အခန်း ၉၉- ကတိစကားတစ်ခု
အမျိုးသမီးတစ်ဦးနှင့် လူငယ်တစ်ဦးသည် ကောင်းကင်ယံထက်တွင် ရုတ်ခြည်းပေါ်လာပြီး ၎င်းတို့၏ အကြည့်များသည် အောက်ခြေမြေပြင်ဆီသို့ ရောက်ရှိသွားခဲ့သည်။ မြစ်ကမ်းပါးမြို့တော်၏ အရှေ့ဘက် မျက်နှာစာတစ်ခုလုံးတွင် ပြန့်ကြဲနေသော သက်မဲ့ခန္ဓာကိုယ် ပေါင်းထောင်ချီကို မြင်တွေ့လိုက်ရသည်။
ကာနာကမူ ဤမြင်ကွင်းကို ကြည့်ရင်း တည်ငြိမ်နေခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် သူမက ယခုအခြေအနေကို ကြိုတင်သိရှိထားပြီးဖြစ်၍ ဖြစ်သည်။ သခင်မ အီဗလင်းက မြစ်ကမ်းပါးမြို့တော်အနီးတွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များကို သူမအား ကြိုတင်ပြောပြထားခဲ့ပြီးချေပြီ။
ယိုဟန်ကမူ ထိုနေရာတစ်ဝိုက်ရှိ သက်မဲ့ခန္ဓာကိုယ်ကြီးများကို မြင်လိုက်ရချိန်တွင် ရင်ထဲ၌ နင့်ခနဲ ခံစားလိုက်ရပြီး နောက်တစ်စက္ကန့်တွင် သူ၏ အကြည့်များသည် မြို့အဝင်ဝဆီသို့ ရောက်ရှိသွားခဲ့သည်။
ကြီးမားလှသော မြို့တံခါးကြီးမှာ မရှိတော့ပေ။ ဧရာမ မြို့တံခါးကြီး တစ်စစီ ပျက်စီးပျောက်ကွယ်နေသည်ကို မြင်လိုက်ရသဖြင့် ယိုဟန်တစ်ယောက် အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားရသည်။ သူသည် လင်မျိုးနွယ်စုနှင့် ခဏမျှ ဝေးကွာနေခဲ့သည့် နှစ်ရက်တာ အတောအတွင်းမှာတင် အခြေအနေများက ဤမျှလောက်အထိ ပြောင်းလဲသွားခဲ့ရသည်တကား။
သူသည် ထိုမြင်ကွင်းကြောင့် ကြောင်အမ်းကာ ငေးငိုင်နေမိစဉ် ရုတ်တရက် ထွက်ပေါ်လာသော စကားသံကြောင့် သတိပြန်ဝင်လာခဲ့ပြီး မိမိကို စိုးရိမ်ပူပန်သော မျက်နှာပေးဖြင့် စိုက်ကြည့်နေသည့် ကာနာထံသို့ အကြည့်ပို့လိုက်သည်။
"ဒါက ငါ့ရဲ့ အတိုင်းအတာပဲ၊ ငါ မြို့ထဲအထိ လိုက်လို့မရဘူး၊ ငါ့ကို မြစ်ကမ်းပါးမြို့တော်ထဲ ဝင်ခွင့် ပိတ်ပင်ထားလို့ပါ" ကာနာက ယိုဟန်ကို ကြည့်ကာ ထိုစကားများကို ပြောလိုက်ပြီးနောက် နောက်တစ်စက္ကန့်တွင် ကောင်းကင်ယံထက်မှ ကွယ်ပျောက်သွားခဲ့ကာ ယိုဟန်နှင့်အတူ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
"နောက်မှ ပြန်တွေ့ကြတာပေါ့" ကာနာက ထိုနေရာမှ ထာဝရ မပျောက်ကွယ်သွားမီ နောက်ဆုံးအကြိမ်အဖြစ် ယိုဟန်ကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဟေး... နေဦးလေ၊ မသွားပါနဲ့ဦး---" ယိုဟန်က သူမကို တားဆီးရန် အသည်းအသန် ရေရွတ်လိုက်သော်လည်း ဝမ်းနည်းစရာကောင်းလှသည်မှာ သူမက အလောတကြီးဖြင့် ထွက်ခွာသွားခဲ့ချေပြီ။
