အခန်း ၉၄ - သွေးချောင်းစီးခြင်း (အပိုင်း ၃)
အဖိုးအိုတစ်ဦးသည် သတ်မှတ်ထားသော အရပ်မျက်နှာဆီသို့ လျှောက်လှမ်းနေပြီး သူ့နောက်တွင်မူ လူတစ်ယောက်က ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။ ထိုသူသည် ဘေးဘီဝဲယာသို့ ဂဏာမငြိမ်ဘဲ လှည့်ပတ်ကြည့်ရှုရင်း အလွန်ပင် ပူပန်သောကရောက်နေသည့် ပုံစံရှိသည်။
"ရိုသေလေးစားရတဲ့ အကြီးအကဲ... ကျွန်တော်တို့ နှစ်ယောက်တည်း သွားတာ တကယ်ပဲ အဆင်ပြေပါ့မလားခင်ဗျာ၊ ကျွန်တော်တို့ မျိုးနွယ်စုက စစ်သည်အချို့ကို ခေါ်သွားရင် အခြေအနေက ကျွန်တော်တို့ဘက် အသာစီးရဖို့ ပိုပြီး အခွင့်အလမ်းများနိုင်မလားလို့ပါ" သူသည် အဖိုးအို လီယွန်ကို ကြည့်ရင်း ထိုစကားများကို တင်ပြလိုက်သည်။
အဖိုးအိုသည် ခေါင်းကို နောက်သို့ အသာစောင်းကာ ပီတာဟု အမည်ရသည့် ထိုလူငယ်ကို လှမ်းကြည့်လိုက်သည်။
"လုလင်ပျို... မင်းက သေရမှာကို အတော်လေး ကြောက်နေတာပဲ၊ စိတ်မပူပါနဲ့... မင်း ဘာမှမဖြစ်စေရဘူး" အဖိုးအိုက သူ၏ ရှည်လျားဖြူဖွေးသော မုတ်ဆိတ်မွှေးကို သုံးသပ်ရင်း ပီတာ့ကို ပြုံးလျက် ပြန်လည်ပြောဆိုလိုက်သည်။
ပီတာကမူ မိမိကိုယ်မိမိ သေလူတစ်ယောက်ဖြစ်တော့မည်ဟု တွေးတောကာ သူ၏ ကံကြမ္မာကိုသာ စိတ်ထဲမှ ကျိန်ဆဲနေမိသည်။ အဘယ်ကြောင့်ဆိုသော် မြို့ပြင်၌ လင်မျိုးနွယ်စုကို စစ်ချီတိုက်ခိုက်ရန် ပတ်ဝန်းကျင်မျိုးနွယ်စုပေါင်းစုံမှ အင်အားထောင်ချီသော စစ်သည်တော်ကြီးများသည် အဆင်သင့် စောင့်ဆိုင်းနေကြသောကြောင့် ဖြစ်သည်။
မကြာမီအချိန်အတွင်းမှာပင် အဖိုးအို လီယွန်နှင့် ပီတာတို့သည် မြို့တံခါးဝသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ကြသည်။
ထိုနေရာတွင် လင်မျိုးနွယ်စု၏ စစ်သည်များသည် မြို့တံခါးကြီးကို မပြိုပျက်အောင် အသည်းအသန် ကာကွယ်စောင့်ရှောက်နေကြရသဖြင့် အခြေအနေမှာ အလွန်ပင် ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့သည်။
