အခန်း (၃၃) မဟာဆရာသခင်ကြီး - ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်! ဆေးဆိုတာ စိတ်ကြိုက်လျှောက်သုံးလို့ရတဲ့ အရာမဟုတ်ဘူး!
အမှောင်ကမ္ဘာ၊ ရှရက်ခ် အကယ်ဒမီတွင်။
"သက်တမ်းတစ်သောင်းကျော် ဝေလငါးကော်တွေ... အများကြီးပဲ။ သွားရည်တောင် ကျမိတယ်။ ကောင်းကင်စီရင်ချက်ပေါ်က မဟာဆရာသခင်ကြီးကို တကယ်ပဲ အားကျမိတာပဲ။"
မာဟုန်ကျွင်း ဟာ ကောင်းကင်စီရင်ချက်ပေါ်က သက်တမ်းတစ်သောင်းကျော် ဝေလငါးကော်တွေ အပြည့်ထည့်ထားတဲ့ သေတ္တာကို ကြည့်ပြီး မနာလိုစိတ်တွေ တဖွားဖွား ပေါ်နေမိတယ်။
အခုအချိန်မှာ သက်တမ်းတစ်သောင်းကျော် နေနေသာသာ၊ သက်တမ်းတစ်ထောင်၊ နောက်ဆုံး သက်တမ်းတစ်ရာရှိတဲ့ ဝေလငါးကော်ကိုတောင် သူတို့ လက်လှမ်းမမှီနိုင်ကြဘူးလေ။
ဝေလငါးကော်က ဝိညာဉ်သခင်ရဲ့ ခန္ဓာကိုယ်ကို သန်မာစေပြီး သက်တမ်းရင့် ဝိညာဉ်ကွင်းတွေကို စုပ်ယူနိုင်စေမှန်း သိပေမဲ့လည်း သူတို့မှာ ရှာဖွေနိုင်မယ့် နည်းလမ်း မရှိပါဘူး။
သူ့ဘေးက ထန်စန်း ရဲ့ မျက်နှာအမူအရာကလည်း အုံ့မှိုင်းနေခဲ့တယ်။
ဝေလငါးကော်ရဲ့ အာနိသင်တွေ လူသိရှင်ကြား ဖြစ်သွားကတည်းက သူတို့ဟာ ဆောထိုမြို့ ထဲက ဆေးဆိုင်မှန်သမျှ အကုန်မွှေနှောက်ရှာဖွေခဲ့ပေမဲ့ သက်တမ်းတစ်ရာရှိတဲ့ ဝေလငါးကော် အပိုင်းအစလေး တစ်ခုတောင် ဝယ်လို့မရခဲ့ပါဘူး။
ဖလန်းဒါး ကိုယ်တိုင် ဝိညာဉ်ပူးကပ်ပြီး အနီးနားက မြို့တွေအထိ ပျံသန်းရှာဖွေခဲ့တာတောင် ရလဒ်ကတော့ အတူတူပါပဲ။
ဆေးဆိုင်ပိုင်ရှင်တွေက သူတို့အပေါ် အထင်သေးတဲ့ အကြည့်တွေနဲ့ ကြည့်ပြီး "ဝိညာဉ်နန်းတော် က ဝေလငါးကော် အရောင်းအဝယ်လုပ်တာကို ပိတ်ပင်ထားတယ်" လို့ ပြောလိုက်တဲ့ စကားကို ပြန်တွေးမိတိုင်း ထန်စန်းရဲ့ ရင်ထဲမှာ လူသတ်ချင်တဲ့ အငြိုးအတေးတွေ ဆူပွက်လာရတယ်။
သူ့အတွက် ဝေလငါးကော် ဝယ်မရအောင် တားဆီးပြီး သက်တမ်းရင့် ဝိညာဉ်ကွင်းတွေ မရအောင် ဖြတ်တောက်တာဟာ သူ့ရဲ့ ကြီးပွားတိုးတက်မယ့် လမ်းစဉ်ကို ဖျက်ဆီးတဲ့ ရန်ငြိုးပဲ မဟုတ်လား။
ဒါကြောင့် ဒီအချိန်မှာ ထန်စန်းရဲ့ စိတ်ထဲမှာတော့ ဝိညာဉ်နန်းတော်ဟာ အနာဂတ်မှာ သူ မုချခြေမှုန်းရမယ့် အင်အားစုတစ်ခု ဖြစ်လာခဲ့ပါတယ်။
အဲဒီဆေးဆိုင်ပိုင်ရှင်တွေဟာလည်း သေမင်းတမန်စာရင်းထဲကို ရောက်သွားခဲ့လေပြီ၊
"ဟွန်း... နောက်ပိုင်း ငါ ထန်ဂိုဏ်းကို တည်ထောင် ပြီးတာနဲ့ ဝိညာဉ်နန်းတော်လို ညစ်ပတ်ဆိုးသွမ်းတဲ့ အဖွဲ့အစည်းကို တစ်နေ့နေ့မှာ မုချ တန်ဖိုးကြီးကြီး ပြန်ပေးဆပ်စေရမယ်"
