်ကောင်ဈေးက ယွမ် ၃၀၀ ကနေ ၃၅၀ ကြားရှိတယ်။ သိုးကလေး အကောင်ရေ တစ်သိန်းဝယ်မယ်ဆိုရင် ယွမ်သန်း ၃၀ ကနေ ၃၅ သန်းလောက် ကုန်ကျလိမ့်မယ်"
"သူတို့ဆီက ဝယ်ဖြစ်ရင်လည်း နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးဖို့ ကျွမ်းကျင်ပညာရှင် ငါးယောက်ကို ဒီကို စေလွှတ်ပေးမယ်တဲ့။ တစ်နှစ်ကျော်ကြာအောင်လည်း နည်းပညာပံ့ပိုးပေးမယ်လို့ ပြောထားတယ်"
လုဖုန်းက ခေါင်းမော့ကြည့်လိုက်သည်။
"ဝမ်တာချွေ့ကို ခေါ်လိုက်"
နှစ်မိနစ်ပင် မကြာလိုက်ပေ။ အနည်းငယ်ဟောင်းနွမ်းနေသော အလုပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ရောက်လာသည်။
သူ့အရပ်မှာ မမြင့်လှပေ။ ဆံပင်များကလည်း ကျီးကန်းအသိုက်တစ်ခုလို ဖွာလန်ကြဲနေပြီး လက်နှစ်ဖက်မှာတော့ လယ်ကွင်းထဲမှ အခုမှပြန်လာသည့်အလား ရွှံ့များဖြင့် ပေကျံနေခဲ့သည်။
သူသည် လုဖုန်းထံ လျှောက်လာပြီး တစ်ဖက်လူက စကားမပြောရသေးခင် ဘောင်းဘီပေါင်ကို လက်ဖြင့် သုတ်လိုက်သည်။ ထို့နောက်မှ လက်ကမ်းပေးလိုက်လေသည်။
"ကျွန်တော်က တိရစ္ဆာန်ဆေးကုဌာနက ဘွဲ့ရထားတဲ့ ဝမ်တာချွေ့ပါ။ ခရိုင်မှာ ဆရာဟောင်းတစ်ယောက်ဆီ သုံးနှစ်လောက် လိုက်လံသင်ယူခဲ့ဖူးပါတယ်။ ဟူမျိုးသိုးရော၊ ထန်မျိုးသိုးရော မွေးဖူးပါတယ်။ အခြေခံအားဖြင့် ကျွန်တော် မဖြေရှင်းနိုင်တဲ့ သိုးရောဂါဆိုတာ မရှိသလောက်ပါပဲ"
သူက ခဏရပ်လိုက်ပြီးမှ ထပ်ဖြည့်ပြောသည်။
"သီအိုရီအရပေါ့ဗျာ"
လုဖုန်းက သူ့လက်ကို ဆုပ်ကိုင်နှုတ်ဆက်လိုက်သည်။
"လက်တွေ့မှာရော"
"နည်းနည်းတော့ လိုပါသေးတယ်"
ထိုလူက ရိုးသားပွင့်လင်းလွန်းလှသည်။ လုဖုန်းလည်း သူ့ကို ဆက်လက်စမ်းသပ်မနေတော့ပေ။
"ဝယ်ယူရေးအဖွဲ့နဲ့အတူ အန်ဟွေးပြည်နယ်ကို သွားရမယ်။ မင်းရဲ့ ခရီးစရိတ်အားလုံးကို ငါတာဝန်ယူပေးမယ်။ မျိုးပွားဖို့ဝယ်ယူမယ့် သိုးတွေရဲ့ ကျန်းမာရေးစစ်ဆေးမှုနဲ့ သယ်ယူပို့ဆောင်ရေးအစီအစဉ်တွေကို မင်းတာဝန်ယူရမယ်။ လုပ်နိုင်မလား။"
ဝမ်တာချွေ့က လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး မျက်လုံးများလည်း တောက်ပလာသည်။
