အခန်း (၂၉) သီးခြားခွဲထွက်နိုင်သော သားရဲဝိညာဉ် ရဲ့ စစ်မှန်တဲ့ အသုံးဝင်ပုံ
【ကံကြမ္မာကို ဆန့်ကျင်ပြီး မိမိဘဝကို ပြောင်းလဲပစ်မယ့် နည်းလမ်းကို ဖြေရှင်းနိုင် ပြီဆိုတော့ နောက်ထပ် လုပ်ဆောင်ရမယ့် အဆင့်ကတော့ ကျင့်ကြံခြင်း လမ်းစဉ်ပဲ ဖြစ်တယ်။】
【ဘာပဲဖြစ်ဖြစ် စိတ်ကူးစိတ်သန်းတွေ ဘယ်လောက်ပဲ ကောင်းကောင်း၊ ကိုယ်တိုင်ရဲ့ ကျင့်စဉ်အဆင့် တိုးတက်လာဖို့က အဓိက မဟုတ်လား။】
【ဒါကြောင့် ယွီရှောင်ကန်း ရဲ့ နေ့စဉ်ဘဝဟာ ကျင့်ကြံလိုက်၊ လေ့လာလိုက်၊ သုတေသနလုပ်လိုက်နဲ့ပဲ တစ်ဖန် ပြန်လည် လည်ပတ်လာခဲ့ပြန်တယ်။】
【ဒီအတောအတွင်းမှာတော့ အကြီးအကဲများ ကလည်း သူတို့ကတိအတိုင်း တည်ကြပါတယ်။ ဝိညာဉ်ဒိုလော် တစ်ယောက်ရမယ့် ခံစားခွင့်မျိုး ပေးမယ်လို့ ကတိပြု ထားတဲ့အတိုင်း နောက်တစ်နေ့မှာပဲ အရင်းအမြစ် တွေကို တိုက်ရိုက် ပေးပို့ကြတယ်။】
【သူတို့ဟာ ယွီရှောင်ကန်း ကို စိုးရိမ်ပူပန်စရာ လုံးဝ မရှိစေဘူး။】
【နောက်နေ့ နံနက်ခင်းတစ်ခုမှာ ယွီရှောင်ကန်းဟာ အိပ်ရာကနေ စောစောထပြီး ဂိုဏ်းရဲ့ နောက်ဘက်တောင်ကုန်း ထိပ်ကို ထွက်လာခဲ့တယ်။ အသစ်စက်စက် ထွက်ပြူလာတဲ့ နေရောင်ခြည်ကို ခံယူရင်း၊ သူဟာ ဝိညာဉ်စွမ်းအား တွေကို သန့်စင်ဖို့အတွက် ဆက်တိုက် တရားထိုင် ကျင့်ကြံနေခဲ့တယ်။】
【"ဟူး..."】
【အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပြီး ယွီရှောင်ကန်းဟာ မျက်လုံးကို ဖွင့်လိုက်တယ်။ တိုးတက်မှု မရှိသလောက် နည်းပါးလွန်းတဲ့ သူ့ရဲ့ ဝိညာဉ်စွမ်းအား ကို အာရုံခံမိပြီးနောက်မှာတော့ သူဟာ ချက်ချင်း မျက်မှောင်ကြုတ်သွားမိတော့တယ်။】
【"နှေးလွန်းတယ်..."】
【ဝိညာဉ်နိုးထခြင်း ပြီးကတည်းကဆိုရင် တစ်လကျော်တောင် ရှိသွားခဲ့ပြီ၊ ဒီအတောအတွင်းမှာ သူဟာ ကျင့်ကြံခြင်းလမ်းစဉ်ကို တစ်ရက်မှ မပျက်ကွက်ခဲ့ဘူး။】
【ဝေလငါးကော် ရဲ့ စမ်းသပ်ချက်တွေကို လုပ်နေတဲ့ အချိန်မှာတောင် ကျင့်ကြံခြင်းကို မပြတ်လုပ်ခဲ့တာ။】
