အခန်း ၂၂ ဖလန်းဒါး - အချက်အလက်တွေ အတွက် ညီအစ်ကိုရှောင်ကန်းကို ကျေးဇူးတင်လိုက်တာ
ဝေလငါးကော်ဟာ အပြိုင်ဖြစ်နေတဲ့ ဒိုလော်တိုက်ကြီးနှစ်ခုလုံးမှာ မကြုံစဖူး မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဒီမုန်တိုင်းဟာ အစပျိုးရုံသာ ရှိပါသေးတယ်။
လူတိုင်းက စောင့်မျှော်နေကြပါတယ်။ ကောင်းကင်စီရင်ချက်ထဲက ယွီရှောင်ကန်းတစ်ယောက် ဝေလငါးကော်ကို တကယ်တမ်း အမှီပြုပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုကို တိုးမြှင့်ကာ ဝိညာဉ်ကွင်းတစ်ခု ရယူမယ့်နေ့ကို စောင့်မျှော်နေကြတာပါ။ သူတို့ သိချင်နေတာကတော့ ဝေလငါးကော်က ဝိညာဉ်ကွင်းတွေရဲ့ သက်တမ်းကို ဘယ်လောက်အထိ တိုးမြှင့်ပေးနိုင်မလဲဆိုတာပါပဲ။
【 ဗီဒီယိုက ဆက်လက် ပြသနေဆဲ... 】
【 ဝေလငါးကော်က ခန္ဓာကိုယ်ကြံ့ခိုင်မှုကို တိုးမြှင့်ပေးနိုင်တယ်လို့ အတည်ပြုပြီးနောက်မှာတော့ ယွီရှောင်ကန်းနဲ့ ယဲ့ဟန်ချွမ်းတို့ဟာ ထောင်နှစ်သက်တမ်း ဝေလငါးကော်တွေဆီကို အာရုံပြောင်းလိုက်ကြတယ်။ 】
【 "ရှောင်ကန်း... မင်း အခုပဲ ဝေလငါးကော်ကို စားသုံးချင်တာလား။ တကယ်လို့ အခုစားသုံးမှာဆိုရင် ဦးလေးယဲ့တစ်ယောက် မင်းအတွက် သောင်းနှစ်သက်တမ်း ဝေလငါးကော်ကို တိုက်ရိုက်ယူပေးမယ်" 】
【 ယဲ့ဟန်ချွမ်းက သူ့ရင်ကို ပုတ်ပြီး ယုံကြည်ချက်ရှိရှိနဲ့ ပြောလိုက်တယ်။ ဒါပေမဲ့ သူ့ကို တုံ့ပြန်လိုက်တာ ကတော့ ယွီရှောင်ကန်းရဲ့ ဖော်ပြရခက်တဲ့ အကြည့်တွေပါပဲ။ 】
【 "အာ... ဘာဖြစ်လို့လဲ၊ငါ့ကို ဘာလို့ အဲဒီလို ကြည့်နေတာလဲ။" 】
【 ယဲ့ဟန်ချွမ်းက သူ့ဦးခေါင်းကို ကုတ်လိုက်ပြီး ဘာမှနားမလည်တဲ့ပုံစံနဲ့ မေးလိုက်တယ်။ 】
【 "ဦးလေးယဲ့... ဝေလငါးကော်က ခန္ဓာကိုယ်ကို သန်မာစေတယ်ဆိုတာ ကျွန်တော်တို့ သိလိုက်ရပြီ၊ ဒါပေမဲ့ သူ့ရဲ့ ဘေးထွက်ဆိုးကျိုးတွေကရော ဘယ်လိုရှိမလဲ။ သုံးစွဲရမယ့်နည်းလမ်းကရော။ အန္တရာယ်ရှိလား။ ခန္ဓာကိုယ်ကို တိုးမြှင့်ပေးနိုင်တဲ့ အတိုင်းအတာက ဘယ်လောက်ထိလဲ။ ဒါတွေအားလုံးကို ကျွန်တော်တို့ ဘာမှ မသိရသေးဘူးလေ။" 】
【 "ဒီလိုအခြေအနေမှာ တိုက်ရိုက်စားသုံးလိုက်မယ်ဆိုရင်... ကျွန်တော် သောင်းနှစ်သက်တမ်း ဝေလငါးကော်ကို စားပြီး အစာမကြေဖြစ်လို့ ဆေးအာနိသင်ကြောင့် ခန္ဓာကိုယ်ပေါက်ကွဲပြီး သေသွားမှာကို မကြောက်ဘူးလား။" 】
