အခန်း ၃၇ - ယွီရှောင်ကန်းရဲ့ တပည့်များ
“ဆရာ... သမီး မေးစရာလေးတွေရှိလို့ လာတာပါ!”
ဒီအသံကို ကြားလိုက်ရတဲ့အခါ ဘိဘိတုန်ဟာ သူမရဲ့ စိတ်ခံစားချက်တွေကို အမြန်ပဲ ထိန်းညှိလိုက်ပြီး၊ အသံလာရာဆီကို မကြည့်ခင်မှာပဲ ဝိညာဉ်စွမ်းအင်ကို သုံးပြီး သူမရဲ့ အကောင်းဆုံး အခြေအနေ ရောက်အောင် ပြင်ဆင်လိုက်ပါတယ်။
ဟိုဘက်မှာတော့ မိန်းကလေးနှစ်ယောက်ဟာ လက်ချင်းချိတ်ပြီး သူတို့နှစ်ယောက်ရှိရာဆီကို အပြေးအလွှား လျှောက်လာနေကြပါတယ်။
“ဆရာ!”
ရှေ့က လျှောက်လာတဲ့ မိန်းကလေးက ဘိဘိတုန်ကို မြင်တော့ ပြုံးပြုံးလေးနဲ့ လက်လှမ်းပြလိုက်ကာ နောက်က မိန်းကလေးကိုပါ သူတို့နှစ်ယောက်ရဲ့ ရှေ့တည့်တည့်ဆီ ဆွဲခေါ်လာခဲ့ပါတယ်။
“ဆရာ... နဂါးနတ်ဘုရားဒိုလော် အရှင်။”
ဘိဘိတုန်နဲ့ ယွီရှောင်ကန်းတို့ရဲ့ ရှေ့ကို ရောက်လာတဲ့အခါ ရှေ့က မိန်းကလေးဖြစ်တဲ့ ဟူလျဲ့နာက သူတို့နှစ်ယောက်ကို ရိုရိုသေသေ နှုတ်ဆက်လိုက်ပါတယ်။
ဟူလျဲ့နာ ဆွဲခေါ်လာတဲ့ မိန်းကလေးဖြစ်တဲ့ ကျူးကျူချင်းကလည်း သူမနည်းတူ ရိုရိုသေသေပဲ ဦးညွှတ် နှုတ်ဆက်လိုက်ပါတယ်။
“ပုပ်ရဟန်းမင်းကြီး... ဆရာ။”
သူတို့နှစ်ယောက်ရဲ့ ရိုသေပျော့ပျောင်းတဲ့ ပုံစံကို မြင်တော့ ဘိဘိတုန်က ရှေ့ကို အရင်တက်သွားပြီး ဟူလျဲ့နာရဲ့ ပါးပြင်လေးတွေကို လှမ်းဆွဲပြီး ဆိတ်ကစားပါတော့တယ်။
“ဆရာ့ရှေ့မှာ ဒီလိုတွေ လုပ်နေဖို့ မလိုပါဘူးလို့ ငါမပြောထားဘူးလား”
ပြောပြီးတာနဲ့ ဘိဘိတုန်က ကျူးကျူချင်းရဲ့ ခေါင်းလေးကိုလည်း လှမ်းပြီး ပွတ်ပေးလိုက်ပါတယ်။
“မင်းလည်း အတူတူပဲ!”
အပြင်ပန်းမှာ အလွန် ခန့်ညားထည်ဝါလှတဲ့ ပုပ်ရဟန်းမင်းကြီးဟာ လူကွယ်ရာ သီးသန့်နေရာမျိုးမှာဆိုရင် တကယ်တော့ ကြင်နာတတ်ပြီး နူးညံ့တဲ့သူတစ်ယောက် ဖြစ်မှန်း ကြိုသိနေခဲ့ပေမဲ့... ဒီလိုမျိုး အဆက်အဆံ ခံရတာကိုတော့ ကျူးကျူချင်းတစ်ယောက် အသားကျဖို့ ခက်ခဲနေတုန်းပါပဲ။
ဘာပဲဖြစ်ဖြစ် ဘိဘိတုန်ရဲ့ ရာထူးအဆင့်အတန်းက အလွန် မြင့်မြတ်လွန်းလှတာကိုး။
“ဆရာ... နဂါးနတ်ဘုရားဒိုလော် အရှင်၊ ဆရာတို့လည်း ဟို ကောင်းကင်စီရင်ချက်ကြီးကို မြင်လိုက်တယ်မ လားဟင်?”
