အခန်း ၄၄ - ယွီယွမ်ကျန့် - လုံးဝကို ပျက်စီးသွားခဲ့ပြီ
【ဘယ်လောက်တောင် အချိန်တွေ ကုန်ဆုံးသွားမှန်း မသိရဘဲ ဘေးနားက အကြီးအကဲ သုံးယောက် စောင့်ကြည့်ရလွန်းလို့ သမ်းဝေတဲ့အထိ ဖြစ်လာတော့မှပဲ ယွီယွမ်ကျန့်ဟာ သူ့ရဲ့ လက်လှုပ်ရှားမှုတွေကို ရပ်တန့်လိုက်တော့တယ်။】
【ဒီအချိန်မှာတော့ ယွီရှောင်ကန်းဟာ အသက်ငင်နေတဲ့ အခြေအနေနဲ့ မြေပြင်ပေါ်မှာ လုံးဝ မလှုပ်မယှက် တုံးလုံးပက်လက် လဲကျနေခဲ့ရပြီ။】
【ယွီယွမ်ကျန့်ရဲ့ ဒေါသအရှိန်မပြယ်သေးတဲ့ မျက်နှာကို ကြည့်ပြီး ဘေးနားက ဒုတိယအကြီးအကဲက ခေါင်းကို ခါယမ်းလိုက်မိတယ်။】
【ဒီအကြီးအကဲတွေဟာ ယွီယွမ်ကျန့်တစ်ယောက် ယွီရှောင်ကန်းအပေါ် ဘယ်လောက်တောင် ဂရုစိုက်ကြောင်း ကောင်းကောင်းကြီး သိကြတာပဲ။】
【ဒါပေမဲ့ ဒီနေ့မှာတော့ ယွီရှောင်ကန်းကို အလွန်ဂရုစိုက်တဲ့ ယွီယွမ်ကျန့်ကိုယ်တိုင်က အကြီးအကျယ် ဒေါသပေါက်ကွဲပြီး ယွီရှောင်ကန်းကို ဒီအခြေအနေရောက်အောင် ကိုယ်တိုင်ကိုယ်ကျ ရိုက်နှက်ဆုံးမခဲ့တာကို ကြည့်ရင် သူ ဒီတစ်ကြိမ်မှာ ဘယ်လောက်တောင် စိတ်ဆိုးဒေါသ ထွက်သွားလဲဆိုတာ သိသာလှပါတယ်။】
【ဒါပေမဲ့ ဒါတွေအားလုံးကလည်း ယွီရှောင်ကန်းကိုယ်တိုင်ပဲ ကိုယ့်သေတွင်းကိုယ်တူးပြီး ယူဆောင်ခဲ့တာလေ။】
【ဒါကြောင့် အကြီးအကဲများအဖွဲ့ဟာ ယွီယွမ်ကျန့်ရဲ့ ဒေါသပြေပျောက်စေဖို့အတွက် ကြားထဲကနေ ဖျောင်းဖျစကား အနည်းငယ်မျှတောင် ဝင်ပြောပေးချင်ရင်တောင် ပြောဖို့ စကားလုံး ရှာမရအောင် ဖြစ်ခဲ့ရတယ်။】
【ဘာပဲဖြစ်ဖြစ် တကယ်လို့ သူတို့မှာသာ ဒီလိုသားမျိုး ရှိခဲ့ရင် သူတို့ဟာ ယွီယွမ်ကျန့်ထက်တောင် ပိုပြီးတော့ ဒေါသထွက်မိကြမှာ အသေအချာပဲ။】
【နောက်ဆုံးထွက်သက်နဲ့ အသက်ငင်နေတဲ့ ယွီရှောင်ကန်းကို နောက်ဆုံးတစ်ချက် လှမ်းကြည့်ပြီးနောက် ယွီယွမ်ကျန့်ဟာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး နေရာကနေ တိုက်ရိုက် ထွက်ခွာသွားခဲ့တော့တယ်။】
【သူ ရိုက်နှက်စဉ်က လက်ကို အထိန်းအညှိ ထားခဲ့တာပါ၊ ဒီရိုက်နှက်ဆုံးမမှုဟာ ယွီရှောင်ကန်းအတွက် တစ်သက်လုံး မေ့နိုင်တော့မှာ မဟုတ်ပေမယ့် သူ့ရဲ့ အသက်ကိုတော့ အန္တရာယ်မပြုနိုင်ပါဘူး။】
