အခန်း ၉ - ဖခင်ကောင်းတစ်ဦးဖြစ်သော ယွီယွမ်ကျန့်
【ဗီဒီယိုက ဆက်လက်ပြသနေသည်...】
【ထိုအမျိုးသမီးက သူမစကားကို အဆုံးထိမပြောခဲ့သော်လည်း ယွီယွမ်ကျန့်အနေဖြင့် သူမဆိုလိုရင်းကို နားမလည်ဘဲ နေမလဲ။ သူက ရင်နင့်စရာကောင်းလှသော အမူအရာဖြင့် ယွီရှောင်ကန်းကို စိုက်ကြည့်လိုက်ပြီး၊ ကံဆိုးရှာသည့် သူ့ရင်သွေးငယ်ကို ထိတွေ့ရန် လက်လှမ်းလိုက်မိသည်။】
【သူ့လက်ဖဝါးက အနှီးထုပ်ထဲရှိ ယွီရှောင်ကန်းရဲ့ နူးညံ့လှသော လက်ကလေးနှင့် ထိမိသွားချိန်တွင် ယွီယွမ်ကျန့်က ခေတ္တမျှ အတွေးနက်သွားခဲ့သည်။ နောက်ဆုံးတွင် သူက ထိုအမျိုးသမီးအား သူ့သားကို အကောင်းဆုံး ပြုစုစောင့်ရှောက်ရန် မှာကြားခဲ့တော့သည်။】
【ထို့နောက်တွင် ယွီယွမ်ကျန့်က ဂိုဏ်းရဲ့ အရေးကိစ္စများကို အမြန်ဆုံး စီမံခန့်ခွဲပြီး၊ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် သူရဲ့တာဝန်များကို အကြီးအကဲအချို့ထံသို့ ခွဲဝေပေးခဲ့သည်။】
【ထိုအရာများ ပြီးသောအခါ ယွီယွမ်ကျန့်က ယွီရှောင်ကန်းကို ကိုယ်တိုင်ပွေ့ချီကာ အပြာရောင်လျှပ်စီး နဂါးဂိုဏ်းမှ ထွက်ခွာခဲ့ပြီး၊ သူရဲ့သားဖြစ်သူရဲ့ရောဂါကို ကုသပေးနိုင်သော ဆေးမြီးတိုများ ရှာဖွေရန်အတွက် ဒိုလော်တိုက်ကြီးရဲ့ နေရာအနှံ့အပြားသို့ လှည့်လည်သွားလာခဲ့သည်။】
【သူက လူပေါင်း ဘယ်လောက်ထံတွင် အကူအညီတောင်းခံခဲ့ရသည်ကို မမှတ်မိတော့သော်လည်း၊ နောက်ဆုံးတွင်တော့ ကိုးချက်နှလုံးသားဘိန်းနွယ်ဝိညာဉ်ကို ဆက်ခံသည့် ယဲ့မိသားစုထံမှ အဖြေတစ်ခုကို ယွီယွမ်ကျန့် ရရှိခဲ့သည်။】
【"ဒီကလေးက အံ့ဩစရာကောင်းတဲ့ စိတ်ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားတယ်၊ ဒါပေမဲ့ နှမြောစရာကောင်းတာက သူ့ရဲ့ဦးနှောက်က ဒီစွမ်းအားကို သယ်ဆောင်နိုင်လောက်အောင် မရင့်ကျက်သေးဘူး။ ဒါကြောင့်မို့လို့ သူက အခုလို အခြေအနေမျိုး ဖြစ်နေရတာပါ။"】
【"သူ့ကို ပြန်ခေါ်သွားပြီး ကောင်းကောင်းမွေးမြူလိုက်ပါ။ အကယ်လို့ သူသာ စိတ်ဝိညာဉ်အသိဉာဏ် ပြန်ပွင့်လာပြီး စိတ်ဝိညာဉ်အမျိုးအစား ဝိညာဉ်တစ်ခုကို နိုးထနိုင်ခဲ့ရင်၊ သူ ရလာမယ့် အောင်မြင်မှုတွေက အံ့မခန်းဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။"】