“အခု ဝိညာဉ်မြို့တော်တစ်ခုလုံး ဆူညံပွက်လောရိုက်နေတာ... အပြိုင်ကမ္ဘာ ဆိုတာမျိုး တကယ်ရှိလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားကြဘူး။”
“အထူးသဖြင့်... အဲဒီအပြိုင်ကမ္ဘာထဲက နဂါးနတ်ဘုရားဒိုလော် အရှင်က...”
ဒီနေရာ ရောက်တော့ ဟူလျဲ့နာရဲ့ စကားသံက တိုးဝင်ပျောက်ကွယ်သွားကာရှေ့ဆက် ဘယ်လိုပြောရမလဲဆိုတာ မသေချာသလို ဖြစ်သွားပါတယ်။
“ရပါတယ်... သူ့ကို တခြားလူတစ်ယောက်လိုပဲ သဘောထားလိုက်ပါ”
ယွီရှောင်ကန်းက အေးအေးလူလူပဲ ပြောလိုက်ပါတယ်။
“အော်... တခြားကမ္ဘာက နဂါးနတ်ဘုရားဒိုလော် အရှင်က အဲလိုပုံစံ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။”
ဟူလျဲ့နာက စိတ်လှုပ်ရှားစွာနဲ့ သက်ပြင်းချလိုက်မိတယ်၊ သူတို့တစ်ဖွဲ့လုံးဟာ ယွီရှောင်ကန်းရဲ့ ထူးခြားဆန်းပြားတဲ့ ပုံပြင်တွေ၊ ဒဏ္ဍာရီတွေကို နားထောင်ပြီး ကြီးပြင်းလာခဲ့ရတာ ဖြစ်ပါတယ်။
ဒါကြောင့် အခုလို လုံးဝ ခြားနားနေတဲ့ နဂါးနတ်ဘုရားဒိုလော် အရှင်ရဲ့ ပုံစံကို မြင်လိုက်ရတဲ့အခါ သူတို့ လုံးဝ မယုံနိုင်အောင် ဖြစ်သွားရတာပါ။
ဒီလိုလူမျိုးက ငါတို့ရဲ့ နဂါးနတ်ဘုရားဒိုလော် အရှင်နဲ့ အပြိုင်ဖြစ်တည်မှုလို့ ခေါ်ဖို့ တန်ပါဦးမလား
သူမရဲ့ ဘေးနားမှာရှိတဲ့ ကျူးကျူချင်းကလည်း ဟူလျဲ့နာရဲ့ စကားကို အပြည့်အဝ ထောက်ခံနေမိပါတယ်၊ အဲဒီလိုလူမျိုးဟာ သူမရဲ့ ဆရာနဲ့ နာမည်တူ မျှဝေခံယူဖို့တောင် မထိုက်တန်ပါဘူး။
“ကဲပါ... ကောင်းကင်စီရင်ချက်မှာ ပြသခဲ့တာတွေကို ပုံပြင်တွေလိုပဲ သဘောထားလိုက်ကြပါ။”
“ဒါနဲ့ နေပါဦး နာနာ... မင်းရဲ့ ကျင့်ကြံတာ ကော ဘယ်လိုလဲ ပျင်းရိနေတာမျိုးတော့ မရှိဘူးမလား”
ဘိဘိတုန်က မျက်နှာကို တည်လိုက်ပြီး ခန့်ညားတဲ့ ပုံစံဖမ်းဖို့ ကြိုးစားလိုက်ပေမဲ့... ကံဆိုးစွာနဲ့ပဲ ဒီနေရာမှာရှိတဲ့ လူတိုင်းက သူမရဲ့ စိတ်သဘောထားအမှန်ကို သိနေကြပါတယ်။
ဥပမာ ဟူလျဲ့နာကတော့ ပြုံးစိစိ မျက်နှာပေးကို ဆက်ပြီး ထိန်းထားတုန်းပါပဲ။
