အခန်း ၃ - မဟာဆရာသခင်ကြီး ယွီရှောင်ကန်း၏ အသက်ခြောက်နှစ်မတိုင်မီ ဘဝဇာတ်ကြောင်း
ယွီရှောင်ကန်း အပြင် သူ့အခြေအနေကို သိသူများ ဖြစ်သော အပြာရောင်လျှပ်စီး နဂါးဂိုဏ်းချုပ်ဖြစ်သူ ဖခင် ယွီယွမ်ကျန့် အပါအဝင် ဘယ်သူမဆို နှိုင်းယှဉ်ပြသခံနေရသည့် ဇာတ်ကောင်ကို ကြည့်ပြီး မယုံကြည်နိုင်သည့် အမူအရာများပေါ်လာကြသည်။ထိုဘွဲ့အမည်က သူတို့ကို ပေးစွမ်းလိုက်သည့် ရိုက်ခတ်မှုမှာ ပြင်းထန်လှသည်။ သူတို့ ကောင်းကောင်းသိထားသော အမှိုက်က အခြားကမ္ဘာတွင် ‘ဘွဲ့အမည်ရဒိုလော်’ တစ်ဦး ဖြစ်လာသည်မှာ သူတို့နှစ်ဦးကြားရှိ ကွာဟချက်ကို မိုးနဲ့မြေလို ကွာခြားသည်ဟု တင်စားလျှင်ပင် လွန်မည်မထင်ချေ။ ထို့ကြောင့် ကောင်းကင်စီရင်ချက်မျက်နှာပြင်က ဗီဒီယိုကို မပြသသေးသော်လည်း လူတိုင်းက ထိုနဂါးနတ်ဘုရားဒိုလော် ယွီရှောင်ကန်းက ကံကြမ္မာကို မည်သို့ ဆန့်ကျင်ပြောင်းလဲခဲ့သည်ကို စိတ်လှုပ်ရှားစွာ မျှော်လင့်စောင့်စားနေကြသည်။ မကြာမီပင် ရုပ်ပုံဲပြမီဗီဒီယိုများ စတင်ပြလာတော့သည်။
【ယခု... မဟာဆရာသခင်ကြီး ယွီရှောင်ကန်း၏ အကြောင်းကိုစတင် ပြသနေပါပြီ။】
【အပြာရောင်လျှပ်စီး နဂါးဂိုဏ်းအတွင်းရှိ အိမ်ရာဝင်းတစ်ခု၊】
【"ဝါး..."】
【ငိုညည်းသံနှင့်အတူ မွေးကင်းစကလေးငယ်တစ်ဦးသည် ဒိုလော်တိုက်ကြီးသို့ ရောက်ရှိလာခဲ့သည်။ သူ၏ဖခင် ယွီယွမ်ကျန့်က စိတ်လှုပ်ရှားနေသော နှလုံးသားဖြင့်ကလေးငယ်ကို ယွီရှောင်ကန်း ဟု အမည်ပေးခဲ့သည်။】
【အပြာရောင်လျှပ်စီး နဂါးဂိုဏ်းချုပ်သားဖြစ်သလို ဂိုဏ်း၏ တစ်ဦးတည်းသော ဘွဲ့အမည်ရဒိုလော်၏ သားဖြစ်သော ယွီရှောင်ကန်းသည် မွေးဖွားလာသော အချိန်ကစပြီး ဂိုဏ်းအတွင်းရှိ လူတိုင်း မျှော်လင့်ချက်ထားခြင်းကို ခံခဲ့ရသည်။】
【အကြီးအကဲများက ယွီရှောင်ကန်းကို မြင်လျှင် ကြင်နာယုယကြပြီး၊ ဂိုဏ်း၏ စွမ်းအားရှင်များက ရိုသေကြကာ၊ မျိုးဆက်သစ်လူငယ်များကလည်း သူ့ကို အမြဲတမ်း မျက်နှာလိုမျက်နှာရ လုပ်ကြသည်။ အဲဒီအချိန်က ယွီရှောင်ကန်းသည် အပြာရောင်လျှပ်စီး နဂါးဂိုဏ်း၏ ဗဟိုချက်မအ ဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။】