【 ယွီရှောင်ကန်းက အားမလိုအားမရ မျက်နှာနဲ့ ပြောလိုက်တယ်။ သူက ဒိုလော်တိုက်ကြီးဟာ ရွှမ်ဟွမ့်ကမ္ဘာ ဖြစ်ပြီး ကျင့်ကြံရာမှာ အထောက်အကူဖြစ်စေဖို့ ဆေးဝါးတွေ သုံးစွဲလေ့ရှိပေမဲ့၊ ဝိညာဉ်သခင်တွေအနေနဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာတွေအကြောင်း ဗဟုသုတက အလွန်နည်းပါးနေတာကို သတိပြုမိသွားတယ်။ 】
【 "အာ... အဲဒါတော့... ဟူး... ဦးလေးယဲ့ တကယ်ပဲ သတိလစ်ဟင်းသွားမိတာပါ။ ကံကောင်းလို့ ရှောင်ကန်း မင်းက ဉာဏ်ကောင်းလို့ပေါ့။" 】
【 ယဲ့ဟန်ချွမ်းက ယွီရှောင်ကန်း ပြောတဲ့ပုံစံအတိုင်း စိတ်ကူးယဉ်ကြည့်လိုက်တဲ့အခါ သူ့ကျောကနေ ချွေးအေးတွေ ချက်ချင်း ပြန်စီးကျလာတယ်။ တကယ်လို့ ယွီရှောင်ကန်းသာ တိုက်ရိုက်စားလိုက်ပြီး တစ်ခုခုဖြစ်သွားခဲ့ရင် သူက အစ်ကိုကြီး ယွီကို ရှင်းပြနိုင်မှာ မဟုတ်ဘူးလေ။ 】
【 "ကဲ... ဝေလငါးကော်က ခန္ဓာကိုယ်ကို သန်မာစေနိုင်တယ်ဆိုတာ သေချာသွားပြီမို့၊ နောက်တစ်ဆင့်ကတော့ စမ်းသပ်မှုတွေကို ဆက်လုပ်ဖို့ပါပဲ။ ဒီတစ်ခါတော့ ရာနှစ်သက်တမ်း ဝေလငါးကော်ကို သုံးကြည့်မယ်။ ဒါနဲ့ ဦးလေးယဲ့... ဂိုဏ်းမှာ ဝေလငါးကော် အလုံအလောက် ရှိရဲ့လား။" 】
【 ယွီရှောင်ကန်းရဲ့ မေးခွန်းကို ကြားတဲ့အခါ ယဲ့ဟန်ချွမ်းက စိတ်ချလက်ချ မျက်နှာပေးနဲ့ ပြန်ဖြေလိုက်တယ်။ 】
【 "ဝေလငါးကော်ဆိုတာ မှူးမတ်တွေ အရမ်းကြိုက်တဲ့ ရေပန်းစားတဲ့ ကုန်ပစ္စည်းပဲ၊ ဒါကြောင့် ဂိုဏ်းမှာ အများကြီး စုဆောင်းထားပြီးသား။ အလုံအလောက် ရှိပါတယ်" 】
【 "ဒါဆိုလည်း ကောင်းပြီ” 】
【 ယဲ့ဟန်ချွမ်းရဲ့ စကားကို ကြားပြီး ယွီရှောင်ကန်း ခေါင်းညိတ်လိုက်တယ်။ တစ်ချိန်တည်းပဲ သူ့ဖခင်က ဘွဲ့အမည်ရဒိုလော်တစ်ပါး ဖြစ်ပြီး အပြာရောင်လျှပ်စီး နဂါးဂိုဏ်းချုပ် ဖြစ်နေတဲ့အတွက် ကျေးဇူးတင်မိတယ်။ သာမန်လူအတွက်ဆိုရင် ဒီလို အရင်းအမြစ်တွေကို သုံးစွဲပြီး စမ်းသပ်မှုတွေ လုပ်ဆောင်ကာ ကောင်းကင် ကို ဆန့်ကျင်ပြီး ကံကြမ္မာကို ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါပဲ။ 】
【 ဒါနဲ့ ဒုတိယအကြိမ် စမ်းသပ်မှုတွေ စတင်ခဲ့ ပြန်တယ်။ ဒီတစ်ခါမှာ ယွီရှောင်ကန်းက ဝက် (၁၀) ကောင်ကို ရာနှစ်သက်တမ်း ဝေလငါးကော်တွေ ကျွေးလိုက်တယ်။ ပြီးတော့ အဲဒီဝက်တွေကို ပိုခိုင်တဲ့ ကြိုးတွေနဲ့ ချည်ထားဖို့ လူတွေကို ခိုင်းလိုက်တယ်။ နောက်ထပ် ဝက်တွေ အော်ဟစ်နေတဲ့ ညတစ်ည ထပ်ကုန်ဆုံးသွားပြန်တယ်။ 】
