အခန်း ၉၅- သွေးခင်းလမ်း၏ ဇာတ်သိမ်းပိုင်း
"တောက်... အဲ့ဒီအဖိုးကြီးက လင်မျိုးနွယ်စုထဲမှာ ရှိနေတာပဲ၊ နောက်ဆုံးတော့ ကိုယ်ဖျောက်မနေဘဲ ထွက်လာခဲ့ပြီပေါ့" အဖိုးအို လင်သည် ပတ်ဝန်းကျင်၏ ရုတ်ချည်းပြောင်းလဲသွားမှုကို သတိပြုမိလိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ ထို့နောက် သူ၏ အကြည့်များသည် တိမ်မည်းကြီးများ ဖုံးလွှမ်းသွားသည့် မြစ်ကမ်းပါးမြို့တော်ရှိရာ အရပ်မျက်နှာဆီသို့ ရောက်ရှိသွားခဲ့သည်။
စုလင်သည်လည်း ဖခင်ဖြစ်သူ၏ အကြည့်နောက်သို့ လိုက်ကြည့်ရင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် တံတွေးကို မျိုချလိုက်မိသည်။
"အဖေ... အဖိုးအို လီယွန်က မြစ်ကမ်းပါးမြို့တော်ထဲမှာ ရောက်နေတာပဲ" စုလင်၏ မျက်နှာတစ်ခုလုံး ညိုမှောင်သွားကာ ရေရွတ်လိုက်မိသည်။
"တောက်... ငါ ဘာလို့ ဒီလောက်တောင် စိုးရိမ်ပူပန်နေရတာလဲ..." စုလင်သည် ဒေါသတကြီး ရေရွတ်ရင်း သူ၏ ဓားကို ဝှေ့ယမ်းကာ ရန်သူ့စစ်သည် သုံးဦးထက်မကကို တစ်ချက်တည်းဖြင့် ခေါင်းဖြတ်ပစ်လိုက်သည်။
"အလိုဗျာ... ဒါ 'ရာပြည့်အဆိပ်ချိုင့်ဝှမ်း' က သခင်လေး ရာ့ဂျ် မဟုတ်ပါလား၊ ကျန်တဲ့ အသုံးမကျတဲ့ကောင်ကော ဘယ်ရောက်နေလဲ၊ နီကိုးလပ်စ်ကို မင်းနဲ့အတူ ခေါ်မလာခဲ့ဘူးလား" အာဂျွန်က ရာ့ဂျ်ကို ကြည့်ရင်း လှောင်ပြုံးပြုံးကာ မေးလိုက်သည်။
"မင်းက ဘယ်ကောင်မို့လို့ ငါ့ကို ဒီလိုရိုင်းရိုင်းစိုင်းစိုင်း ပြောရဲတာလဲ၊ ငါ့လမ်းကို ဖယ်စမ်း... ငါ ဝါရင့်အကြီးအကဲ လင်ကို တွေ့ချင်တယ်" ရာ့ဂျ်က အာဂျွန်ကို စူးစိုက်ကြည့်ရင်း ပြန်လည်အော်ဟစ်လိုက်သည်။
"ဟက်... ငါက မင်းကို အသေသတ်မယ့်လူပဲ သူငယ်ချင်း၊ ပြီးတော့ မင်းလိုကောင်က ငါ့ဆရာနဲ့ တွေ့ဆုံဖို့ လုံးဝ မထိုက်တန်ဘူး" အာဂျွန်က ရာ့ဂျ်ကို ကြည့်ကာ ပြတ်ပြတ်သားသား တုံ့ပြန်လိုက်သည်။
"မင်း... ရိုင်းလှချည်လား" ရာ့ဂျ်က ဒေါသတကြီး ကြွေးကြော်ရင်း ဓားကို ဆွဲထုတ်ကာ အာဂျွန်ရှိရာသို့ လျှပ်ခနဲ ပြေးဝင်သွားတော့သည်။
"လာလေ... ကစားကြတာပေါ့" အာဂျွန်က တိုးတိုးလေး ရေရွတ်ရင်း သူ၏ ဓားကို အိမ်မှ ဆွဲထုတ်လိုက်သည်။
ချွင်... ချွင်... ချွင်
၎င်းတို့နှစ်ဦးသည် လျှပ်စီးကဲ့သို့ မြန်ဆန်သောအရှိန်ဖြင့် အပြန်အလှန် အပြင်းအထန် တိုက်ခိုက်ကြတော့သည်။
ထိုအခြင်းအရာကို ကြည့်ရင်း အာဂျွန်က ရာ့ဂျ်ကို လှောင်ပြုံးပြုံးပြလိုက်ပြီး ဓားကွက် ငါးကွက်ထက်မကကို တဆက်တည်း ပူးပေါင်းကာ ရာ့ဂျ်ကို အဆက်မပြတ် ဖိနှိပ်တိုက်ခိုက်လိုက်သည်။
