အခန်း ၁၀ - မနာလိုဖြစ်ရသော မဟာဆရာသခင်ကြီး ယွီရှောင်ကန်း နှင့် ထန်စန်း
【"ရှောင်ကန်း... မင်းက..."】
【ယွီယွမ်ကျန့်က ယွီရှောင်ကန်းရဲ့ မျက်ဝန်းများကို စိုက်ကြည့်နေမိပြီး သူ့နှုတ်ခမ်းများမှာ အတန်ငယ် ခြောက်သွေ့နေသလို ခံစားလိုက်ရသည်။】
【ယခုအချိန်တွင် သူ့ရင်ဘတ်ထဲရှိ နှလုံးခုန်သံများ အပြင်းအထန် တုန်ခါနေတာကိုပင် သူ ရှင်းရှင်းလင်းလင်း ခံစားနေရသည်။】
【"အဖေ။"】
【ယွီရှောင်ကန်းက လက်လှမ်းလိုက်ပြီး သူ့ဖခင်လက်ကို ဆုပ်ကိုင်လိုက်သည်။ မိမိလက်ကလေးနှင့် နှိုင်းယှဉ်ကြည့်လျှင် ယွီယွမ်ကျန့်ရဲ့လက်ဖဝါးမှာ ကျယ်ပြန့်ပြီး ကြမ်းတမ်းလှသည်၊ သူ့ လက်ရှိလက်အရွယ်အစားဖြင့် ယွီယွမ်ကျန့်ရဲ့ လက်ချောင်းတစ်ချောင်းကိုသာ ဆုပ်ကိုင်ထားနိုင်သည်။】
【သို့သော်လည်း ယွီရှောင်ကန်းက အလွန်ဝမ်းသာသွားခဲ့သည်၊ ယခုဘဝတွင် သူ့မိသားစုဝင်ကို နောက်ဆုံးတွင် ထိတွေ့ခွင့်ရခဲ့ပြီ ဖြစ်သည်။】
【လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း ယွီယွမ်ကျန့်ရဲ့ အတူရှိပေးမှုနှင့် ပြောပြခဲ့သော စကားများကို သူ အမြဲကြားနေခဲ့ရာ၊ စိတ်မလှုပ်ရှားဘဲ နေရန်မှာ မဖြစ်နိုင်ပေ။】
【သူ စတင်ကူးပြောင်းရောက်ရှိလာခါစတုန်းက ယွီရှောင်ကန်းသည် ဒိုလော်တိုက်ကြီးပေါ်ရှိ အရာအားလုံးနှင့် ပတ်သက်ပြီး လမ်းပျောက်နေသလို ခံစားခဲ့ရသည်။】
【ထိုအချိန်တုန်းက မိမိ၏စိတ်ဝိညာဉ်စွမ်းအားက ပြင်းထန်လွန်းပြီး ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ ယွီရှောင်ကန်းက စိတ်သက်သာရာပင် ရခဲ့သေးသည်။】
【ဘာလို့ဆို ထိုသို့ဖြစ်နေခြင်းဖြင့် ယခုဘဝမှ မိသားစုဝင်များနှင့် ထိတွေ့ဆက်ဆံစရာ မလိုသောကြောင့် ဖြစ်သည်။】
【ဒါပေမယ့်လည်း သူ တစ်ရက်ပြီးတစ်ရက် ကြီးပြင်းလာသည်နှင့် ယွီယွမ်ကျန့်က သူ့ကို အမြဲတမ်း ဂရုစိုက် စောင့်ရှောက်ပေးခဲ့သည်။】
【စတင်ငြင်းဆန်ခဲ့ရာမှ နောက်ပိုင်းတွင် လက်ခံလာခဲ့ပြီး၊ ထို့နောက်တွင်မူ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်သောအခြေအနေမှ ရုန်းထွက်ချင်စိတ်များ ပေါ်ပေါက်လာခဲ့သည်။】