ဒိုလော်တိုက်ကြီးပေါ်မှာ ကိုယ်ပိုင် ထန်ဂိုဏ်း တည်ထောင်ဖို့ စိတ်ကူးရှိပြီးသားဖြစ်တဲ့ ထန်စန်းက စိတ်ထဲကနေ ကြုံးဝါးနေမိတယ်။
အဲဒီအချိန်ကျရင် ထန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က သူကိုယ်တိုင် ဖြစ်မှာဖြစ်ပြီး၊ သူ့ရဲ့ ဆရာကတော့ ထန်ဂိုဏ်းရဲ့ အကြီးအကဲအဖြစ် တာဝန်ယူနိုင်မှာပါ။
ဒီလိုတွေးရင်း ထန်စန်းက ဘေးနားက မဟာဆရာသခင်ကြီးကို လှမ်းကြည့်လိုက်တော့ မဟာဆရာသခင်ကြီးဟာ ကောင်းကင်စီရင်ချက်ကို ကြည့်ပြီး စိတ်လှုပ်ရှားနေတဲ့ မျက်နှာပေး ဖြစ်နေတာကို တွေ့လိုက်ရတယ်။
"ဆရာ... တစ်ခုခု ရှာဖွေတွေ့ရှိသွားတာလား။"
ထန်စန်းက မဟာဆရာသခင်ကြီး ဘေးကို လျှောက်သွားပြီး စူးစမ်းမိတယ်။
"အင် မဟုတ်ပါဘူး... ငါက ကောင်းကင်စီရင်ချက်ပေါ်က ယွီရှောင်ကန်းဟာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတယ်လို့ တွေးမိလို့ပါ။"
မဟာဆရာသခင်ကြီးက ထန်စန်းကို လှည့်ကြည့်ပြီး မျက်နှာထက်က အပြုံးနဲ့ ပြောလိုက်တယ်။
"အို... ဘာဖြစ်လို့လဲ ဆရာ။"
ထန်စန်းက စိတ်ဝင်တစား မေးလိုက်သလို၊ တခြားလူတွေကလည်း မဟာဆရာသခင်ကြီးကို ဝိုင်းကြည့်လာကြတယ်။
လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံလိုက်ရတော့ မဟာဆရာသခင်ကြီးဟာ သူ့ရဲ့ မူလ ပညာရှင် ပုံစံကို ပြန်ရရှိသွားသလို ခံစားလိုက်ရပြီး ခေါင်းကို မော့ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောပါတော့တယ်။
"မင်းတို့ သိထားရမှာက ဆေးဖက်ဝင်ပစ္စည်းတွေကို သုံးစွဲတဲ့ အခါမှာ မိမိနဲ့ အကိုက်ညီဆုံး အရာကိုပဲ ရွေးချယ်ရတာ။"
"အကယ်လို့ ဆေးရဲ့ အာနိသင်က ပြင်းထန်လွန်းရင် အကျိုးထက် အဆိုးက ပိုများတတ်တယ်။ ဥပမာဂျင်ဆင်း သက်တမ်းက အရမ်းရင့်သွားရင် အာဟာရဓာတ် လွန်ကဲပြီး လူကို ဒုက္ခပေးတတ်တာမျိုးပေါ့။"
မဟာဆရာသခင်ကြီးက ခါးကို ဆန့်လိုက်ပြီး ပညာရှိကြီးတစ်ဦးလို ပုံစံဖမ်းလိုက်တယ်။
"ဝေလငါးကော်လို အရာမျိုးကတော့ သက်တမ်းရွေးချယ်မှု မှားယွင်းသွားရင် အခြေအနေက ပိုပြီးတော့တောင် ပြင်းထန်လိမ့်မယ်။"
"စောစောက စမ်းသပ်ချက်ထဲမှာ အသားတွေ ပေါက်ကွဲပြီး သေသွားတဲ့ ဝက်တွေက အဲဒါရဲ့ သက်သေပဲ။"
"ပြီးတော့ အသက် ၉ နှစ်တောင် မပြည့်သေးတဲ့ ကလေးတစ်ယောက်က အစွန်းရောက် ယန်ဓာတ်ခံ အာဟာရဓာတ်တွေ ပါဝင်တဲ့ သက်တမ်းတစ်သောင်းကျော် ဝေလငါးကော်ကို တိုက်ရိုက် မှီဝဲမယ် ဟုတ်လား..."
