အခန်း (၂၈) မဟာဆရာသခင်ကြီး - ဘာလို့ သူ့ကိုကျ အသိအမှတ်ပြုပြီး ငါ့ကိုကျ အသိအမှတ်မပြုကြတာလဲ
ကောင်းကင်စီရင်ချက်အောက်မှာတော့ အပြာရောင်လျှပ်စီး နဂါးဂိုဏ်း ရဲ့ အကြီးအကဲချုပ်ရဲ့ စကားတွေကြောင့် လူတိုင်းက ထောက်ခံတဲ့အနေနဲ့ ခေါင်းငြိမ့်ကြရတယ်၊ အထူးသဖြင့် အင်အားကြီးအဖွဲ့အစည်းတွေက အဆင့်မြင့်ခေါင်းဆောင်တွေပေါ့။
အမှောင်ကမ္ဘာ၊ ဘုံခုနစ်ဆင့်ပြာသာဒ်ဂိုဏ်းတွင်။
"ငါတို့ဂိုဏ်းထဲမှာသာ တစ်ယောက်ယောက်က ဒီဝေလငါးကော်ကို ရှာဖွေတွေ့ရှိခဲ့ရင် သူ့ကို ဘွဲ့အမည်ရ ဒိုလော်တစ်ယောက်ရဲ့ အခွင့်အရေးမျိုး ချက်ချင်း ပေးပစ်မှာ။"
နင်ဖုန်းကျီ က သူ့ဘေးက ဦးလေးကူ နဲ့ ဦးလေးကျန့် ကို ကြည့်ပြီး ပြုံးပြုံးလေး ပြောလိုက်တယ်။
သူ့စိတ်ထဲမှာတော့ ဒီလောက်အထိ ကြီးမားတဲ့ ရှာဖွေတွေ့ရှိမှုမျိုးအတွက် ဘယ်လိုဆုလာဘ်မျိုးပေးပေး မများလွန်းဘူးလို့ ထင်တာလေ။
သူက ဆုလာဘ်တွေ ပေးချင်ရုံတင်မကဘူး၊ ဘုံခုနစ်ဆင့်ပြာသာဒ်ဂိုဏ်း အပေါ် အကျိုးပြုတဲ့သူတွေ ဘယ်လောက်အထိ အခွင့်အရေး ရနိုင်လဲဆိုတာကို လူတိုင်းကို မြင်စေချင်တာ။ ဒီလိုလုပ်မှသာ ဂိုဏ်းက ပိုပြီး တိုးတက်လာမှာ မဟုတ်လား။
ဒါပေမဲ့ သူက ဘွဲ့အမည်ရ ဒိုလော်ရဲ့ အခွင့်အရေးလို့ ပြောလိုက်ပေမဲ့ ဓားဒိုလော်တို့၊ အရိုးဒိုလော်တို့နဲ့တော့ အဆင့်ချင်း တူမှာမဟုတ်ပါဘူး။ အဲဒီနှစ်ယောက်က ဘုံခုနစ်ဆင့်ပြာသာဒ်ဂိုဏ်းရဲ့ အစောင့်အရှောက် ဒိုလော်ကြီးတွေလေ၊ သာမန် ဘွဲ့အမည်ရ ဒိုလော်တွေ ဂိုဏ်းထဲဝင်လာရင်တောင် သူတို့နှစ်ယောက်ကို ယှဉ်နိုင်ဖို့ မမျှော်လင့်ရဲဘူး။
"ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို မြှင့်တင်ပေးနိုင်မယ့် ရှာဖွေတွေ့ရှိမှုအတွက် ဘယ်ဆုလာဘ်မဆို မများလွန်းပါဘူး။"
"အပြာရောင်လျှပ်စီး နဂါးဂိုဏ်း က အကြီးအကဲတိုင်းကတော့ အမြော်အမြင် ရှိကြတာ မဟုတ်ဘူးပဲ။"
အရိုးဒိုလော်က ကောင်းကင်စီရင်ချက်ပေါ်က အပြာရောင်လျှပ်စီး နဂါးဂိုဏ်းရဲ့ တတိယအကြီးအကဲကို အထင်သေးတဲ့ အကြည့်နဲ့ တစ်ချက်ကြည့်လိုက်တယ်။
