အခန်း ၁၈ မဟာဆရာသခင်ကြီး - ပထမဝိညာဉ်ကွင်းရဲ့ အကန့်အသတ်က ၄၂၃ နှစ်ပဲရှိတယ်လို့ ငါ ဒီမှာပဲ အတိအလင်း ပြောလိုက်မယ်!
【 မှန်တာပေါ့၊ စကားအရသာ ဆိုသော်လည်း၊ ယွီရှောင်ကန်းဟာ သူ့ရဲ့ခန္ဓာကိုယ်က ခံနိုင်ရည်ရှိတဲ့ အကန့်အသတ်ထက် အဝေးကြီးကျော်လွန်နေတဲ့ ဝိညာဉ်ကွင်းမျိုးကို ချက်ချင်းကြီး သွားပြီးတော့ စုပ်ယူမှာတော့ မဟုတ်ပါဘူး။ 】
【 ဒီအချိန်မှာ သူဟာ ဒိုလော်တိုက်ကြီးရဲ့ အသိပညာတွေကို စတင်လေ့လာခဲ့စဉ်က တွေ့ရှိခဲ့တဲ့ ပထမဝိညာဉ်ကွင်းကို ရယူနိုင်မယ့် သက်တမ်းကန့်သတ်ချက် သီအိုရီရဲ့ ကောက်ချက်ကို ပြန်လည်သတိရလိုက်မိတယ်။ 】
【 "သန်မာတဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု ရှိခြင်းဟာ သက်တမ်းရင့်ဝိညာဉ်ကွင်းတွေကို ရရှိဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေအနေတစ်ခုပဲ။" 】
【 "သားရဲဝိညာဉ်ပိုင်ဆိုင်တဲ့ ဝိညာဉ်သခင်တွေဟာ လက်နက်ဝိညာဉ်ပိုင်ဆိုင်တဲ့သူတွေထက် ပိုပြီးတော့ သက်တမ်းရင့်တဲ့ ဝိညာဉ်ကွင်းတွေကို ရရှိနိုင်ကြတယ်!" 】
【 ဒီအတွေးအခေါ်အတိုင်းဆိုရင်... ဝိညာဉ်သခင်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကသာ သန်မာမှုရှိနေမယ်ဆိုရင် သူတို့ရရှိနိုင်မယ့် ပထမဝိညာဉ်ကွင်းရဲ့ သက်တမ်းကလည်း အကန့် အသတ်မရှိ တိုးလာနိုင်တယ်လို့ ဆိုလိုတာလား။ 】
အမှောင်ကမ္ဘာ၊ ရှရက်ခ် အကယ်ဒမီတွင်။
"အဓိပ္ပာယ်မရှိတာ၊ လုံးဝကို အမှိုက်လို အတွေးအခေါ်ပဲ"
မဟာဆရာသခင်ကြီး ယွီရှောင်ကန်းက ကောင်းကင်စီရင်ချက်ကို ကြည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်တယ်။
"ခန္ဓာကိုယ်သန်မာရင် အကန့်အသတ်မရှိ တိုးသွားနိုင်တယ် ဟုတ်လား။ မင်းက လူသားတွေရဲ့ ခံနိုင်ရည်မှာ အကန့်အသတ် မရှိဘူးလို့ ထင်နေတာလား။"
"ဒါက မျိုးဆက်သစ်တွေကို လမ်းမှားပို့နေတာ၊ လုံးဝကို လမ်းမှားပို့နေတာပဲ!"