“သမီးက ဘယ်လိုလုပ် ပျင်းနေမှာလဲ ဆရာလည်း သမီးအကြောင်း သိသားပဲ... သမီးက အကြိုးစားဆုံးပါနော်။”
ဟူလျဲ့နာက လက်သီးလေးနှစ်ဖက်ကို ဆုပ်ပြရင်း ဘိဘိတုန်ကို ကြည့်လိုက်ပါတယ်။
“အကြိုးစားဆုံး ဟုတ်လား အမြဲတမ်း အကြိုးစားဆုံးက ထန်စန်းနဲ့ ကျူးကျူချင်းတို့ ဖြစ်ခဲ့တာ။ ငါမသိဘူး ထင်နေတာလား”
ဘိဘိတုန်က ဟူလျဲ့နာကို တစ်ချက် မျက်စောင်းထိုးပြီး စိတ်ပျက်လက်ပျက် ပြောလိုက်ပါတယ်။
ထန်စန်းရဲ့ နာမည်ကို ကြားလိုက်ရတဲ့အခါ ဟူလျဲ့နာက စကားဆွံ့အသွားပြီး ယွီရှောင်ကန်းရဲ့ ဘေးမှာရှိတဲ့ ကျူးကျူချင်းကို မသိမသာ လှမ်းကြည့်လိုက်မိပါတယ်။
နဂါးနတ်ဘုရားဒိုလော် အရှင်ရဲ့ တပည့်တွေ ဖြစ်နေသရွေ့ သူတို့အားလုံးဟာ အလွန် ကြိုးစားအားထုတ်တဲ့ လူစားမျိုးတွေ ဖြစ်ကြတယ်ဆိုတာ သူမ နားလည်သွားပါတယ်။
ဒါက ထန်စန်းအတွက်လည်း မှန်သလို... ကျူးကျူချင်းအတွက်လည်း မှန်ကန်ပါတယ်။
ဒါပေမဲ့ ဟူလျဲ့နာအနေနဲ့ သူတို့ကို နားလည်ပေးနိုင်ပါတယ်။
ကျူးကျူချင်းဟာ စတားလော်အင်ပါယာရဲ့ ကျူးမျိုးနွယ်စုဝင် တစ်ယောက်အနေနဲ့... အကယ်လို့သာ နဂါးနတ်ဘုရားဒိုလော် အရှင်ရဲ့ တပည့်အဖြစ် လက်ခံခြင်း မခံခဲ့ရဘူးဆိုရင်၊ သူမဟာ အဲဒီ ဒိုင်မုပိုင် နောက်ကိုလိုက်ပြီး စတားလော် မင်းသားတွေရဲ့ ပြိုင်ဆိုင်မှု တိုက်ပွဲတွေကြားထဲ ပါဝင်ပတ်သက်နေရမှာ ဖြစ်ပါတယ်။
သူမရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ အခွင့်အရေး ရရှိခဲ့တာကြောင့် ဒါကို မိမိရရ ဆုပ်ကိုင်ထားဖို့ လိုအပ်တာပေါ့။
အခုအချိန်အထိ ဟူလျဲ့နာဟာ ကျူးကျူချင်းနဲ့ ပထမဆုံး စတင်တွေ့ဆုံစဉ်တုန်းက ပြောခဲ့တဲ့ စကားတွေကို မှတ်မိနေပါသေးတယ်-
“ငါ ပိုပြီး သန်မာလာချင်တယ်... ပြီးတော့ ငါ့ရဲ့ ကိုယ်ပိုင်အစွမ်းနဲ့ စတားလော်အင်ပါယာရဲ့ တော်ဝင်မိသားစုကို သိအောင် လုပ်ပြမယ်။ သူတို့ မင်းသားတွေ အချင်းချင်း သတ်ဖြတ်နေကြတာ သူတို့ကိစ္စပဲ... သူတို့ အားလုံး သေကုန်ရင်တောင် ငါ ဂရုမစိုက်ဘူး။”
“ဒါပေမဲ့ တခြားလူတွေကို ဒီလိုကိစ္စတွေထဲ ဆွဲမသွင်းပါနဲ့!”