"လုပ်နိုင်ပါတယ်"
"လစဉ်လစာ ယွမ် ၆,၀၀၀ ပေးမယ်။ အလုပ်ဝင်ပြီးနောက်ပိုင်း ရရှိမယ့် စွမ်းဆောင်ရည်ဆုကြေးတွေကိုတော့ သီးခြားတွက်ချက်ပေးမယ်"
ဝမ်တာချွေ့သည် ခဏတာ အံ့အားသင့်သွားပြီးနောက် မေးစေ့ကို အနည်းငယ်ချကာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ။ ကျွန်တော် အခုပဲ ခရီးဆောင်အိတ်တွေ သွားထုပ်လိုက်ပါမယ်"
နှစ်လှမ်းခန့် လှမ်းပြီးမှ သူက ပြန်လှည့်လာသည်။
"ဒါနဲ့ ဘယ်အိတ်ကို ထုပ်ရမလဲဗျာ။ ကျွန်တော့်မှာ အဝတ်တစ်စုံပဲ ရှိတာ"
ထိုသို့ပြောပြီးနောက် သူသည် ခပ်သုတ်သုတ် ထွက်သွားလေသည်။
လင်းရှောင်နွမ်မှာ ရယ်မောမိသွားသဖြင့် ပါးစပ်ကို လက်ဖြင့်အုပ်ထားရတော့သည်။
လုဖုန်းသည် စီမံကိန်းမြေပုံကို ဘေးချလိုက်သည်။
"လေယာဉ်လက်မှတ်တွေ ကြိုတင်မှာထားလိုက်။ သုံးရက်အတွင်း ထွက်ခွာရမယ်။ ဈေးညှိနှိုင်းတဲ့အခါ သူနဲ့အတူ လိုက်သွားပါ။ ဈေးနှုန်းပိုင်းမှာ ပြဿနာတစ်ခုခုရှိရင် အချိန်မရွေး ငါ့ကို ဖုန်းဆက်နိုင်တယ်"
"ကျွန်မလား"
လင်းရှောင်နွမ်က သူမကိုယ်သူမ လက်ညှိုးထိုးပြလိုက်သည်။
"မင်းက စာရင်းကိုင်လေ။ ဈေးညှိနှိုင်းတာ မင်းအလုပ်ပဲ။ နည်းပညာပိုင်းကိုတော့ သူတာဝန်ယူမယ်။ အလုပ်တာဝန်တွေကို ရှင်းရှင်းလင်းလင်း ခွဲထားတာပေါ့"
လင်းရှောင်နွမ်သည် မှတ်စုစာအုပ်ကို လက်မောင်းကြားညှပ်လိုက်ပြီး လုဖုန်း စကားပြန်ပြောင်းမသွားခင် အမြန်ထွက်သွားရန် ပြင်ဆင်လိုက်သည်။
ထိုနေ့မွန်းလွဲပိုင်းတွင်ပင် ဆောက်လုပ်ရေးအဖွဲ့သည် လုပ်ငန်းခွင်ထဲသို့ ဝင်ရောက်လာခဲ့သည်။
မြေတူးစက်ကြီးများက လူသူကင်းမဲ့နေသည့် မြေကွက်ကြီးထဲသို့ ဝင်လာကြသည်။ စက်သံများ ဆူညံစွာ ထွက်ပေါ်လာသည့်အခါ ရွာထဲရှိ ခွေးတစ်ဝက်ခန့်ပင် ဟောင်သံများ ဆူညံလာကြပြီး ရွာအဝင်ရှိ သက်တမ်းရင့် ကျိုင်းပင်အိုကြီးပေါ်တွင် နားနေကြသည့် ငှက်အုပ်တစ်အုပ်မှာလည်း တောင်ပံခတ်ကာ ပျံသန်းထွက်ပြေးသွားကြသည်။