【ယွီရှောင်ကန်းက ယွီယွမ်ကျန့်ကို သူရဲ့ဖခင်အဖြစ် ဖြည်းဖြည်းချင်း လက်ခံလာခဲ့ပြီး မိမိရဲ့ကိုယ်ပိုင်လက်ကလေးများဖြင့် သူ့ကို ထိတွေ့ကိုင်တွယ်ချင်ခဲ့သည်။】
【ဒီနေ့ကျမှသာ ထိုဆန္ဒက နောက်ဆုံးတွင် ပြည့်ဝသွားခဲ့ရခြင်း ဖြစ်သည်။】
【"ရှောင်... ရှောင်ကန်း... မင်း တကယ်ပဲ... တကယ်ပဲ အသိဉာဏ် ပြန်ပွင့်လာတာလား။"】
【ယွီယွမ်ကျန့်ရဲ့ စကားသံထဲတွင် အောင့်အီးမထားနိုင်သော စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။】
【"ဟုတ်ကဲ့။"】
【ယွီရှောင်ကန်းက ခေါင်းငြိတ်လိုက်ရင်း သူ့ဖခင်ကို ပြန်လည်ဖြေကြားလိုက်သည်။】
【"ဟားဟားဟား... ကောင်းလိုက်တာ! ငါသိသားပဲ၊ မင်း လုပ်နိုင်မယ်ဆိုတာ ငါသိသားပဲ!"】
【ယွီယွမ်ကျန့်က ရှေ့သို့ အပြေးလာပြီး ယွီရှောင်ကန်းကို အပေါ်သို့ မြှောက်ချီလိုက်ရာ၊ သူ့မျက်နှာထက်တွင် အားရပါးရ ရယ်မောသံများ လျှံထွက်နေခဲ့တော့သည်။】
【"အဖေ... ကျွန်တော့်ကို အမြန်ချပေးပါဦး"】
【ရုတ်တရက် အပေါ်သို့ မြှောက်ချီခြင်းခံလိုက်ရသော ယွီရှောင်ကန်းက ရုန်းကန်ရင်း ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူက ဘဝနှစ်ခုစာ ဖြတ်သန်းခဲ့ဖူးသူတစ်ဦး ဖြစ်သည်မဟုတ်လား၊ ထိုသို့သော ထိတွေ့ဆက်ဆံမှုကိုတော့ ကျော်ဖြတ်လိုက်ချင်လှပြီ ဖြစ်သည်။】
အမှောင်ကမ္ဘာ၊ ရှရက်ခ် အကယ်ဒမီ။ မဟာဆရာသခင်ကြီး ယွီရှောင်ကန်းက ကောင်းကင်စီရင်ချက်မျက်နှာပြင်ပေါ်ရှိ အသိဉာဏ်ပြန်ပွင့်လာသော နဂါးနတ်ဘုရားဒိုလော် ယွီရှောင်ကန်းနှင့် ယွီယွမ်ကျန့်တို့ရဲ့ အပြန်အလှန် နွေးထွေးမှုကို စိုက်ကြည့်ရင်း၊ သူ၏နှလုံးသားထဲတွင် ဖော်ပြမတတ်အောင် စိတ်မသက်မသာ ဖြစ်လာခဲ့ရသည်။ "ဟွန့်... အသက်ငါးနှစ်ကျော်မှ အသိဉာဏ်ပြန်ပွင့်လာပြီး ခြောက်နှစ်သားကျမှ ဝိညာဉ်နိုးထခြင်းကို ခံယူရမှာကိုး။ သူ ဘယ်လိုအမှိုက်မျိုးကို နိုးထလာမလဲဆိုတာ ငါ စောင့်ကြည့်ရသေးတာပေါ့၊ ငါ့လောက်တောင် ဖြစ်လာမှာ မဟုတ်ပါဘူး!" မဟာဆရာသခင်ကြီး ယွီရှောင်ကန်းက အံကြိတ်လျက် အေးစက်စွာ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ သူ့ဘေးတွင်ရှိသော ဖလန်းဒါးမှာ ထိုစကားကို ကြားလိုက်သောအခါ ခေတ္တမျှ ဆွံ့အသွားခဲ့ရသည်။ အကယ်လို့ သူသာ မဟာဆရာသခင်ကြီး ယွီရှောင်ကန်းနှင့် ညီအစ်ကိုကောင်းတွေ မဟုတ်ခဲ့လျှင်၊ ကျောက်ဝူကျီနှင့် အခြားသူများလိုပင် ယွီရှောင်ကန်းကို ပြန်လည်လှောင်ပြောင်လိုက်ချင်မိသည်။ အော်... ဟိုဘက်ကလူက နောက်ဆုံးကျတော့ ဘွဲ့အမည်ရဒိုလော်တစ်ယောက် ဖြစ်လာခဲ့တာလေ။ သူ့ရဲ့ ဝိညာဉ်နိုးထခြင်းက မင်းထက် ညံ့ဖျင်းနေရင်တောင်မှ ဘာဖြစ်လဲ။ ဘာစကားမှမပြောဘဲ ဘေးနားတွင် မတ်တပ်ရပ်နေသူမှာ ယွီရှောင်ကန်းရဲ့ ချစ်လှစွာသော တပည့်ရင်း ထန်စန်းပင် ဖြစ်သည်။ သူသည် ကောင်းကင်စီရင်ချက်မျက်နှာပြင်ပေါ်ရှိ ဖခင်နှင့်သားရဲ့ သံယောဇဉ်ဖြစ်မှုကို ငေးမှိုင်စွာ စိုက်ကြည့်နေမိပြီး၊ သူ့နှလုံးသားထဲတွင် ပြင်းထန်လှသော မနာလိုမှုနှင့် မကျေနပ်မှု မီးလျှံများ တောက်လောင်လာခဲ့သည်။ သူက သူ့ကိုယ်ပိုင်ဖခင် ထန်ဟောက်နှင့်ထိုသို ဖြစ်ချင်နေလို့ မဟုတ်ပေ။ သူသည် လွန်ခဲ့သော နှစ်များစွာက စိန့်ဝိညာဉ်ကျေးရွာတွင် ကုန်လွန်ခဲ့ရသော နေ့ရက်များကိုသာ ပြန်လည်တွေးတောမိနေခြင်း ဖြစ်သည်။ သူ မှတ်ဉာဏ်ရစကတည်းက အိမ်မှုကိစ္စအားလုံးကို သူ တစ်ဦးတည်းကသာ တာဝန်ယူခဲ့ရသည်။ ထင်းခုတ်ခြင်း၊ မီးမွှေးခြင်း၊ ထမင်းဟင်းချက်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း... အလုပ်မှန်သမျှ အားလုံးကို သူတစ်ဦးတည်းကသာ အပြီးသတ်လုပ်ဆောင်ခဲ့ရသည်။ သူ့ဖခင် ထန်ဟောက်ကမူ တစ်နေ့လုံး အရက်သောက်နေတတ်ပြီး ဘယ်အရာကိုမှ ဂရုမစိုက်ခဲ့ပေ။ ဒါဆို ဟိုဘက်က နဂါးနတ်ဘုရားဒိုလော် ယွီရှောင်ကန်းကရော? သူ့မှာ ဘွဲ့အမည်ရဒိုလော် ဖခင်တစ်ဦးရှိပြီး သူ့ကို တစ်နေ့လုံး ပြုစုစောင့်ရှောက်ကာ စိတ်ပူပေးနေခဲ့သည်။ သူက ဖခင်၏မေတ္တာနှင့် ဂရုစိုက်မှုကို ရရှိရန်အတွက် ဘာတစ်ခုမှ လုပ်ဆောင်စရာ မလိုခဲ့ပေ။ သူတို့နှစ်ယောက်လုံးက ကလေးတွေပဲဥစ္စာ၊ လိမ္မာရေးခြားရှိတဲ့ ကလေးတွေကို မိသားစုက အချစ်ဆုံးလို့ ပြောလေ့ရှိကြတယ် မဟုတ်လား။ ဒါဆို သူက ဒီလောက်အထိ လိမ္မာပါလျက်၊ ဘာလို့ သူ့နဲ့ အခြားသူတွေကြားထဲက ကွာဟချက်က ဒီလောက်အထိ ကြီးမားနေရတာလဲ။ ယခုအချိန်တွင် ထန်စန်းသည် မိမိကိုယ်ကိုယ် ရင့်ကျက်သူတစ်ဦးအဖြစ် သတ်မှတ်ထားသော်လည်း၊ ကောင်းကင်စီရင်ချက်မျက်နှာပြင်ပေါ်ရှိ ယွီရှောင်ကန်းအပေါ် မနာလိုစိတ်နှင့် မကျေနပ်ချက်များ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာခြင်းကို မတားဆီးနိုင်ခဲ့ပေ။ ဘာလို့လဲ။ အမြဲတမ်း စံပြကလေးတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရသော ထန်စန်းက ကောင်းကင်ဘုံက သူ့အပေါ်တွင် တကယ်ပဲ မတရားဘူးဟု ခံစားလိုက်ရတော့သည်။
【ဗီဒီယိုက ဆက်လက်ပြသနေသည်...】
【ယွီရှောင်ကန်း အသိဉာဏ်ပြန်ပွင့်လာသော သတင်းက အပြာရောင်လျှပ်စီး နဂါးဂိုဏ်းတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့သည်။ သူက ဂိုဏ်းချုပ်သားဖြစ်သောကြောင့် ယခင်က လူအတစ်ယောက် ဖြစ်နေခဲ့ရင်တောင် သူ့ကို ဂရုစိုက်စောင့်ကြည့်နေသူများ အမြဲတမ်း ရှိနေခဲ့သည်။】
【"သူက တကယ်ပဲ ပုံမှန်အတိုင်း ပြန်ဖြစ်လာလိမ့်မယ်လို့ မထင်ထားမိဘူး၊ အဲဒါကလည်း ဝိညာဉ်နိုးထခြင်း အခမ်းအနားနဲ့ အချိန်ကိုက်ပဲ။"】
【"ဟေး... ငါတို့ ဂိုဏ်းချုပ်ရဲ့ သားက ဘယ်လိုဝိညာဉ်မျိုးကို နိုးထလာမလဲလို့ မင်းထင်လဲ။" 【"ဘယ်သူသိမှာလဲ။ မျှော်လင့်ချက် အများကြီးမထားတာ အကောင်းဆုံးပါပဲ။ သူ့ရဲ့ ယခင်အခြေအနေအတိုင်းဆိုရင် သူက ဘယ်လိုဝိညာဉ်ကောင်းမျိုးကို နိုးထနိုင်မှာမို့လို့လဲ။"】 【"ဟုတ်ပါရဲ့။"】
【"..."】
【ဂိုဏ်းသားများက ဆွေးနွေးပြောဆိုသံများဖြင့် ဆူညံနေကြသည်၊ အထူးသဖြင့် ယွီရှောင်ကန်းရဲ့ ဝိညာဉ်နိုးထခြင်း အခမ်းအနားအချိန်က နီးကပ်လာနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။】
【သို့သော်လည်း ယွီရှောင်ကန်းရဲ့ ယခင်အခြေအနေများကြောင့် သူ့အပေါ်တွင် မျှော်လင့်ချက်ထားသူ သိပ်အများကြီး မရှိခဲ့ကြပေ။】 【အပြာရောင်လျှပ်စီး နဂါးဂိုဏ်း၊ ဂိုဏ်းချုပ် နေအိမ်။】
【"အဖေ... ကျွန်တော်သာ ဝိညာဉ်နိုးထခြင်းမတိုင်ခင်မှာ ကျင့်ကြံခြင်းကို စတင်လိုက်မယ်ဆိုရင် ဘာဖြစ်လာမလဲ။"】
【အသိဉာဏ်ပြန်ပွင့်လာပြီး မိမိခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ပြီဖြစ်သော ယွီရှောင်ကန်းက ယွီယွမ်ကျန့်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။】