"တောက်... ငါ့ကို ဒီနေရာမှာ ချန်ထားခဲ့ပြီး ထွက်ပြေးသွားတာပဲ" ယိုဟန်သည် မြို့တော်ရှိရာ အရပ်မျက်နှာဆီသို့ ကြည့်ရင်း တိုးတိုးလေး ကျိန်ဆဲလိုက်မိသည်။
ထို့နောက် နောက်တစ်စက္ကန့်တွင် သူသည် မြို့တော်ရှိရာဆီသို့ ခြေလှမ်းလှမ်း၍ လျှောက်လှမ်းခဲ့ရာ ခဏအကြာတွင် မြို့အဝင်ဝသို့ ရောက်ရှိလာခဲ့သည်။
ကင်းစောင့်စစ်သည်အချို့က သူ့ကို သတိပြုမိလိုက်ကြသဖြင့် ယိုဟန်ထံသို့ ချဉ်းကပ်လာကြပြီး "သခင်လေး ယိုဟန်... မြို့အပြင်ဘက်မှာ ဘာလုပ်နေတာလဲ၊ ဒီနေရာက မလုံခြုံဘူးဗျ၊ လင်မျိုးနွယ်စုဆီကို အမြန်ဆုံး ပြန်ရပါမယ်" ဟု စစ်သည်တစ်ဦးက ယိုဟန်ကို ကြည့်ကာ ပြောဆိုလိုက်သည်။
"ဒီမှာ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ၊ ပြီးတော့ ဒီလူတွေက ဘယ်သူတွေလဲ" ယိုဟန်က အလောင်းများ ပြည့်နှက်နေသည့် လှည်းပေါင်းရာချီကို ကြည့်ရင်း မေးမြန်းလိုက်သည်။
"သူတို့က ဘေးပတ်ဝန်းကျင်က မျိုးနွယ်စုဝင်တွေပါ၊ သခင်ကြီး စုလင်နဲ့ ဝါရင့်အကြီးအကဲ လင်တို့ မျိုးနွယ်စုထဲမှာ မရှိတဲ့အချိန်ကို ချောင်းပြီး မြစ်ကမ်းပါးမြို့တော်ကို လာရောက်တိုက်ခိုက်ကြတာပါ" ထိုကင်းစောင့်စစ်သည်က ယိုဟန်ကို ပြန်လည်ဖြေကြားရင်း ဤအလောင်းများသည် ဘေးပတ်ဝန်းကျင် မျိုးနွယ်စုများမှ ဖြစ်ကြောင်း ရှင်းပြလိုက်သည်။
ယိုဟန်သည် ထိုသက်မဲ့ခန္ဓာကိုယ်ကြီးများကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် တံတွေးကို မျိုချလိုက်မိသည်။
"အဖေနဲ့ အဖိုးက မျိုးနွယ်စုထဲမှာ မရှိဘူး ဟုတ်လား... ဒါဆို သူတို့တွေ နီကိုးလ်မျိုးနွယ်စုနဲ့ စစ်ခင်းဖို့ သွားကြတာလား" ယိုဟန်က ကင်းစောင့်စစ်သည်တစ်ဦးကို ကြည့်ကာ မေးမြန်းလိုက်သည်။ သူ၏ အဖိုးဖြစ်သူ ဒေါသတကြီးဖြင့် စစ်ပွဲအကြောင်း ပြောဆိုနေခဲ့သည်ကို သူ ပြန်လည်အမှတ်ရလိုက်ခြင်း ဖြစ်သည်။ ထိုအချိန်က ယိုဟန်သည် သတိကောင်းကောင်း မရရှိသေးသဖြင့် ဒီယာမှတစ်ပါး ကျန်ရှိသောအရာအားလုံးကို ဂရုမစိုက်ဘဲ လျစ်လျူရှုထားခဲ့မိသည်။
သို့သော်လည်း ဤအလောင်းပုံကြီးများကို မြင်တွေ့လိုက်ရချိန်တွင် သူ ဇဝေဇဝါ ဖြစ်သွားရကာ ထိုကင်းစောင့်စစ်သည်များကို ထပ်မံ၍ စိုက်ကြည့်လိုက်သည်။