"အကယ်လို့ သူသာ အာဟာရဓာတ် လွန်ကဲပြီး ခန္ဓာကိုယ် ပျက်စီးမသွားရင် ငါ့နာမည် 'ယွီရှောင်ကန်း' ကို နောက်ပြန် ပြန်ရေးပြမယ်"
မဟာဆရာသခင်ကြီးကတော့ အပိုင်တွက်ထားတဲ့ ပုံစံပါပဲ။ သူကိုယ်တိုင်က ယွီရှောင်ကန်း ဖြစ်နေတာပဲ၊ သူ အသက် ၉ နှစ်မပြည့်ခင်တုန်းက သူ့ရဲ့ ခန္ဓာကိုယ် အခြေအနေ ဘယ်လိုရှိလဲဆိုတာ သူ အသိဆုံး မဟုတ်လား။
ဒါကြောင့် ကောင်းကင်စီရင်ချက်ပေါ်က ယွီရှောင်ကန်းဟာ သက်တမ်းတစ်သောင်းကျော် ဝေလငါးကော်ရဲ့ အာနိသင်ကို ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ဘူးလို့ သူ ရဲရဲကြီး အာမခံနေခြင်း ဖြစ်တယ်။
"ဪ... ဒီလိုကိုး။"
ရှရက်ခ် အကယ်ဒမီက လူတွေကလည်း မဟာဆရာသခင်ကြီးရဲ့ သီအိုရီကို ကြားတော့ သဘောကျသွားကြတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီရှင်းပြချက်က သူတို့အခုထိ ကြားဖူးသမျှ မဟာဆရာသခင်ကြီးရဲ့ သီအိုရီတွေထဲမှာ အကျိုးအကြောင်း အရှိဆုံး ဖြစ်နေလို့ပါပဲ။
"ဟွန်း... ဘွဲ့အမည်ရ ဒိုလော် ဖြစ်လာနိုင်ရင်ကော ဘာဖြစ်လဲ။ ငယ်ငယ်တုန်းကတော့ လောဘကြီးပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့တာပဲကို။"
ဒိုင်မုပိုင်က နှာခေါင်းရှုံ့ပြီး သရော်စာ သဘောမျိုး ဝင်ပြောလိုက်တယ်။
အခုအချိန်မှာ မဟာဆရာသခင်ကြီးပြီးရင် ဒီဒိုလော်တိုက်ကြီးတစ်ခုလုံးမှာ ကောင်းကင်စီရင်ချက်ပေါ်က ယွီရှောင်ကန်းကို အမုန်းဆုံးလူက ဒိုင်မုပိုင် ဖြစ်လိမ့်မယ်။
ဘာပဲဖြစ်ဖြစ် အဲဒီလူကပဲ သူ့ကို အနက်ရှိုင်းဆုံး မျှော်လင့်ချက်မဲ့မှုတွေကို ပေးအပ်ခဲ့တာ မဟုတ်လား။
ဒါကြောင့် ဒီအချိန်မှာ သူဟာ ကောင်းကင်စီရင်ချက်ပေါ်က နဂါးနတ်ဘုရားဒိုလော် အရှက်ကွဲမယ့် အခန်းကို ကြည့်ဖို့ အသင့်ပြင်နေခဲ့ပြီ ဖြစ်တယ်။
ရှရက်ခ် အကယ်ဒမီက လူတွေအပြင်၊ တခြားသော ကမ္ဘာပေါ်က လူအချို့ကလည်း ဒီအချက်ကို တွေးမိကြပြီး ပွဲကြည့်ပရိသတ်တွေလိုမျိုး နောက်ဆက်တွဲ အခြေအနေကို စောင့်ကြည့်နေကြတော့တယ်။
လူတစ်ယောက်၊ အထူးသဖြင့် အစွမ်းထက်တဲ့ လူတစ်ယောက် အမှားအယွင်းဖြစ်ပြီး ဒုက္ခရောက်တာကို ကြည့်ရတာက လူတွေရဲ့ စူးစမ်းချင်စိတ်ကို အမြဲ ဆွပေးတတ်တာကိုး။