ရွာသားများသည် စိတ်ဝင်တစားဖြင့် လယ်ကွင်းဘေးသို့ စုဝေးလာကြသည်။ သူတို့၏ ပြောစကားများကလည်း အစပိုင်းတွင် "ဒီကောင်လေး ဘာတွေလုပ်နေတာလဲ" ဟူ၍ ဖြစ်ခဲ့ရာမှ နောက်ပိုင်းတွင် "ဒီတစ်ခါတော့ တကယ့်အကြီးအကျယ်ကြီး ဖြစ်တော့မှာပဲ" ဟူ၍ ပြောင်းလဲလာခဲ့သည်။ နောက်ဆုံးတွင်တော့ "ငါ့တတိယသားလေးကိုလည်း ဒီမှာ အလုပ်လုပ်ခိုင်းရရင် ကောင်းမှာပဲ" ဟူသည့် စကားများအထိ ရောက်လာခဲ့လေသည်။
လုဖုန်းသည် ရွာထဲတွင် အလုပ်လက်မဲ့ဖြစ်နေသေးသည့် လူငယ်များ၏ အမည်စာရင်းကို ပြုစုကာ ဆောက်လုပ်ရေးအဖွဲ့ခေါင်းဆောင်ထံ ပစ်ပေးလိုက်သည်။
"ဒီစာရင်းထဲကလူတွေကို အရင်ဆုံး ယာယီအလုပ်သမားတွေအဖြစ် ခန့်ထားလိုက်ပါ။ လုပ်အားခကတော့ အပြင်ဈေးကွက်ပေါက်ဈေးထက် မနည်းစေရဘူး။ ပြဿနာတစ်ခုခုရှိရင် ငါ့ဆီလာခဲ့"
ဆောက်လုပ်ရေးအဖွဲ့ခေါင်းဆောင်က စာရင်းကို လက်ခံယူပြီး လူဦးရေကို ရေတွက်ကြည့်လိုက်ရာ သုံးဆယ်ကျော်ရှိနေသည်။ သူသည် တစ်ယောက်မကျန် အားလုံးကို အလုပ်ခန့်လိုက်လေသည်။
သတင်းသည် ရွာတစ်ရွာလုံးသို့ နေ့တစ်ဝက်အတွင်း ပျံ့နှံ့သွားခဲ့သည်။ ညစာစားချိန်ရောက်သည့်အခါ အလုပ်သွားလုပ်နေကြသော လူငယ်များသည်ပင် အိမ်ကို ဖုန်းဆက်ကာ ရွာမှာ တကယ်ပဲ အလုပ်ရှိနေပြီလားဟု မေးမြန်းလာကြသည်။
ဒီလောကမှာလည်း ဒီလိုပဲဖြစ်သည်။
ငွေတစ်ခါ လက်ပြောင်းသွားသည်နှင့် ငွေနောက်သို့ လူတွေကပါ လိုက်ပါလာကြသည်။
သို့သော် ထိုသို့အေးချမ်းနေမှုမှာ နောက်တစ်နေ့မနက်အထိသာ ကြာမြင့်ခဲ့လေသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်အဝင်ဝတွင် ခရိုင်လိုင်စင်ပြားတပ်ထားသည့် SUV ကားတစ်စီး ရပ်ထားသည်။ ကားပေါ်မှ ဝတ်စုံပြည့်ဝတ်ထားသည့် အမျိုးသားနှစ်ဦး ဆင်းလာကြပြီးနောက် လက်ထဲတွင် စာရွက်စာတမ်းအထပ်လိုက် ကိုင်ထားသည့် မျက်မှန်တပ်ထားသော လူလတ်ပိုင်းအမျိုးသားတစ်ဦးလည်း လိုက်ပါလာခဲ့သည်။
"တစ်ဆိတ်လောက်ပါ။ ဒီနေရာမှာ တာဝန်ရှိသူက ဘယ်သူပါလဲ"
လုဖုန်းသည် ဖိနပ်အောက်ခြေတွင် ရွှံ့များပေကျံနေသည့်အတိုင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှ ထွက်လာခဲ့သည်။
"ကျွန်တော်ပါ"
မျက်မှန်တပ်ထားသည့် အမျိုးသားက ဖိုင်တွဲကို ဖွင့်လိုက်သည်။