【ယွီရှောင်ကန်းက သူ့ရဲ့ မျက်နှာတစ်ခုလုံးကို လုံးဝ ဖျက်ဆီးပစ်ခဲ့တယ် ဆိုပေမယ့်လည်း အဖေတစ်ယောက်အနေနဲ့ သူ ဒီလောက်ပဲ လုပ်နိုင်တာလေ။】
【သူ့ကို တကယ်ကြီး မသန်မစွမ်းဖြစ်အောင် လုပ်ပစ်တာ ဒါမှမဟုတ် သတ်ပစ်လိုက်တာမျိုးတော့ ဘယ်လိုလုပ် လုပ်နိုင်မှာလဲ ဟုတ်တယ်မလား】
【အေးစက်တဲ့ နှာခေါင်းရှုံ့သံတစ်ခု ချန်ထားရစ်ခဲ့ပြီး ယွီယွမ်ကျန့်ဟာ လေ့ကျင့်ရေးကွင်းပြင်ကနေ ထွက်ခွာသွားခဲ့ပြီး အကြီးအကဲ သုံးယောက်ကလည်း နောက်ကနေ လိုက်ပါသွားကြတာကြောင့် မြေပြင်ပေါ်မှာ လဲကျနေတဲ့ ယွီရှောင်ကန်းတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့တယ်။】
【တစ်ကိုယ်လုံးက နာကျင်မှုတွေကို ခံစားနေရရင်း ယွီရှောင်ကန်းရဲ့ မျက်ဝန်းတွေထဲမှာတော့ အမုန်းတရားတွေနဲ့ ပြည့်နှက်နေခဲ့ရပြီ။】
【သူ့အဖေကို မုန်းတီးတယ်၊ သူ့ရဲ့ မိသားစုကို မုန်းတီးတယ်၊ ပြီးတော့ ဒီလိုမတရားတဲ့ ကံကြမ္မာကိုလည်း နာကျည်းမုန်းတီးမိတယ်။】
【အဲဒီနောက်မှာတော့ ဂိုဏ်းသားအချို့က ယွီရှောင်ကန်းကို သူ့ရဲ့အိမ်ဆီ ထမ်းပိုးသယ်ဆောင်သွားခဲ့ကြပြီး ယွီရှောင်ကန်းရဲ့ ဒဏ်ရာတွေ ပြန်လည်သက်သာလာတဲ့အခါမှာတော့ သူဟာ ဝိညာဉ်နိုးထခြင်း ပြီးဆုံးစအချိန်တုန်းကအတိုင်း ပုံစံဟောင်းထဲ ပြန်လည်ရောက်ရှိသွားခဲ့ပြန်တယ်။】
【သူ့ကိုယ်သူ အခန်းထဲမှာပဲ ပိတ်လှောင်ထားပြီး အစားလည်းမစား၊ အသောက်လည်းမသောက်ဘဲ တံခါးအပြင်ဘက်ကို ခြေတစ်လှမ်းတောင် မချခဲ့ပါဘူး။】
【ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ယွီယွမ်ကျန့်က သူ့ကို လုံးဝ အလိုမလိုက်တော့ပါဘူး။】
【"စားချင်စား၊ မစားချင်နေ၊ ငတ်သေသွားတာကမှ ပိုကောင်းဦးမယ်!"】
【ဒီစကားလုံးတွေကို ချန်ထားခဲ့ပြီးနောက် ယွီယွမ်ကျန့်ဟာ ယွီရှောင်ကန်းအပေါ် ဂရုစိုက်မှုကို လုံးဝ ရပ်တန့်လိုက်တော့တယ်။】
【ရက်အတော်ကြာအောင် "အမှောင်ချအောင်းနေခြင်း" ကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ ယွီရှောင်ကန်းဟာ သူ့ကို ဘယ်သူမှ လာပြီး ဂရုမစိုက်တော့တာကို သတိပြုမိသွားခဲ့တယ်၊ နောက်ဆုံးမှာတော့ သူ့အခန်းထဲက ပစ္စည်းပစ္စယတွေကို အကြီးအကျယ် လိုက်လံရိုက်ခွဲ ဖျက်ဆီးပြီးတဲ့နောက် လူတွေရဲ့ရှေ့မှောက်ကို တစ်ကျော့ပြန် ပြန်လည်ပေါ်ထွက်လာခဲ့ရတော့တယ်။】