【ဗီဒီယိုက ဆက်သွားနေတယ်...】
【ဝေလငါးကော်ကို ရရှိပြီးတဲ့နောက် ယွီရှောင်ကန်းဟာ သူ့လက်ထဲမှာ အလေးချိန်ကို စမ်းကြည့်လိုက်တယ်၊ အဲဒါက သံတုံးတစ်တုံးလိုပဲ လေးလံနေခဲ့တယ်။】
【သူက ဝေလငါးကော်ကို နှာခေါင်းနား ကပ်ပြီး အနံ့ခံကြည့်လိုက်တယ်။ မပြင်းလှတဲ့ ညှီစို့စို့ အနံ့တစ်ခုက သူ့ဦးနှောက်ထဲ တိုးဝင်လာပြီး၊ အဲဒီညှီနံ့ရဲ့ နောက်မှာတော့ သင်းပျံ့တဲ့ အမွှေးနံ့လေး တစ်ခု ကိန်းအောင်းနေခဲ့တယ်။】
【"အနံ့က တကယ်ပဲ အတော်လေး မွှေးတာပဲ။"】
【ယွီရှောင်ကန်းက ရင်ထဲကနေ ရေရွတ်လိုက်ပြီးနောက် ယွီယွမ်ကျန့်ကို လှမ်းကြည့်လိုက်တယ်။】
【"အဖေ... သား ဝေလငါးကော်ကို သန့်စင်မှီဝဲတဲ့ အခါကျရင် အဖေ့ကိုပဲ အားကိုးရတော့မယ်နော်။"】
【"စိတ်မပူပါနဲ့၊ ဘယ်သူ့ကိုမှ မင်းကို လာနှောင့်ယှက်ခွင့် မပေးစေရဘူး။"】
【ယွီယွမ်ကျန့်က ခေါင်းငြိမ့်ပြတယ်။】
【"...အဖေ၊ ဂိုဏ်းထဲမှာ ပထမဝိညာဉ်ကွင်းတောင် မရသေးတဲ့လူကို သက်တမ်းတစ်သောင်းကျော် ဝေလငါးကော် သန့်စင်ခိုင်းဖို့ တစ်ခါမှ စမ်းသပ်မကြည့်ဖူးသေးဘူး မဟုတ်လား။"】
【ယွီယွမ်ကျန့်ရဲ့ စကားကို ကြားပြီး၊ သူက ဘာပြင်ဆင်မှုမှ လုပ်မထားတဲ့ ပုံစံကို မြင်တော့ ယွီရှောင်ကန်း ခဏလောက် တိတ်ဆိတ်သွားပြီးမှ စိတ်ပျက်လက်ပျက်နဲ့ မေးလိုက်တယ်။】
【"ဒါပေါ့... မစမ်းဖူးဘူးလေ။ သက်တမ်းတစ်သောင်း ကျော် ဝေလငါးကော်ဆိုတာ ရှားပါးလွန်းလို့ ပထမဝိညာဉ်ကွင်းတောင် မရသေးတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုလုပ် ပေးမလဲ။"】
【"ဂိုဏ်းရဲ့ အစီအစဉ်အရဆိုရင် ဂိုဏ်းသားတစ် ယောက်က ပထမဝိညာဉ်ကွင်း မရခင် သက်တမ်းတစ် သောင်းကျော် ဝေလငါးကော်ကို သုံးချင်ရင် သူ့ရဲ့ မွေးရာပါဝိညာဉ်စွမ်းအားက အနည်းဆုံး အဆင့် ၈ ဒါမှမဟုတ် အဲဒီထက် မြင့်ရမယ်။"】
【ယွီယွမ်ကျန့်က ဒါဟာ သဘာဝကျပါတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောလိုက်ပေမဲ့ မကြာခင်မှာပဲ သူ ရုတ်တရက် သဘောပေါက်သွားခဲ့တယ်။】
【"ရှောင်ကန်း... မင်းပြောချင်တာက..."】
【"အဖေ ထင်တဲ့အတိုင်းပါပဲ။ အကယ်လို့ သားသာ သက်တမ်းတစ်သောင်းကျော် ဝေလငါးကော်ကို ဒီအတိုင်း သုံးလိုက်ရင် မုချပဲ အာဟာရဓာတ် လွန်ကဲပြီး ဒုက္ခရောက်လိမ့်မယ်။"】