အဲဒီနောက်ပိုင်းမှာတော့ ရူးသွပ်မတတ် လေ့ကျင့်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့တာကြောင့် သူမရဲ့ ကြိုးစားအားထုတ်မှု အဆင့်အတန်းဟာ ဟူလျဲ့နာကိုတောင် အံ့အားသင့်သွားစေခဲ့ပါတယ်။
နောက်ထပ် တပည့်တစ်ယောက်ဖြစ်တဲ့ ထန်စန်းနဲ့ ပတ်သက်ပြီးတော့တော့ ဟူလျဲ့နာအနေနဲ့ သူ့ရဲ့ တိကျတဲ့ အခြေအနေကို သိပ်မသိလှပါဘူး။
ဒါပေမဲ့ ကြားရသလောက်တော့ သူ့ရဲ့ ဖခင်ဖြစ်သူက သူ့မိခင်ကို လုပ်ကြံဖို့ ကြံစည်ခဲ့တာကြောင့် မိခင်ဖြစ်သူဟာ သေလုနီးပါး ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
ဒါကြောင့်မို့ သူဟာ မိခင်အတွက် တရားမျှတမှု ရှာဖွေပေးနိုင်ဖို့ ပိုပြီး သန်မာလာအောင် ကြိုးစားနေရတာ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ်... နဂါးနတ်ဘုရားဒိုလော် အရှင်ရဲ့ တပည့်တွေမှာ ခိုင်မာတဲ့ ရည်မှန်းချက် ကိုယ်စီ ရှိကြတာကြောင့် ဒီလောက်အထိ ကြိုးစားနိုင်ကြတာပါ။
သူမကိုယ်တိုင်ကတော့ ရည်မှန်းချက် မရှိရုံတင်မကဘူး... သူမရဲ့ ဆရာကလည်း သူမအပေါ် သိပ်ပြီး မတင်းကျပ်နိုင်ရှာပါဘူး။
ဒါကြောင့်မို့ သူမရဲ့ ကျင့်စဉ်လမ်းမှာ တခြားသူတွေလောက် မကြိုးစားဖြစ်ခဲ့တာပါ။
ဒါတောင်မှ... သူမ ဆရာရဲ့ လမ်းညွှန်မှုအောက်မှာ၊ ရံဖန်ရံခါ နဂါးနတ်ဘုရားဒိုလော် အရှင် ကိုယ်တိုင် လာရောက်သင်ကြားပေးမှုတွေကြောင့်... သူမဟာ သိပ်ပြီး အားမစိုက်ခဲ့ရင်တောင် တခြားသူတွေထက် အစွမ်းတွေ တဟုန်ထိုး တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။
“အို... ဆရာကလည်း~၊ ဒီလောက်ကြီး မတင်းကျပ်ပါနဲ့။ သမီးရဲ့ အစွမ်းက အသက်တူ တခြားသူတွေထက် အများကြီး သာလွန်နေပြီပဲကို။ နည်းနည်းလောက် အနားယူတာ ဘာဖြစ်လို့လဲ။”
ဟူလျဲ့နာက ဘိဘိတုန်ရဲ့ လက်မောင်းကို ဖက်တွယ်ပြီး ကလေးတစ်ယောက်လို ဆိုးနွဲ့ကာ လှုပ်ယမ်းနေပါတော့တယ်။
“မင်းကတော့လေ...”