【 တတိယမြောက်နေ့မှာ ယွီရှောင်ကန်းနဲ့ ယဲ့ဟန်ချွမ်းတို့ ဝက်ခြံကို ပြန်ရောက်လာတဲ့အခါ ဖြစ်ပျက်နေတဲ့ အခြေအနေကြောင့် သူတို့နှစ်ယောက် လုံး မျက်မှောင်ကြုတ်သွားကြတယ်။ 】
【 "မင်းပြောတာ ဝက် (၁၀) ကောင်ထဲက (၉) ကောင်လုံး သေသွားတယ် ဟုတ်လား။" 】
【 ယဲ့ဟန်ချွမ်းက မယုံနိုင်စွာနဲ့ မေးလိုက်တယ်။ 】
【 "ဟုတ်ပါတယ်၊ သူတို့ အကုန်လုံး ဒွါရ(၇) ပေါက်က နေ သွေးတွေ အန်ထွက်ပြီး သေသွားကြတယ်။ ကျွန်တော်တို့ စစ်ဆေးလိုက်တဲ့အခါ ခန္ဓာကိုယ် တွင်းအင်္ဂါတွေ အကုန်လုံး ပျက်စီးနေတယ်။ သနားစရာကောင်းတဲ့ သေဆုံးမှုမျိုးပါပဲ။" 】
【 ဝိညာဉ်သခင်တစ်ယောက်က သက်ပြင်းချရင်း ပြောလိုက်တယ်။ ဒီလို သေဆုံးပုံမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးတာပါ။ 】
【 "ကျွန်တော်တို့ကို ခေါ်သွားပေးပါဦး။" 】
【 ယဲ့ဟန်ချွမ်းနဲ့ ယွီရှောင်ကန်းတို့ တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ပြီးနောက် ပြောလိုက်တယ်။ ဝိညာဉ်သခင်ရဲ့ လမ်းပြမှုအောက်မှာပဲ သူတို့နှစ်ယောက်ဟာ သနားစရာကောင်းစွာ သေဆုံးနေတဲ့ ဝက်တွေကို ကိုယ်တိုင် မြင်တွေ့လိုက်ရပါတယ်၊ တကယ်ကို ကြေကွဲစရာပါပဲ။ 】
【 အသက်ရှင်ကျန်ရစ်တဲ့ ဝက်တစ်ကောင်ကတော့ သူစားလိုက်တဲ့ ဝေလငါးကော်က ရာနှစ်သက်တမ်း သာ ရှိတာကြောင့် ကံကောင်းထောက်မစွာနဲ့ပဲ လွတ်မြောက်သွားတာပါ။ ဒါပေမဲ့ အဲဒီဝက်လည်း ကြမ်းပြင်ပေါ်မှာ လဲလျောင်းပြီး သေခါနီး အခြေအနေမှာ ရှိနေခဲ့ပါတယ်။ 】
【 ဒီဝက်တွေရဲ့ အခြေအနေကို ကြည့်ပြီးနောက်မှာတော့ ယွီရှောင်ကန်းသာ တိုက်ရိုက်စားသုံးဖို့ သဘောတူခဲ့ရင် ဘာတွေဖြစ်လာမလဲဆိုတာကို တွေးမိပြီး ယဲ့ဟန်ချွမ်း တစ်ယောက် ကံကောင်းသွားလို့ ခံစားလိုက်ရတယ်။ 】
【 "ရှောင်ကန်း... ဒီရာနှစ်သက်တမ်း ဝေလငါးကော်က အရမ်းအန္တရာယ်များတယ်။ တစ်ချက်လေး မှားတာနဲ့ မင်း အသက်ပါ ဆုံးရှုံးနိုင်တယ်။ နောက်ကျရင် မင်း ခန္ဓာကိုယ် အနည်းငယ် တိုးတက်ရုံလောက်ပဲ သုံးလိုက်တာ ပိုကောင်းမယ်ထင်တယ်။" 】