【ယွီရှောင်ကန်းက သက်ပြင်းချရင်း ယွီယွမ်ကျန့်ကို ဆွံ့အစွာ ကြည့်လိုက်မိတယ်။ သူ ရှာဖွေတွေ့ရှိခဲ့တာ ကြာပါပြီ၊ ဒိုလော်တိုက်ကြီးပေါ်က လူတွေက ဘယ်အရာကိုမဆို နက်နက်နဲနဲ တွေးတောလေ့ မရှိကြဘူး။】
【ကိစ္စအတော်များများကို သူတို့က မျက်နှာပြင်ပေါ်က အချက်အလက်တွေကိုပဲ ကြည့်ပြီး ဆုံးဖြတ်တတ်ကြတာ။】
【အကျိုးဆက်အနေနဲ့ကတော့ အတွင်းပိုင်းမှာ ဝှက်ဖုံးနေတဲ့ အချက်အလက်တွေကို မကြာခဏဆိုသလို လျစ်လျူရှုမိသွားတတ်ကြတယ်။】
【"အခု သားက အသက် ၈ နှစ်ကျော်ပဲ ရှိသေးတဲ့ ကလေးပဲ။ သက်တမ်းတစ်ထောင် ဝေလငါးကော်ကို သုံးရင်တော့ အဆင်ပြေနိုင်ပေမဲ့ သက်တမ်းတစ်သောင်းကျော် ဝေလငါးကော်ရဲ့ အာနိသင်ကိုတော့ ခန္ဓာကိုယ်က လုံးဝ တောင့်ခံနိုင်မှာ မဟုတ်ဘူး။"】
【"စမ်းသပ်ချက်တုန်းက အသက်ခံလိုက်ရတဲ့ ဝက်တွေကလည်း ဒီလိုပဲ အာဟာရဓာတ် လွန်ကဲလို့ သေသွားကြတာ မဟုတ်လား။"】
【ယွီရှောင်ကန်းရဲ့ စကားကို ကြားမှပဲ ယွီယွမ်ကျန့်ရဲ့ ကျောပြင်မှာ ချွေးစေးတွေ ပြန်လာခဲ့တော့တယ်။ အဲဒီတော့မှပဲ သူတို့တွေ ဝေလငါးကော်နဲ့ ပတ်သက်ပြီး အချက်အလက်တွေ အများကြီး လျစ်လျူရှုမိခဲ့မှန်း သတိပြုမိသွားတော့တာ။】
【"ဒါဆိုရင် ရှောင်ကန်း... မင်းက သက်တမ်းတစ်သောင်းကျော် ဝေလငါးကော်ကိုပဲ သုံးချင်သေးတယ်ဆိုတော့ စွန့်စားရတာ အရမ်းမများလွန်းဘူးလား။"】
【ယွီယွမ်ကျန့်က စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။】
【"ဒါကြောင့်မို့လို့ သားကို ကူညီပေးဖို့ အဖေ့ကို အားကိုးရမယ်လို့ ပြောတာပေါ့။"】
【ယွီရှောင်ကန်းက လက်ကို နဖူးပေါ်တင်လိုက်မိတယ်။ လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ဒီလိုမျိုး ပြန်မေးနေတာ တကယ်ပဲ အဆင်ပြေရဲ့လား။】
【"အဖေက အင်အားကြီးမားတဲ့ ဘွဲ့အမည်ရ ဒိုလော် တစ်ယောက်ပဲလေ။"】
【"အဖေ ကိုယ်တိုင် လက်လှမ်းကူညီပြီး အဖေရဲ့ ဝိညာဉ်စွမ်းအားကို သုံးကာ သားရဲ့ ခန္ဓာကိုယ်ထဲက သွေးကြောတွေကို ကာကွယ်ပေးမယ်၊ ပြီးတော့ ဝေလငါးကော်ရဲ့ ဆေးအာနိသင်တွေကို သန့်စင်ဖို့ ကူညီပေးမယ်ဆိုရင်..."】
【"ဒီနည်းလမ်းနဲ့ဆိုရင် ဘာပြဿနာမှ တက်စရာ အကြောင်းမရှိတော့ဘူး မဟုတ်လား။"】