【ဂိုဏ်းသားတွေဟာ ယွီရှောင်ကန်းတစ်ယောက် ပထမဝိညာဉ်ကွင်းကို ရရှိခဲ့ကြောင်း သိထားကြပေမယ့် ဒီပထမဝိညာဉ်ကွင်းရဲ့ ဝိညာဉ်စွမ်းရည်ဟာ ဂိုဏ်းချုပ်ကို အကြီးအကျယ် ဒေါသထွက်စေခဲ့ပြီး သူ့ကို ပြန်လည်သက်သာဖို့ အချိန်အတော်ကြာ လိုအပ်တဲ့အထိ ကိုယ်တိုင်ကိုယ်ကျ ရိုက်နှက်ဆုံးမခဲ့တာကိုလည်း သိထားကြတယ်။】
【ဒါကြောင့် ယွီရှောင်ကန်းကို ထပ်မံမြင်တွေ့ရတဲ့အခါ လူအများစုဟာ သူ့ရဲ့ ဝိညာဉ်စွမ်းရည်က ဘယ်လောက်တောင် ဆိုးဝါးလွန်းလို့ ဂိုဏ်းချုပ်ကို ဒီလောက်အထိ ဒေါသထွက်စေရတာလဲဆိုတာကို အလွန် စူးစမ်းချင်နေကြတာပဲ။】
【သတ္တိရှိတဲ့သူအချို့ဆိုရင် ရှေ့ကိုတည့်တည့်တက်ပြီး ယွီရှောင်ကန်းကို စိန်ခေါ်တိုက်ခိုက်ဖို့ ကမ်းလှမ်းကြတယ်၊ သူ့ရဲ့ ဝိညာဉ်စွမ်းရည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ချင်ကြလို့ပေါ့။】
【ဒါပေမဲ့ တစ်စုံတစ်ယောက်က သူ့ကို စိန်ခေါ်လိုက်တိုင်းမှာ ယွီရှောင်ကန်းဟာ လက်သီးကို တင်းတင်းဆုပ်ပြီး တစ်ဖက်လူကို ဒေါသတကြီး စိုက်ကြည့်လေ့ရှိတယ်။】
【နောက်ဆုံးမှာတော့ စိတ်ဓာတ်ကျဆင်း ပေါက်ကွဲထွက်သွားတဲ့ အော်ဟစ်သံကြီးတစ်ခုနဲ့အတူ သူဟာ ပျာပျာသလဲ ထွက်ပြေးသွားတတ်တာပဲ။】
【ဒါပေမဲ့ အဲဒီလိုဆိုရင်တောင်မှ ယွီရှောင်ကန်းဟာ သူ့ရဲ့ ကျင့်စဉ်လမ်းစဉ်ကိုတော့ လက်မလျှော့ခဲ့ပါဘူး။】
【သူ့ရဲ့ ပထမဝိညာဉ်စွမ်းရည်က အဲဒီလိုပုံစံ ဖြစ်သွားခဲ့ရင်တောင်မှ သူက သီအိုရီသုတေသနမှာ စိတ်နှစ်မြှုပ်ထားသရွေ့ အရာအားလုံးကို ပြောင်းလဲပစ်နိုင်မယ့် နည်းလမ်းကို ရှာဖွေနိုင်လိမ့်မယ်လို့ ယုံကြည်နေဆဲပဲ။】
【ဒီလိုနဲ့ပဲ နောက်ထပ် နှစ်အနည်းငယ် ကုန်ဆုံးသွားခဲ့ပြီး အခုဆိုရင် အသက် ၂၀ ကျော် အရွယ်ကို ရောက်ရှိလာတဲ့ ယွီရှောင်ကန်းဟာ နောက်ဆုံးမှာတော့ အဆင့် ၂၀ ကို ရောက်ရှိသွားခဲ့ပြီး သူ့ရဲ့ ဒုတိယဝိညာဉ်ကွင်းကို ရယူရမယ့် အချိန်ကို ဆိုက်ရောက်လာခဲ့ပြီ။】
【ဒီတစ်ကြိမ်မှာတော့ ယွီယွမ်ကျန့်ဟာ ယွီရှောင်ကန်းရဲ့ အဆင့်တက်လှမ်းမှုကို သိရှိရတဲ့အခါ ခေါင်းညိတ်ရုံပဲ ပြုလုပ်ခဲ့ပြီး သူ့ရဲ့ ကိုယ်ပိုင်ကိစ္စရပ်တွေကိုသာ ဆက်လက်လုပ်ဆောင်နေခဲ့တယ်။】
【ဒီသားအပေါ်မှာတော့ သူ ဘာမျှော်လင့်ချက်မှ မထားတော့ပါဘူး။】