ဗီဒီယိုထဲတွင် အကြီးအကဲများက သူ့အပေါ် ကြင်နာပြနေကြပြီး၊ ဂိုဏ်းတွင်းရှိ စွမ်းအားရှင်များက ရိုသေနေကြကာ လူငယ်များက ဖားနေကြခြင်းတို့ကို ကြည့်ရင်း ယွီရှောင်ကန်းသည် မျက်လုံးများ နီမြန်းလျက် သူ့လက်သီးများကို တင်းတင်းဆုပ်ထားမိသည်။ ထိုသို့သော ပုံရိပ်များထက် ပိုပြီး နက်နက်ရှိုင်းရှိုင်း လှောင်ပြောင်သရော်နိုင်မည့်အရာ ရှိနိုင်မလဲ။ ဘာလို့လဲဆိုတော့ ဗီဒီယိုထဲတွင် အပြာရောင်လျှပ်စီး နဂါးဂိုဏ်းတစ်ခုလုံး၏ ချစ်ခင်မှုကို ခံနေရသော ကောင်လေးက အနာဂတ်တွင် ဘာဖြစ်လာမလဲကို ဒိုလော်တိုက်ကြီးရှိ လူတိုင်း သိနေကြသောကြောင့် ဖြစ်သည်။ သူ့ဘေးတွင်ရှိသော ထန်စန်းက ယွီရှောင်ကန်း၏ တုန်ရင်နေသော ခန္ဓာကိုယ်ကို ကြည့်ကာ ကောင်းကင်စီရင်ချက်မျက်နှာပြင်ကို အေးစက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း - "ဒီနောက်ကွယ်မှာ ဘယ်လိုစွမ်းအားရှင်ပဲ ရှိနေရှိနေ... မင်းကတော့ သေကြောင်းကြံစည်ဖို့ လမ်းစရှာနေပြီပဲ။" 【လူတိုင်း၏ အလိုလိုက်ခြင်းနှင့် ချစ်ခင်ခြင်းကို ခံရသော ယွီရှောင်ကန်းက မာနထောင်လွှားသော စိတ်နေသဘောထား ရှိလာခဲ့သည်။】
【သူက အကြီးအကဲများ၏ ကြင်နာမှုကို ထိုက်တန်သည်ဟု ထင်မှတ်ကာ၊ ဝိညာဉ်နိုးထခြင်း မလုပ်ရသေးခင် ဂိုဏ်းတွင်းစွမ်းအားရှင်များ၏ ရိုသေမှုကို အားမနာတမ်း လက်ခံခဲ့သည်။】
【သူ့ကို မျက်နှာလိုမျက်နှာရ လုပ်ချင်ကြသော လူငယ်များကို သူက တိုက်ရိုက်ပင် အထင်သေးကြောင်း ပြသခဲ့သည်။】
【သူ့အမြင်တွင် သူက ဘွဲ့အမည်ရဒိုလော်တစ်ဦး၏ သားဖြစ်ပြီး အနာဂတ်တွင် ဂိုဏ်း၏ ထိပ်တန်းစွမ်းအားရှင်တစ်ဦး ဖြစ်လာကာ ဒိုလော်တိုက်ကြီးတစ်ခုလုံးတွင် နာမည်ကျော်ကြားလာမည်မှာ သေချာသည်။ ဒါကြောင့် သူနှင့် မိတ်ဆွေဖြစ်နိုင်မည့်သူမှာ ပါရမီရှင်များသာ ဖြစ်ရမည်။]
【ထို့ကြောင့် သူ့ကို ဖားချင်ကြသူများထဲ မွေးရာပါဝိညာဉ်စွမ်းအား အဆင့် ၇ အောက် ရှိသူများကို သူက လှည့်ပင်မကြည့်ခဲ့ပေ။】
သူ့ကို မျက်နှာချိုသွေးနေသူများအပေါ် ယွီရှောင်ကန်းရဲ့ ဆက်ဆံပုံကို မြင်လိုက်သောအခါ ဒိုလော်တိုက်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ "အမလေးဗျာ... မွေးရာပါဝိညာဉ်စွမ်းအား အဆင့် ၇ အောက်ရှိရင် လှည့်တောင်မကြည့်ဘူးတဲ့။ ဒါဆို အဆင့် ၂ တို့ ၃ တို့ပဲရှိတဲ့ ငါတို့လိုလူတွေက သူ့ရှေ့မှာ ပေါ်လာဖို့တောင် မတန်ဘူးပေါ့" "သူက ဘွဲ့အမည်ရဒိုလော်ရဲ့ သားကိုးဟ၊ မင်းမှာသာ အဲလိုအဖေမျိုးရှိရင် မင်းက သူ့ထက်တောင် မာနကြီးဦးမှာပဲ။" "ဖူး... ရယ်စရာပဲ။ ဒီကောင်ကို ငါသိတယ်၊ သူက အဆင့် ၃၀ ကို မကျော်နိုင်ဘဲ အဆင့် ၂၉ မှာ ရှိနေတဲ့ အမှိုက်လေ။ ဘယ်လို ရဲတင်းမှုနဲ့ ဒီစောက်ချိုးကြီးဖြစ်နေလဲ မသိဘူး။" "အဆင့် ၃၀ ကို မကျော်နိုင်ဘူး ဟုတ်လား၊ ဘယ်လို ဖြစ်နိုင်မှာလဲ။ သူ့အဖေက ဘွဲ့အမည်ရဒိုလော်လေ။" "အဖေက ဘွဲ့အမည်ရဒိုလော်ဖြစ်လည်း ဘာဖြစ်လဲ။ ဝိညာဉ်နိုးထခြင်းက မင်း ဘွဲ့အမည်ရဒိုလော်ရဲ့ သားဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဂရုမှမစိုက်တာ။" "ဟိဟိ... စိတ်ဝင်စားဖို့ကောင်းတယ်။ အခုတောင် ဒီလောက် မာနကြီးနေပြီး၊ ဝိညာဉ်နိုးထပြီးတဲ့နောက်ကျရင် သူအထင်သေးခဲ့တဲ့သူတွေရဲ့ လှောင်ပြောင်တာကို ခံရပြီး သေမတတ် ဖြစ်သွားမှာမဟုတ်ဘူးလား။"
"..."
【ဂိုဏ်းသားများက မိမိတို့အပေါ် ယွီရှောင်ကန်းရဲ့ ဆက်ဆံပုံကို မြင်ပြီး၊ အချို့က မကျေနပ်ဖြစ်ကြသော်လည်း ယွီယွမ်ကျန့်ကြောင့် နောက်ဆုံးတွင် ဘာမှမပြောဘဲ နေခဲ့ကြသည်။】
【သူ စာသင်ရမည့် အရွယ်သို့ ရောက်သောအခါ ဖခင်ဖြစ်သူ ယွီယွမ်ကျန့်၏ စီစဉ်မှုဖြင့် ယွီရှောင်ကန်းသည် ဝိညာဉ်သခင်များနှင့် သက်ဆိုင်သော ဗဟုသုတများကို စတင်လေ့လာခဲ့သည်။】
【ယွီရှောင်ကန်းသည် ထိုဗဟုသုတများကို အလွန်စိတ်ဝင်စားပြီး အထူးသဖြင့် ဝိညာဉ်များနှင့် ဝိညာဉ်ကွင်းများအကြောင်းကို တွေ့သောအခါ သူ၏ နက်နက်ရှိုင်းရှိုင်း တွေးတောမှုများကို မကြာမကြာ ဖြစ်ပေါ်စေခဲ့သည်။】
【"ဘာဖြစ်လို့ ဂိုဏ်းရဲ့ အပြာရောင်လျှပ်စီး နဂါးဝိညာဉ်က ဒီလိုသတ်မှတ်ထားတဲ့ ဝိညာဉ်ကွင်းအမျိုးအစားကိုပဲ သုံးရတာလဲ၊ အခြား ဝိညာဉ်သားရဲတွေရဲ့ ဝိညာဉ်ကွင်းတွေနဲ့ လဲလှယ်လိုက်ရင် ပိုကောင်းမသွားဘူးလား။"】
【ယွီရှောင်ကန်းရဲ့ မေးခွန်းများကြောင့် ယွီယွမ်ကျန့်မှာ ရယ်ရမလို ငိုရမလို ဖြစ်ခဲ့သည်။ အပြာရောင်လျှပ်စီး နဂါးဝိညာဉ်အတွက် ဝိညာဉ်ကွင်းတွဲဖက်မှုဆိုတာ ဂိုဏ်း၏ နှစ်ပေါင်းများစွာ စုဆောင်းမှုများနှင့် လူအများအပြား ကြိုးပမ်းအားထုတ်မှုများမှ ရရှိလာသော အကောင်းဆုံး အတွဲအစပ် ဖြစ်သည်။】 【ထိုဝိညာဉ်ကွင်း အချိုးအစားအပေါ် အခြေခံပြီး သူတို့ရဲ့ အပြာရောင်လျှပ်စီး နဂါးဂိုဏ်းက စွမ်းအားရှင်များကို တည်ငြိမ်စွာ မွေးထုတ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒါက ဂိုဏ်းတစ်ခု၏ အခြေခံအုပ်မြစ်အားသာချက်ပင် ဖြစ်သည်။】