"မင်္ဂလာပါ။ ကျွန်တော်က ခရိုင်စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဗျူရိုကပါ။ ဒီမြေကွက်မှာ မြေယာကို တရားမဝင်သိမ်းယူထားတယ်ဆိုတဲ့ တိုင်ကြားချက်တစ်ခု လက်ခံရရှိထားပါတယ်။ ဒါကြောင့် သက်ဆိုင်ရာစည်းမျဉ်းတွေအရ ဆောက်လုပ်ရေးလုပ်ငန်းကို ရပ်ဆိုင်းထားပြီး စစ်ဆေးအတည်ပြုချက်ကို စောင့်ဆိုင်းဖို့ လိုအပ်ပါတယ်"
ကျေးလက်ရေးရာဗျူရို ဆိုတာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို စီမံခန့်ခွဲ၊ ကြီးကြပ်ဆောင်ရွက်ပေးတဲ့ အစိုးရဌာနတစ်ခု ကို ဆိုလိုခြင်း ဖြစ်သည်။
လုဖုန်းသည် စာရွက်စာတမ်းကို လက်ခံယူကာ အပေါ်ယံမျှ ကြည့်ရှုလိုက်သည်။
"တိုင်ကြားချက်ထဲမှာ ဘာအကြောင်းအရာတွေ ပါလဲ"
"ဒီမြေက အခြေခံစိုက်ပျိုးမြေဖြစ်ပြီး အကြီးစားဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်တာက မြေယာအသုံးပြုမှုဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ရာရောက်နိုင်တယ်လို့ တစ်စုံတစ်ယောက်က တိုင်ကြားထားတာပါ"
လုဖုန်းသည် အသံကို မြှင့်တင်ခြင်းမရှိဘဲ စာရွက်စာတမ်းကို ပြန်ပေးလိုက်သည်။
"ဒီမြေက စုပေါင်းပိုင် ဆောက်လုပ်ရေးမြေအမျိုးအစားပါ။ မြို့နယ်ဘက်က မြေယာခွင့်ပြုချက်ကို လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက အပြီးသတ်ထားပြီးသား။ ကျွန်တော် စာချုပ်ချုပ်တုန်းကလည်း မြို့နယ်အစိုးရရဲ့ တရားဝင်တံဆိပ် ပါပြီးသားပါ။ ပြန်စစ်ဆေးဖို့ကလည်း မခက်လောက်ပါဘူး"
မျက်မှန်တပ်ထားသည့် အမျိုးသားသည် ခဏတာ တုံ့ဆိုင်းသွားသည်။
"ဒါကတော့... ထပ်ပြီး စစ်ဆေးအတည်ပြုဖို့ လိုအပ်ပါသေးတယ်"
"ဘယ်လောက်ကြာမလဲ"
"ပုံမှန်လုပ်ထုံးလုပ်နည်းအရဆိုရင် အလုပ်လုပ်ရက် ခုနစ်ရက်ကနေ ဆယ့်ငါးရက်အထိ ကြာနိုင်ပါတယ်"
လုဖုန်းက ခေါင်းညိတ်လိုက်သည်။
"ဒါဆို အတည်ပြုဖို့ အလျင်မလိုပါနဲ့"
ထို့နောက် သူသည် နောက်လှည့်ကာ ဆောက်လုပ်ရေးအဖွဲ့ခေါင်းဆောင်ကို လှမ်းခေါ်လိုက်သည်။
"အလုပ်ဆက်လုပ်ပါ"
ဆောက်လုပ်ရေးအဖွဲ့ခေါင်းဆောင်မှာ ကြောင်တောင်တောင် ဖြစ်သွားသည်။
"ဒါပေမဲ့..."