【ယွီရှောင်ကန်းက သူ ကြိုတင် စဉ်းစားထားခဲ့တဲ့ နည်းလမ်းကို ပြောပြလိုက်တယ်။】
【ဝိညာဉ်သခင်တစ်ယောက်အတွက် တစ်ကိုယ်လုံးက သွေးကြောတွေက အရေးကြီးဆုံး အရာတွေ ဖြစ်ပြီး၊ ဝိညာဉ်စွမ်းအား လည်ပတ်မှုတွေက သွေးကြောတွေထဲမှာပဲ ရှိနေတာ။】
【သွေးကြောတွေသာ ထိခိုက်ဒဏ်ရာ မရဘူးဆိုရင် ခန္ဓာကိုယ် ဒဏ်ရာရတာ ဒါမှမဟုတ် မသန်မစွမ်းဖြစ်သွားတာမျိုး ရှိရင်တောင် ဒိုလော်တိုက်ကြီးပေါ်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ကုသနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေလို့ ရနိုင်ပါသေးတယ်။】
【ဒါကြောင့် သူ့ဖခင်က ရှေ့ထွက်ပြီး သွေးကြောတွေကို ကာကွယ်ပေးထားသရွေ့ ယွီရှောင်ကန်းဟာ သက်တမ်းတစ်သောင်းကျော် ဝေလငါးကော်ကို ဘေးကင်းကင်းနဲ့ သန့်စင်မှီဝဲနိုင်မှာ ဖြစ်တယ်။】
【ကြွက်သားတွေနဲ့ အရိုးတွေက ဆေးအာနိသင်ကြောင့် ဒဏ်ရာရခဲ့ရင်တောင် နောက်ပိုင်းမှပဲ ဆေးဝါးတွေနဲ့ ပြန်လည် ပြုစုပျိုးထောင်ယူလို့ ရတာကိုး။】
【ဒါကလည်း သူ့မှာ ဘွဲ့အမည်ရ ဒိုလော် ဖခင်တစ်ယောက် ရှိနေလို့သာ ဖြစ်နိုင်တာပါ၊ မဟုတ်ရင်တော့ ယွီရှောင်ကန်းအနေနဲ့ သက်တမ်းတစ်ထောင် ဝေလငါးကော်ကိုပဲ လိမ္မာပါးနပ်စွာနဲ့ မှီဝဲခဲ့ရမှာ အသေအချာပဲ...】
【 ပြန်တွေးကြည့်ရင်လည်း သူ့မှာ ဖခင်သာ မရှိရင် ဝေလငါးကော်ရဲ့ အာနိသင်တွေကို သိခွင့်ရမယ့် အခွင့်အရေးကော ဘယ်ကနေ ရလာပါ့မလဲ။】
【အဆုံးသတ်မှာတော့ ဝေလငါးကော် ဒါမှမဟုတ် ဗဟုသုတတွေက သူ့ရဲ့ ကံကြမ္မာကို ဆန့်ကျင်ပြောင်းလဲပစ်မယ့် စစ်မှန်တဲ့ အရင်းအနှီးတွေ မဟုတ်ပါဘူး။】
【သူ့ကို ကံကြမ္မာ ဆန့်ကျင်ပြောင်းလဲဖို့အတွက် စစ်မှန်တဲ့ အရင်းအနှီးကို ပေးစွမ်းနိုင်ခဲ့တာကတော့ ဘွဲ့အမည်ရ ဒိုလော် အဆင့်အထိ အင်အားကြီးမားတဲ့ သူ့ရဲ့ ဖခင် ယွီယွမ်ကျန့် ပဲ ဖြစ်နေခဲ့တာပါ။】
【ဒါပေါ့... ဖခင်ရဲ့ အဆင့်အတန်းကနေ ရလာတဲ့ အဆင်ပြေမှုတွေကို အမိအရ အသုံးချနိုင်တာကလည်း ယွီရှောင်ကန်း ကိုယ်တိုင်ရဲ့ စွမ်းရည်ပဲ ဖြစ်တယ်။】
【တခြားလူသာဆိုရင် ဘွဲ့အမည်ရ ဒိုလော် ဖခင်တစ်ယောက် ရှိနေရင်တောင် ဒီလိုမျိုး ကိစ္စတွေကို ပြီးမြောက်အောင် လုပ်နိုင်ချင်မှ လုပ်နိုင်မှာလေ။】