အခန်း ၉၆ - အီဗလင်း၏ ကမ်းလှမ်းချက်
"မင်းက ဟတ်ဒ်ဆန်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ပေါ့" လီယွန်က သက်လတ်ပိုင်းအရွယ် လူတစ်ဦးကို စူးစိုက်ကြည့်ရင်း ထိုစကားကို ပြောလိုက်သည်။
ထိုလူသည် လီယွန်၏ နှုတ်မှ ထွက်ပေါ်လာသော စကားသံကြောင့် ကြောက်ရွံ့တုန်လှုပ်နေရှာသည်။
သူသည် မိမိ၏ ပတ်ဝန်းကျင်တစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်မိရာ မြေပြင်အနှံ့ စုပုံနေသော အလောင်းပုံကြီးများကိုသာ မြင်တွေ့ရတော့သည်။ လီယွန်သည် လူပေါင်းငါးထောင်ကျော်ကို လက်တစ်ဖက်တည်းဖြင့် သုတ်သင်ရှင်းလင်းပစ်ခဲ့ခြင်း ဖြစ်သည်။
ယခုမူ လီယွန်က လင်မျိုးနွယ်စုကို တိုက်ခိုက်ရန် ဤလူများကို ဦးဆောင်လာခဲ့သည့် သူ့ကို ရှာဖွေကာ ရှေ့တည့်တည့်တွင် စိုက်ကြည့်နေပြီ ဖြစ်သည်။
ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကောင်ကြီး မည်သည့်နေရာမှ ရောက်ရှိလာသည်ကို သူ မသိသော်လည်း အချက်တစ်ချက်ကိုမူ သူ ကောင်းကောင်းသဘောပေါက်လိုက်သည် - သူ၏ အသက်ရှင်သန်ခွင့် အချိန်က ကုန်ဆုံးသွားခဲ့ပြီဖြစ်ကာ သူသည် ခွင့်မလွှတ်နိုင်စရာ အမှားကြီးတစ်ခုကို ကျူးလွန်မိခဲ့ချေပြီ။
"ငါ အခုလေးတင် ပြောလိုက်တာကို မကြားဘူးလား... နားမကြားတဲ့ ခွေးမသားရဲ့၊ မြို့ကို ကာကွယ်မယ့်သူ မရှိတဲ့အချိန်ကျမှ လူတွေကို ဦးဆောင်ပြီး လင်မျိုးနွယ်စုကို လာတိုက်တဲ့ ဟတ်ဒ်ဆန်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ဆိုတာ မင်းပဲ မဟုတ်လား... တကယ့်ကို အရှက်မရှိတဲ့ လုပ်ရပ်ပဲ" အဖိုးအို လီယွန်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော အဖိုးအို၏ နှုတ်မှ ထွက်ပေါ်လာသည့် စကားလုံးများကြောင့် ထိုလူမှာ ဝိညာဉ်ပင် လွင့်မတတ် တုန်လှုပ်ချောက်ချားသွားရသည်။
"ဟုတ်... ဟုတ်ပါတယ် စီနီယာ (အဆင့်မြင့်ကျင့်ကြံသူကြီး)၊ ကျွန်တော်က ဟတ်ဒ်ဆန်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ပါ၊ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါဗျာ... ကျွန်တော် မှားသွားပါတယ်" သူသည် ဒူးထောက်ကျကာ အသည်းအသန် အသနားခံတော့သည်။
"တောက်... မင်းက တကယ့်ကို အရှက်မရှိတဲ့ကောင်ပဲ၊ အရှက်တရားလည်း မရှိဘူး၊ ပြီးတော့ မင်းက စစ်သည်တော်တစ်ယောက် ဖြစ်ဖို့ နေနေသာသာ အရည်အချင်းတောင် မရှိဘူး" အဖိုးအို လီယွန်က သူ၏ လည်ပင်းကို ဆွဲညှစ်ကာ မျက်လုံးချင်း စိုက်ကြည့်လိုက်သည်။