"မြေယာအမျိုးအစားနဲ့ ပတ်သက်ပြီး ပြဿနာမရှိဘူး။ သူတို့ဘက်ကလည်း တရားဝင် ရပ်ဆိုင်းမိန့် ထုတ်ပြန်ထားတာ မဟုတ်ဘူး။ စစ်ဆေးအတည်ပြုဖို့ပဲ လာကြတာ။ အဲဒီလုပ်ငန်းစဉ်ကလည်း လက်ရှိဆောက်လုပ်ရေးကို ထိခိုက်စေမှာ မဟုတ်ဘူး။ စာဖြင့်ရေးသားထားတဲ့ တရားဝင်စာတမ်းတစ်ခုခု ရောက်လာရင်တော့ ချက်ချင်း ငါ့ဆီယူလာခဲ့"
မျက်မှန်တပ်ထားသည့် အမျိုးသားသည် လုဖုန်းက လုပ်ထုံးလုပ်နည်းများကို ဤမျှကောင်းကောင်း နားလည်ထားမည်ဟု မထင်ထားခဲ့ပေ။ ခဏတာ ဘာစကားမှ ပြန်မပြောနိုင်တော့ဘဲ ဆွံ့အသွားခဲ့သည်။
ဝတ်စုံပြည့်ဝတ်ထားသည့် အမျိုးသားနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ဦးက တိုးတိုးလေး ပြောလိုက်သည်။
"ကျောက်တာ့ဗြောင်ရဲ့ဘက်က..."
အသံက သိပ်မကျယ်လှသော်လည်း လုဖုန်း ကြားနိုင်လောက်သည့် အနေအထားတွင် ရှိနေခဲ့သည်။
လုဖုန်းလည်း အကြောင်းစုံကို နားလည်သွားခဲ့ပြီဖြစ်သည်။
ရွာထဲက အာဏာပြသူ ကျောက်တာ့ဗြောင်၏ အဆက်အသွယ်များသည် အခုထိ မပြတ်တောက်သေးပေ။ ယခုတစ်ကြိမ်တွင်တော့ နည်းလမ်းပြောင်းလဲသွားခြင်းသာ ဖြစ်သည်။
ပြီးခဲ့သည့်တစ်ကြိမ်က အင်အားသုံးပြီး အတားအဆီးလုပ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ယခုတစ်ကြိမ်တွင်တော့ ပိုမိုယဉ်ကျေးသိမ်မွေ့သည့် ပုံစံမျိုးဖြင့် လုပ်ထုံးလုပ်နည်းများကို အကြောင်းပြကာ နှောင့်နှေးစေမည့် နည်းလမ်းကို အသုံးပြုလာခဲ့သည်။ သူတို့၏ တကယ့်ရည်ရွယ်ချက်မှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးကို လုံးဝရပ်တန့်သွားစေရန်ပင် ဖြစ်သည်။
ထိုနေ့မွန်းလွဲပိုင်းတွင် လုဖုန်းသည် ဖုန်းနှစ်ကြိမ် ဆက်ခဲ့သည်။
ပထမဆုံးအကြိမ်မှာ လုံထိုင်းမြို့နယ် အုပ်ချုပ်ရေးမှူးထံ ဖြစ်သည်။ သူသည် မြေယာခွင့်ပြုချက်စာရွက်စာတမ်းများ၊ စာချုပ်များနှင့် စီမံကိန်းခွင့်ပြုချက်များကို တစ်စုတစ်စည်းတည်း ပေးပို့လိုက်ပြီး ခရိုင်ဗျူရို၏ စစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ဘက်မှ စာဖြင့် တရားဝင်အကြောင်းပြန်ပေးရန် တောင်းဆိုခဲ့သည်။