【 ယဲ့ဟန်ချွမ်းက ပြောလိုက်တယ်။ မူလကတော့ ယဲ့ဟန်ချွမ်းတစ်ယောက် ဆေးအာနိသင်ကို သည်းခံပြီး အကုန်မပျံ့နှံ့အောင် ထိန်းထားရင် မသက်မသာ ဖြစ်ရုံလောက်ပဲလို့ ထင်ခဲ့ပေမဲ့ အခုတော့ ဒါဟာ အသက်အန္တရာယ် ရှိမှန်း သိသွားပါပြီ။ 】
အမှောင်နဲ့ အလင်းကမ္ဘာနှစ်ခုလုံးမှာ ဝေလငါးကော်တွေကို အကြီးအကျယ် လိုက်ဝယ်နေကြတဲ့ သူတွေအားလုံး ဒီရလဒ်ကို မြင်လိုက်ရတဲ့အခါမှာတော့ ခဏတာ အံ့ဩမှင်တက်သွားကြတယ်။ သူတို့လက်ထဲက ရာနှစ်သက်တမ်းနဲ့ ထောင်နှစ်သက်တမ်း ဝေလငါးကော်တွေကို ကြည့်ရင်း ဒီအရာတွေကို ဆက်စုဆောင်းရမလား၊ မစုဆောင်းရမလားဆိုတာကို မဆုံးဖြတ်နိုင်ကြတော့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီအရာကို မှန်ကန်စွာ မသုံးရင် အသက်ပါ ဆုံးရှုံးနိုင်လို့ပါ။
အမှောင်ကမ္ဘာ၊
ဆောထိုမြို့က အကြီးဆုံး ဆေးဆိုင်တွင်။
မကြာသေးခင်က မကျေနပ်ချက်တွေနဲ့ ထန်စန်း၊ ဒိုင်မူပိုင်နဲ့ တခြားသူတွေဟာ ဖလန်းဒါး၊ ကျောက်ဝူကျီတို့နောက်ကို လိုက်လာပြီး ဘယ်လိုနည်းနဲ့မဆို ဝေလငါးကော်ကို ဝယ်ဖို့ ကြိုးစားနေကြတယ်။ ဖလန်းဒါးရဲ့ စကားလုံးတွေနဲ့ ဝိညာဉ်သူတော်စင်တစ်ယောက်ရဲ့ စွမ်းအားကို အသုံးပြု ခြိမ်းခြောက်လိုက်တဲ့အခါမှာတော့ ဆိုင်ရှင်က ထောင်နှစ်သက်တမ်း ဝေလငါးကော် အနည်းငယ်ကို ရောင်းပေးဖို့ သဘောတူခဲ့တယ်။
နှစ်ဖက်စလုံး အရောင်းအဝယ် လုပ်ဖို့ ပြင်ဆင်နေချိန်မှာပဲ ဒုတိယအကြိမ် စမ်းသပ်မှုရဲ့ ရလဒ်တွေ ထွက်ပေါ်လာခဲ့တယ်။
ဂလု!
ကောင်းကင်စီရင်ချက်ထဲက သေဆုံးသွားတဲ့ ဝက်တွေကို ကြည့်ပြီး မာဟုန်ကျွန်းတစ်ယောက် တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရတယ်။
"ဆရာ... ကျွန်တော်တော့ ရိုးရိုးပဲ ဝိညာဉ်ကွင်းကို စုပ်ယူလိုက်တာ ပိုကောင်းမယ်ထင်တယ်။ ဝေလငါးကော်တွေ ဘာတွေ မလိုပါဘူး။"
သူ ကြောက်နေပါတယ်။ မဟုန်ကျွန်းက ဝက်တွေလိုမျိုး ဒွါရ(၇) ပေါက်ကနေ သွေးတွေ အန်ထွက်ပြီး မသေချင်ပါဘူး။
"ဟုတ်တယ် ကျောင်းအုပ်ကြီး... မလိုပါဘူး။ ကျွန်တော်တို့ ပုံမှန်နည်းလမ်းအတိုင်းပဲ လုပ်ကြတာပေါ့။"
သူတို့ဘေးမှာတော့ ဝေလငါးကော်သတင်း ထွက်လာကတည်းက မျက်နှာပျက်နေတဲ့ ဒိုင်မူပိုင်တစ်ယောက် နောက်ဆုံးတော့ ပြုံးလိုက်နိုင်ပါပြီ။ ဖလန်းဒါးနဲ့ အရောင်းအဝယ် လုပ်နေတဲ့ ဆေးဆိုင်ရှင်က အခြေအနေမကောင်းမှန်း သိသွားပြီး ဖလန်းဒါးလက်ထဲက ပိုက်ဆံတွေကို ပြန်လုဖို့ ကြိုးစားပေမဲ့ ဝိညာဉ်သူတော်စင်တစ်ယောက်ရဲ့ ပြိုင်ဘက် ဖြစ်လာမှာတဲ့လား။