အဖိုးအို၏ လက်ထဲတွင် လေထဲသို့ မြောက်တက်သွားချိန်၌ သူ၏ တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။
"ငါ့ရဲ့ သမီးလေး နေထိုင်တဲ့ မျိုးနွယ်စုကို မင်းက ရဲရဲတင်းတင်း လာတိုက်ရဲတယ်ပေါ့... မင်း ဘယ်လောက်တောင် သတ္တိကောင်းနေလဲ" လီယွန်သည် သူ၏ လက်ကို ပိုမိုကျစ်လစ်အောင် အားစိုက်ကာ လည်ပင်းကို ညှစ်ပစ်လိုက်ပြီးနောက် နောက်တစ်စက္ကန့်တွင် ထိုလူကို တောင်ကုန်းဆီသို့ လွှဲပစ်လိုက်တော့သည်။
ထိုလူသည် လီယွန် ရပ်နေသည့် နေရာမှ မီတာ ရာပေါင်းများစွာ အဝေးသို့ လွင့်စင်သွားခဲ့ပြီး နောက်ဆုံးတွင် တောင်ကုန်းနှင့် အရှိန်ပြင်းစွာ စောင့်မိကာ ချက်ချင်းပင် အသက်ပျောက်သွားခဲ့ရသည်။
လင်မျိုးနွယ်စု၏ စစ်သည်များသည် ဤမြင်ကွင်းကို မျက်လုံးအစုံ ပြူးကျယ်လျက် ငေးကြည့်နေကြမိသည်။ ၎င်းတို့သည် လူတစ်ဦးတည်းက ဤမျှလောက် ပြင်းထန်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ပြုလုပ်နိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပေ။
၎င်းတို့သည် တံတွေးကို ခက်ခဲစွာ မျိုချရင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ကြရာ နေရာအနှံ့တွင် သက်မဲ့ခန္ဓာကိုယ်များကိုသာ တွေ့ရတော့သည်။
လင်မျိုးနွယ်စုကို တိုက်ခိုက်ရန် ရောက်ရှိလာကြသူများထဲမှ အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မျှ မရှိတော့ပေ။
"အကြီးအကဲရဲ့ လက်ထဲက ဓားက ဘာဓားမျိုးလဲမသိဘူး၊ သူ အဲ့ဒီဓားကို ထုတ်လိုက်တဲ့အချိန်မှာ ငါ့ပတ်ဝန်းကျင်တစ်ခုလုံးမှာ ကြောက်စရာကောင်းတဲ့ ဖိအားကြီးတစ်ခုကို ခံစားလိုက်ရတယ်" စစ်သည်တစ်ဦးက ပီတာကို ကြည့်ကာ ပြောလိုက်သည်။
ပီတာသည်လည်း ထိုအဖိုးအိုကို ကြည့်ရင်း မျက်ဝန်းများ တောက်ပနေခဲ့ကာ ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်... ငါ့တစ်သက်မှာ ဒီလိုဆန်းကြယ်တဲ့ လက်နက်မျိုး တစ်ခါမှ မမြင်ဖူးဘူး၊ ပြီးတော့ အကြီးအကဲရဲ့ ပုခုံးပေါ်က တံဆိပ်ကကော ဘာလဲမသိဘူး၊ အဲ့ဒါက ရဲရဲတောက် အလင်းရောင် ထွက်ပေါ်လာပြီးတာနဲ့ နောက်တစ်စက္ကန့်မှာ အဲ့ဒီဓားက သူ့လက်ထဲကို ဘယ်ကနေ ဘယ်လို ရောက်လာမှန်းတောင် မသိဘူး" ပီတာက ဝါရင့်စစ်သည်ကြီးကို ကြည့်ကာ မေးမြန်းလိုက်သည်။