【ဒါပေမဲ့ သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအား ကတော့ တိုးတက်မှု မရှိသလောက် ဖြစ်နေတာကြောင့် ယွီရှောင်ကန်းကို သူ့ရဲ့ မွေးရာပါပါရမီ ဘယ်လောက်အထိ ညံ့ဖျင်းလဲဆိုတာကို ထပ်ပြီး သတိပေးနေသလိုပါပဲ။】
【"ဝိညာဉ်သခင် တစ်ယောက်ရဲ့ ကျင့်ကြံဖို့ အကောင်းဆုံး ရွှေရောင်အရွယ် က အသက် ၆ နှစ်ကနေ အသက် ၂၀ ကြားပဲ။"】
【"ဒီနှုန်းအတိုင်းသာ သွားရင် ငါ အသက်ဆယ်ကျော်သက် အရွယ်ရောက်တဲ့အထိတောင် အဆင့် ၁၀ ကို ရောက်ပါ့မလား မသိဘူး။"】
【"ဒီလို တိုးတက်မှုနှုန်းနဲ့ဆိုရင် ငါ့ရဲ့ အဖိုးတန်လှတဲ့ ကျင့်ကြံခြင်း ရွှေရောင်အရွယ်တွေ အကုန်လုံး အလဟဿ ဖြုန်းတီးပစ်သလို ဖြစ်သွားလိမ့်မယ်။"】
【ယွီရှောင်ကန်း စိတ်မကျေမနပ် ဖြစ်မိတယ်၊ အကယ်လို့ ဒီရွှေရောင်အရွယ်ကိုသာ လက်လွှတ်လိုက်ရရင် နောက်ပိုင်း ကျင့်စဉ်တက်လှမ်းမှုနှုန်းက ပိုပြီးတော့တောင် နှေးကွေးသွားမှာလေ။】
【"လော်... လော်..."】
【ယွီရှောင်ကန်း တစ်ယောက် ကျင့်ကြံခြင်းနှုန်း အတွက် စိတ်ပူနေတဲ့အချိန်မှာပဲ၊ ရှောင်လုံ က ပါးစပ်ထဲမှာ ကျောက်ခဲတစ်တုံးကို ကိုက်ပြီး သူ့ဘေးကို ခုန်ဆွခုန်ဆွနဲ့ ရောက်လာခဲ့တယ်။】
【သူ့ရဲ့ မျက်လုံးဝိုင်းကြီးတွေနဲ့ ယွီရှောင်ကန်းကို မော့ကြည့်နေပြီး ယွီရှောင်ကန်း လက်လှမ်းပေးလိုက်တော့မှပဲ ပါးစပ်ထဲက ကျောက်ခဲကို သူ့လက်ထဲကို အသာလေး ထည့်ပေးရှာတယ်။】
【အဲဒီကျောက်ခဲက ကြက်ပေါင်ပုံစံ ဖြစ်နေတာကို မြင်တော့ ယွီရှောင်ကန်းက ခေါင်းခါပြီး ရယ်မိတော့တယ်။】
【"မင်းကတော့လေ... တကယ့် အစားကြီးတဲ့ ကောင်လေးပဲ!"】
【နဂါးပေါက်လေးရဲ့ ခေါင်းကို ပွတ်သပ်ပေးရင်း ယွီရှောင်ကန်း စိတ်လှုပ်ရှားမိတယ်၊ သူ့ရဲ့ ဒီဝိညာဉ်က အတိတ်ဘဝတုန်းက မွေးခဲ့တဲ့ အိမ်မွေးတိရစ္ဆာန်တွေထက် အများကြီး ပိုပြီး ဉာဏ်ကောင်းလွန်းလို့ပဲ။】
【ဘာပဲဖြစ်ဖြစ် ဒီနဂါးပေါက်လေးကလည်း သူ့ခန္ဓာကိုယ်ရဲ့ စွမ်းအင် အစိတ်အပိုင်းတစ်ခုပဲ မဟုတ်လား။】
【"ဒါနဲ့ နေပါဦး... နဂါးပေါက်လေးက ငါ့ရဲ့ အစိတ်အပိုင်းတစ်ခု ဆိုပေမဲ့ သူ့မှာ ကိုယ်ပိုင် အသိစိတ် ရှိနေတာပဲ။ သူ့ရဲ့ အသိစိတ်က ဘယ်လိုမျိုးလဲ... သူက အခြား ငါကိုယ်တိုင် ဖြစ်နေတာလား။"】