"တောက်... ရုတ်ညံ့တဲ့ကောင်" ရာ့ဂျ်သည် ဤလူထံမှ ထိုမျှလောက် ပြင်းထန်သော တိုက်ကွက်များ ထွက်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် ဒဏ်ရာမရအောင် မနည်း အသည်းအသန် ရှောင်တိမ်းရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ကျိန်စာမိတဲ့ကောင်... ငါက 'ကိုယ်ခန္ဓာကြံ့ခိုင်မှုအဆင့်'ရဲ့ အထွတ်အထိပ်မှာ ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ၊ ငါ့ဒေါသကို လာမဆွနဲ့... လမ်းဖယ်စမ်း" ရာ့ဂျ်သည် သူ၏ ကျင့်ကြံခြင်းအခြေခံ စွမ်းအားအားလုံးကို ထုတ်သုံးကာ လျှပ်စီးပမာ မြန်ဆန်သောအရှိန်ဖြင့် ဓားကို ဝှေ့ယမ်းလိုက်သည်။
သူ၏ တိုက်ကွက်နောက်ကွယ်မှ စွမ်းအားသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသော်လည်း အာဂျွန်က လက်တစ်ဖက်တည်းဖြင့် သူ၏ တိုက်ကွက်အားလုံးကို အလွယ်တကူ ပယ်ဖျက်ပစ်လိုက်သည်ကို မြင်လိုက်ရချိန်တွင် ရာ့ဂျ်တစ်ယောက် အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရရှာသည်။
"ဟက်... 'အဆိပ်ချိုင့်ဝှမ်း' က သခင်လေးတွေက တော်တော်လေး စွမ်းဆောင်ရည်ရှိကြတယ် ထင်လို့ အခုတလော ဘဝင်မြင့်နေကြတာ၊ တကယ်တော့ မင်းက အမှိုက်တစ်စပဲကိုး" အာဂျွန်က ရာ့ဂျ်ကို ကြည့်ကာ ရက်စက်ကြမ်းကြုတ်စွာ ပြုံးရင်း ပြောလိုက်သည်။
ထိုစကားကြောင့် ရာ့ဂျ်၏ မျက်နှာတစ်ခုလုံး တောင့်တင်းသွားရပြီး "မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘာလဲ..." ဟု ထိတ်လန့်တုန်လှုပ်စွာဖြင့် တံတွေးကို မျိုချရင်း မေးမြန်းလိုက်သည်။
အာဂျွန်သည် ချက်ချင်းပင် လှောင်ပြုံးတစ်ချက် ပြုံးလိုက်ပြီးနောက် လျှပ်စီးကဲ့သို့ မြန်ဆန်သောအရှိန်ဖြင့် သူ၏ ဓားကို ရာ့ဂျ်ဆီသို့ ဝှေ့ယမ်းလိုက်တော့သည်။
ဗုန်း... ဗုန်း
"အား... ခွေးမသား... သေစမ်း..." ရာ့ဂျ်သည် သူ၏ ညာဘက်လက်မောင်းတစ်ခုလုံး အာရုံမရတော့ဘဲ ပြတ်တောက်သွားသဖြင့် အဆုတ်ကွဲမတတ် အော်ဟစ်ညည်းတွားလိုက်သည်။ သူ၏ တစ်ကိုယ်လုံး သွေးချင်းချင်းနီသွားခဲ့ပြီး နောက်တစ်စက္ကန့်တွင် အာဂျွန်က သူ၏ ဓားကို မြှောက်ကာ ရာ့ဂျ်၏ ခေါင်းကို ပိုင်းဖြတ်ရန် လည်ပင်းဆီသို့ လွှဲလိုက်စဉ် ရုတ်တရက် -
ချွင်... ချွင်
"တောက်... မင်း ငါ့သားကို ဘာလုပ်နေတာလဲ" အဖိုးအိုတစ်ဦး ရုတ်ခြည်း ပေါ်လာခဲ့ပြီး အာဂျွန်၏ ပြင်းထန်သော တိုက်ကွက်ကို လှမ်း၍ ကာကွယ် တားဆီးလိုက်သည်။
"အဖေ... အဖေ ရောက်လာပြီပဲ" ရာ့ဂျ်သည် မိမိ၏ အသက်ကို သီသီလေး ကယ်တင်ပေးခဲ့သည့် ဖခင်ဖြစ်သူကို မြင်လိုက်ရသဖြင့် ဝမ်းသာအားရ ငိုကြွေးလိုက်သည်။
"မင်း ဘာတွေ လျှောက်လုပ်နေတာလဲ... အသုံးမကျတဲ့ကောင်၊ လင်မျိုးနွယ်စုနဲ့ နီကိုးလ်မျိုးနွယ်စုရဲ့ ကိစ္စတွေကြားထဲမှာ ဝင်မပါဖို့ ငါ မင်းကို အကြိမ်ကြိမ် သတိပေးထားခဲ့တယ် မဟုတ်လား" ထိုအဖိုးအိုက ရာ့ဂျ်ကို စူးစိုက်ကြည့်ရင်း ဒေါသတကြီး ရေရွတ်လိုက်သည်။