"ဂိုဏ်းမှာ အမြော်အမြင်ရှိတဲ့လူတွေ ပိုများနေသရွေ့တော့ အဆင်ပြေပါတယ်။ အဲဒီလူလိုမျိုး လူတွေ ပိုများလာမှာကိုပဲ ကြောက်တာ၊ အဲဒါဆိုရင်တော့ ကပ်ဘေးပဲ။"
ဓားဒိုလော်က ခေါင်းခါလိုက်တယ်။
"ဒါနဲ့ စကားမစပ်... ဒုတိယဝိညာဉ်ကွင်းက သက်တမ်းတစ်ထောင်၊ စတုတ္ထဝိညာဉ်ကွင်းက သက်တမ်းတစ်သောင်း အဲဒီအတိုင်း ဆက်သွားရင် နဝမဝိညာဉ်ကွင်းကျရင် နှစ်တစ်သိန်း သက်တမ်းရှိ ဝိညာဉ်ကွင်း ကို အေးအေးဆေးဆေး စုပ်ယူနိုင်မှာ သေချာတယ်။"
"ကောင်းကင်စီရင်ချက်ပေါ်က ယွီရှောင်ကန်းက အနာဂတ်မှာ 'နဂါးနတ်ဘုရား' လို့ ဘွဲ့အမည် ရလာတာက နှစ်တစ်သိန်း သက်တမ်းရှိ ဝိညာဉ်ကွင်း ကို ရခဲ့လို့ ဖြစ်မလား။"
ဓားဒိုလော်ရဲ့ ရုတ်တရက် စကားလမ်းကြောင်းပြောင်းလိုက်မှုကြောင့် ဘေးက အရိုးဒိုလော်လည်း စိတ်ဝင်တစားနဲ့ စဉ်းစားခန်း ဝင်သွားတော့တယ်။
"အဲဒါ တော်တော် ဖြစ်နိုင်ခြေရှိတယ်။ ဒီအတိုင်းသာ တိုးတက်သွားရင် သူ့ရဲ့ ကိုးကွင်းမြောက် ဝိညာဉ်ကွင်းက နှစ်တစ်သိန်း သက်တမ်းရှိ ဝိညာဉ်ကွင်း ကို ခံနိုင်ရည်ရှိမှာ အသေအချာပဲ။"
"အဲဒီနဂါးအိုကြီးက သူ့သားကို ဒီလောက်အထိ အလိုလိုက်တာ၊ သူ့သားအတွက် နှစ်တစ်သိန်း သက်တမ်းရှိ ဝိညာဉ်ကွင်း ရဖို့ ရှိသမျှ အင်အားအကုန် ထုတ်သုံးမယ်ဆိုရင်လည်း မဆန်းပါဘူး။"
"ရှူး... ဒါဆိုရင် နှစ်တစ်သိန်း သက်တမ်းရှိ ဝိညာဉ်ကွင်း နဲ့ နှစ်တစ်သိန်း ဝိညာဉ်အရိုး သာ ရှိရင် ဒိုလော်တိုက်ကြီးတစ်ခုလုံးမှာ ဒီလို ဘွဲ့အမည်ရ ဒိုလော်ကို နိုင်မယ့်လူ သိပ်ရှိမှာ မဟုတ်တော့ဘူး!"
အရိုးဒိုလော်က အံ့ဩလွန်းလို့ အသက်ရှူမှားမတတ် ဖြစ်သွားရတယ်။
သူ အခုမှပဲ သဘောပေါက်တော့တယ်၊ ကောင်းကင်စီရင်ချက်ပေါ်က ယွီရှောင်ကန်းက ဘာဖြစ်လို့ 'နဂါးနတ်ဘုရားဒိုလော်' ဆိုတဲ့ ဘွဲ့အမည်ကို ဒီလောက်အထိ မောက်မောက်မာမာ သုံးနိုင်ပြီး ဘယ်သူမှ မကန့်ကွက်နိုင်ရတာလဲ ဆိုတာကိုပေါ့။
အမှောင်ကမ္ဘာ၊ ရှရက်ခ် အကယ်ဒမီတွင်။
"ဝိ... ဝိညာဉ်ဒိုလော် အခွင့်အရေး ဟုတ်လား..."