【ယွီရှောင်ကန်း သူ့ဘာသာသူ တွေးတောမိ သွားတယ်။】
【အဲဒီလို တွေးမိလိုက်တဲ့ တစ်ခဏမှာပဲ သူ ရုတ်တရက် ကြောင်အမ်းသွားခဲ့ရတယ်။】
【"အခြား ငါကိုယ်တိုင် ဟုတ်လား..."】
【ယွီရှောင်ကန်းဟာ နဂါးပေါက်လေးကို ဗီဇအရ လှမ်းကြည့်လိုက်မိပြီး စိတ်ကူးစိတ်သန်းတွေက ခေါင်းထဲမှာ အရှိန်အဟုန်နဲ့ ဖြတ်ပြေးသွားတော့တယ်။】
【ဒါပေမဲ့ ဘယ်လောက်ပဲ တွေးတွေး၊ လက်တွေ့လုပ်ကြည့်တာလောက်တော့ မသေချာဘူးလေ။】
【ဒါကြောင့် ယွီရှောင်ကန်းဟာ ရှောင်လုံကို အသာလေး ပွေ့ချီလိုက်ပြီး သူ့မျက်လုံးတွေကို စိုက်ကြည့်လိုက်တယ်။】
【"ရှောင်လုံ... မင်း ငါပြောတဲ့စကားကို နားလည်တယ်မလား။ နားလည်ရင် ခေါင်းငြိမ့်ပြစမ်း။"】
【အဲဒီလို ပြောလိုက်တော့ တကယ်ပဲရှောင်လုံကခေါင်းငြိမ့်ပြရှာတယ်။】
【"သိပ်ကောင်းတယ်။ ဒါဆိုရင် ငါပြောတဲ့အတိုင်း လုပ်ကြည့်ရအောင်။"】
【ရင်ထဲက စိတ်လှုပ်ရှားမှုကို အသာအယာ ထိန်းချုပ်ရင်း၊ ယွီရှောင်ကန်းဟာ ကျင့်ကြံခြင်းအတွက် တရားထိုင်ကျင့်စဉ် ကို ရှောင်လုံကို စတင်ပြီး ရှင်းပြပါတော့တယ်။】
【 ရှောင်လုံ လေး နားမလည်မှာကို စိုးရိမ်တာကြောင့် ယွီရှန်းကန်းဟာ အခြေခံအကျဆုံးနဲ့ အရိုးရှင်းဆုံး တရားထိုင်ကျင့်စဉ်ကိုပဲ ရှင်းပြခဲ့တာပါ။】
【ဒါပေမဲ့ ယွီရှောင်ကန်း အံ့ဩသွားရတာကတော့ ရှောင်လုံလေးဟာ သူရှင်းပြတဲ့ ကျင့်စဉ်ကို အလွယ်တကူပဲ သဘောပေါက် နားလည်သွားတာပဲ ဖြစ်တယ်။】
【ရှင်းပြပြီးသွားတဲ့နောက်မှာတော့ ယွီရှောင်ကန်းက ရှောင်လုံကိုအဲဒီကျင့်စဉ်အတိုင်း ကျင့်ကြံဖို့ ခိုင်းလိုက်တယ်။】
【အံ့ဩစရာကောင်းတာကရှောင်လုံက တကယ်ပဲ ကျင့်ကြံခြင်းကို စတင်လိုက်တာပါပဲ။】
【 ရှောင်လုံးက မျက်လုံးမှိတ်ပြီး တရားထိုင်နေတာကို ကြည့်ရင်း ယွီရှောင်ကန်းဟာ ကိုယ်တိုင်ကျင့်ကြံဖို့တောင် စိတ်မပါတော့ဘူး။】
【သူဟာရှောင်လုံဘေးမှာပဲ အသာလေးထိုင်ပြီး ကျင့်ကြံခြင်းရဲ့ ရလဒ်ကို ငြိမ်ငြိမ်လေး စောင့်ကြည့်နေမိတော့တယ်။】