"ဒါဆို... ဒီလူတွေကို ဘယ်သူက သတ်ပစ်ခဲ့တာလဲ၊ ငါတို့ကို ကူညီပေးတဲ့ မဟာမိတ်မျိုးနွယ်စု ရှိလို့လား" ယိုဟန်က မေးလိုက်သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် ကင်းစောင့်စစ်သည်များသည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် တည်ကြည်လေးနက်သော မျက်နှာပေးဖြင့် ယိုဟန်ကို လှမ်းကြည့်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင်၊
အဖိုးအိုတစ်ဦးသည် ကောင်းကင်ယံထက်မှ ဆင်းသက်လာခဲ့ပြီး မြို့စောင့်အိမ်တော်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ဤနေရာသည် နီကိုးလပ်စ်တစ်ယောက် ပန်မြို့တော်ရှိ အရာအားလုံးကို စွန့်ပစ်ကာ မထွက်ပြေးမီအချိန်အထိ သူ ပိုင်ဆိုင်ခဲ့သော နေရာဖြစ်သည်။
ဝါရင့်အကြီးအကဲ လင်သည် အိမ်တော်အတွင်းသို့ ရောက်ရှိလာချိန်တွင် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရာ မြေပြင်ပေါ်၌ သွေးချင်းချင်းနီလျက် လဲလျောင်းနေသည့် ဟန်ကို လှမ်း၍ မြင်တွေ့လိုက်ရသည်။ ၎င်းသည် လုံးဝကို ကြည့်ရဆိုးလှသော မြင်ကွင်းတစ်ခု ဖြစ်သည်။
ဟန်၏ အလောင်းနှင့် မီတာအနည်းငယ်အကွာတွင် နောက်ထပ် ခန္ဓာကိုယ်တစ်ခု မြေပြင်ပေါ်၌ လဲလျောင်းနေသည်ကို မြင်တွေ့ရပြန်သည်။ ထိုခန္ဓာကိုယ်မှာ လက်တစ်ဖက် ပြတ်တောက်နေပြီး ဦးခေါင်းတစ်ခုလုံး မှတ်မိနိုင်စွမ်းမရှိတော့လောက်အောင် ပျက်စီးနေသည့် ရာ့ဂျ်၏ ရုပ်အလောင်း ဖြစ်သည်။ ရာ့ဂျ်သည် အသက်ပျောက်နေခဲ့ပြီဖြစ်သော်လည်း အဖိုးအို ဟန်ကမူ ယခုထက်ထိ အသက်ကို မနည်းရှူရှိုက်နေရဆဲ ဖြစ်ကာ လွယ်လွယ်နှင့် သေလူ မဖြစ်လိုသေးပေ။
ဝါရင့်အကြီးအကဲ လင်သည် ဟန်၏အနားသို့ ချဉ်းကပ်သွားခဲ့သည်။ အဖိုးအို လင်ကို မြင်လိုက်ရချိန်တွင် ဟန်က အားယူကာ ပြုံးလိုက်မိပြီး ဝါရင့်အကြီးအကဲ လင်၏ လက်ကို လှမ်း၍ ဆုပ်ကိုင်လိုက်သည် - "အဲ့ဒီခွေးမသားက... ကျွန်တော့်ရဲ့ မျက်စိရှေ့တင် ကျွန်တော့်သားကို သတ်ပစ်ခဲ့တာ၊ ပြီးတော့ ကျွန်တော့်ကိုလည်း အလစ်အငိုက် တိုက်ခိုက်သွားခဲ့တယ်၊ ကျွန်တော်... သူ့ကို မကာကွယ်ပေးနိုင်ခဲ့ဘူး ဝါရင့်အကြီးအကဲ လင်..." ဟန်သည် အဖိုးအို လင်ကို ကြည့်ရင်း ထိုစကားများကို မနည်း ပြောဆိုလိုက်သည်။