【ပထမဝိညာဉ်စွမ်းရည်ကပဲ အဲဒီလိုပုံစံ ဖြစ်နေခဲ့ပြီ၊ ပြီးတော့ သူ့ရဲ့ မွေးရာပါပါရမီကလည်း မလုံလောက်ဘူး။】
【တကယ်လို့ နောက်ပိုင်းကာလတွေမှာ ကံကြမ္မာကို ဆန့်ကျင်တဲ့ လမ်းစဉ် သို့မဟုတ် ထူးခြားတဲ့ အခွင့်အလမ်းကြီးမျိုး မရှိခဲ့ရင် သူဟာ အဆင့် ၃၀ ကို ကျော်ဖြတ်ဖို့တောင် ခက်ခဲလိမ့်မယ်။】
【ဒီလိုအခြေအနေမျိုးအောက်မှာ ဒုတိယဝိညာဉ်ကွင်းဟာ ဖြစ်နိုင်ရင် သူ့ရဲ့ နောက်ဆုံး ဝိညာဉ်ကွင်း ဖြစ်လာလိမ့်မယ်။】
【ဒါကြောင့် သူ့ရဲ့ ဝိညာဉ်သားရဲ ရှာဖွေခြင်းဟာ တကယ်ကို မျှော်လင့်ချက် အနည်းငယ်မျှတောင် ဖြစ်ပေါ်မလာစေခဲ့ပါဘူး။】
【ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ယွီရှောင်ကန်းက သူ့ရဲ့သား ဖြစ်နေသေးတာကြောင့် ယွီယွမ်ကျန့်ဟာ နောက်ဆုံးမှာတော့ သူ့ရဲ့ ဒုတိယဝိညာဉ်ကွင်းကို ရရှိအောင် ကူညီပေးဖို့ ဝိညာဉ်သူတော်စင်တစ်ယောက်ကို စေလွှတ်ပေးခဲ့ပါတယ်။】
【ဒီလိုရလဒ်ကို ရရှိတဲ့အခါ ယွီရှောင်ကန်းကတော့ သဘာဝကျကျပဲ မကျေမနပ် ဖြစ်ရပြန်တယ်။】
【သူ့အဖေက သားတစ်ယောက်အနေနဲ့ သူ့အပေါ် ဒီလောက်တောင် ဂရုမစိုက်ရမလားဆိုပြီး သူ ဒေါသထွက်မိတာပေါ့။】
【ဝိညာဉ်ကွင်းရယူခြင်းလိုမျိုး အရေးကြီးတဲ့ ကိစ္စရပ်ကြီးတစ်ခုမှာတောင် သူ့အဖေက လူကိုယ်တိုင် လိုက်ပါလာဖို့ကိုတောင် လုံးဝ အလိုမရှိခဲ့ဘူးလေ။】
【ဒါပေမဲ့ ပထမဝိညာဉ်ကွင်းကို ရယူပြီးတုန်းက ခံခဲ့ရတဲ့ ပြင်းထန်တဲ့ ရိုက်နှက်မှုကို တွေးမိတဲ့အခါ ယွီရှောင်ကန်းဟာ ယွီယွမ်ကျန့်ဆီ သွားပြီး သူ့ရဲ့ မကျေနပ်ချက်တွေကို ထုတ်ဖော်ပြသဖို့တော့ မဝံ့ရဲခဲ့ပါဘူး။】
【ဒါကြောင့် နောက်ဆုံးမှာတော့ အဲဒီဝိညာဉ်သူတော်စင်ရဲ့ ဦးဆောင်မှုအောက်မှာပဲ သူဟာ ဒုတိယဝိညာဉ်ကွင်းကို ရရှိခဲ့တယ်။】
【အဲဒါကလည်း လေလည်ရတဲ့ စွမ်းရည်ပဲ ဖြစ်နေတုန်းပါပဲ။】
【ပထမဝိညာဉ်စွမ်းရည်ရဲ့ အဓိပ္ပာယ်မရှိတဲ့ လေလည်သံနဲ့ နှိုင်းယှဉ်ရင် ဒုတိယဝိညာဉ်စွမ်းရည်မှာ မူးယစ်ထုံထိုင်းစေတဲ့ (သို့) အိပ်မော်ကျစေတဲ့ အာနိသင် ရှိတယ်ဆိုပေမယ့်လည်း...】
【ဒါပေမဲ့ ဘယ်လို သိက္ခာရှိတဲ့လူမျိုးက ပြိုင်ဘက်ကို အိပ်မော်ကျအောင်လုပ်ဖို့ လေလည်တဲ့စွမ်းရည်ကို သုံးမှာလဲ】
【ဉာဏ်ရည်နိမ့်ပါးတဲ့ ဝိညာဉ်သားရဲတွေကလွဲရင် အခြားသူတွေဆိုရင် ယွီရှောင်ကန်း ဝိညာဉ်စွမ်းရည်ကို အသုံးပြုလိုက်တဲ့ တဒင်္ဂမှာတင် အသက်ကို အောင့်ထားကြမှာ အသေအချာပဲ။】