【ဒိုလော်တိုက်ကြီးသို့ ကူးပြောင်းရောက်ရှိလာခဲ့သူဖြစ်ရာ၊ ယွီရှောင်ကန်းက ဇာတ်လမ်းအကြောင်းအရာကို အလွန်အမင်း မသိရှိသော်လည်း၊ မိမိခန္ဓာကိုယ်ရဲ့ ပါရမီက ညံ့ဖျင်းကြောင်းကိုမူ သူ သိရှိနေသည်။】
【ထို့ကြောင့် သူ၏ဝိညာဉ်မနိုးထခင်မှာပင် သူ တစ်ခုခု လုပ်ဆောင်ရမည် ဖြစ်သည်။】
【"ဟင် မင်းက ဝိညာဉ်နိုးထခြင်းမတိုင်ခင်မှာ ကျင့်ကြံခြင်းကို စတင်ချင်တာလား။ ဘာဖြစ်လို့လဲ။"】 【ယွီယွမ်ကျန့်က သူရဲ့သားကို စိတ်ရှုပ်ထွေးစွာဖြင့် စိုက်ကြည့်လိုက်သည်။】
【"အဖေ... ကျွန်တော် အရင်က ငေးငေါင်နေခဲ့ပေမဲ့ အဖေ ကျွန်တော့်ကို ပြောပြခဲ့တဲ့ ဒိုလော်တိုက်ကြီးအကြောင်းတွေကို ကျွန်တော် အားလုံး ကြားနေခဲ့ရပါတယ်။"】
【"ဝိညာဉ်နိုးထခြင်းက လူတစ်ယောက်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးတာလေ။ ကျွန်တော့်ရဲ့ လက်ရှိအခြေအနေအရဆိုရင်..."】
【ယွီရှောင်ကန်းက သူ့စကားကို အဆုံးထိမပြောခဲ့သော်လည်း ယွီယွမ်ကျန့်က နားလည်လိုက်သည်။】
【သူ့သားသည် ညံ့ဖျင်းသော ဝိညာဉ်တစ်ခုကို နိုးထမိပြီး ဂိုဏ်းရဲ့ လှောင်ပြောင်စရာ နောက်တစ်ကြိမ် ထပ်ဖြစ်သွားမှာကို စိုးရိမ်နေခြင်း ဖြစ်သည်။】
【"ရှောင်ကန်း... စိတ်မပူပါနဲ့။ ငါရှိနေသရွေ့ မင်း ဘယ်လောက်ပဲ ညံ့တဲ့ဝိညာဉ်ကို နိုးထလာပါစေ ဘာမှမဖြစ်စေရဘူး။"】
【"ငါက ဘွဲ့အမည်ရဒိုလော်တစ်ယောက်ပဲ၊ မင်းကို ဘယ်သူလှောင်ရဲလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့!"】 【ယွီယွမ်ကျန့်က မောက်မာဝင့်ကြွားလှသော လေသံဖြင့် ပြောလိုက်သည်။ သူ့တွင် ထိုသို့ စကားမျိုးကို ပြောဆိုနိုင်သော အရည်အချင်းနှင့် စွမ်းအား ရှိနေသည်။】
【သို့သော်လည်း ယွီယွမ်ကျန့်ရဲ့ စကားကို ကြားသောအခါ ယွီရှောင်ကန်းက ခေါင်းခါလိုက်သည်။】
【"ကျွန်တော်က သူတို့ ကျွန်တော့်ကို လှောင်ပြောင်မှာကို စိုးရိမ်နေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူတို့ အဖေကို လှောင်ပြောင်ကြမှာကို ကျွန်တော် ဘယ်လိုမှ လက်မခံနိုင်လို့ပါ။"】
【ယွီရှောင်ကန်းရဲ စကားကို ကြားလိုက်ရသောအခါ ယွီယွမ်ကျန့် ဆွံ့အသွားခဲ့ရသည်။】