"တောက်... အဲ့ဒီကောင်တွေ အင်အားက အရမ်းများလွန်းတယ်၊ ငါတို့ ရှေ့ဆက်ပြီး ထိန်းထားဖို့ မလွယ်တော့ဘူး၊ ပီတာတစ်ယောက် သခင်မ အလီနာကို သွားပြီး အကြောင်းကြားပြီးပြီလား မသိဘူး" စစ်သည်တစ်ဦးက သူ့ဘေးနားရှိ ရဲဘော်အချို့ကို လှည့်ကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဟုတ်ပါတယ် အရာရှိမင်း... သူ မကြာခင် ပြန်လာပါလိမ့်မယ်၊ မျိုးနွယ်စုရဲ့ စစ်သည်တွေ အားလုံး ဝိုင်းဝန်းကူညီရင်တော့ နောက်ထပ် နာရီအနည်းငယ်လောက် ထပ်ပြီး ထိန်းထားနိုင်လောက်ပါတယ်၊ တောက်... ဒီခွေးမသားတွေက တကယ်ကို ဇွဲကောင်းလွန်းတယ်" ထိုစစ်သည်သည် သူ့လူအချို့နှင့်အတူ မြို့တံခါးကြီးကို အားကုန်ရုန်းကန် ထိန်းထားရင်း မြည်တွန်တောက်တီးလိုက်သည်။
ဒုန်း... ဒုန်း
ပြင်ပမှနေ၍ ရန်သူပေါင်းရာချီတို့သည် ဧရာမ သစ်လုံးတုံးကြီးများကို အသုံးပြုကာ မြစ်ကမ်းပါးမြို့တော်၏ တံခါးမကြီးကို အဆက်မပြတ် ဆောင့်တွန်းတိုက်ခိုက်နေကြသဖြင့် ထိုပတ်ဝန်းကျင်တစ်ခုလုံး၌ ပြင်းထန်သော မြည်ဟီးသံများ ဆူညံနေခဲ့သည်။
ဝါရင့်အကြီးအကဲ လင်နှင့် မျိုးနွယ်စုခေါင်းဆောင်တို့ မရှိသည့်အချိန်သည် ၎င်းတို့အတွက် ရွှေရောင်အခွင့်အရေး ဖြစ်သဖြင့် ဤအနီးအနားရှိ မျိုးနွယ်စုများသည် လင်မျိုးနွယ်စုအတွင်းသို့ အဓမ္မ အတင်းအကျပ် ဝင်ရောက်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
"တောက်... ငါတို့ ဘာဆက်လုပ်သင့်လဲ" ထိုစစ်သည်သည် စိုးရိမ်တကြီး ရေရွတ်လိုက်မိစဉ် ရုတ်တရက် အဖိုးအိုတစ်ဦးနှင့်အတူ လျှောက်လှမ်းလာသည့် ရင်းနှီးသော လူတစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။
'ဘာတွေလဲကွာ...' သူသည် ပီတာ့ကို လင်မျိုးနွယ်စုမှ စစ်သည်အင်အား ခေါ်ဆောင်လာရန် စေခိုင်းခဲ့ခြင်း ဖြစ်သော်လည်း အခုမူ အဖိုးအိုတစ်ဦးတည်းကိုသာ ခေါ်ဆောင်လာသည်ကို တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကြောင့် သူ၏ နှလုံးသားတစ်ခုလုံး ပြုတ်ကျသွားသလို ခံစားလိုက်ရပြီး မျှော်လင့်ချက်အားလုံး ပျက်သုဉ်းသွားကာ မျက်နှာတစ်ခုလုံး ပျက်သွားခဲ့သည်။
အဖိုးအို လီယွန်ကမူ မြစ်ကမ်းပါးမြို့တော်၏ တံခါးမကြီးထံမှ မစဲတမ်း ထွက်ပေါ်နေသည့် တိုက်ခိုက်သံများကို ကြားသောအခါ သရော်ပြုံး တစ်ချက် ပြုံးလိုက်သည်။