【ဘာပဲဖြစ်ဖြစ် ဒုတိယဝိညာဉ်စွမ်းရည်ကို အသုံးပြုပြီးတဲ့နောက်မှာတော့ ယွီရှောင်ကန်းရဲ့ စိတ်ခံစားချက်တွေဟာ ထပ်မံပြီး ပြိုလဲပျက်စီးသွားခဲ့ရပြန်တယ်။】
【ယွီရှောင်ကန်းကို ဝိညာဉ်ကွင်းသွားရောက်ကူညီရယူပေးခဲ့တဲ့ ဝိညာဉ်သူတော်စင်ဟာ အခြေအနေတွေကို ယွီယွမ်ကျန့်ဆီ လာရောက်ပြီး ကြောင်တောင်တောင်မျက်နှာနဲ့ အစီရင်ခံတင်ပြခဲ့တယ်။】
【သတင်းကို ကြားရပြီးနောက် ယွီယွမ်ကျန့်ဟာ သက်ပြင်းအရှည်ကြီး ချလိုက်ပြီး သူ့ရဲ့ ကုလားထိုင်ပေါ်ကို ပုံရက်သား လဲကျသွားခဲ့တော့တယ်။】
【"သူကတော့ လုံးဝကို ပျက်စီးသွားခဲ့ပြီ"】
အမှောင်ကမ္ဘာ၊ ဝိညာဉ်နန်းတော်တွင်။
ဘိဘိတုန်ဟာ ကောင်းကင်စီရင်ချက်မျက်နှာပြင်ထက်က စိတ်ပျက်အားလျော့နေတဲ့ ယွီရှောင်ကန်းကို ကြည့်နေခဲ့တယ်၊ အခုအချိန်မှာတော့ ဘိဘိတုန်လိုမျိုး အချစ်ရူးတစ်ယောက်တောင်မှ ယွီရှောင်ကန်း လုပ်ခဲ့သမျှ အရာအားလုံးက မှန်ကန်ပါတယ်ဆိုတဲ့ စကားမျိုးကို လုံးဝ ထုတ်ပြောလို့ မရနိုင်တော့ပါဘူး။
ဝိညာဉ်နန်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး တစ်ယောက်အနေနဲ့ရော၊ ဘွဲ့အမည်ရ ဒိုလော်အဆင့်ရှိတဲ့ အင်အားကြီးပုဂ္ဂိုလ် တစ်ယောက်အနေနဲ့ပါ ဘိဘိတုန်ဟာ ကျင့်ကြံခြင်းလမ်းစဉ်အပေါ် သူမရဲ့ ကိုယ်ပိုင် အမြင်နဲ့ ထိုးထွင်းသိမြင်မှုတွေ ရှိတာပဲလေ။
ဘိဘိတုန်ဟာလည်း ယွီယွမ်ကျန့်ရဲ့ အရင်တုန်းက အတွေးအတိုင်း ယွီရှောင်ကန်းရဲ့ ပထမဝိညာဉ်ကွင်းဟာ နဂါးမျိုးနွယ်စု ဝိညာဉ်သားရဲကိုပဲ ရွေးချယ်သင့်တယ်ဆိုတာကို သဘောတူပါတယ်။
ဒါပေမဲ့ ယွီရှောင်ကန်းက သူ့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေကိုပဲ ဇွတ်တရွတ်စွဲကိုင်ပြီး ဝက်အမျိုးအစား ဝိညာဉ်သားရဲကို ရွေးချယ်ခဲ့တာကြောင့် နောက်ဆုံးမှာ အခုလို ပထမဝိညာဉ်စွမ်းရည်မျိုး ပိုင်ဆိုင်သွားရခြင်း ဖြစ်တာပေါ့။
သူမအနေနဲ့ ယွီရှောင်ကန်းကို သနားသင့်သလား၊
တကယ်လို့ သူမရဲ့ ကိုယ်ပိုင်တပည့်သာ သူမရဲ့ စီစဉ်ညွှန်ကြားမှုတွေကို မလိုက်နာဘဲ ကိုယ့်သဘောနဲ့ကိုယ် ဝိညာဉ်ကွင်းကို သွားရောက်စုပ်ယူခဲ့လို့ နောက်ဆုံးမှာ အခုလို အခြေအနေမျိုး ဖြစ်လာခဲ့ရင်...