မဟာဆရာသခင်ကြီး ယွီရှောင်ကန်းဟာ အပြာရောင်လျှပ်စီး နဂါးဂိုဏ်းရဲ့ အကြီးအကဲချုပ်နဲ့ ဒုတိယအကြီးအကဲတို့က ကောင်းကင်စီရင်ချက်ပေါ်က နဂါးနတ်ဘုရားဒိုလော်ကို ဝိညာဉ်ဒိုလော် အခွင့်အရေး ပေးဖို့ သဘောတူလိုက်တာကို မြင်တော့ မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားခဲ့ရတယ်။
သူ့ရဲ့ အတိတ်ကို ပြန်တွေးကြည့်ရင် အကြီးအကဲချုပ်က သူ့ကို မြင်တိုင်း အထင်သေးတဲ့ မျက်နှာပေး၊ ဒါမှမဟုတ် မကျေနပ်တဲ့ အကြည့်တွေနဲ့ပဲ ကြည့်ခဲ့တာ။ အတိုချုပ်ပြောရရင် မဟာဆရာသခင်ကြီးဟာ အဲဒီလူကြီးဆီက ကောင်းမွန်တဲ့ အမူအရာမျိုး တစ်ခါမှ မမြင်ဖူးခဲ့ဘူး။
ဒုတိယအကြီးအကဲဆိုရင်လည်း အတိတ်တုန်းက မဟာဆရာသခင်ကြီး အမုန်းဆုံးနဲ့ အစိတ်ပျက်ရဆုံး လူတွေထဲက တစ်ယောက်ပဲ။ ဘာလို့ဆိုသူ့ဆီကနေ လူသားဆန်တဲ့ နွေးထွေးမှုမျိုး နည်းနည်းမှ မခံစားခဲ့ရလို့ပဲ။ အဲဒီလူကြီး သူ့ကို ကြည့်တဲ့ပုံစံက တန်ဖိုးမရှိတဲ့ ကုန်ပစ္စည်းအစုတ်တစ်ခုကို ကြည့်သလိုမျိုး။
ဒါဟာ သူ ပထမဆုံးအကြိမ် သိလိုက်ရတာပဲ၊ အမြဲတမ်း အထင်သေးတတ်တဲ့ အကြီးအကဲချုပ်ရဲ့ မျက်လုံးတွေကလည်း ဒီလောက်အထိ ကြင်နာတတ်ပါလားဆိုတာ။ အမြဲတမ်းစည်းကမ်းကြီးပြီး အပြစ်ပြောစရာမရှိတဲ့ ဒုတိယအကြီးအကဲကလည်း ကလေးတစ်ယောက်ကို တောင်းပန်တာမျိုး လုပ်တတ်ပါလားဆိုတာ။
ဒါပေမဲ့ ဘာဖြစ်လို့ ဒီလိုအရာတွေကို ကြုံတွေ့နေရတာက တခြားကမ္ဘာက ငါကိုယ်တိုင် ဖြစ်နေရတာလဲ။
သူက ငါ့ထက် ဘာတွေ ပိုတော်နေလို့လဲ။
အပြိုင်ကမ္ဘာက ငါကလည်း အခုအချိန်မှာ အသုံးမကျတဲ့ အမှိုက်တစ်ယောက်ပဲ မဟုတ်ဘူးလား။
သူက အသေးအဖွဲ အရာလေးတစ်ခုကိုပဲ သုတေသနလုပ်ပြီး ရှာတွေ့ခဲ့တာလေ။
ဒါပေမဲ့ ငါလည်း သုတေသနတွေ အများကြီး လုပ်ခဲ့ပြီး သီအိုရီတွေ အများကြီး ထုတ်ပြန်ခဲ့တာပဲ။ လူတွေက 'မဟာဆရာသခင်ကြီး' လို့တောင် ခေါ်ကြတာ။ ငါ့ရှေ့မှာဆိုရင် အဲဒီကလေးရဲ့ သီအိုရီတွေက လုံးဝကို အပြောမခံရလောက်ဘူး။(စောက်ရူး)