【"ဒါပေမဲ့ ဂိုဏ်းချုပ်ယွီ... မျှော်လင့်ချက် အများကြီးတော့ မထားတာ အကောင်းဆုံးပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီလိုအခြေအနေမျိုးကနေ စိတ်ဝိညာဉ်အသိဉာဏ် ပြန်ပွင့်လာဖို့ဆိုတာ တကယ်ကို ခက်ခဲလွန်းပါတယ်..."】
【ယဲ့မိသားစု ခေါင်းဆောင်ရဲ့ စကားများကြောင့် ယွီယွမ်ကျန့် မျက်နှာအမူအရာက ပျက်ယွင်းသွားခဲ့ရသည်။】
【သူက ယဲ့မိသားစုခေါင်းဆောင်ကို ကျေးဇူးတင်စကားပြောကြားပြီးနောက် သူ့လူစုကို ဦးဆောင်ကာ အပြာရောင်လျှပ်စီး နဂါးဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။】
【သူက ယဲ့မိသားစုခေါင်းဆောင်ရဲ့ ရောဂါရှာဖွေချက်ကို အကြီးအကဲများအား အသိပေးခဲ့ရာ၊ အကြီးအကဲများသည် ယွီရှောင်ကန်းကို စွန့်လွှတ်ရန် ချက်ချင်းပင် တွေးတောမိကြတော့သည်။】
【အချို့အကြီးအကဲများက ယွီယွမ်ကျန့်အား ကလေးအပေါ် သံယောဇဉ် မနက်ရှိုင်းသေးခင်မှာပင် ယွီရှောင်ကန်းကို အပြာရောင်လျှပ်စီး နဂါးဂိုဏ်းမှ ဝေးရာသို့ ပို့ဆောင်ပစ်ရန်ပင် အကြံပြုခဲ့ကြသည်။ အကယ်လို့ မျက်စိရှေ့တွင် မမြင်ရသော ဝေးလံသောနေရာသို့ ပို့ဆောင်လိုက်ပါက သဘာဝအတိုင်းပင် စိတ်အနှောင့်အယှက် ဖြစ်စရာ လိုတော့မည်မဟုတ်ပေ။】
အမှောင်ကမ္ဘာ၊ ဝိညာဉ်နန်းတော်။
"ဟွန့်... တကယ့်ကို အိန္ဒြေမရ အချောင်သမားတွေပဲ။ ငါတို့ကမ္ဘာက အပြာရောင်လျှပ်စီး နဂါးဂိုဏ်းရဲ့ အကြီးအကဲတွေတုန်းကလည်း ရှောင်ကန်းက ဘွဲ့အမည်ရဒိုလော်ရဲ့ သားဖြစ်လို့သာ စစချင်းမှာ အပြုံးမပျက် ရှိခဲ့ကြတာ၊ ဝိညာဉ်နိုးထခြင်း အခမ်းအနားမှာ သူ့ရဲ့ပါရမီက ညံ့ဖျင်းတယ်ဆိုတာ မြင်လိုက်ရတာနဲ့ သူတို့မျက်နှာတွေကို ချက်ချင်း ပြောင်းလဲပစ်ကြတာပဲ။" "ဒီအပြိုင်ကမ္ဘာမှာတော့ သူတို့က ပိုတောင် ဗြောင်ကျသေးတယ်၊ စကတည်းက ရှောင်ကန်းရဲ့ ပုံရိပ်တူကို ဝေးရာသို့ မောင်းထုတ်ပစ်ချင်နေကြတာ။" "မင်းတို့လို အဖျက်သမားတစ်စု ရှိနေလို့သာ ရှောင်ကန်းရဲ့ ဘဝက ဒီလောက်အထိ သနားစရာကောင်းခဲ့ရတာ" ဘိဘိတုန်က အပြာရောင်လျှပ်စီး နဂါးဂိုဏ်း အကြီးအကဲများရဲ့မျက်နှာများကို ရွံရှာစက်ဆုပ်ဖွယ် အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။ အကယ်လို့ သူမတွင် အခွင့်အရေးသာရှိခဲ့လျှင် ထိုအဖိုးကြီးတွေထဲက တစ်ယောက်ကိုမျှ လွှတ်ပေးမည်မဟုတ်ပေ။ ဘုံခုနစ်ဆင့်ပြာသာဒ်ဂိုဏ်း။ "ဒီလိုလုပ်ရပ်တွေက ကြီးမားတဲ့ ဂိုဏ်းကြီးတွေရဲ့ ထုံးစံနဲ့ တကယ်ပဲ ကိုက်ညီတာပေါ့။" နင်ဖုန်းကျိ၏ မျက်နှာထက်မှ အမူအရာကို ခန့်မှန်းရ ခက်ခဲလှသည်။ ဘုံခုနစ်ဆင့်ပြာသာဒ်ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် သူက ထိုအရာများကို အမြောက်အမြား မြင်တွေ့ဖူးခဲ့သည်။ ထို့ကြောင့် ထိုလုပ်ရပ်က မှန်တယ် မှားတယ်ကို သူ ဝေဖန်မည်မဟုတ်ပေ။ သို့သော်လည်း ထိုယွီရှောင်ကန်း အနာဂတ်ကို ထည့်သွင်းစဉ်းစားကြည့်မည်ဆိုလျှင်... "ငါတို့တွေ အဲဒီနဂါးအိုကြီး နောင်တရပြီး ငိုကြွေးနေတာကို မြင်ရမလား မသိဘူးနော်" အရိုးဒိုလော် ကူရုန်က အားရပါးရ ရယ်မောလိုက်ရင်း မျှော်လင့်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။
【ဗီဒီယိုက ဆက်လက်ပြသနေသည်...】
【သို့သော်လည်း လူတိုင်းကို အံ့အားသင့်စေသည်မှာ၊ ယွီယွမ်ကျန့်က အကြီးအကဲများရဲ့ အကြံပြုချက်ကို ငြင်းပယ်ခဲ့ခြင်းပင် ဖြစ်သည်။】
【"ရှောင်ကန်းက ငါ့ရဲ့သားပဲ။ သူ ဘယ်လိုအခြေအနေမျိုး ဖြစ်နေပါစေ ဒီအမှန်တရားက ပြောင်းလဲသွားမှာ မဟုတ်ဘူး။ သူက ငါနဲ့အတူ နေထိုင်တာဖြစ်လို့ သူ့ကို ပြုစုစောင့်ရှောက်ဖို့ လူတွေကို တာဝန်ပေးရတာက ငါ့အတွက် ဘာမှ စိတ်အနှောင့်အယှက် မဖြစ်ပါဘူး။"】
【"ဒါကြောင့်မို့ သူ့ကို ဝေးရာသို့ ပို့ဆောင်မယ့်ကိစ္စကို နောက်တစ်ကြိမ် ထပ်မပြောကြပါနဲ့တော့။"】
【ယွီယွမ်ကျန့်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရင်း ယွီရှောင်ကန်းရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးခဲ့သည်။】 【ထိုဖြစ်စဉ်အတွင်း ဘယ်သူမှ သတိမထားမိလိုက်ဘဲ ယွီရှောင်ကန်းရဲ့ငေးငေါင်နေသော မျက်ဝန်းများထဲတွင် အသိဉာဏ်ပညာ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။】
【ထို့နောက်တွင် အချိန်များက တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့ပြီး ယွီရှောင်ကန်းမှာလည်း ဖြည်းဖြည်းချင်း ကြီးပြင်းလာခဲ့သည်။】
【သူက အသိဉာဏ် ပြန်မပွင့်လာသေးဘဲ၊ ငေးငေါင်ပြီး လူအပုံစံမျိုးကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်။ သူသည် အိမ်ပြင်ပရှိ ပန်းခင်းဘေးတွင် တစ်ယောက်တည်း ထိုင်ကာ ဝေးလံသော ရှုခင်းများကို ငေးကြည့်နေတတ်သည်။】
【ထိုသို့ ဖြစ်ပျက်တိုင်း၊ နွေးထွေးပြီး ကြီးမားသော လက်တစ်ဖက်က ယွီရှောင်ကန်းရဲ့ ခေါင်းပေါ်သို့ အမြဲတမ်း ရောက်ရှိလာတတ်သည်။ ထိုခိုင်မာသော လက်ဖဝါးက ယွီရှောင်ကန်းကို အလွန်ပင် ဘေးကင်းလုံခြုံသည်ဟု ခံစားရစေသည်။】