"ငါ ဒီနေ့ ဒီနေရာမှာပဲ အတိအလင်း ပြောလိုက်မယ် - ပထမဝိညာဉ်ကွင်းရဲ့ ခံနိုင်ရည်အကန့်အသတ်က ၄၂၃ နှစ်ပဲ။ ဘယ်သူမှ ဒီကိန်းဂဏန်းကို ကျော်လွန်နိုင်မှာ မဟုတ်ဘူး"
ဒေါသတကြီး ဆဲဆိုမြည်တွန်ပြီး တံတွေးတွေ တဖျတ်ဖျတ်စင်အောင် ပြောဆိုပြီးနောက်၊ မဟာဆရာသခင်ကြီး ယွီရှောင်ကန်းက စုဝေးနေတဲ့ ရှရက်ခ် နတ်ဆိုးခုနစ်ဖော်ကို လှည့်ကြည့်လိုက်တယ်။
"ကဲ... တော်ကြတော့၊ ဆက်မကြည့်ကြနဲ့တော့။ ဒီလိုအရာတွေကို ကြည့်နေတာက လုံးဝကို အဓိပ္ပာယ်မရှိဘူး။"
"မင်းတို့တွေ ဒါကို အကြည့်များရင် မင်းတို့ အခုလေ့လာထားပြီးသား အသိပညာတွေကိုပဲ ရှုပ်ထွေးကုန်စေလိမ့်မယ်။"
"အားလုံးပဲ... သွားပြီး လေ့ကျင့်ကြတော့!"
မဟာဆရာသခင်ကြီးရဲ့ လေသံက ပြတ်သားပြီး ယုံကြည်ချက်အပြည့် ရှိနေခဲ့တယ်။ ကောင်းကင်စီရင်ချက်ထဲက ယွီရှောင်ကန်းဟာ သူ့ရဲ့ကိုယ်ပိုင် သီအိုရီအကန့်အသတ်ထက် ကျော်လွန်တဲ့ ဝိညာဉ်ကွင်းကို ရရှိနိုင်လိမ့်မယ်လို့ သူ လုံးဝမယုံကြည်ပါဘူး။
သူက ဘွဲ့အမည်ရဒိုလော် ဖြစ်လာနိုင်ခဲ့ရင်တောင်မှ၊ ဒါဟာ တခြားသော ကဏ္ဍတွေမှာ စည်းမြားတွေကို ချိုးဖျက်နိုင်ခဲ့လို့ပဲ ဖြစ်ရမယ်။ ဝိညာဉ်ကွင်းရဲ့ သက်တမ်းကန့်သတ်ချက်ကို ချိုးဖျက်တာ ဟုတ်လား။ ဘယ်သူမှ ဒါကို မလုပ်နိုင်ပါဘူး!
ဒီကိစ္စနဲ့ ပတ်သက်လာရင်တော့ သူကသာ လုံးဝကျမ်းကျင်မှု အရှိဆုံးသူ ဖြစ်တယ်လေ
မဟာဆရာသခင်ကြီးရဲ့ စကားကို ကြားရတဲ့အခါ၊ ထန်စန်းဟာ ကောင်းကင်စီရင်ချက်ကို အလွန်အမင်း စိတ်ဝင်စားနေခဲ့ပေမဲ့လည်း ချက်ချင်းဆိုသလိုပဲ အပြင်ကို ပြေးထွက်ပြီး လေ့ကျင့်ဖို့ ပြင်ဆင်လိုက်တော့တယ်။ သူက မဟာဆရာသခင်ကြီး ကို အယုံကြည်ဆုံးဖြစ်တာမို့ ဆရာ့ရဲ့ ဆုံးဖြတ်ချက်ကို လည်း ထပ်တူ ယုံကြည်ပါတယ်။
ထန်စန်း ပြေးထွက်သွားတာကို မြင်တော့ ရှောင်ဝူကလည်း ခပ်မြန်မြန်ပဲ နောက်က လိုက်သွားသလို၊ အဲဒီနောက်မှာတော့ ကျူးကျူးချင်း၊ ဒိုင်မုပိုင်၊ အော်စကာနဲ့ မာဟုန်ကျွင်းတို့ပါ လိုက်သွားကြတယ်။
နောက်ဆုံးလူဖြစ်တဲ့ မာဟုန်ကျွင်းပါ ထွက်သွားတဲ့အခါမှာတော့ ကွင်းပြင်ထဲမှာ နင်ရုန်ရုန် တစ်ယောက်တည်းပဲ ကျန်ရစ်ခဲ့တော့တယ်။