"နောက်ဆုံးတော့... အဖိုးအို ဟန် တစ်ယောက် ရောက်လာခဲ့ပြီပေါ့၊ မတွေ့ရတာ တော်တော်တောင် ကြာသွားပြီပဲ" အဖိုးအို လင်သည် အာဂျွန်၏ ဘေးတွင် ရုတ်တရက် ပေါ်လာရင်း ထိုစကားကို ပြောလိုက်သည်။
ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ အဖိုးအို ဟန်သည် အလန့်တကြား ဖြစ်သွားရပြီး "ဝါရင့်အကြီးအကဲ လင်စုဝမ်.." ဟု တိုးတိုးလေး ရေရွတ်လိုက်မိသည်။
အဖိုးအို လင်က ခေါင်းညိတ်ပြလိုက်ကာ "မင်းရဲ့ သားကတော့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး၊ သူလုပ်ခဲ့တဲ့ ပြစ်မှုတွေအတွက် သူ ကိုယ်တိုင် အပြည့်အဝ တာဝန်ယူရလိမ့်မယ်၊ မင်းရဲ့ သားက ငါ့မျိုးနွယ်စုဆီကို အဆိပ်ချိုင့်ဝှမ်းက လူသတ်သမားအချို့ စေလွှတ်ပြီး ငါ့ရဲ့ မြေးဖြစ်သူကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်၊ အဲ့ဒီခွေးမသားတွေကြောင့် ငါ့မြေးရဲ့ တရားဝင် လက်တွဲဖော်ဖြစ်တဲ့ ဒီယာ တစ်ယောက် သေလုမတတ် ဖြစ်ခဲ့ရတယ်၊ သူတို့က မိန်းမတစ်ယောက်ကိုတောင် မချန်ဘဲ ရက်ရက်စက်စက် သတ်ဖို့ ကြိုးစားခဲ့ကြတာ" အဖိုးအို လင်သည် ထိုစကားများကို ဒေါသတကြီး ဟိန်းဟောက်၍ ပြောဆိုလိုက်သည်။
ထိုစကားများကို ကြားလိုက်ရချိန်တွင် အဖိုးအို ဟန်တစ်ယောက် ဆွံ့အသွားခဲ့ရသည်။ သူသည် မိမိသားဖြစ်သူ၏ ယုတ်မာသော လုပ်ရပ်များကို လုံးဝ မသိရှိခဲ့ပေ။ ၎င်းတို့သည် လင်မျိုးနွယ်စုကို သစ္စာခံ ခစားခြင်း မရှိကြတော့သော်လည်း လွန်ခဲ့သည့် နှစ်ပေါင်းရာချီက လင်မျိုးနွယ်စုက ၎င်းတို့အပေါ် ထားရှိခဲ့ဖူးသည့် ကရုဏာနှင့် ကျေးဇူးတရားများကို အဖိုးအို ဟန်က ယခုထိတိုင် အမှတ်ရနေဆဲ ဖြစ်သည်။
သူက ရာ့ဂျ်ဘက်သို့ လှည့်ကြည့်လိုက်သော်လည်း ရာ့ဂျ်ကမူ ပြန်လည်ချေပရန် စကားလုံး မရှိသဖြင့် ခေါင်းငုံ့ထားခဲ့သည်။
ဟန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ဝါရင့်အကြီးအကဲ လင်ကို ကြည့်ကာ -
"ဒါတွေအားလုံးကို ကျွန်တော် လုံးဝမသိခဲ့ရပါဘူး၊ ကျွန်တော့်သမီးမျက်နှာကို ထောက်ထားပြီး သူ့ကို အသက်ချမ်းသာပေးပါဗျာ၊ သူက ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သားလေးပါ" ဟန်သည် အဖိုးအို လင်ကို ကြည့်ရင်း အသနားခံ တောင်းပန်လိုက်သည်။
"ငါ စိတ်မကောင်းဘူး ဟန်... ဒါပေမဲ့ ငါက ပြောရင် ပြောတဲ့အတိုင်း လုပ်တဲ့လူစားမျိုး၊ ဒီနေ့ ဒီနေရာမှာ ရှိနေတဲ့သူ အားလုံးကို ငါ တစ်ယောက်မကျန် သတ်ပစ်မယ်၊ ဒါပေမဲ့ မင်းအတွက်တော့ ဒီတစ်ကြိမ်ပဲ ဒီနေရာကနေ ထွက်သွားဖို့ အခွင့်အရေး ပေးမယ်၊ မင်းရဲ့ အသက်ကိုတော့ ငါ ချမ်းသာပေးလိုက်ပါ့မယ်" အဖိုးအို လင်က ပြတ်သားစွာ ကြွေးကြော်လိုက်သည်။