ထိုစကားများကို ကြားရသောအခါ အဖိုးအို လင်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိသည်။ သူသည် သွေးအလွန်အမင်း ထွက်လွန်နေခဲ့သဖြင့် မည်သို့မျှ ကယ်တင်နိုင်တော့မည်မဟုတ်ကြောင်း သူ ကောင်းစွာ သဘောပေါက်လိုက်သည်။ သူသည် မကြာခင်မှာပဲ သေဆုံးသွားတော့မည် ဖြစ်သည်။
အဖိုးအို လင်၏ မျက်နှာပျက်သွားမှုကို မြင်လိုက်ရချိန်တွင် ဟန်သည် သက်ပြင်းတစ်ချက် ချလိုက်မိရင်း "ဝါရင့်အကြီးအကဲ လင်... ကျွန်တော် အရှင်ကို နောက်ဆုံးအကြိမ်အဖြစ် အကူအညီတစ်ခုလောက် တောင်းပါရစေ" ဟန်သည် အဖိုးအို လင်ကို စိုက်ကြည့်ရင်း မျက်ဝန်းအစုံမှ မျက်ရည်များ တဖြည်းဖြည်း စီးကျလာတော့သည်။
"ကျွန်တော်... ဂျက်စမင်လေးကို စောင့်ရှောက်ပေးစေချင်ပါတယ်၊ သူမက ကျွန်တော်နဲ့ သူမရဲ့ အစ်ကို အိမ်အပြန်ကို စောင့်နေလောက်ပြီ၊ သူမက လိမ္မာတဲ့ ကလေးမလေးတစ်ယောက်ပါ... ဒါပေမဲ့ သူမရဲ့ ဘေးအန္တရာယ်အတွက် ကျွန်တော် စိုးရိမ်မိသေးတယ်" အဖိုးအို ဟန်သည် မျက်ရည်အဝိုင်းသားဖြင့် ဝါရင့်အကြီးအကဲ လင်ကို ကြည့်ကာ အသနားခံ တောင်းပန်လိုက်သည်။
အာဂျွန်နှင့် စုလင်တို့သည်လည်း အဖိုးအို လင်၏အနားသို့ ချဉ်းကပ်လာကြပြီး မြေပြင်ပေါ်တွင် သက်မဲ့စွာ လဲလျောင်းနေသည့် ဟန်နှင့် လူငယ်၏ အလောင်းဆီသို့ အကြည့်ပို့လိုက်ကြသည်။
ထိုလူငယ်ကို မြင်လိုက်ရချိန်တွင် အာဂျွန်နှင့် စုလင်တို့သည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြမိသည်။ အဘယ်ကြောင့်ဆိုသော် ဤလူသည် တောအုပ်အတွင်း၌ ရာ့ဂျ်ကို လာရောက်ကယ်တင်ပေးခဲ့သည့် အဖိုးအိုမှန်း ၎င်းတို့ သိရှိလိုက်ကြသောကြောင့် ဖြစ်သည်။
"ငါ မင်းကို ကတိပေးပါတယ် ဟန်... ငါ သူမကို သေချာပေါက် စောင့်ရှောက်ပေးပါ့မယ်" အဖိုးအို လင်က ဟန်ကို ကြည့်ကာ ပြတ်သားစွာ ကြွေးကြော်လိုက်သည်။ ထိုစကားကို ကြားလိုက်ရချိန်တွင် အဖိုးအို ဟန်၏ မျက်နှာထက်၌ ကျေနပ်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး နောက်တစ်စက္ကန့်တွင် သူ၏ ထွက်သက်သည် ထာဝရ ချုပ်ငြိမ်းသွားခဲ့တော့သည်။
ထိုအခြင်းအရာကို ကြည့်ရင်း အဖိုးအို လင်သည် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်မိကာ "မင်းက လူကောင်းတစ်ယောက်ပါ ဟန်... မင်းကို မကယ်တင်ပေးနိုင်ခဲ့တဲ့အတွက် ငါ စိတ်မကောင်းပါဘူး" ဝါရင့်အကြီးအကဲ လင်သည် ဟန်၏ သက်မဲ့ခန္ဓာကိုယ်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"ငါတို့ မြစ်ကမ်းပါးမြို့တော်ဆီ ပြန်ကြစို့၊ အစောင့်အရှောက် ခုနစ်ပါးကို ဒီမှာပဲ ချန်ထားခဲ့ပြီး ငါတို့ရဲ့ စစ်သည်အချို့ကိုလည်း မြို့ထဲမှာ နေရာယူခိုင်းလိုက်" အဖိုးအို လင်က အာဂျွန်နှင့် စုလင်ကို ကြည့်ကာ အမိန့်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင်၊