"နင်ရုန်ရုန်... မင်း ဘာလို့ သွားမပြေးတာလဲ။" မဟာဆရာသခင်ကြီးက မျက်မှောင်ကုတ်ပြီး မေးလိုက်တယ်။
"ကျွန်မက ကောင်းကင်စီရင်ချက်ရဲ့ အကြောင်းအရာတွေကို အဆုံးထိ ကြည့်ချင်လို့" နင်ရုန်ရုန်က ယွီရှောင်ကန်းကို တစ်ချက် စောင်းငဲ့ကြည့်ပြီး မထီမဲ့မြင် လေသံနဲ့ ပြောလိုက်တယ်။
"မင်းက ငါ့ရဲ့ အမိန့်ကို ဖီဆန်ချင်တာလား" မဟာဆရာသခင်ကြီးက အသံကို မြှင့်လိုက်တယ်။
"ယွီရှောင်ကန်း... ရှင်က ဘယ်သူမို့လို့ ဒီအမျိုးသမီးလေးကို လာပြီး အမိန့်ပေးရဲတာလဲ။"
"ကောင်းကင်စီရင်ချက်မှာက နဂါးနတ်ဘုရားဒိုလော်ရဲ့ အတွေ့အကြုံတွေကို ပြသနေတာလို့ အထင်အရှား ပြောထားပြီးသားပဲ။ ကျွန်မက ဘာလို့ ဘွဲ့အမည်ရဒိုလော်ရဲ့ အတွေ့အကြုံတွေကို မယုံဘဲ၊ အဆင့် ၂၉ ကိုတောင် မကျော်နိုင်တဲ့ ရှင့်လို အမှိုက်ရဲ့ စကားကို ယုံရမှာလဲ။"
နင်ရုန်ရုန်ဟာ သူမရဲ့ စုန်းမငယ်လေးဆိုတဲ့ ဂုဏ်သတင်းအတိုင်း မဟာဆရာသခင်ကြီးကို နည်းနည်းလေးမျှ မျက်နှာနာခြင်း မရှိခဲ့ပါဘူး။
"မင်း..."
သူ့ရဲ့ ကိုယ်ပိုင်ခံစစ်ကြီး ပျက်စီးသွားရသလိုမျိုး၊ မဟာဆရာသခင်ကြီးဟာ လက်သီးတွေကို တင်းတင်းဆုပ်၊ မျက်လုံးတွေ နီမြန်းလာပြီး နွားသိုးတစ်ကောင်လို ပြင်းပြင်းထန်ထန် အသက်ရှူနေခဲ့ရတယ်။
ဆရာသမားကို မရိုသေသမှု ပြုတဲ့ ဒီလိုလူကို သင်ခန်းစာကောင်းကောင်း ပေးဖို့အတွက် နင်ရုန်ရုန်ရဲ့ ပါးကို အခုချက်ချင်း ဖြတ်ရိုက်ပစ်ချင်စိတ် ပေါက်သွားခဲ့တာပေါ့။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ သူ မလုပ်ရဲခဲ့ပါဘူး။
နင်ရုန်ရုန်ဟာ ဘုံခုနစ်ဆင့်ပြာသာဒ်ဂိုဏ်းရဲ့ သမီးတော်ဖြစ်ပြီး ဓားဒိုလော်နဲ့ အရိုးဒိုလော်တို့ရဲ့ ရင်နှစ်သည်းချာ ဖြစ်တယ်။ တကယ်လို့ သူသာ သူမကို လက်ဖျားနဲ့တောင် တို့ရဲရင်၊ လာမယ့်နှစ် ဒီလိုအချိန်ဟာ သူ့ရဲ့ ရက်လည်ဆွမ်းကျွေးပွဲ ဖြစ်သွားမှာ သေချာတယ်လေ။
နောက်ဆုံးမှာတော့ ယွီရှောင်ကန်းက သူ့ရဲ့ဒေါသကို မျိုသိပ်လိုက်ပြီး၊ နှာခေါင်းတစ်ချက် ရှုံ့ကာ နင်ရုန်ရုန်ကို အဲဒီနေရာမှာတင် ဆက်ကြည့်ခွင့် ပေးလိုက်ရပါတော့တယ်။