【နဂါးတစ်ကောင် ကျင့်ကြံပြီး လူတစ်ယောက်က စောင့်ကြည့်နေတဲ့ ဒီအခြေအနေထဲမှာ နှစ်နာရီ ဆိုတဲ့ အချိန်က အလျင်အမြန်ပဲ ကုန်ဆုံးသွားခဲ့ရတယ်။】
【 ရှောင်လုံရဲ့ မျက်လုံးပြန်ပွင့်လာတဲ့ အချိန်မှာတော့ ယွီရှောင်ကန်းဟာ မစောင့်နိုင်တော့ဘဲ သူ့ခေါင်းကို အသာအယာ ပွတ်သပ်ပေးပြီး ခန္ဓာကိုယ်ထဲကို ပြန်လည် သိမ်းဆည်းလိုက်တော့တယ်။】
【အဲဒီတစ်ခဏမှာပဲ ယွီရှောင်ကန်းဟာ သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအား လေး နည်းနည်းလေး တိုးပွားလာတာကို ထင်ထင်ရှားရှား အာရုံခံမိလိုက်ရတယ်!】
【နည်းနည်းလေးပဲ ဆိုပေမဲ့၊ ဒါရဲ့ အဓိပ္ပာယ်ကတော့ သူကိုယ်တိုင် ကျင့်ကြံလို့ ရလာတဲ့ တိုးတက်မှုမျိုးနဲ့ လုံးဝကို ကွာခြားလှပါတယ်။】
【"နဂါးပေါက်လေးက တကယ်ပဲ ကျင့်ကြံနိုင်ပြီး ငါ့ရဲ့ ဝိညာဉ်စွမ်းအားကို တိုးပွားစေနိုင်တာပဲ! ဒါဆိုရင် တခြားလူတွေနဲ့ အချိန်တူတူ ကျင့်ကြံရင်တောင် ငါ့ရဲ့ ရလဒ်က သူတို့ထက် နှစ်ဆ ဖြစ်နေမှာပေါ့!"】
【"မမျှော်လင့်ထားဘူး၊ တကယ်ကို မမျှော်လင့်ထားမိဘူး။ သီးခြားခွဲထွက်နိုင်သော သားရဲဝိညာဉ် မှာ ဒီလောက်အထိ ကံကြမ္မာကို ဆန့်ကျင်တဲ့ လှည့်ကွက်မျိုး ရှိနေလိမ့်မယ်လို့!"】
**အမှောင်ကမ္ဘာ၊ ရှရက်ခ် အကယ်ဒမီတွင်။**
ကောင်းကင်စီရင်ချက် ပေါ်က ယွီရှောင်ကန်းရဲ့ စကားတွေကို ကြားလိုက်ရတဲ့ အချိန်မှာတော့ မဟာဆရာသခင်ကြီး ဟာ မျက်လုံးအစုံ ပြာဝေသွားပြီး တစ်ကိုယ်လုံး ဆွံ့အကာ နေရာမှာတင် ကြောင်ရပ်သွားခဲ့ရတယ်။
လော်ဆန်းဖောင် က ကျင့်ကြံနိုင်တယ် ဟုတ်လား...
လော်ဆန်းဖောင် က တကယ်ပဲ ကျင့်ကြံနိုင်တာလား...
ဘာဖြစ်လို့... ဘာဖြစ်လို့ သူဟာ လော်ဆန်းဖောင်ကို ကျင့်ကြံခိုင်းဖို့ တစ်ခါမှ မတွေးမိခဲ့ရတာလဲ။
မဟာဆရာသခင်ကြီးရဲ့ ဦးနှောက်တစ်ခုလုံး ဗြောင်းဆန်သွားပြီး ရုတ်တရက် ခန္ဓာကိုယ်ကြီးက ယိမ်းထိုးသွားခဲ့ရတယ်။
ဖလန်းဒါး က မဟာဆရာသခင်ကြီးရဲ့ အခြေအနေကို မြင်တော့ အမြန်ပဲ ရှေ့တိုးပြီး လှမ်းတွဲပေးလိုက်ရတယ်။
"ရှောင်ကန်း... မင်း အဆင်ပြေရဲ့လား..."
"ငါ အဆင်ပြေတယ်။ ထွက်လာစမ်း... လော်ဆန်းဖောင်!"