"အဲ့ဒါ ဝိညာဉ်လက်နက် လို့ ခေါ်တယ်၊ ငါလည်း ဒဏ္ဍာရီတွေထဲမှာပဲ ကြားဖူးတာ၊ အခုမှပဲ ကိုယ်တိုင် မြင်ဖူးတော့တယ်" သူက ပီတာကို ပြန်လည်ဖြေကြားလိုက်ပြီးနောက် ပတ်ဝန်းကျင်ရှိ စစ်သည်များကို လှမ်းကြည့်လိုက်သည်။
"ဒီအလောင်းတွေကို လှည်းပေါ် တင်ကြစမ်း၊ အလောင်းတွေ မပုပ်ပွခင် ဒီနေရာကို အမြန်ဆုံး ရှင်းလင်းပစ်ဖို့ လိုတယ်" သူက အားလုံးကို အမိန့်ပေးလိုက်ပြီးနောက် အဖိုးအို လီယွန်ရှိရာဆီသို့ ခြေလှမ်းလှမ်း၍ လျှောက်သွားခဲ့သည်။
ခဏမျှ လျှောက်သွားပြီးနောက် သူသည် အဖိုးအို လီယွန်၏ အရှေ့တွင် ရိုသေစွာ ဦးညွှတ်လိုက်သည်။
"မင်း ဘာလိုချင်လို့လဲ" အဖိုးအို လီယွန်က ထိုစစ်သည်၏ လက်ထဲတွင် မိမိ၏ ဝတ်ရုံကို ကိုင်ဆောင်ထားသည်ကို မြင်သောအခါ မေးလိုက်သည်။
"ဟဟ... ကျေးဇူးပဲ သူငယ်ချင်း၊ ဒါကို ဒီအထိ ယူလာပေးလို့" လီယွန်က ထိုစစ်သည်ကို ကြည့်ကာ ဝတ်ရုံကို လှမ်းယူလိုက်သည်။
ထိုစစ်သည်က ခေါင်းညိတ်ပြလိုက်ရင်း "ကျေနပ်ပါတယ် အကြီးအကဲ၊ အကြီးအကဲနဲ့အတူ ရင်ဘောင်တန်း တိုက်ခိုက်ခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ၊ ကျွန်တော်တို့ ဘာမှ အများကြီး မကူညီနိုင်ခဲ့ပေမဲ့ အကြီးအကဲ ဒီနေရာမှာ ရှိနေပေးတာ တကယ့်ကို ကံကောင်းခြင်းပါပဲ" ဟု ပြောဆိုလိုက်သည်။
အဖိုးအို လီယွန်က ခေါင်းညိတ်ပြလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ "လင်မျိုးနွယ်စုရဲ့ ကျန်တဲ့စစ်သည်တွေကို ပြင်ဆင်ခိုင်းလိုက်၊ ငါတို့ကို လာတိုက်တဲ့ ဘေးပတ်ဝန်းကျင်က မျိုးနွယ်စုတွေကို ငါတို့ ဝင်ရောက်သိမ်းပိုက်ရမယ်၊ သူတို့ရဲ့ ခေါင်းဆောင်တွေ အားလုံး သေကုန်ကြပြီဆိုတော့ သူတို့ကို အောင်နိုင်ဖို့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး" ဟု ပြတ်သားစွာ ပြောလိုက်သည်။
ထိုစစ်သည်က ခေါင်းညိတ်လိုက်ရင်း "ဟုတ်ကဲ့ပါ အကြီးအကဲ၊ ကျွန်တော် လူတွေကို အမြန်ဆုံး စုစည်းလိုက်ပါ့မယ်၊ ပြီးတော့ အဲ့ဒီမျိုးနွယ်စုတွေဆီကို အဆင့်မြင့် စစ်သည်တော်အချို့ စေလွှတ်ထားလိုက်ပါ့မယ်၊ ဒါမှ ဘယ်သူမှ ကျွန်တော်တို့ကို တော်လှန်ဖို့ မဝံ့ရဲကြမှာ" သူက အဖိုးအို လီယွန်ကို ဦးညွှတ်ကာ ပြန်လည်ဖြေကြားလိုက်သည်။
လီယွန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် တစ်နေရာဆီသို့ စူးစိုက်ကြည့်လိုက်ရင်း ချက်ချင်းပင် အထက်သို့ ခုန်တက်သွားတော့သည်။