ဘာလို့လဲ... ဘာလို့ အကြီးအကဲတွေက သူ့ကိုကျ အသိအမှတ်ပြုပြီး ငါ့ကိုကျ အသိအမှတ်မပြုကြတာလဲ။
အပြိုင်ကမ္ဘာက အကြီးအကဲတွေက စရိုက်ချင်းမတူလို့ အမူအရာတွေ ဒီလောက်အထိ ကွာခြားနေရတာလား။
"ဟုတ်တယ်၊ အဲဒါပဲ ဖြစ်ရမယ်။ ကမ္ဘာနှစ်ခုက အကြီးအကဲတွေကြားမှာ ကွာခြားချက် ရှိနေလို့ပဲ။"
"ငါ့ကမ္ဘာက အကြီးအကဲတွေက အရမ်းကို စည်းကမ်းကြီးလွန်းတဲ့ အမျိုးအစားတွေ၊ အပြိုင်ကမ္ဘာက အကြီးအကဲတွေကျတော့ ပိုပြီး သဘောကောင်းကြတာနေမှာ။"
"ဒါမှပဲ အဓိပ္ပယ်ရှိမှာပေါ့။ ငါတို့နှစ်ယောက်လုံး သီအိုရီပိုင်းမှာ အောင်မြင်မှုတွေ ရှိခဲ့ပြီး ငါ့ရဲ့အောင်မြင်မှုက ပိုတောင်မြင့်သေးတယ်၊ ဒါပေမဲ့ ငါက ဘယ်တော့မှ အသိအမှတ်ပြုမခံရတာက အဲဒါကြောင့်ပဲ။"
"ဒါ အသေအချာပဲ!"
ယွီရှောင်ကန်းရဲ့ မျက်လုံးတွေက သွေးကြောတွေ ထောင်နေပြီး အသက်ကို အလူးအလဲ ရှူနေရတယ်။ ဘာပဲဖြစ်ဖြစ် သူက အသက် ခြောက်နှစ်အရွယ် ကလေးတစ်ယောက်ထက် ညံ့တယ်ဆိုတာကို လုံးဝ လက်မခံနိုင်ဘူး။ အဲဒီကလေးက အပြိုင်ကမ္ဘာက သူကိုယ်တိုင် ဖြစ်နေရင်တောင်မှပေါ့။
ဖလန်းဒါး ကတော့ ယွီရှောင်ကန်း စိတ်လှုပ်ရှားပြီး တုန်ရင်နေတာကို ကြည့်ပြီး ရှေ့ထွက်ကာ နှစ်သိမ့်ပေးချင်ပေမဲ့ ကောင်းကင်စီရင်ချက်ပေါ်က ယွီရှောင်ကန်းကြောင့် ဝေလငါးကော်နဲ့ ပိုက်ဆံရှာမယ့်လမ်း ပိတ်သွားတာကို တွေးမိတော့ အဲဒီစိတ်ကို ပြန်ထိန်းလိုက်ရတယ်။
သူ တကယ်ကြောက်တာက စိတ်မထိန်းနိုင်ဘဲ သူ့ရဲ့ ညီအစ်ကိုကောင်းကြီးကို လက်သီးတစ်ချက်နဲ့ ထိုးသတ်မိသွားမှာကိုပဲ။
ဘာပဲဖြစ်ဖြစ် အဲဒါတွေက သူ့ရဲ့ ပိုက်ဆံတွေလေ။
【ဗီဒီယိုက ဆက်သွားနေတယ်...】
【အကြီးအကဲချုပ်နဲ့ ဒုတိယအကြီးအကဲတို့ရဲ့ ဆက် တိုက် ထောက်ခံစကားတွေကြောင့် တတိယအကြီး အကဲမှာ ပြောစရာ စကားမရှိတော့ပေ။】
【ယွီယွမ်ကျန့်ကတော့ အားရကျေနပ်စွာနဲ့ ရှေ့ကို လှမ်းလာခဲ့တယ်။】