【 ဗီဒီယိုက ဆက်လက် ပြသနေဆဲ... 】
【 အတွေးအခေါ်ကတော့ ရှိပြီ၊ ဒါပေမဲ့ ဒါကို အတိအကျ ဘယ်လိုလုပ်ဆောင်ရမလဲ။ 】
【 လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အကြောင်းပြချက်မရှိဘဲနဲ့တော့ သန်မာလာမှာ မဟုတ်ဘူးလေ။ 】
【 လေ့ကျင့်ခန်း လုပ်တာကတော့ ယွီရှောင်ကန်းအနေနဲ့ နေ့ရောညပါ သေချာပေါက် ဇွဲနပဲနဲ့ လုပ်သွားမယ့် အရာ ဖြစ်ပေမဲ့၊ နေ့တိုင်း လေ့ကျင့်ခန်း လုပ်နေကြတဲ့သူတွေ ကလည်း ကမ္ဘာပေါ်မှာ အမြောက်အမြား ရှိနေတာပဲ မဟုတ်လား။ 】
【 ခန္ဓာကိုယ်ကို ပိုပြီး ကြီးထွားလာအောင် စောင့်ဆိုင်းဖို့အတွက် ပထမဝိညာဉ်ကွင်း ရယူမယ့် အချိန်ကို အချိန်ဆွဲထားရမလား။ 】
【 ယွီရှောင်ကန်းက ခေါင်းခါလိုက်တယ်။ 】
【 ဝိညာဉ်သခင်တစ်ယောက် ကျင့်ကြံဖို့အတွက် ရွှေရောင်အရွယ် ဆိုတာ အသက်နှစ်ဆယ် မတိုင်ခင် ဖြစ်ရာ၊ သူကတော့ သူ့ရဲ့ ပထမအဆင့် မွေးရာပါဝိညာဉ်စွမ်းအားကြောင့် သူများတွေထက် ခြေလှမ်းတစ်လှမ်း နောက်ကျနေခဲ့ပြီ ဖြစ်တယ်။ 】
【 သူ့ခန္ဓာကိုယ် သူ့အလိုလို ကြီးထွားလာဖို့ စောင့်ဆိုင်းနေရအောင် သူ့မှာ အချိန်တွေ ဘယ်က ရဦးမှာလဲ။ 】
【 ပြောရရင် လမ်းစဉ်တစ်ခုပဲ ရှိတော့တယ် - 】
【 ဆေးလုံးတွေ မှီဝဲခြင်း ပဲ】
【 ဝိညာဉ်ကူးပြောင်းသူတစ်ယောက်အနေနဲ့ ယွီရှောင်ကန်းဟာ ဝိညာဉ်မကူးပြောင်းခင်က ဝတ္ထုတွေကို ဖတ်ဖူးတာကြောင့်၊ရွှမ်ဟွမ့်ကမ္ဘာတွေကို ရောက်သွားရင် ဆေးလုံးတွေ မှီဝဲတာက မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဆိုတာ ကောင်းကောင်း သိထားတာပေါ့။ 】
【 ဒါပေမဲ့ ဒိုလော်တိုက်ကြီးကို ရောက်နေတာ ဒီလောက်ကြာပြီ ဖြစ်တဲ့အတွက်၊ ယွီရှောင်ကန်းက ဒီကမ္ဘာရဲ့ အသိပညာ အများကြီးကိုလည်း လေ့လာခဲ့ပြီးပြီဖြစ်ရာ၊ 'ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာ' တွေက ဒီကမ္ဘာမှာ အလွန်အမင်း ရှားပါးကြောင်း သူ ရှာဖွေတွေ့ရှိခဲ့တယ်။ 】
【 သူတို့တွေက လုံးဝ မရှိသလောက်လို့တောင် ပြောလို့ရတယ်။ 】