"ပီတာ... မင်း သခင်မ အလီနာကို အကြောင်းကြားခဲ့ရဲ့လား" အရာရှိဖြစ်သူ၏ အမေးကို ကြားသောအခါ ပီတာသည် ကိုယ်ခန္ဓာတစ်ခုလုံး တောင့်တင်းသွားပြီး တုံ့ပြန်ရန် စကားလုံး ရှာမတွေ့ ဖြစ်နေခဲ့သည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် အဖိုးအိုသည် သူ၏ အပေါ်ဝတ်ရုံကို ချွတ်ပစ်လိုက်ရာ လူတိုင်း အံ့အားသင့်သွားကြရသည်။ သူ၏ သန်မာထွားကျိုင်းလှသော ကြွက်သားကြီးများနှင့်အတူ ညာဘက်ပခုံးပေါ်တွင် ထင်ရှားလှသော 'ခြင်္သေ့အမှတ်တံဆိပ်' ကို ကွင်းကွင်းကွက်ကွက် မြင်တွေ့လိုက်ရသည်။
"ငါ့လမ်းကို ဖယ်ကြစမ်း၊ မြို့တံခါးဝကနေ အဝေးကို ဆုတ်ခွာသွားကြ" အဖိုးအိုသည် ဟိန်းဟောက်၍ အမိန့်ပေးလိုက်သည်။
ထိုစကားကို ကြားသည်နှင့် လူတိုင်းသည် အဖိုးအို၏ လမ်းကြောင်းပေါ်မှ ကပျာကယာ ဖယ်ပေးလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူ့ထံမှ ထွက်ပေါ်လာသော အော်ရီယာ (လူသတ်ငွေ့အာဏာစက်) ကြောင့် အသက်ရှူရပ်မတတ် ဖိအားကို ခံစားလိုက်ရခြင်း ကြောင့်ပင်။
လွန်ခဲ့သည့် မိနစ်ပိုင်းခန့်က တည်ငြိမ်နေခဲ့သော ဤအဖိုးအိုသည် အပေါ်ဝတ်ရုံကို ချွတ်လိုက်သည့်အချိန်တွင်မူ လုံးဝ ခြားနားသော အသွင်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။စစ်ပွဲပေါင်း ထောင်သောင်းချီကို ဖြတ်သန်းခဲ့ရသဖြင့် သူ၏ ကိုယ်ခန္ဓာအနှံ့တွင် ဓားဒဏ်ရာ၊ လှံဒဏ်ရာ အမာရွတ်ပေါင်း ရာနှင့်ချီ၍ ထင်ကျန်နေခဲ့သည်။
ဘေးပတ်ဝန်းကျင်ရှိ စစ်သည်များသည် ထိုမြင်ကွင်းကို ကြည့်ရင်း ထိတ်လန့်စွာဖြင့် တံတွေးကို မျိုချလိုက်မိကြပြီး ကြောင်တောင်တောင် ရပ်နေသည့် ပီတာ့ကို ဝိုင်းဝန်းကြည့်ရှုလိုက်ကြသည်။
သို့သော် ရုတ်တရက် လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ အဖိုးအိုသည် သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး အတွင်းဘက်မှနေ၍ ဧရာမ သံမဏိတံခါးကြီးကို အရှိန်အဟုန်ဖြင့် လှမ်း၍ ထိုးနှက်လိုက်ခြင်းပင်။
ဒုန်း
"ဘာ... ဘာကြီးလဲဟ" လူတစ်ယောက်မှာ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ အဖိုးအို၏ လက်သီးချက်သည် တံခါးမကြီးပေါ်သို့ ကျရောက်သွားသည့် တမဟုတ်ချင်းတွင် တံခါးကြီးတစ်ခုလုံး အပိုင်းပိုင်းအပြတ်ပြတ် လွင့်စင်ပေါက်ကွဲသွားခဲ့ပြီး အပြင်ဘက်မှနေ၍ မြို့ထဲသို့ အဓမ္မဝင်ရန် ကြိုးစားနေကြသည့် လူပေါင်းရာချီတို့သည်လည်း တံခါးချပ်ကြီးများနှင့်အတူ မီတာရာပေါင်းများစွာဝေးသော နေရာသို့ ကောင်းကင်ယံထက်မှ လွင့်ထွက်သွားကြတော့သည်။