【ထိုလက်ပိုင်ရှင်မှာ သဘာဝအတိုင်းပင် ယွီရှောင်ကန်းရဲ့ ဖခင် ယွီယွမ်ကျန့်ပင် ဖြစ်သည်။ သူ့သားတွင် အချို့သော ပြဿနာများ ရှိနေသော်လည်း၊ သူသည် ယွီရှောင်ကန်းကို တစ်ကြိမ်တစ်ခါမျှ အထင်မသေးခဲ့ဖူးပေ။】
【သူက သူရဲ့နေ့စဉ်ကျင့်ကြံခြင်းကို အဆုံးသတ်ပြီး ဂိုဏ်းအရေးကိစ္စများကို စီမံခန့်ခွဲပြီးနောက်၊ ယွီရှောင်ကန်းရဲ့ ဘေးနားသို့ ရောက်လာရန် အမြဲတမ်း အချိန်လုခဲ့ပြီး၊ သူ့အား ဒိုလော်တိုက်ကြီးအကြောင်းများကို ပြောပြလေ့ရှိသည်။】
【တစ်ခါတစ်ရံတွင် စိတ်ဝင်စားစရာကောင်းသော ပုံပြင်များဖြစ်ပြီး၊ တစ်ခါတစ်ရံတွင် မရှိမဖြစ်လိုအပ်သော အသိပညာများ သို့မဟုတ် မကြာသေးမီက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပြောပြခြင်း ဖြစ်သည်။】
【သူ့စကားသံက တည်ငြိမ်ပြီး နှေးကွေးလှသည်၊ ထိုအရာက သူ စကားပြော မြန်လွန်းပါက ယွီရှောင်ကန်း နားမလည်မှာကို စိုးရိမ်နေသည့်အလားပင်။】
【ထိုသို့ပင် တစ်ရက်မျှမပျက်ကွက်ဘဲ နေ့တိုင်း ပြုလုပ်ခဲ့သည်။】
အလင်းကမ္ဘာ၊ ဝိညာဉ်နန်းတော်။ "အဖေ..." ဘိဘိတုန်သည် မျက်နှာပြင်ပေါ်တွင် ယွီရှောင်ကန်းနှင့်အတူ အချိန်ကုန်လွန်စေခဲ့သော ယွီယွမ်ကျန့်ကို ကြည့်ရင်း နှလုံးသားထဲတွင် တုန်လှုပ်သွားခဲ့ရသည်။ ထိုအချိန်တုန်းက ယွီယွမ်ကျန့်က ယွီရှောင်ကန်းမှာ နောင်တွင် စိတ်ဝိညာဉ်အသိဉာဏ် ပြန်ပွင့်လာလိမ့်မည်ကို မသိခဲ့သလို၊ ယွီရှောင်ကန်းက ဘွဲ့အမည်ရဒိုလော်တစ်ဦး ဖြစ်လာနိုင်လိမ့်မည်ကိုလည်း မသိခဲ့ပေ။ ထို့ကြောင့် ယွီရှောင်ကန်းအပေါ် ထားရှိသော သူ့ကြင်နာမှုသည် သားတစ်ယောက်အပေါ် ထားရှိသော ဖခင်တစ်ဦးရဲ့စင်ကြယ်သော မေတ္တာတရားသက်သက်သာ ဖြစ်သည်။ သာမန်မိသားစုများပင် ထိုသို့ ပြုမူရန် မလွယ်ကူလှပေ၊ ဒိုလော်တိုက်ကြီးရဲ့ အထွတ်အထိပ်တွင် ဘွဲ့အမည်ရဒိုလော်တစ်ဦးအနေဖြင့် ရပ်တည်နေသော ယွီယွမ်ကျန့်အတွက်ဆိုလျှင် ပိုလို့ပင် ပြောနေစရာ မလိုတော့ပေ။ ယွီယွမ်ကျန့်လို လူမျိုးက ဖခင်ကောင်းတစ်ဦးဟူသော ချီးကျူးစကားနှင့် တကယ်ပဲ ထိုက်တန်လှသည်။ "ဒါကြောင့်မို့ ငါက အဖေကို ဘယ်တော့မှ စိတ်မပျက်စေချင်ခဲ့တာ။" ယွီရှောင်ကန်းက တိုးညင်းစွာ ပြောလိုက်သည်။ ထိုအချိန်တုန်းက သူက ငေးငေါင်ပြီး