【 ဘာပဲဖြစ်ဖြစ် ယွီရှောင်ကန်း ရှာဖွေတွေ့ရှိခဲ့တဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေက ဒဏ္ဍာရီတွေနဲ့ ပုံပြင်တွေထဲမှာပဲ ရှိတာပါ။ 】
【 "သူတို့ တကယ် ရှိရှိ၊ မရှိရှိ... ကျွန်တော် အရင်သွားပြီး ရှာကြည့်ရမယ်။" 】
【 စိတ်ပိုင်းဖြတ်ပြီးနောက် ယွီရှောင်ကန်းက ယွီယွမ်ကျန့်ကို အကြောင်းကြားပြီး အပြာရောင်လျှပ်စီး နဂါးဂိုဏ်းကနေ ထွက်ခွာခဲ့တယ်။ 】
【 ဒိုလော်တိုက်ကြီးရဲ့ အထက်တန်းစား ဂိုဏ်းကြီးသုံးဂိုဏ်းထဲက တစ်ခုဖြစ်တဲ့အတွက် အပြာရောင်လျှပ်စီး နဂါးဂိုဏ်းရဲ့ အနီးနားမှာ ဂိုဏ်းပိုင်ဆိုင်တဲ့ သီးသန့်မြို့တစ်မြို့ ရှိနေတာက သဘာဝကျပါတယ်။ 】
【 ဘုံခုနစ်ဆင့်ပြာသာဒ်ဂိုဏ်းရဲ့ ဘုံခုနစ်ဆင့်မြို့တော် ရယ်၊ ဟောက်ထျန်းဂိုဏ်းရဲ့ ဟောက်ထျန်းမြို့တော် တို့လိုပဲ၊ လျှပ်စီးနဂါးမြို့တော်ဟာလည်း အဲဒီလို မြို့မျိုး ဖြစ်တယ်။ 】
【 မြို့ထဲမှာ ဆိုင်ခန်းတွေ စီတန်းနေပြီး သယံဇာတ အရင်းအမြစ် အမျိုးမျိုး စုဝေးနေရာ ဖြစ်တာကြောင့် စည်ကားလှတဲ့ လူအုပ်ကြီးနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ ပြကွက်တစ်ခု ဖြစ်နေခဲ့တယ်။ 】
【 လျှပ်စီးနဂါးမြို့တော်ကို ရောက်ရှိလာတဲ့အခါမှာတော့ ယွီရှောင်ကန်းက စည်ကားလှတဲ့ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ မြို့ထဲမှာ အကြီးဆုံးဖြစ်တဲ့ 'မိုးကြိုးနဂါးဆေးဆိုင်' ဆီကိုပဲ တိုက်ရိုက် သွားလိုက်တယ်။ 】
【 "ဦးလေးယဲ့... ဦးလေးက အမြဲတမ်း ကျန်းမာဖြတ်လတ်နေတုန်းပဲနော်။" 】
【 ကောင်တာရှေ့ကို ရောက်တဲ့အခါ ယွီရှောင်ကန်းက အလုပ်ရှုပ်နေတဲ့ အသက်လတ်ပိုင်း အမျိုးသားကို နှုတ်ဆက်လိုက်တယ်။ 】
【 ဦးလေးယဲ့ရဲ့ နာမည်အရင်းက ယဲ့ဟန်ချွမ်း ဖြစ်တယ်။ သူက သူ့အဖေ ယွီယွမ်ကျန့် ငယ်စဉ်တုန်းက ထားခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ပေါ့။ နောက်ပိုင်းမှာ သူက ယွီယွမ်ကျန့်နောက်ကို လိုက်ဖို့ ရွေးချယ်ခဲ့ပြီး၊ အသက်ကြီးလာတဲ့အခါမှာတော့ ယွီယွမ်ကျန့်က သူ့ကို ဒီလိုမျိုး အေးအေးဆေးဆေး အနားယူလို့ရမယ့် ရာထူးနေရာမှာ စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။ 】