ဘိဘိတုန်က ဟူလျဲ့နာရဲ့ ခေါင်းကို လက်ညှိုးလေးနဲ့ ခေါက်လိုက်ပြီး နောက်ဆုံးမှာတော့ သက်ပြင်းချလိုက်ပါတော့တယ်။
ထားလိုက်ပါတော့... နည်းနည်းလောက် လျှော့ပေးတာလည်း ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် တစ်ခုခု ဖြစ်လာရင်တောင် ဆရာဖြစ်တဲ့ သူမ ရှိနေတာပဲလေ။
အဆိုးဆုံးအခြေအနေ ကြုံလာရင်တောင် သူမရဲ့ ခင်ပွန်း ရှိနေပါသေးတယ်။ သူသာ ရှိနေရင်... ဒီ ဒိုလော်တိုက်ကြီး ပေါ်မှာ ဖြေရှင်းလို့ မရတဲ့ ကိစ္စရယ်လို့ မရှိပါဘူး။
အခြားတစ်ဖက်မှာတော့ ကျူးကျူချင်းနဲ့ ယွီရှောင်ကန်းတို့ရဲ့ အပြန်အလှန် ဆက်ဆံမှုက ပိုပြီး လေးနက်တည်ကြည်ပါတယ်။
ကျူးကျူချင်းဟာ အစွမ်းသတ္တိကို အသည်းအသန် လိုက်စားသူဖြစ်တာကြောင့် ယွီရှောင်ကန်းကလည်း သူမအပေါ် တော်တော်လေး တင်းကျပ်ပြတ်သားပါတယ်။
“ဘယ်လိုလဲ ဒိုလော်တိုက်ကြီးရဲ့ ရိုးရာ အလျင်နှုန်းစနစ် ဝိညာဉ်တွေအတွက် ဝိညာဉ်ကွင်း ရယူတဲ့ စနစ်ကို ပြောင်းလဲပြီးတဲ့နောက်... မင်း ဒီတိုက်ခိုက်ရေး ပုံစံအသစ်ကို အသားကျပြီလား”
ယွီရှောင်ကန်းက မေးလိုက်ပါတယ်။
“သမီး လောလောဆယ်တော့ နည်းနည်းတော့ အသားမကျသေးဘူး ဆရာ။”
ကျူးကျူချင်းက ခေါင်းခါပြလိုက်ပါတယ်။
“ဒါပေမဲ့ တစ်ချက်တည်းနဲ့ အပြတ်သတ်နိုင်ဖို့ ရည်ရွယ်ပြီး ရယူထားတဲ့ ဝိညာဉ်ကွင်းတွေရဲ့ စွမ်းအားက... အလျင်နှုန်းစနစ် ဝိညာဉ်သခင် တွေ အမှန်တကယ် လျှောက်လှမ်းရမယ့် လမ်းစဉ်အမှန်ပဲဆိုတာ သမီး ခံစားမိပါတယ်။”
ကျူးကျူချင်းက ယွီရှောင်ကန်းကို အလွန် ကြည်ညိုလေးစားတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်။
ဘာပဲဖြစ်ဖြစ်... သူမရဲ့ ရှေ့မှာ ရှိနေတဲ့ အမျိုးသားဟာ လက်ရှိ ဒိုလော်တိုက်ကြီးရဲ့ ဒဏ္ဍာရီအဖြစ်ဆုံး ဘွဲ့အမည်ရ ဒိုလော် တစ်ယောက် ဖြစ်တာကိုး။
ဒီလမ်းစဉ်တစ်လျှောက်လုံးမှာ ယွီရှောင်ကန်းဟာ ရေတွက်လို့မရတဲ့ လူပေါင်းများစွာရဲ့ အယူအဆဟောင်းတွေကို ရိုက်ချိုး ဖျက်ဆီးပစ်ခဲ့တာပါ။
ဥပမာ သူမရဲ့ ဝိညာဉ်ကွင်း တည်ဆောက်ပုံ အချိုးအစားဆိုရင်လည်း... ယွီရှောင်ကန်းရဲ့ တပည့်ဖြစ်လာပြီးမှသာ အလျင်နှုန်းစနစ် ဝိညာဉ်သခင်တွေဟာ သူတို့ရဲ့ ဝိညာဉ်ကွင်းတွေကို ဒီလိုမျိုး ပြင်ဆင်သတ်မှတ်လို့ ရမှန်း ကျူးကျူချင်း သိခဲ့ရတာ ဖြစ်ပါတယ်။