【သူတို့က သူ့ကို လှောင်ပြောင်မှာကို သူ လက်မခံနိုင်ဘူး ဟုတ်လား】
【"ဘွဲ့အမည်ရဒိုလော်တစ်ယောက် ဖြစ်လာဖို့အတွက်၊ အဖေဟာ လူအများ အမြဲတမ်း မော့ကြည့် လေးစားရတဲ့သူတစ်ယောက် ဖြစ်ခဲ့ရမှာ အသေအချာပါပဲ။"】
【"အထူးသဖြင့် အဖေက အထက်တန်းစား ဂိုဏ်းကြီးသုံးဂိုဏ်းထဲက တစ်ခုဖြစ်တဲ့ အပြာရောင်လျှပ်စီး နဂါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်လည်း ဖြစ်နေသေးတယ်ဥစ္စာ။"】
【"ဒါပေမဲ့ ကျွန်တော့် ဖြစ်တည်မှုက အဖေ့ရဲ့ဘဝအတွက် အမည်းစက်တစ်ခု ဖြစ်လာခဲ့ရတယ်။"】
【ယွီရှောင်ကန်းရဲ့ မျက်နှာအမူအရာက အတန်ငယ် စိတ်ပျက်အားငယ်နေပုံရသည်။】
【သူ ကူးပြောင်းလာပြီးနောက်၊ ယွီယွမ်ကျန့်ရဲ့ ဂရုစိုက်မှုနှင့် ကာကွယ်ပေးမှုများက ယွီရှောင်ကန်းအား ဖခင်ကို ဖြည်းဖြည်းချင်း လက်ခံလာစေခဲ့သည်။】
【ယွီယွမ်ကျန့်ကို လက်ခံပြီးနောက်တွင်မူ ယခင်က သူ့အတွက် အရေးမပါလှသော လှောင်ပြောင်သံများသည် ယခုအခါတွင် အလွန်ပင် နားဝင်ဆိုးလှသော အရာများ ဖြစ်လာခဲ့သည်။】
【အကယ်လို့ သူတို့က သူ့ကို လှောင်ပြောင်ကြလျှင် ယွီရှောင်ကန်းဘက်က မည်သည့်တုံ့ပြန်မှုမှ ရှိလိမ့်မည်မဟုတ်ပေ၊ သူယခင်ဘဝက မိဘမဲ့တစ်ဦးအနေဖြင့် သူသည် ရှုပ်ထွေးလှသောအရာများကို အလွန်အမင်း ကြုံတွေ့ခဲ့ဖူးသည်။】
【သို့သော်လည်း သူတို့က သူ့ဖခင်ကို လှောင်ပြောင်ကြမည်ဆိုပါက ယွီရှောင်ကန်းအနေဖြင့် ဘယ်လိုမှ လက်မခံနိုင်ပေ။】
【သို့သော်လဲ စိတ်မကောင်းစရာ အခြေအနေမှာမူ ယွီရှောင်ကန်းတွင် လှောင်ပြောင်မှုများကို တားဆီးရန် နည်းလမ်းမရှိခြင်းပင် ဖြစ်သည်။】
【ဘာလို့ဆို သူတို့သည် မိမိတည်ရှိမှုကို အသုံးပြုပြီး၊ အခြားသော အပိုင်းများတွင် ပြီးပြည့်စုံလုနီးပါးရှိနေသော ယွီယွမ်ကျန့်ကို လှောင်ပြောင်နေကြခြင်း ဖြစ်သောကြောင့် ဖြစ်သည်။】
【ထိုအမည်းစက်ကို ဆေးကြောပစ်ရန်အတွက်မူ၊ ထိုအမည်းစက်က လုံးဝမရှိခဲ့ဖူးသလို ဖြစ်သွားစေရမည်၊ သိမဟုတ်ပါက အဲဒါကို အလွန်တောက်ပလွန်းလှသော အရာတစ်ခုအဖြစ် ပြောင်းလဲပစ်ရမည် ဖြစ်သည်။】
【ဘယ်သူမှ အဲဒါကို အမည်းစက်တစ်ခုအဖြစ်
မသတ်မှတ်ရဲတော့လောက်အောင် တောက်ပသွားစေရမည် ဖြစ်တော့သည်။】