မဟာဆရာသခင်ကြီးက လက်ကို ဝှေ့ယမ်းလိုက်ပြီး ဖလန်းဒါးကို ဂရုမစိုက်နိုင်တော့ဘဲ လော်ဆန်းဖောင်ကို တိုက်ရိုက် ခေါ်ထုတ်လိုက်တော့တယ်။
လော်ဆန်းဖောင်က ဇဝေဇဝါ မျက်နှာပေးနဲ့ မဟာဆရာသခင်ကြီး ဘေးမှာ ပေါ်လာခဲ့ပေမဲ့ မဟာဆရာသခင်ကြီးကတော့ ရှေ့ကို အပြေးအလွှား တိုးသွားပြီး အလောတကြီး ပြောပါတော့တယ်။
"လော်ဆန်းဖောင်... မြန်မြန် ကျင့်ကြံစမ်း! ငါ ပုံမှန် ကျင့်ကြံသလိုမျိုး ကျင့်ကြံစမ်း! မြန်မြန်... မြန်မြန် လုပ်စမ်း!"
မဟာဆရာသခင်ကြီးက အတင်းအကျပ် တိုက်တွန်းနေပေမဲ့ စိတ်မကောင်းစရာကတော့ လော်ဆန်းဖောင်ဟာ ဘယ်လိုကျင့်ကြံရမလဲဆိုတာကို လုံးဝ မသိဘဲ ကြောင်အမ်းအမ်းနဲ့ပဲ ရပ်နေရှာတယ်။
ဖလန်းဒါးက သူ့သူငယ်ချင်းရဲ့ ပျာယာခတ်နေတဲ့ ပုံစံကို ကြည့်ပြီး အသာလေး သတိပေးလိုက်တော့မှ မဟာဆရာသခင်ကြီးလည်း သဘောပေါက်သွားတော့တယ်။
"ဟုတ်တယ်... ဟုတ်တယ်... ငါက သူ့ကို အရင် သင်ပေးရမှာပဲ။ ငါ သင်ပေးရမယ်..."
ဒါကြောင့် မဟာဆရာသခင်ကြီးဟာ လော်ဆန်းဖောင်ကို ဘယ်လို တရားထိုင်ရမလဲ၊ ဘယ်လို ကျင့်ကြံရမလဲဆိုတာကို အသေးစိတ် စတင်ပြီး သင်ကြားပေးပါတော့တယ်။
ဒီအတောအတွင်းမှာတော့ လူတိုင်းက မဟာဆရာသခင်ကြီးကို စောင့်ကြည့်နေကြတယ်။
မဟာဆရာသခင်ကြီး သင်ကြားပေးပြီးတဲ့ အခါမှာတော့ လော်ဆန်းဖောင်ကလည်း ကောင်းကင်စီရင်ချက်ပေါ်က နဂါးပေါက်လေးလိုမျိုး မျက်လုံးမှိတ်ပြီး တရားထိုင်ဖို့ ကြိုးစားလာခဲ့တယ်။
ဒီအချိန်အတောအတွင်းမှာတော့ မဟာဆရာသခင်ကြီးဟာ မျှော်လင့်ချက်အပြည့်နဲ့ လော်ဆန်းဖောင် ဘေးကနေ မခွာဘဲ စောင့်ကြည့်နေခဲ့ပြီး၊ လော်ဆန်းဖောင်ရဲ့ ကျင့်ကြံမှုက သူ့ရဲ့ နှစ်ပေါင်းများစွာ ပိတ်ဆို့နေတဲ့ ကျင့်စဉ်အတားအဆီးကို ကျော်ဖြတ်နိုင်ဖို့ ရင်ထဲကနေ တောင်းဆုပြုနေမိတော့တယ်။
အချိန်တွေက တစ်မိနစ်ပြီး တစ်မိနစ် ကုန်လွန်သွားခဲ့ပြီး နှစ်နာရီ ဆိုတဲ့ အချိန်ကို ရောက်ရှိလာခဲ့တယ်။
အချိန် ပြည့်သွားတာနဲ့ မဟာဆရာသခင်ကြီးဟာ မစောင့်နိုင်တော့ဘဲ လော်ဆန်းဖောင်ရဲ့ ကျင့်ကြံမှုကို ချက်ချင်း ရပ်တန့်စေပြီး ခန္ဓာကိုယ်ထဲကို ပြန်လည် သိမ်းဆည်းလိုက်တယ်။
ဒါပေမဲ့ လော်ဆန်းဖောင် ခန္ဓာကိုယ်ထဲကို ပြန်ဝင်လာတဲ့ တစ်ခဏမှာတော့ မဟာဆရာသခင်ကြီးရဲ့ မျက်နှာအမူအရာက တောင့်တင်းသွားခဲ့ရပြီး၊ ခန္ဓာကိုယ်ကြီး ယိမ်းထိုးကာ မြေပြင်ပေါ်ကို အားပြတ်တရက် လဲပြိုကျသွားခဲ့တော့တယ်။
"ဘာလို့လဲ... ဘာလို့ မရတာလဲ..."