အရိပ်တွေကြားထဲမှာ လှုပ်ရှားရင်း အခွင့်အရေးကို စောင့်ဆိုင်းတယ်... အခွင့်ကောင်းရတာနဲ့ တစ်ချက်တည်းနဲ့ အသေအလဲ တိုက်ခိုက်ပြီးတာနဲ့ ချက်ချင်း ပြန်ဆုတ်ခွာတယ်... ပြီးရင် နောက်ထပ် အခွင့်အရေးကို ထပ်ရှာပြီးမှ ပြန်လည် တိုက်ခိုက်တယ်။
ဒီလို ဝိညာဉ်သခင်မျိုးကိုမှ တကယ့် အလျင်နှုန်းစနစ် ဝိညာဉ်သခင်လို့ ခေါ်ဆိုနိုင်မှာပါ။
အရင်တုန်းက အမြန်နှုန်း သက်သက်ကိုပဲ တိုးမြှင့်ပေးပြီး တိုက်ပွဲအတွင်းမှာ မြန်မြန်ဆန်ဆန် လှုပ်ရှားရုံပဲ ရှိတဲ့ ပုံစံတွေကို... ဘယ်လိုလုပ် အလျင်နှုန်းစနစ် ဝိညာဉ်သခင်လို့ သတ်မှတ်လို့ ရနိုင်မှာလဲ၊
“ကောင်းကောင်း ရင်းနှီးအောင် လုပ်ထားပါ။ ဒီစနစ်သာ ရင့်ကျက်သွားပြီဆိုရင်... ဒိုလော်တိုက်ကြီးဟာ တကယ့် အလျင်နှုန်းစနစ်အစစ်က ဘာလဲဆိုတာ မြင်တွေ့ရလိမ့်မယ်။”
ကျူးကျူချင်းရဲ့ ပုခုံးကို ပုတ်ပေးပြီးနောက် ယွီရှောင်ကန်းဟာ လှည့်ထွက်သွားပြီး ရှောင်လုံ ရှိရာဆီ လျှောက်သွားပါတော့တယ်။
ယွီရှောင်ကန်း လှည့်ထွက်သွားတဲ့ ကျောပြင်ကို ကြည့်ရင်းနဲ့ သူမရဲ့ အပုတ်ခံလိုက်ရတဲ့ ပုခုံးလေးကို ပြန်ကိုင်ကာ ကျူးကျူချင်းရဲ့ မျက်ဝန်းထဲက ကြည်ညိုလေးစားမှုတွေဟာ လုံးဝ ဖုံးကွယ်လို့မရအောင် ပေါ်လွင်နေပါတယ်။
သူမက ဘိဘိတုန်ကို မသိမသာ တစ်ချက် လှမ်းကြည့်လိုက်မိပြီး... စိတ်ထဲမှာ အားကျမိတဲ့ ခံစားချက်တွေ နက်နက်ရှိုင်းရှိုင်း ဖြတ်သန်းသွားပါတယ်။
သူတို့အားလုံးဟာ အမျိုးသားတွေပဲ ဖြစ်ကြပေမဲ့... ဘာဖြစ်လို့ အချို့သူတွေကျတော့ အလွန် ထူးချွန်တဲ့ ပါရမီတွေ ရှိပါလျက်နဲ့ သူတို့ရဲ့ စေ့စပ်ထားသူကို ပစ်ပယ်ပြီး၊ အသက်အန္တရာယ်ကို ကြောက်လို့ ပဋိပက္ခတွေကြားထဲကနေ ထွက်ပြေး သွားကြတာလဲ
အခြားသူတွေကျတော့ ပါရမီ မကောင်းတာတောင်မှ ကံကြမ္မာကို ဆန့်ကျင်တဲ့ လမ်းစဉ် နဲ့ သူတို့ရဲ့ ဘဝကို ပြောင်းလဲပစ်နိုင်ကြတယ်။
နှစ်ယောက်လုံးက လူသားတွေပဲ ဖြစ်ကြပေမဲ့ ကွာခြားချက်ကတော့ တကယ်ကို ကြီးမားလွန်းလှပါတယ်။
“ကံကောင်းတာက... ငါ ဆရာနဲ့ တွေ့ဆုံခွင့်ရပြီး သူ့ရဲ့ တပည့်အဖြစ် အသိအမှတ်ပြု ခံခဲ့ရလို့ပဲ။”
ကျူးကျူချင်းတစ်ယောက် သူမကိုယ်သူမ အလွန် ကံကောင်းတယ်လို့ ခံစားမိနေပါတယ်။
အကယ်လို့သာ သူမကို ဆရာက တပည့်အဖြစ် ခေါ်မထားခဲ့ဘူးဆိုရင်... အတိတ်တုန်းက သူမကို ပစ်ပယ်ထွက်ပြေးသွားခဲ့တဲ့ အဲဒီလူကို ဘယ်လို စိတ်ဓာတ်မျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာ သူမ တကယ်ကို မတွေးရဲတော့ပါဘူး။