【 "အို... ရှောင်ကန်းပါလား။ ဧည့်သည်တော်ကြီးပဲ၊ လာ... လာထိုင်ဦး။" 】
【 ယွီရှောင်ကန်းကို မြင်တဲ့အခါ ယဲ့ဟန်ချွမ်းက ချက်ချင်းပဲ ပြုံးရွှင်သွားခဲ့တယ်။ 】
【 ယွီယွမ်ကျန့်ရဲ့ နောက်လိုက်တစ်ယောက်ဖြစ်သလို သူငယ်ချင်းကောင်းလည်း ဖြစ်တာကြောင့်၊ ယဲ့ဟန်ချွမ်းဟာ ယွီရှောင်ကန်းကို မျက်မှန်စိမ်းနဲ့ မ ကြည့်တဲ့ လူအနည်းငယ်ထဲက တစ်ဦး ဖြစ်ပါတယ်။ 】
【 ယွီရှောင်ကန်းမှာ ပါရမီမရှိတာကို သူလည်း နှမြောမိတာ မှန်ပေမဲ့၊ အဖေဖြစ်တဲ့ ယွီယွမ်ကျန့်က ဘာမှမပြောရင် တခြားလူတွေအနေနဲ့ အတင်းအဖျင်းပြောဖို့ မလိုဘူးလေ။ 】
【 "ဦးလေးယဲ့... ကျွန်တော် ဒီတစ်ခေါက် လာတာက ဦးလေးဆီကနေ အကြံဉာဏ်တောင်းချင်လို့ပါ။ တကယ်လို့ ကျွန်တော်က ကျွန်တော့်ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို သန်မာအောင် လုပ်ချင်ရင်၊ ဘယ်လို ဆေးဘက်ဝင်အပင်မျိုးတွေကို သုံးရမလဲ။" 】
【 ယွီရှောင်ကန်းက သူ့ရဲ့ ရည်ရွယ်ချက်ကို တိုက်ရိုက်ပဲ ပြောလိုက်တယ်။ 】
【 "ခန္ဓာကိုယ်ကို သန်မာစေမယ့် ဆေးဘက်ဝင် အပင်တွေ ဟုတ်လား။ မင်းက မင်းရဲ့ခန္ဓာကိုယ်ကို သေချာလေး ကြံ့ခိုင်အောင် လုပ်ပြီးမှ သက်တမ်း ပိုရင့်တဲ့ ဝိညာဉ်ကွင်းကို ရယူဖို့ စီစဉ်နေတာလား။" 】
【 ယဲ့ဟန်ချွမ်းဟာ တကယ့် လောကအတွေ့အကြုံ ရင့်ကျက်သူ ပီပီ၊ ယွီရှောင်ကန်းရဲ့ ရည်ရွယ်ချက်ကို ကြားလိုက်ရုံနဲ့တင် သူ့ရဲ့ အစီအစဉ်ကို နားလည်သွားခဲ့တယ်။ 】
【 "ဟုတ်ပါတယ် ဦးလေး။ ကျွန်တော့်ရဲ့ ပါရမီက သိပ်မကောင်းတာ မှန်ပေမဲ့၊ ကျွန်တော်ကတော့ ဒီအတိုင်း ထိုင်ပြီး အသေခံမယ့်သူ မဟုတ်ဘူး" ယွီရှောင်ကန်းက တည်ကြည်တဲ့ အမူအရာနဲ့ ပြောလိုက်တယ်။ 】
【 "ကောင်းတယ်အစ်ကိုကြီးယွီရဲ့ သားပီသပေတယ်။ မင်းမှာ အညံ့မခံတဲ့ စိတ်ဓာတ်ရှိရမယ်" 】
【 ယွီရှောင်ကန်းရဲ့ စကားကို ကြားရပြီး၊ သူ့ရဲ့ အမူအရာကို မြင်လိုက်ရတဲ့အခါ ယဲ့ဟန်ချွမ်းက စားပွဲကို ချက်ချင်း ရိုက်ပြီး မတ်တတ်ရပ်လိုက်တော့တယ်။ 】
【 သူ့ရဲ့ အမြင်မှာတော့ ပါရမီညံ့တာက ကိစ္စမရှိဘူး၊ ကြိုးစားချင်စိတ် ရှိဖို့ပဲ လိုတယ်။ နောက်ဆုံးရလဒ်က မကျေနပ်စရာ ဖြစ်လာရင်တောင်မှ အနည်းဆုံးတော့ ကြိုးစားခဲ့ဖူးတာပေါ့။ 】