ဖလန်းဒါးက ပိုက်ဆံအိတ်ကို လျှပ်စီးလို မြန်ဆန်စွာ ပြန်သိမ်းလိုက်ပြီး ဝယ်ထားတဲ့ ထောင်နှစ်သက်တမ်း ဝေလငါးကော်တွေကို ဆိုင်ကောင်တာပေါ်ကို ပြန်ပစ်ချလိုက်တယ်။
"...ခင်ဗျားတို့ ဝယ်မယ်လို့ အတည်ပြုထားပြီးသားလေ။ ဒါမျိုး လုပ်လို့ မကောင်းပါဘူးဗျာ"
ဆေးဆိုင်ရှင်က နည်းနည်းလေးတော့ ဆက်ပြီး တောင်းဆိုချင်သေးတယ်။ ဒါပေမဲ့ သူ ရင်ဆိုင်နေရတာက ဖလန်းဒါးလေ။
"ဘာကို ပျက်ကွက်တာလဲ။ ငါက ကုန်ပစ္စည်းကို လက်မခံရသေးဘူးလေ။ ကုန်ပစ္စည်းက ငါ့လက်ထဲ မရောက်သေးရင် ဒါဟာ အရောင်းအဝယ် မမြောက်သေးဘူး"
"ဟုန်ကျွန်း၊ မူပိုင်... သွားကြမယ်။ ကံကောင်းလို့ အရောင်းအဝယ် မဖြစ်လိုက်တာ။ ဒီပြကွက်သာ အရောင်းအဝယ်ဖြစ်ပြီးမှ ပေါ်လာရင် ငါတော့ အရှုံးကြီး ရှုံးတော့မှာ။ ဟားဟားဟား... ရှောင်ကန်းဆိုတာ တကယ်ကို ငါ့ရဲ့ ညီအစ်ကိုကောင်းပဲ။ အပြိုင်ကမ္ဘာက ရှောင်ကန်းတောင် ငါ့ကို မသစ္စာဖောက်ပါဘူး။"
ဖလန်းဒါးက မဟုန်ကျွန်းနဲ့ ဒိုင်မူပိုင်ကို ခေါ်ပြီး စိတ်သက်သာရာရတဲ့ မျက်နှာနဲ့ ဆေးဆိုင်ကနေ ထွက်ခွာသွားတယ်။ ထွက်သွားရင်းနဲ့လည်း ကောင်းကင်စီရင်ချက်ကို လက်မထောင်ပြနေပါသေးတယ်။ ဖလန်းဒါးရဲ့ ကျောပြင်ကို ကြည့်ရင်း ဆေးဆိုင်ရှင်ရဲ့ မျက်နှာကတော့ ပြာနှမ်းသွားခဲ့ပြီ။ သူ အချိန်အကြာကြီး ခြိမ်းခြောက်ပြီးမှ အရောင်းအဝယ်ဖြစ်ခါနီးမှ အခုလို ပျက်ပြားသွားတာပါ။ ဖလန်းဒါးက ဝိညာဉ်သူတော်စင် မဟုတ်ရင်တော့ သူ ဆဲဆိုပစ်လိုက်မှာ အသေအချာပါပဲ။
"ဟွန့်... ရှရက်ခ် အကယ်ဒမီ မဟုတ်လား။ ငါ့အခွင့်အရေးသာ ပေးစမ်း။ ငါ့လက်ထဲမှာ အခွင့်အရေးသာ ရောက်လာရင် မင်းတို့ကို ပြန်မကလဲ့စားချေရရင် ငါ့နာမည်ကို ပြောင်းပေးလိုက်မယ်!"
ဆေးဆိုင်ရှင်က ရေရွတ်ရင်း ကောင်းကင်စီရင်ချက်ကို ဆက်ကြည့်နေပြန်တယ်။ သူ မယုံပါဘူး။ ကောင်းကင်စီရင်ချက်က ဒါကို ထုတ်လွှင့်ပြသတယ်ဆို တာ နဂါးနတ်ဘုရားဒိုလော်ရဲ့ အနာဂတ်အပေါ်မှာ သက်ရောက်မှုရှိလို့သာ ဖြစ်မှာပါ။
သူကတော့ ဝေလငါးကော်က အသုံးဝင်တယ်လို့ ယုံကြည်နေပြီး ကောင်းကင်စီရင်ချက်ထဲက သုံးစွဲတဲ့နည်းလမ်းက လက်ရှိမှာ မှားယွင်းနေတာပဲ ဖြစ်လိမ့်မယ်လို့ လောင်းကြေးထပ်လိုက်တယ်