ဘိဘိတုန်ဟာ ဘာစကားမှ အပိုမပြောဘဲ အဲဒီလူနဲ့ ဆရာတပည့်အဖြစ်ကနေ ချက်ချင်း ဖြတ်တောက် ပစ်လိုက်မှာ အသေအချာပဲ။
"မဟုတ်ဘူး... အဲဒီအချိန်တုန်းက ရှောင်ကန်းက ရင့်ကျက်မှု မရှိသေးလို့ပါ၊ သူ့ရဲ့ သီအိုရီကလည်း မပြည့်စုံသေးဘူးလေ"
"သူ ဝိညာဉ်နန်းတော်ကို လာပြီး ဝိညာဉ်နန်းတော်ရဲ့ မှတ်တမ်းတွေကို ဖတ်ရှုပြီးတဲ့အခါကျမှပဲ သူက တကယ့်ကို အသွင်ပြောင်းလဲသွားပြီး ဒီနေ့ခေတ်ရဲ့ သီအိုရီပိုင်းဆိုင်ရာ မဟာဆရာသခင်ကြီး ဖြစ်လာခဲ့တာ"
"ဟုတ်တယ်၊ အဲဒါမှန်တယ်၊ ဒီအတိုင်းပဲ ဖြစ်ရမယ်"
ဘိဘိတုန်ဟာ မိမိကိုယ်ကို နှစ်သိမ့်နေသလို၊ ဒါမှမဟုတ် မိမိကိုယ်ကို ပြန်လည် ဆွဲဆောင်ဖျောင်းဖျနေသလိုမျိုး တိုးတိုးလေး ရေရွတ်နေခဲ့မိတယ်။
【ဗီဒီယိုကတော့ ဆက်လက်ပြသနေဆဲ...】
【ရရှိခဲ့တဲ့ ဒုတိယဝိညာဉ်စွမ်းရည်ကလည်း လေလည်တာပဲ ဖြစ်နေသေးတာကြောင့် ယွီရှောင်ကန်းဟာ သူ့ကိုယ်သူ အခန်းထဲမှာ ထပ်မံ ပိတ်လှောင်ထားခဲ့ပြန်တယ်။】
【ဒီကာလအတွင်းမှာ သူဟာ ဘယ်နေရာမှာများ လွဲမှားသွားခဲ့တာလဲဆိုတာကို အမြဲတမ်း ပြန်လည်တွေးတော နေခဲ့မိတယ်။】
【ဘာဖြစ်လို့ ကောင်းကင်ဘုံက သူ့အပေါ် ဒီလောက်တောင် ရက်စက်ရတာလဲ】
【အတိအကျ အဲဒီအချိန်မှာပဲ သူဟာ သူ့အတွက် ပိုမို ထိတ်လန့်စရာကောင်းတဲ့ အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ရတယ်။】
【အဲဒါကတော့ သူ့ရဲ့ ကျင့်ကြံခြင်းနှုန်းက မူလကတည်းက လိပ်သွားသလို နှေးကွေးလှပါတယ်ဆိုမှ အခုဆိုရင် ပိုပြီးတော့တောင် နှေးကွေးသွားခဲ့တာပဲ ဖြစ်တယ်။】
【တစ်လလုံးလုံး တရားထိုင်ကျင့်ကြံပြီးတဲ့ နောက်မှာတောင် သူ့ရဲ့ ဝိညာဉ်စွမ်းအားဟာ လုံးဝ မလှုပ်မယှက် သာသာပဲ ရှိနေခဲ့တယ်။】