【 "ဒီမှာ ခဏစောင့်ဦး၊ ငါ သွားပြီး ဆေးစာအုပ် သွားယူလိုက်မယ်။ အစ်ကိုကြီးယွီနဲ့ ငါရှိနေသရွေ့မင်းရဲ့ ခန္ဓာကိုယ်အခြေခံ အုတ်မြစ်ကို ကောင်းကောင်း ပွတ်တိုက်ပေးဖို့ သေချာပေါက် ကူညီပေးမှာပေါ့။" 】
【 "မင်း ဝိညာဉ်ကွင်း သွားယူမယ့် အချိန်ကျရင်၊ ငါတို့တွေ မင်းကို နှစ်ပေါင်း လေးရာဝန်းကျင်ရှိတဲ့ ဝိညာဉ်ကွင်းကို တိုက်ရိုက် ရအောင် လုပ်ပေးမယ်!" 】
【 ယဲ့ဟန်ချွမ်းက ဆေးစာအုပ် သွားယူဖို့ ပြင်လိုက်တယ်။ 】
【 ထိုအချိန်မှာပဲ ခြေလှမ်းတွေ ယိမ်းထိုးနေတဲ့ လူငယ်အနည်းငယ် အထဲကို လမ်းလျှောက် ဝင်လာကြတယ်။ 】
【 "သူဌေးယဲ့... ကျွန်တော်တို့ မှာထားတဲ့ ပစ္စည်းတွေ ရပြီလား။ ညီအစ်ကိုတွေ စောင့်နေရတာ ကြာလှပြီ" 】
【 ဒီအသံကို ကြားရတဲ့အခါ ယဲ့ဟန်ချွမ်းက ခြေလှမ်းရပ်လိုက်ပြီး၊ သူ့မျက်နှာပေါ်မှာ ထူးဆန်းတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။ 】
【 "စိတ်မပူပါနဲ့၊ အားလုံး အဆင်သင့်ရှိပါတယ်။ ဒီတစ်သုတ် ပစ္စည်းတွေရဲ့ အရည်အသွေးက တော်တော်ကောင်းတယ်၊ မင်းတို့ သုံးဖို့ လောက်ပါလိမ့်မယ်။" 】**
【 "ဟီးဟီး... ဒါဆိုရင်တော့ ဦးလေးရဲ့ စကားကိုပဲ ယုံလိုက်တော့မယ်။ ဒီနေ့တော့ ကျွန်တော် အာရုဏ်တက်တဲ့အထိ တိုက်ပွဲဝင်ဦးမှာ" 】
【 ယောက်ျားတိုင်း နားလည်နိုင်မယ့် အပြုံးမျိုးကလည်း အဲဒီလူငယ်ရဲ့ မျက်နှာပေါ်မှာ ပေါ်လာခဲ့တယ်။ 】
【 ယဲ့ဟန်ချွမ်းနဲ့ အဲဒီလူတွေရဲ့ အပြန်အလှန် စကားပြောနေမှုကို ကြည့်ရင်း၊ ယွီရှောင်ကန်းက သက်ပြင်းချကာ သူ့ရဲ့ လက်ဖက်ရည်ခွက်ကို မလိုက်တယ်။ 】
【 သူကလည်း ယောက်ျားတစ်ယောက်ပဲမို့ သူတို့ ဘာ အကြောင်း ပြောနေကြလဲဆိုတာနားလည်တာပေါ့။ 】
【 "တကယ်ပဲ... သူတို့ရဲ့ ခန္ဓာကိုယ်တွေက ဒီလောက်အထိ အားအင်ကုန်ခမ်းနေတာတောင်မှ အာရုဏ်တက်တဲ့အထိထပ်ပြီးတိုက်ပွဲဝင်ချင်နေကြ သေးတယ်" 】
【 ရုတ်တရက်... ယွီရှောင်ကန်းရဲ့ လက်ဖက်ရည်ခွက် ကို ကိုင်ထားတဲ့ လက်က လေထဲမှာ တင် ရပ်တန့်သွား ခဲ့ရတော့တယ်။ 】