တမဟုတ်ချင်းတွင် ထိုအဖိုးအိုသည် လင်မျိုးနွယ်စု၏ ဝင်းအတွင်းသို့ ဆင်းသက်လာခဲ့သည်။ သူသည် တစ်ခဏချင်းအတွင်း ၅ ကီလိုမီတာ (၃ မိုင်ခန့်) မျှ ကွာဝေးသော ခရီးကို ဖြတ်ကျော်ကာ လင်မျိုးနွယ်စုအတွင်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
"တောက်... အဲ့ဒီ ပိုးဟပ်ကောင်တွေက တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်ဖို့ ကောင်းတာပဲ၊ ငါ့ရဲ့ သမီးတော်လေးနဲ့ စကားကောင်းနေတဲ့အချိန်ကျမှ လာတိုက်ခိုက်ရတယ်လို့" အဖိုးအို လီယွန်က တိုးတိုးလေး ရေရွတ်ရင်း ဒေါသတကြီးဖြင့် လင်မျိုးနွယ်စု အိမ်တော်အတွင်းသို့ ဝင်ရောက်သွားတော့သည်။
စစ်သည်များသည် အဖိုးအိုက ကောင်းကင်ယံထက်သို့ လျှပ်ခနဲ ခုန်တက်သွားပြီး လင်မျိုးနွယ်စု အိမ်တော်အတွင်းသို့ တည့်တည့်မတ်မတ် ဆင်းသက်သွားသည်ကို မြင်တွေ့လိုက်ရသဖြင့် အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။
"သူက ဘယ်လို မိစ္ဆာကောင်မျိုးလဲ..." စစ်သည်များသည် အချင်းချင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြစဉ် ရုတ်တရက် ဝါရင့်စစ်သည်ကြီး၏ အကြည့်က ၎င်းတို့ထံ ရောက်ရှိလာခဲ့သည်။
"မင်းတို့ အကြီးအကဲ ပြောသွားတာကို မကြားကြဘူးလား၊ ငါတို့ရဲ့ စစ်တပ်ကို ပြင်ဆင်ကြစမ်း၊ ပြီးတော့ အဆင့်မြင့် စစ်သည်တော်တွေ အားလုံးဆီကို ငါ့ရဲ့ သတင်းစကား ပါးလိုက်၊ ငါတို့ ဘေးပတ်ဝန်းကျင်က မျိုးနွယ်စုတွေနဲ့ မြို့တွေကို ဝင်ရောက်သိမ်းပိုက်တော့မယ်၊ မည်သူမဆို ငါတို့ကို လာရောက်တားဆီးရင် ဘယ်လိုကရုဏာမှ မထားဘဲ အပြတ်သတ်ပစ်ကြ" ထိုဝါရင့်စစ်သည်ကြီးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ" အားလုံးက ညီညာစွာ ပြန်လည်ဖြေကြားလိုက်ကြသည်။
တစ်ချိန်တည်းမှာပင်၊
"ယိုဟန်... မင်းကို ငါ့အနားမှာ ရှိစေချင်တယ်၊ မင်းက 'ထာဝရအကျဉ်းထောင်' ထဲကနေ အသက်မသေဘဲ ပြန်ထွက်လာနိုင်ခဲ့ကတည်းက မင်းရဲ့ အရည်အချင်းကို မင်း ကိုယ်တိုင် သက်သေပြခဲ့ပြီးပြီ၊ အဲ့ဒါကြောင့်လည်း ငါ မင်းကို ဒီနေရာကို ခေါ်လိုက်တာ၊ မင်း ငါ့အပေါ် ဘာကျေးဇူးမှ ဆပ်စရာမလိုပါဘူး၊ ဒါပေမဲ့ မင်းကို ငါ့အနားမှာ ရှိစေချင်တယ်၊ မင်းကို ငါ ကိုယ်တိုင် တိုက်ရိုက် လေ့ကျင့်သင်ကြားပေးချင်လို့ပါ" အီဗလင်းက ယိုဟန်ကို စူးစိုက်ကြည့်ရင်း ထိုစကားများကို ပြောလိုက်သည်။