နောက်ဆုံးတွင် အဖိုးအိုသည် မြစ်ကမ်းပါးမြို့တော်၏ အပြင်ဘက်သို့ ခြေတစ်လှမ်း လှမ်း၍ ထွက်ခွာလိုက်သည်။ သူ၏ အကြည့်မျက်မှောက် ရှေ့မှောက် မီတာရာဂဏန်းအကွာတွင် မြို့ထဲသို့ ဝင်ရောက်ရန် အချိန်ကောင်းကို စောင့်ဆိုင်းနေကြသည့် ရန်သူ့စစ်သည်တော်ပေါင်း ထောင်သောင်းချီကို မြင်တွေ့လိုက်ရသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ထိုရန်သူများသည် ကောင်းကင်ထက်တွင် လူပေါင်းရာချီနှင့်အတူ လွင့်ပျံနေသည့် မြို့တံခါးကြီးကို မြင်လိုက်ရချိန်တွင် မျက်နှာများ ပြာနှမ်းသွားကြရရှာသည်။
လင်မျိုးနွယ်စု၏ စစ်သည်များမှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အလျက် မှင်တက်နေကြရသည်။ အရာရှိဖြစ်သူ စစ်သည်သည် ပီတာဘက်သို့ လှည့်ကြည့်ကာ -
"ဟေ့... အဲ့ဒီအဖိုးကြီးက ဘယ်သူလဲ" ဟု လေးနက်သော လေသံဖြင့် မေးမြန်းလိုက်သည်။ သူသည် ယခုကဲ့သို့ ထူးဆန်းဆန်းပြားလှသော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့သဖြင့် နှလုံးခုန်သံများ မြန်ဆန်ကာ ရင်တဒိန်းဒိန်း ခုန်နေခဲ့သည်။
ထိုတံခါးမကြီးသည် အနည်းဆုံး တန်ချိန်ရာချီ လေးလံလှသော်လည်း ထိုအဖိုးအိုသည် ဘောလုံးတစ်လုံးကို ကန်ထုတ်လိုက်သည့်အလား အလွယ်တကူ မှုတ်ထုတ်ပစ်လိုက်ခြင်း ဖြစ်သည်။
"သူက သခင်မ အလီနာရဲ့ ဖခင်ပါ၊ ကျွန်တော်လည်း နာမည်တော့ သေချာမသိဘူး၊ ဒါပေမဲ့ သခင်မ အလီနာက သူ့ကို 'အဖေ' လို့ ခေါ်တယ်" ပီတာက တိုးတိုးလေး ရေရွတ်လိုက်မိပြီးမှ ဤအဖိုးအိုသည် ဘာကြောင့် လင်မျိုးနွယ်စုမှ စစ်သည်တော်တစ်ဦးတစ်ယောက်မျှ ခေါ်ဆောင်လာရန် စိတ်မဝင်စားခဲ့သည်ကို သဘောပေါက်သွားတော့သည်။
ပီတာသည် ထိုမြင်ကွင်းကြောင့် စိတ်ဓာတ်များ အလွန်အမင်း တက်ကြွလာခဲ့ပြီး သူ၏ဓားကို အိမ်မှ ဆွဲထုတ်လိုက်ကာ -
"ရိုသေလေးစားရတဲ့ အကြီးအကဲ... မြို့တံခါးဝကို ကျွန်တော်တို့ဆီသာ ပုံအပ်ထားလိုက်ပါ၊ ဘယ်ရန်သူ့ကိုမှ အထဲကို ခြေတစ်လှမ်း မချစေရပါဘူး၊ ကျွန်တော့်ရဲ့ နောက်ဆုံးထွက်သက်အထိ တိုက်ပွဲဝင်သွားမယ်လို့ သစ္စာဆိုပါတယ်" ပီတာသည် လီယွန်ကို ကြည့်ရင်း သူ၏ အဆုတ်ကွဲမတတ် အားရပါးရ အော်ဟစ်ကြွေးကြော်လိုက်သည်။