လူအအခြေအနေတွင် ရှိနေခဲ့သော်လည်း၊ အမှန်တော့ သူက ပြင်ပကမ္ဘာရှိ အရာအားလုံးကို ကောင်းကောင်း သိရှိနေခဲ့သည်။ သူက မိမိရဲ့ ခန္ဓာကိုယ်ကိုသာ စနစ်တကျ မထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယွီယွမ်ကျန့်ရဲ့အတူရှိပေးမှုနှင့် သူ့အပေါ် ထားရှိသော ယွီယွမ်ကျန့်ရဲ့ဂရုစိုက်မှုများအားလုံးကို ယွီရှောင်ကန်း ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။ ထိုဖခင်မေတ္တာက ယွီရှောင်ကန်း တစ်ခါမှ မခံစားဖူးခဲ့သော အရာတစ်ခု ဖြစ်သည်။ သူ ကူးပြောင်းမလာခင်တုန်းက၊ ယွီရှောင်ကန်းသည် မိဘမဲ့ဂေဟာတွင် ကြီးပြင်းခဲ့ရသော မိဘမဲ့တစ်ဦးဖြစ်ပြီး မိဘတို့ရဲ့မေတ္တာကို တစ်ခါမျှ မခံစားခဲ့ဖူးပေ။ ကူးပြောင်းလာပြီးနောက်၊ လူကြီးတစ်ယောက်ရဲ့ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသော သူ့အတွက် ဒိုလော်တိုက်ကြီးပေါ်ရှိ အရာအားလုံးက လက်ခံရခက်ခဲနေသင့်သည်။ သို့သော်လည်း ယွီယွမ်ကျန့်ရဲ့ ဂရုစိုက်မှုက ဒိုလော်တိုက်ကြီးပေါ်တွင် သူရဲ့ ကိုယ်ပိုင်အမှီသဟဲကို ရှာဖွေတွေ့ရှိရန် အမှန်တကယ် ကူညီပေးခဲ့သည်။ ယွီရှောင်ကန်းက သူ့ယခင်ဘဝလို တစ်ယောက်တည်း မဟုတ်တော့ကြောင်း နားလည်သွားခဲ့သည်။ သူ့တွင် သူ လူအဖြစ်နေရင်တောင်မှ သူ့ကို စွန့်လွှတ်မည်မဟုတ်သော ဖခင်တစ်ဦး ရှိနေခဲ့ပြီ ဖြစ်သည်။ အမှောင်ကမ္ဘာ၊ ရှရက်ခ် အကယ်ဒမီ။ မဟာဆရာသခင်ကြီး ယွီရှောင်ကန်းက ကောင်းကင်စီရင်ချက်မျက်နှာပြင်ပေါ်ရှိ ယွီယွမ်ကျန့်ရဲ့ နူးညံ့သိမ်မွေ့သော မျက်နှာအမူအရာကို ငေးမှိုင်စွာ စိုက်ကြည့်နေမိသည်။ သူ့ဖခင်က သူ့ကို အဲသလို ကြည့်ခဲ့တာကစ ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ။ သူ့ဝိညာဉ်မနိုးထခင်တုန်းက သူ့ဖခင်က သူ့အပေါ်တွင် ထိုသို့ပင် ဂရုစိုက်ခဲ့တာကို သူ မှတ်မိနေသေးသည်။ ထိုအချိန်တုန်းက သူက အပြာရောင်လျှပ်စီး နဂါးဂိုဏ်း၏ အလွန်မျှော်လင့်ချက် မြင့်မားခြင်းခံရသည့် ဂိုဏ်းသားငယ်လေး ဖြစ်နေခဲ့လို့သာ ဖြစ်သည်။ လူတိုင်းက သူ့ကို မျက်နှာလိုမျက်နှာရ လုပ်ရန် ကြိုးစားနေကြသဖြင့် ထိုအချိန်တုန်းက အရာအားလုံးက သဘာဝကျသည်ဟု သူ ထင်ခဲ့မိသည်။ ဒါပေမဲ့ ဝိညာဉ်နိုးထခြင်း အခမ်းအနားတစ်ခုတည်းကတင် သူ့ထံမှ အရာအားလုံးကို ဆုံးရှုံးသွားစေခဲ့သည်။ အဲဒီနောက်ပိုင်းမှာတော့ သူ့ဖခင်က သူ့ကို ဒီလိုမျက်လုံးမျိုးနဲ့ ထပ်ကြည့်ခဲ့ဖူးရဲ့လား။ ယွီရှောင်ကန်းသည် သူ့မှတ်ဉာဏ်များကို ပြန်လည်ရှာဖွေကြည့်သော်လည်း၊ သူ့ဖခင် မျက်နှာထက်တွင် ဘယ်လို အမူအရာမျိုး ထွက်ပေါ်လာမည်ကို သူ တစ်ခါမှ ဂရုမစိုက်ခဲ့ဖူးကြောင်းသာ ရှာဖွေတွေ့ရှိခဲ့ရသည်။ သူ့အတွက် ဂုဏ်ယူနေသော ထိုမျက်နှာအမူအရာက ဘယ်အချိန်မှာ ပျောက်ကွယ်သွားခဲ့တာလဲ။ ပြီးတော့ သူ့အပေါ် ငြင်းပယ်ခြင်းနဲ့ စက်ဆုပ်ရွံရှာခြင်း အမူအရာတွေက ဘယ်အချိန်မှာ စတင်ထွက်ပေါ်လာခဲ့တာလဲ။ သူက ထိုအရာအားလုံးကို တစ်ခါမျှ သတိမထားမိခဲ့ပေ။
【ဗီဒီယိုက ဆက်လက်ပြသနေသည်...】
【ယွီယွမ်ကျန့်ရဲ့ အမြဲတမ်း အတူရှိပေးမှုနှင့်အတူ ယွီရှောင်ကန်းက အသက်ငါးနှစ်ကျော် အရွယ်သို့ ရောက်ရှိလာခဲ့သည်။ နောက်ထပ် တစ်နှစ်မပြည့်မီ အချိန်အတွင်းမှာပင် သူက ဝိညာဉ်နိုးထခြင်းကို ခံယူရတော့မည် ဖြစ်သည်။】
【သို့သော်လည်း ထိုအချိန်အထိပင် ယွီရှောင်ကန်း လူအအခြေအနေတွင်သာ ရှိနေဆဲ ဖြစ်သည်။ လူပေါင်းမြောက်မြားစွာက ယွီရှောင်ကန်းကြောင့် ယွီယွမ်ကျန့်ကို လှောင်ပြောင်ခဲ့ကြပြီး၊ ဘွဲ့အမည်ရဒိုလော်တစ်ဦးက လူအတစ်ယောက်ကို မွေးဖွားခဲ့တာဟု ရယ်မောခဲ့ကြသည်။】
【ယွီယွမ်ကျန့်က ထိုလှောင်ပြောင်မှုများကို မကြားချင်ယောင်ဆောင်ကာ၊ ထိုရယ်မောသံများ လုံးဝမရှိခဲ့သည့်အလား မိမိကိုယ်ပိုင်ကိစ္စများကိုသာ အာရုံစိုက်လုပ်ဆောင်ခဲ့သည်။】
【ဒီနေ့တွင်လည်း ထုံးစံအတိုင်း ယွီယွမ်ကျန့်က ယွီရှောင်ကန်းကို မကြာသေးမီက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပြောပြနေသည်။】
【ယွီယွမ်ကျန့်က ဟောက်ထျန်းဂိုဏ်းမှ ထိုပါရမီရှင်နှစ်ယောက်အကြောင်း ပြောပြနေသော အချိန်မှာပင်။】
【ရုတ်တရက်။】
【"အဖေ..."】
【နူးညံ့သော်လည်း ရှင်းလင်းပြတ်သားသော စကားသံလေးတစ်ခုက သူ့နားထဲတွင် ထွက်ပေါ်လာခဲ့သည်။ ခနမျှ ယွီယွမ်ကျန့် ဆွံ့အသွားခဲ့ရသည်။】
【သူက အလိုအလျောက် ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ၊ သူနှင့်အတူ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး မျက်ဝန်းများ အမြဲတမ်း ငေးငေါင်နေခဲ့သော သူ့သားဖြစ်သူ မျက်ဝန်းများက ယခုအခါတွင် တောက်ပပြီး သက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်ကို ရှာဖွေတွေ့ရှိလိုက်တော့သည်။】