ယိုဟန်သည် အီဗလင်း၏ နှုတ်မှ ထွက်ပေါ်လာသော စကားလုံးများကြောင့် အံ့အားသင့်သွားရသည်။ သူမသည် ဆိုဖာပေါ်တွင် သူ၏ ရှေ့တည့်တည့်၌ ထိုင်နေရင်း တည်ကြည် လေးနက်သော မျက်နှာပေးဖြင့် သူ့ကို စိုက်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
ယိုဟန်၏ တုန်လှုပ်သွားသော မျက်နှာပေးကို မြင်သောအခါ အီဗလင်းက ခေါင်းညိတ်ပြလိုက်ပြီး "ငါ မင်းကို အတင်းအကျပ် မတိုက်တွန်းပါဘူး၊ ဒါက မင်းရဲ့ ရွေးချယ်မှုပါပဲ၊ ဘာပဲဖြစ်ဖြစ်... မင်း ကိုယ်တိုင်လည်း သိတဲ့အတိုင်း မင်းက အခုထိ လုံလောက်တဲ့ စွမ်းအား မရှိသေးဘူး၊ မင်း လျှောက်လှမ်းရမယ့် လမ်းက အဝေးကြီး လိုပါသေးတယ်၊ ဒီယာ အသက်ရှင်ကျန်ရစ်ခဲ့တာက ကံကောင်းလို့ပဲ။
မင်းသာ လုံလောက်တဲ့ စွမ်းအား ရှိခဲ့ရင် အဲ့ဒီလူတွေကြောင့် သူမကို ဒဏ်ရာရအောင် ခွင့်ပြုမိမှာ မဟုတ်ဘူး၊ ပြီးတော့ အခုတလော ဒီနိုင်ငံတော်အတွင်းမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ အများကြီး ဖြစ်ပျက်နေတယ်၊ မဝေးတော့တဲ့ အနာဂတ်မှာ မင်းကို ဘာတွေ စောင့်ကြိုနေမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး" အီဗလင်းက ပြောရင်း ပုလင်းထဲမှ ဝိုင်ကို တစ်ငုံ သောက်လိုက်သည်။
ယိုဟန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် သူမကို ကြည့်ကာ "ကျွန်တော် စဉ်းစားဖို့ အချိန်နည်းနည်းလောက် လိုပါတယ်" ဟု ပြန်လည်ဖြေကြားလိုက်သည်။
"ကောင်းပြီ... မင်း စိတ်ကြိုက် အချိန်ယူပြီး စဉ်းစားပါ၊ ငါလည်း အလောတကြီး မရှိပါဘူး၊ ပြီးတော့ ငါ လုပ်စရာ ရှိတာလေးတွေလည်း နည်းနည်း ရှိသေးတယ်၊ မင်း မင်းရဲ့ မျိုးနွယ်စုဆီကို ပြန်လို့ရပါပြီ၊ ကာနာ က မင်းကို လိုက်ပို့ပေးလိမ့်မယ်" အီဗလင်းက ပြောရင်း ဝိုင်နီပုလင်းကြီးတစ်ခုလုံးကို မော့သောက်ချလိုက်ပြီးနောက် သူမ၏ နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိသော မျက်ဝန်းအစုံဖြင့် သူ့ကို လှမ်းကြည့်လိုက်သည်။
သူမ၏ မျက်နှာပေးကို မြင်လိုက်ရချိန်တွင် ယိုဟန်၏ ရင်ဘတ်ထဲမှ နှလုံးခုန်သံမှာ ပိုမိုမြန်ဆန်ကာ ကျယ်လောင်လာခဲ့ရသည်။ ဘာပဲဖြစ်ဖြစ်... သူမသည် သူ၏ တစ်သက်တာလုံးတွင် မြင်တွေ့ခဲ့ဖူးသမျှ အမျိုးသမီးများထဲ၌ အလှပဆုံးသော အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့သည် မဟုတ်ပါလား။