ဒုတိယအကြိမ်မှာတော့ စိုက်ပျိုးရေးမြေယာကိစ္စများကို အထူးပြုကိုင်တွယ်သည့် ဥပဒေအကြံပေးကုမ္ပဏီတစ်ခုထံ ဖုန်းဆက်ခဲ့ခြင်းဖြစ်သည်။ အခြေအနေအားလုံးကို ရှင်းပြပြီးနောက် ဖုန်းမချမီ သူက ထပ်ပြောလိုက်သည်။
"တစ်ယောက်ယောက်က မကောင်းတဲ့ရည်ရွယ်ချက်နဲ့ တိုင်ကြားပြီး တရားဝင်ခွင့်ပြုထားတဲ့ စီမံကိန်းတစ်ခုရဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို ဝင်ရောက်နှောင့်ယှက်လာမယ်ဆိုရင် ကျွန်တော့်ဘက်ကလည်း ဥပဒေကြောင်းအရ အရေးယူသွားမှာပါ။ ဒီကိစ္စအတွက် ကြိုတင်ပြင်ဆင်ထားပေးပါ"
ဥပဒေအကြံပေးကုမ္ပဏီဘက်မှ နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် ပြန်လည်ဖြေကြားလာသည်။
"နားလည်ပါပြီ။ ဒီကိစ္စကို ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ကိုင်တွယ်ပေးပါမယ်"
ဆောက်လုပ်ရေးလုပ်ငန်းများကတော့ ရပ်တန့်မသွားခဲ့ပေ။
မြေတူးစက်ကြီးများသည် ယခင်အတိုင်း တဝုန်းဝုန်း မြည်ဟည်းနေကြသည်။ မြေသားများကို စတင်ညှိနှိုင်းနေကြပြီဖြစ်ပြီး တူးဖော်ရရှိလာသည့် ကျောက်တုံးများကိုလည်း လယ်ကွင်းအစွန်းတစ်လျှောက် စနစ်တကျ စီထပ်ထားကြသည်။
ရွာထဲက လူငယ်များသည်လည်း အလုပ်သုံးကိရိယာများကို ကိုင်ဆောင်ကာ လုပ်ငန်းခွင်ထဲသို့ ဝင်ရောက်လာကြသည်။ သူတို့၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် နေ့စားလုပ်အားခကို မိမိတို့အိမ်ရှေ့တံခါးဝတွင်ပင် ရရှိခဲ့ကြသည်။
ငွေကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး လုပ်ငန်းခွင်ဘေးတွင် ရပ်နေကြသည့် ထိုလူငယ်များ၏ မျက်နှာထားကို လုဖုန်း အတိအကျ မဖော်ပြနိုင်ခဲ့ပေ။ သို့သော် သူ နားလည်ခဲ့သည်။