【"ဒါဆိုရင် ဆုံးဖြတ်လိုက်ပြီ။ ရှောင်ကန်းကို ဝိညာဉ်ဒိုလော်နဲ့ ညီမျှတဲ့ အခွင့်အရေး ပေးမယ်၊ ဟားဟားဟား။"】
【နောက်ဆုံးတော့ ယွီယွမ်ကျန့်ဟာ အော်ဟစ်ပြီး ရယ်မောလိုက်မိတော့တယ်။】
【အစတုန်းကတော့ သူ့သားအတွက် ပါရမီရှင် အခွင့်အရေး လျှောက်ပေးတာတောင် တားဆီးပိတ်ပင်မှုတွေ အများကြီး ကြုံခဲ့ရတာ။】
【ဒါပေမဲ့ အခုတော့ သူ့သားက အရည်အချင်းရှိလို့ ဝိညာဉ်ဒိုလော် ရဲ့ အခွင့်အရေးမျိုးကို သူ့ဘာသာသူ တိုက်ယူနိုင်ခဲ့ပြီ။】
【ဒီလို သားမျိုး ရှိတာကို သူ ဘယ်လိုလုပ် မပျော်ဘဲ နေမလဲ။】
【"ဒါပေမဲ့ ငါ ကြိုပြီး ရှင်းပြထားရမယ့် အချက်တစ်ခု ရှိသေးတယ်။"】
【ဒီအချိန်မှာ ဒုတိယအကြီးအကဲက ရှေ့ကို တစ်ခါ ထပ်တိုးလာပြန်တယ်။】
【"ရှောင်ကန်းကို ဝိညာဉ်ဒိုလော် အခွင့်အရေး ပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြင်ပလူတွေကိုတင်မကဘူး၊ မိသားစုထဲက လူတွေကိုပါ အကြောင်းပြချက် ပေးလို့မဖြစ်ဘူး။"】
【ဒုတိယအကြီးအကဲ စကားပြောလိုက်တာနဲ့ ယွီယွမ်ကျန့်က မျက်မှောင်ကြုတ်သွားတယ်။】
【သူက ဒုတိယအကြီးအကဲရဲ့ လုပ်ရပ်ရဲ့ အဓိပ္ပာယ်ကို နားမလည်တာ မဟုတ်ပါဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ ဒုတိယအကြီးအကဲ စကားမဆုံးခင်ကတည်းက သူ ဘာတွေးလဲဆိုတာ ရိပ်မိပြီးသားလေ။】
【"ဝေလငါးကော် က အရမ်းကြီး မစျေးကြီးဘူးဆိုပေမဲ့ မစျေးပေါလှဘူး။"】
【"ဝေလငါးကော်ကို ဝယ်နိုင်တဲ့သူတွေက အများအားဖြင့် နေရာအနှံ့က မှူးမတ်မျိုးနွယ်စု တွေပဲ။"】
【"နောက်ပိုင်းကျရင် ငါတို့ အပြာရောင်လျှပ်စီး နဂါးဂိုဏ်း အနေနဲ့ ဒိုလော်တိုက်ကြီးရဲ့ ဈေးကွက်တစ်ခုလုံးမှာ ရှိသမျှ ဝေလငါးကော်တွေကို အကြီးအကျယ် လိုက်သိမ်းရတော့မယ်။"】
【"ဒါကို လျှို့ဝှက်ချက်အနေနဲ့ လုပ်ရမယ်၊ လူတွေ ဝေလငါးကော်ဈေးနှုန်းကို လိုက်တင်တာမျိုး မဖြစ်စေရဘူး၊ ပြီးတော့ အပြင်လူတွေကို ဒါရဲ့ အစွမ်းအာနိသင်ကို လုံးဝ မသိစေရဘူး။"】