【ဒီရှာဖွေတွေ့ရှိမှုဟာ ယွီရှောင်ကန်းရဲ့ ရင်ထဲမှာ ထိတ်လန့်ကြောက်ရွံ့မှုတွေ ပြည့်နှက်သွားစေခဲ့တယ်၊ သူက အင်အားကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာပြီး သူ့ကိုယ်သူ သက်သေပြချင်သေးတာလေ၊ သူ့ရဲ့ ခြေလှမ်းတွေကို ဒီအတိုင်း ရပ်တန့်ပစ်လိုက်လို့ ဘယ်လိုလုပ် ဖြစ်မှာလဲ။】
【ဒါပေမဲ့ လက်တွေ့ဘဝကတော့ သူ့ရဲ့ မကျေနပ်မှုတွေကြောင့် ပြောင်းလဲသွားမှာ မဟုတ်ပါဘူး၊ ကျင့်ကြံခြင်းနှုန်းကတော့ နှေးရမယ့်အတိုင်း ဆက်ပြီး နှေးနေခဲ့တာပဲ။】
【ဒါကြောင့် ယွီရှောင်ကန်းဟာ ဒါတွေအားလုံးကို ပြောင်းလဲပေးနိုင်မယ့် အရာတစ်ခုခုကို ရှာဖွေဖို့ ဂိုဏ်းရဲ့ ရှေးဟောင်းစာအုပ်တွေကို လိုက်လံလှန်လှော ဖတ်ရှုခဲ့တယ်။】
【ဒါပေမဲ့ နောက်ဆုံးရလဒ်ကတော့ ဘာမှမရှိတာပါပဲ။】
【"ဒါက သေချာပေါက် ဂိုဏ်းထဲက အချက်အလက်တွေက အရမ်း နည်းပါးလွန်းလို့ပဲ ဖြစ်ရမယ်၊ ငါ့ရဲ့ သုတေသနကို ကူညီဖို့အတွက် ပိုပြီးများပြားတဲ့ အချက်အလက်တွေကို ငါ ရှာဖွေဖို့ လိုအပ်တယ်!"】
【ဂိုဏ်းထဲက အချက်အလက်တွေကို လှန်လှောပြီးတဲ့နောက်မှာတော့ ဒီလိုအတွေးတစ်ခုဟာ ယွီရှန်းကန်းရဲ့ စိတ်ထဲမှာ ချက်ချင်း အမြစ်တွယ် ပေါ်ပေါက်လာခဲ့တော့တယ်။】
【ပြီးတော့ ဒိုလော်တိုက်ကြီးတစ်ခုလုံးမှာ အပြာရောင်လျှပ်စီး နဂါးဂိုဏ်းထက် ပိုပြီးတော့ အချက်အလက် သတင်းအချက်အလက်တွေ စုံလင်တဲ့နေရာဆိုလို့ အသေအချာပေါက် တစ်နေရာပဲ ရှိပါတယ်။】
【ဝိညာဉ်နန်းတော်!】
【ချက်ချင်းဆိုသလိုပဲ ဝိညာဉ်နန်းတော်ဆီကို သွားရောက်ဖို့ အကြံအစည်ဟာ ယွီရှောင်ကန်းရဲ့ စိတ်ထဲမှာ အစပျိုး ဖြစ်ပေါ်လာခဲ့လေတော့တယ်။】
[ ဒုတိယပိုင်း ပြသမှု ပြီးဆုံးသွားပါပြီ။ ခဏတာ အနားယူပါ၊ အပြိုင်နှိုင်းယှဉ်မှုရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ နဂါးနတ်ဘုရားဒိုလော် ယွီရှောင်ကန်းရဲ့ ဗီဒီယိုအပိုင်းကို မကြာမီ ဆက်လက်ထုတ်လွှင့် ပြသပေးတော့မည် ဖြစ်သည်။ ]