ထိုအကြည့်များမှာ မိမိတို့ကိုယ်တိုင်လည်း အသုံးဝင်သူများ ဖြစ်နိုင်ကြောင်း ပထမဆုံးအကြိမ် ခံစားမိလာကြသည့် လူတစ်ယောက်၏ အကြည့်များပင် ဖြစ်သည်။
【ဒင် ရှီးရွှေ့ကျေးရွာ၏ အမြဲတမ်းနေထိုင်သူဦးရေသည် ၅၄၁ ဦးအထိ တိုးလာကြောင်း စစ်ဆေးတွေ့ရှိပါသည်။】
【ယနေ့ရရှိသော ငွေသားဆုကြေးမှာ ယွမ် ၅၄၁,၀၀၀ ဖြစ်ပြီး အကောင့်ထဲသို့ ထည့်သွင်းပေးပြီးဖြစ်ပါသည်။】
အကောင့်ထဲရှိ လက်ကျန်ငွေမှာ ဆက်တိုက်တိုးပွားလာနေသည်။ လုဖုန်းကလည်း ယခုလို တိုးတက်နှုန်းအတိုင်းသာ ဆက်သွားပါက သိုးမွေးမြူရေးခြံ၏ ပထမအဆင့် ဆောက်လုပ်ရေးပြီးဆုံးချိန်တွင် ကျေးရွာလူဦးရေသည် ထပ်မံတိုးလာဦးမည်ဟု စိတ်ထဲမှ ခန့်မှန်းထားလိုက်သည်။
လူတွေ ပြန်လာကြလေလေ ငွေကြေးစီးဆင်းမှုကလည်း ရပ်တန့်သွားမည်မဟုတ်လေလေပင်။
ညနေပိုင်းတွင် လင်းရှောင်နွမ်ထံမှ စာတစ်စောင် ရောက်လာသည်။ လေယာဉ်လက်မှတ်များနှင့် တည်းခိုရန်နေရာများကို ကြိုတင်မှာယူပြီးဖြစ်ကြောင်း၊ အန်ဟွေးပြည်နယ်ရှိ သမဝါယမအသင်းဘက်ကလည်း လာရောက်ကြိုဆိုမည့်အချိန်ကို အတည်ပြုပေးထားကြောင်းနှင့် ဝမ်တာချွေ့ကိုလည်း အသိပေးပြီးဖြစ်ကြောင်း သူမက ရေးပို့ထားသည်။
ဝမ်တာချွေ့ကတော့ စကားသုံးလုံးဖြင့်သာ ပြန်ဖြေခဲ့သည်။
"သိပါပြီ"
လင်းရှောင်နွမ်သည် စာအဆုံးတွင် မျက်လုံးလှန်ပြနေသည့် အီမိုဂျီတစ်ခု ထည့်ပို့လိုက်သည်။
"သူကတော့ ဒီလိုပဲ။ တခြားဘာမှ ပြောမှာမဟုတ်ဘူး"
လုဖုန်းကလည်း "အေးအေးဆေးဆေးသာ သွားလိုက်ပါ" လို့ ပြန်စာပို့ပြီး ဖုန်းကို ချထားလိုက်သည်။ ထို့နောက် ကောင်းကင်ကို မော့ကြည့်လိုက်လေသည်။
ညသည် တဖြည်းဖြည်း နက်မှောင်လာခဲ့ပြီဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲတွင်မူ ဆောက်လုပ်ရေးမီးလုံးအချို့က လင်းလက်နေဆဲဖြစ်သည်။ အဝါရောင်အလင်းရောင်များသည် ယခင်က လူသူကင်းမဲ့ခဲ့သည့် မြေကွက်ကြီး၏ ပုံသဏ္ဌာန်ကို ထင်ရှားစွာ ဖော်ပြနေခဲ့သည်။
အုတ်မြစ်များ၊ ခြံစည်းရိုးတိုင်များ၊ ရှင်းလင်းပြီးသား လမ်းများ...