【"ဒါကြောင့် ရှောင်ကန်း... မင်းကို အခွင့်အရေးတော့ ပေးမယ်၊ ဒါပေမဲ့ ဒီအခွင့်အရေးက ဘယ်လိုကြောင့် ရလာလဲဆိုတာကို ဘယ်သူ့ကိုမှ မပြောရဘူး။ နားလည်လား။"】
【ဒုတိယအကြီးအကဲရဲ့ စကားတွေက တော်တော်လေး တည်ကြည်လေးနက်ပေမဲ့ ယွီရှောင်ကန်းက သူ့ရဲ့ စေတနာကို နားလည်ပါတယ်။】
【သူ့နေရာမှာဆိုရင်လည်း ဒီလိုမျိုးပဲ လုပ်မှာပဲလေ။】
【"ကျွန်တော် နားလည်ပါတယ်၊ တစ်လုံးမှ အပြင်မပေါက်စေရပါဘူး။"】
【"ဒါပေမဲ့ အဲဒီလိုဆိုရင် ရှောင်ကန်းက ဂိုဏ်းထဲမှာ ဘယ်လို မျက်နှာပန်းလှတော့မလဲ။"】
【ယွီယွမ်ကျန့်က ဒုတိယအကြီးအကဲကို စိုက်ကြည့်ပြီး မေးလိုက်တယ်။ အကြောင်းပြချက်မရှိဘဲ ရှောင်ကန်းကို ဒီလိုအခွင့်အရေးမျိုး ပေးလိုက်ရင် ဂိုဏ်းသားတွေ ဘယ်လောက်တောင် အတင်းပြောကြမလဲဆိုတာကို အဲဒီလူကြီး မစဉ်းစားမိဘဲ နေမလဲလို့ သူ မယုံဘူးလေ။】
【"...ဒီလိုလုပ်ရင်ကော... ရှောင်ကန်း သုံးသမျှ အရင်းအမြစ်တွေကို ယွီယွမ်ကျန့် မင်းရဲ့ နာမည်အောက်မှာပဲ မှတ်တမ်းတင်ထားလိုက်။ မင်းက မကြာသေးခင်ကမှ ကျင့်စဉ်ပိုင်းမှာ တစ်ခုခု နားလည်သဘောပေါက်သွားလို့ အရင်းအမြစ်တွေ ပိုလိုတယ်လို့ပဲ ပြောလိုက်ပေါ့။"】
【"ယွီယွမ်ကျန့် ကိုယ်တိုင် လိုအပ်တာဆိုရင်တော့ သူတို့တွေ ဘာမှ လျှောက်ပြောရဲမှာ မဟုတ်ပါဘူး၊ ဟုတ်တယ်မလား။"】
【ခဏလောက် တိတ်ဆိတ်သွားပြီးနောက်မှာတော့ အကြီးအကဲချုပ်က နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်တယ်။】
【ဒီလိုနဲ့ ယွီရှောင်ကန်းရဲ့ အနာဂတ် ကျင့်ကြံခြင်း အရင်းအမြစ် ပြဿနာက ပြေလည်သွားခဲ့ရတယ်။】
【ပြီးတော့ ဒီအခွင့်အရေးကို သုံးပြီး ယွီရှောင်ကန်းရဲ့ အဆင့်အတန်းဟာ အကြီးအကဲတွေရဲ့ စိတ်ထဲမှာ အရှိန်အဟုန်နဲ့ မြင့်တက်သွားခဲ့တော့တယ်။】
【သူက အရင်တုန်းကလို အသုံးမကျတဲ့၊ ပါရမီမရှိတဲ့ ကလေး မဟုတ်တော့ဘဲ ထူးခြားလှတဲ့ ဉာဏ်ပညာရှိတဲ့ ကလေးတစ်ယောက် ဖြစ်သွားခဲ့ပြီ။】