" ဘာပြောလိုက်တယ်... ဒါတွေအားလုံးကို အဖိုးအိုတစ်ယောက်က လုပ်ခဲ့တာ ဟုတ်လား" ကင်းစောင့်စစ်သည်များက ဘေးပတ်ဝန်းကျင် မျိုးနွယ်စုများ ဘယ်ကနေ ဘယ်လို ရုတ်ချည်း ရောက်ရှိလာပြီး မြစ်ကမ်းပါးမြို့တော်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြသော်လည်း အဖိုးအိုတစ်ဦး ရုတ်တရက် ပေါ်လာခဲ့ပြီး သူ၏ စွမ်းအားတစ်ခုတည်းဖြင့် လူတိုင်းကို အပြတ်သုတ်သင်ရှင်းလင်းပစ်ခဲ့ကြောင်း ယိုဟန်အား ရှင်းပြလိုက်သည်။
"အဲ့ဒီအဖိုးအိုက ဘယ်သူလဲ... ပြီးတော့ သူ ဘယ်ကို သွားလိုက်တာလဲ" ယိုဟန်က ထိုစစ်သည်များကို ကြည့်ကာ မေးမြန်းလိုက်သည်။
သူသည် မိမိ ကြားလိုက်ရသည့် စကားများကို လုံးဝ မယုံကြည်နိုင်ဘဲ ဖြစ်နေခဲ့သည်။ ထိုကင်းစောင့်စစ်သည်များသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ကြရင်း ယိုဟန်ကို လှမ်းကြည့်လိုက်ကာ -
"သခင်လေး... ကျွန်တော်တို့လည်း အဲ့ဒီအဖိုးအိုရဲ့ နောက်ခံအကြောင်းအရင်းကို သေချာမသိပါဘူး၊ အဲ့ဒီအချိန်တုန်းက အဲ့ဒီနေရာမှာ ရှိနေတဲ့ ဝါရင့်စစ်သည်ကြီးတစ်ယောက် ပြောပြတာပါ၊ ကျွန်တော်တို့ကတော့ အဝေးကနေပဲ လှမ်းကြည့်နေခဲ့ရတာမို့ သူ အဲ့ဒီလူတွေကို သတ်ပစ်ပြီးတာနဲ့ ကောင်းကင်ယံထက်ကို ဘယ်ကို ပျံတက်သွားမှန်း မသိတော့ပါဘူး" ထိုကင်းစောင့်စစ်သည်များက ယိုဟန်ကို ပြန်လည်ဖြေကြားလိုက်သည်။
ယိုဟန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရင်း ၎င်းတို့ကို စိုက်ကြည့်လိုက်ပြီးနောက် နောက်တစ်စက္ကန့်တွင် သူ၏ အကြည့်များသည် လင်မျိုးနွယ်စု အိမ်တော်ရှိရာ အရပ်မျက်နှာဆီသို့ ရောက်ရှိသွားခဲ့သည်။
"ကောင်းပြီ... မင်းတို့ သွားလို့ရပါပြီ" ယိုဟန်က တိုးတိုးလေး ရေရွတ်ရင်း လင်မျိုးနွယ်စု အိမ်တော်ရှိရာဆီသို့ အလောတကြီး ခြေလှမ်းလှမ်း၍ လျှောက်သွားခဲ့တော့သည်။ သူသည် မိမိ၏ မိသားစုဝင်များအတွက် စိုးရိမ်ပူပန်နေမိသဖြင့် အဲ့ဒီလျှို့ဝှက်ဆန်းကြယ်သော အဖိုးအို၏ အကြောင်းကို ထပ်မံမေးမြန်းနေကာ အချိန်များကို ပိုမိုမဖြုန်းတီးလိုတော့ပေ။