လွန်ခဲ့သည့်တစ်လအထိ ပေါင်းပင်များပင် ကောင်းကောင်းမပေါက်နိုင်ခဲ့သည့် ကျောက်ဆောင်တောင်စောင်းတစ်ခုသည် ယခုအခါ အသွင်ပြောင်းလဲစပြုနေပြီဖြစ်သည်။
ထိုအချိန်တွင် ဖုန်းက တစ်ဖန်တုန်ခါလာခဲ့သည်။
မသိသောနံပါတ်တစ်ခုမှ ပေးပို့ထားသည့် စာတိုတစ်စောင်ဖြစ်သည်။
"လုဖုန်း၊ တချို့ငွေတွေက မင်းရယူနိုင်တဲ့ ငွေမျိုးမဟုတ်ဘူး။ အခုကတည်းက လက်လျှော့လိုက်တာကောင်းမယ်။ ငါတို့ကို အရေးယူလာအောင် အတင်းမလုပ်နဲ့"
စာအဆုံးတွင် ပေးပို့သူ၏ အမည်မပါဝင်ခဲ့ပေ။
လုဖုန်းသည် ထိုစာကို စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေပြီးနောက် ချက်ချင်းပင် စခရင်ရှော့ရိုက်ကာ ဥပဒေအကြံပေးကုမ္ပဏီထံ ပေးပို့လိုက်သည်။ ထို့နောက် စာတိုလေးတစ်ကြောင်းကိုပါ ထပ်ရေးပေးလိုက်သည်။
"သက်သေအဖြစ် သိမ်းထားပါ"
ထိုသို့ပြုလုပ်ပြီးနောက် ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်ကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ဘက်သို့ ပြန်လျှောက်သွားခဲ့သည်။
ထိုညတစ်ညတည်းမှာပင် မိုတူးမြို့ရှိ လင်းမိသားစုကုမ္ပဏီ၏ သတင်းအချက်အလက်စုဆောင်းရေးအဖွဲ့သည် အနောက်တောင်ပိုင်းရှိ ခရိုင်တစ်ခုမှ စုံစမ်းရေးအစီရင်ခံစာတစ်စောင်ကို လက်ခံရရှိခဲ့သည်။
အစီရင်ခံစာနှင့်အတူ ရှီးရွှေ့ကျေးရွာကို ဝေဟင်မှ ရိုက်ကူးထားသည့် ဓာတ်ပုံများလည်း ပူးတွဲပါရှိလာခဲ့သည်။ သိုးမွေးမြူရေးခြံကြီး၏ ဆောက်လုပ်ရေးအရွယ်အစား ခန့်မှန်းချက်များနှင့်အတူ အရေးကြီးမှတ်ချက်တစ်ခုကိုလည်း ထည့်သွင်းဖော်ပြထားသည်။
"ရန်ပုံငွေရင်းမြစ် မသိရှိရသေး၊ စီမံကိန်းအရွယ်အစားမှာ ပုံမှန်မဟုတ်ဘဲ ကြီးမားလွန်းနေသည်။ အသေးစိတ်စုံစမ်းစစ်ဆေးရန် အကြံပြုသည်"
လင်းချင်းယွဲ့သည် ဝေဟင်မှ ရိုက်ကူးထားသော ဓာတ်ပုံကို ချဲ့ကြည့်လိုက်ပြီး အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမျှ မပြောခဲ့ပေ။
"သိုးတစ်သိန်းတဲ့လား"
သူမသည် တက်ဘလက်ကို ချလိုက်ပြီး အရေးမကြီးသည့် ကိန်းဂဏန်းတစ်ခုကို ဖတ်ပြနေသကဲ့သို့ ခံစားချက်ကင်းမဲ့သည့် အသံဖြင့် ပြောလိုက်သည်။
"အဲဒီ အမှိုက်ပုံလို တောင်ချိုင့်ကြီးထဲမှာ သိုးတစ်သိန်း မွေးမြူမလို့တဲ့လား"
အတွင်းရေးမှူးသည် ခေါင်းငုံ့ထားပြီး တစ်ခွန်းမျှ ပြန်မပြောရဲခဲ့ပေ။
လင်းချင်းယွဲ့သည် ဝိုင်ခွက်ကို ကောက်ယူကာ တစ်ငုံသောက်လိုက်သည်။
"သူ့ရဲ့ အသေးအဖွဲလှုပ်ရှားမှုတွေကို ဂရုစိုက်မနေပါနဲ့။ ပိုက်ဆံဆုံးရှုံးသွားတဲ့အခါကျရင် သူ့ဘာသာ ပြန်လာပြီး ငါ့ရှေ့မှာ ဒူးထောက်ကာ ခွင့်လွှတ်ဖို့ တောင်းပန်လိမ့်မယ်”
_____________________________