အဖိုးအို ဟန်သည် ခေါင်းညိတ်ပြလိုက်ရင်း "သူ့အစား ကျွန်တော့်ကိုပဲ သတ်ပစ်လိုက်ပါ၊ ကျွန်တော့် သားကိုတော့ သွားခွင့်ပြုပါဗျာ... ကျွန်တော် တောင်းပန်ပါတယ်" ဟန်သည် အဖိုးအို လင်၏ အရှေ့တွင် ဦးညွှတ်ကာ အသည်းအသန် အသနားခံ တောင်းပန်တိုးလျှိုးတော့သည်။
အဖိုးအိုသည် ထိုမြင်ကွင်းကို ကြည့်ရင်း သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်မိရာ အားပြင်းလွန်းသဖြင့် လက်သီးဆုပ်တစ်ဝိုက်မှ သွေးစများပင် ထွက်ပေါ်လာခဲ့သည်။
"တောက်... ဒီနေရာကနေ ချက်ချင်း အဝေးဆုံးကို လစ်လိုက်ကြစမ်း" အဖိုးအိုသည် ဟန်ကို စူးစိုက်ကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဟန်သည် အဖိုးအို လင်ကို လှမ်းကြည့်ရင်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် နောက်တစ်စက္ကန့်တွင် သူ၏ သားဖြစ်သူနှင့်အတူ နေရာမှ ရုတ်ခြည်း ပျောက်ကွယ်သွားတော့သည်။
ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ လူတိုင်း အံ့အားသင့်သွားကြသော်လည်း မည်သူမျှ ထိုအဖိုးအိုကို တစ်စုံတစ်ရာ ဝင်ရောက်ပြောဆိုရန် မဝံ့ရဲကြပေ။
အဖိုးအိုသည် ကောင်းကင်ယံထက်သို့ မော့ကြည့်လိုက်ပြီးနောက် ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေပြီး သူ့ထံမှ အမိန့်ကို စောင့်ဆိုင်းနေကြသည့် လူမည်းရိပ် ခုနစ်ခုဆီသို့ အကြည့်ပို့လိုက်သည်။
"တစ်ယောက်မကျန်... အပြတ်ရှင်းပစ်ကြစမ်း" သူက အားရပါးရ ဟိန်းဟောက် အမိန့်ပေးလိုက်သည်။
ထိုစကားကို ကြားသည်နှင့် လူမည်းရိပ် ခုနစ်ခုသည် ၎င်းတို့၏ ဓားများကို ကောင်းကင်ယံထက်သို့ မြှောက်လိုက်ကြပြီးနောက် ကျန်ရှိနေသော နီကိုးလ်မျိုးနွယ်စုဝင် စစ်သည်များ ပုန်းအောင်းနေသည့် အရပ်ဆီသို့ တည့်တည့်မတ်မတ် ချိန်ရွယ်လိုက်ကြသည်။
တမဟုတ်ချင်းတွင် လင်မျိုးနွယ်စု၏ စစ်သည်တော် ပေါင်းထောင်ချီတို့သည် ၎င်းတို့၏ လက်နက်များကို အသီးသီး ဆုပ်ကိုင်ကာ ထိုလူမည်းရိပ် ခုနစ်ခု၏ ဦးဆောင်မှုနှင့်အတူ တောအုပ်ကြီးအတွင်းသို့ အလုံးအရင်းနှင့် ပြေးဝင်သွားကြလေတော့သည်။
တစ်ချိန်တည်းမှာပင်၊
အမျိုးသမီးတစ်ဦးသည် ဆိုဖာပေါ်တွင် ထိုင်နေစဉ် တံခါးခေါက်သံကို ကြားလိုက်ရသည်။ သူမ၏ အခန်းရှေ့တွင် ရပ်နေသူမှာ ယိုဟန် ဖြစ်သည်။
"ကျွန်တော် အထဲဝင်ခဲ့လို့ ရမလား... သခင်မ အီဗလင်း" ယိုဟန်က မေးလိုက်သည်။
"အင်း... တံခါးပွင့်နေတယ်၊ ဝင်ခဲ့ပါ" အီဗလင်းက အခန်းထဲမှနေ၍ တည်ငြိမ်အေးဆေးသော လေသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
ယိုဟန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် သူမ၏ အခန်းအတွင်းသို့ ခြေလှမ်းလှမ်း၍ ဝင်ရောက်လာခဲ့တော့သည်။