မဟာဆရာသခင်ကြီးဟာ မျှော်လင့်ချက်မဲ့စွာနဲ့ သူ့ဘာသာသူ ရေရွတ်နေမိတယ်။
လော်ဆန်းဖောင်က နှစ်နာရီကြာအောင် ကျင့်ကြံခဲ့တာ မှန်ပေမဲ့၊ သူ့ခန္ဓာကိုယ်ထဲကို ပြန်သိမ်းလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ဝိညာဉ်စွမ်းအားထဲမှာ ဘာလှုပ်ခတ်မှုမျိုးမှ ရှိမလာခဲ့ဘူး။
အနည်းငယ်မျှသော အစအနလေးတောင် ရှိမနေခဲ့ပါဘူး။
ဒါဟာ သူ နှစ်ပေါင်းများစွာ စမ်းသပ်ခဲ့တဲ့ ကျင့်စဉ်တွေရဲ့ ရလဒ်အတိုင်းပါပဲ။
အဆင့် ၃၀ ရဲ့ တံခါးကြီးက သူ့ရှေ့မှာ မလှုပ်မယှက် ရှိနေဆဲဖြစ်ပြီး သူ့ကို ရှေ့ဆက်တိုးခွင့် မပေးခဲ့ပါဘူး။
"ဘာလို့... ဘာလို့ ငါ့ကိုကျမှ ဒီလို လုပ်ရတာလဲ။ ဘာလို့ ငါက လော်ဆန်းဖောင် ကျင့်ကြံနိုင်တယ်ဆိုတာကို စောစောစီးစီး မသိခဲ့ရတာလဲ။"
မဟာဆရာသခင်ကြီးဟာ ကောင်းကင်စီရင်ချက်ပေါ်က ရှောင်လုံနဲ့အတူ ပျော်ရွှင်နေတဲ့ ယွီရှောင်ကန်းကို စိုက်ကြည့်ရင်း၊ သူ့မျက်လုံးထဲက မနာလိုမှုနဲ့ မုန်းတီးမှုတွေကို လုံးဝ ဖုံးကွယ်မထားနိုင်တော့ပါဘူး။
ဘာဖြစ်လို့ ဒီလို ထူးခြားတဲ့ ရှာဖွေတွေ့ရှိမှုတွေကို အပြိုင်ကမ္ဘာက သူကိုယ်တိုင်ပဲ ရှာတွေ့နေရတာလဲ၊ အထူးသဖြင့် အဲဒီလူက ကျင့်ကြံခြင်းလမ်းစဉ်ရဲ့ အစကတည်းက ရှာတွေ့ခဲ့တာလေ။
ဒီလို ရှာဖွေတွေ့ရှိမှုတွေသာ သူ့ဆီမှာ ရှိခဲ့ရင် သူ့ရဲ့ အနာဂတ်က အများကြီး ပြောင်းလဲသွားမှာ အသေအချာပဲ။
'ဘာလို့ ငါ မဟုတ်ရတာလဲ။ အကယ်လို့ ငါသာ အစကတည်းက ရှာတွေ့ခဲ့ရင်၊ အနာဂတ်မှာ 'နဂါးနတ်ဘုရားဒိုလော်' ဖြစ်လာမယ့်လူက ငါ ဖြစ်နေမှာပေါ့!’