【နောက်ခံမရှိသော လေလွင့်ဝိညာဉ်သခင်များအတွက်မူ၊ သူတို့တွင် ကျွမ်းကျင်သော လမ်းညွှန်ချက်မရှိပါက ဝိညာဉ်ကွင်းရရှိမှုမှာ ကံတရားအပေါ်တွင်သာ မူတည်နေပြီး၊ သူတို့ ဘယ်လိုဝိညာဉ်စွမ်းရည်မျိုး ရလာမလဲဆိုတာကို သူတို့ကိုယ်တိုင်ပင် မသိကြပေ။】 【ပါရမီ အသင့်အတင့် ရှိသော်လည်း ထိုအကြောင်းပြချက်ကြောင့် နောက်ဆုံးတွင် ကြီးကြီးမားမား မအောင်မြင်ဘဲ ကျရှုံးသွားခဲ့ရသော ဝိညာဉ်သခင်များစွာ ရှိခဲ့သည်။]
【သူ့သား၏ ဝေဝေဝါးဝါး မျက်နှာထားကို ကြည့်ပြီး ယွီယွမ်ကျန့်က ပြုံးရုံသာပြုံးကာ အသေးစိတ် ရှင်းမပြဘဲ ကျော်ခဲ့သည်။】
【သူ့အမြင်တွင် ယွီရှောင်ကန်းက သူ့သားဖြစ်သဖြင့် သူကိုယ်တိုင် အနီးကပ် ကြီးကြပ်ပေးမည်ဖြစ်သည်။ ဝိညာဉ်ကွင်းများကို မှားယွင်းရွေးချယ်မိပြီး သန်မာလာမည့် လမ်းကြောင်းကို နှောင့်နှေးစေခဲ့သော ထိုလေလွင့်ဝိညာဉ်သခင်များကဲ့သို့ ဖြစ်လာမည် မဟုတ်ပေ။】
"အခု နားလည်ပြီလား ရှောင်စန်း ဒါမို့လို့ မင်း ဝိညာဉ်ကွင်းတွေ ရှာဖွေတဲ့အခါ မင်းရဲ့ဆရာပြောတာကို ပိုနားထောင်ပါလို့ ပြောခဲ့တာ။"
"အတွေ့အကြုံ ရှိတဲ့သူကပဲ မင်းရဲ့အနာဂတ်လမ်းကြောင်းကို စီစဉ်ပေးနိုင်ပြီး လမ်းမှားမရောက်အောင် တားဆီးပေးနိုင်တာ။" "ဝိညာဉ်ကွင်း ရယူခြင်းကို ဘယ်တော့မှ အထင်မသေးနဲ့။ အဲဒါက မင်းရဲ့အနာဂတ်နဲ့ မင်းရဲ့တစ်ဘဝလုံးနဲ့ သက်ဆိုင်တာမို့ အဲဒီနေရာမှာ အမှားတစ်ခုလေးတောင် အဖြစ်မခံနိုင်ဘူး။" ယွီရှောင်ကန်းက ကောင်းကင်စီရင်ချက်မျက်နှာပြင်ပေါ်ရှိ သူ၏ဖခင်ပြုံးနေသည်ကို ကြည့်ကာ နှလုံးသားထဲမှ မကျေနပ်ချက်များကို ဖိနှိပ်ရင်း ထန်စန်းကို လှည့်၍ ဆုံးမဩဝါဒ ပေးလိုက်သည်။ အခြားတစ်ဖက်တွင်မူ၊ ဝိညာဉ်နန်းတော်၏ အဓိကခန်းမအတွင်းတွင်ဖြစ်သည်။ ဘိဘိတုန်က ကောင်းကင်စီရင်ချက်မျက်နှာပြင်ပေါ်ရှိ ငယ်ရွယ်သော ယွီရှောင်ကန်းကို ကြည့်ကာ သူမ၏ မျက်နှာအမူအရာမှာ တစ်ချက် ငေးမောသွားသည်။ "ဒါဆို မင်းက ငယ်ငယ်လေးကတည်းက ဝိညာဉ်တွေအပေါ် သုတေသနပြုဖို့ စတင်နေခဲ့တာပေါ့။" "နှမြောစရာကတော့ ဒိုလော်တိုက်ကြီးတစ်ခုလုံးက မျက်စိကန်းနေတဲ့ လူမိုက်တွေနဲ့ပဲ ပြည့်နှက်နေတာပါပဲ။" ဘိဘိတုန်သည် လွန်ခဲ့သော နှစ်များစွာက ဝိညာဉ်နန်းတော်၏ စာကြည့်တိုက်မှာ လာရောက်လေ့လာခဲ့ဖူးသော ယွီရှောင်ကန်းကို ပြန်လည်အမှတ်ရမိပြီး သူမ နှလုံးသားထဲတွင် သူ့အပေါ် တမ်းတမှုများ နက်နက်ရှိုင်းရှိုင်း ထွက်လာခဲ့သည်။ အပြာရောင်လျှပ်စီး နဂါးဂိုဏ်း၏ ဂိုဏ်းချုပ်အခန်းအတွင်းတွင်လည်း ယွီယွမ်ကျန့်က ကောင်းကင်စီရင်ချက်မျက်နှာပြင်ပေါ်ရှိ ငယ်ရွယ်သော ယွီရှောင်ကန်းကို ကြည့်ပြီး မတတ်သာသော စိတ်ပျက်အားလျော့မှုကို ခံစားနေရသည်။ သူက ယွီရှောင်ကန်းအတွက် လမ်းကြောင်းကို ပုံဖော်ပေးခဲ့သော်လည်း ကံဆိုးစွာဖြင့် အဲဒီကောင်လေး၏ ဝိညာဉ်ကြောင့် အားလုံး အချည်းနှီး ဖြစ်ခဲ့ရသည်။ ဒါကြောင့် ယွီယွမ်ကျန့်က သူ့သားနှင့် နှိုင်းယှဉ်ပြသခံနေရသည့် နဂါးနတ်ဘုရားဒိုလော် ယွီရှောင်ကန်း၏ အခြေအနေကို ပိုမို စူးစမ်းချင်စိတ် ဖြစ်နေသည်။ "ထပ်တူကျတဲ့ ဒိုလော်တိုက်ကြီးတစ်ခုဖြစ်ကာ လူတစ်ယောက်ရဲ့ ရွေးချယ်မှုကြောင့် အရာအားလုံးက ကြီးကြီးမားမား ပြောင်းလဲသွားရတယ်ပေါ့။" "ဒါဆို... ဘယ်လိုရွေးချယ်မှုကများ ရှောင်ကန်းကို ဘွဲ့အမည်ရဒိုလော် ဖြစ်လာစေခဲ့တာလဲ။" ယွီယွမ်ကျန့် စူးစမ်းချင်နေသည်။ အမှန်တော့ သူ့အတွေးမှာ စောစောက ထန်စန်း၏ အတွေးနှင့် ဆင်တူနေသည်။ သူ ဒါမှမဟုတ် သူ့ဇနီးထံမှ လွှမ်းမိုးမှုတစ်ခုခုကြောင့် အပြိုင်ကမ္ဘာရှိ ယွီရှောင်ကန်းကို ပိုမိုမြင့်မားသော မွေးရာပါဝိညာဉ်စွမ်းအား ရရှိစေခဲ့ပြီး ထိုသို့သော ကြီးမားသည့် ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့တာဟု သူ ယူဆထားသည်။ အကယ်၍ ယွီရှောင်ကန်း၏ မွေးရာပါဝိညာဉ်စွမ်းအားက ပြောင်းလဲမသွားခဲ့လျှင်၊ သူ့သားကို ဘွဲ့အမည်ရဒိုလော်ဖြစ်အောင် ကံကြမ္မာကို ဆန့်ကျင်ပြီးပို့ဆောင်နိုင်သော ရွေးချယ်မှုမျိုး ရှိနိုင်မလဲဆိုတာကို ယွီယွမ်ကျန့် စိတ်ကူးပင် မယဉ်ရဲတော့ပေ။ ဗီဒီယိုက ဆက်လက်ပြသနေသည်။ 【မကြာမီမှာပင် ယွီရှောင်ကန်းက အသက်ခြောက်နှစ်အရွယ်သို့ ရောက်ရှိလာခဲ့ပြီး၊ သူက ဝိညာဉ်နိုးထခြင်းကို စတင်ခံယူတော့မည် ဖြစ်သည်...】