လီယွန်က သူ့ကို လှည့်ကြည့်ကာ ပြုံးပြလိုက်ပြီး "မင်းတို့ ကြိုက်သလိုသာ လုပ်ကြပေတော့" ဟု ပြန်လည်ပြောဆိုလိုက်သည်။
ဘေးပတ်ဝန်းကျင်ရှိ လင်မျိုးနွယ်စုဝင် စစ်သည်များသည်လည်း ခန္ဓာကိုယ်အတွင်း၌ စွမ်းအင်သစ်များ စီးဆင်းလာသကဲ့သို့ စိတ်ဓာတ်များ ပြင်းထန်စွာ တက်ကြွလာခဲ့ကြသည်။
"ဟတ်ဒ်ဆန်မျိုးနွယ်စု ဟုတ်လား..." အဖိုးအိုသည် ဤအနီးအနားရှိ မျိုးနွယ်စုအားလုံးကို ထိုမျိုးနွယ်စုက ဦးဆောင်နေခြင်းဖြစ်ကြောင်း သတိရသွားကာ တစ်ကိုယ်တည်း တိုးတိုးရေရွတ်လိုက်သည်။
"စီရင်ချက်"
အဖိုးအို လီယွန်သည် ထိုစကားလုံးကို တိုးတိုးလေး ရေရွတ်လိုက်သည့် တမဟုတ်ချင်းတွင် သူ၏ ပခုံးပေါ်ရှိ ခြင်္သေ့အမှတ်တံဆိပ်သည် ရဲရဲနီသော အလင်းတန်းများဖြင့် တဖိတ်ဖိတ် စတင်လင်းလက်လာခဲ့သည်။
ချက်ချင်းပင် သူ၏လက်ထဲ၌ ကြောက်မက်ဖွယ်ကောင်းသော သျှောင်ဓား (ဓားမြှောင်ကြီး) တစ်လက် ထွက်ပေါ်လာခဲ့ပြီး ထိုဓားပေါ်လာသည်နှင့်တစ်ပြိုင်နက် သာယာလှပနေသော နေ့ခင်းပိုင်အချိန်သည် ရုတ်ခြည်းဆိုသလို ညဉ့်မှောင်မိုက်သော အချိန်သို့ ပြောင်းလဲသွားခဲ့သည်။
မြို့တော်တစ်ခုလုံးကို လေးလံမှိုင်းညို့လှသော တိမ်မည်းကြီးများက လွှမ်းမိုးဝါးမြိုသွားခဲ့ပြီး ဘေးပတ်ဝန်းကျင် ကီလိုမီတာ ရာဂဏန်းအထိ ရှိသော နယ်မြေတစ်ခုလုံးသည် ပြင်းထန်လှသော ဖိအားစက်ကွင်းကြီးကို ခံစားလိုက်ကြရသည်။
ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ အလီနာသည် ပြုံးလိုက်မိသည်။ သူမသည် ဝရံတာဘေးတွင် ရပ်နေရင်း သတ်မှတ်ထားသော အရပ်မျက်နှာဆီသို့ အကြည့်ပို့ထားခဲ့ခြင်း ဖြစ်သည်။
"အဖေ... 'စီရင်ချက်' ကို ဆင့်ခေါ်လိုက်ပြီပဲ၊ အဲ့ဒီကောင်တွေ အားလုံး... စစ်မှန်တဲ့ စိတ်ပျက်အားငယ်မှု ဒုက္ခကို ရင်ဆိုင်ရတော့မယ်" အလီနာသည် ထိုစကားကို ပြောရင်း သူမ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။
တစ်ချိန်တည်းမှာပင်၊
ရုတ်တရက် အီဗလင်းသည် သူမ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူမသည် မိမိ၏ အခန်းဆီသို့ လျှောက်လှမ်းနေစဉ် ကြောက်မက်ဖွယ်ကောင်းသော အော်ရီယာ (အရှိန်အဝါစက်) တစ်ခုကို အာရုံခံမိလိုက်ခြင်းကြောင့် ဖြစ်သည်။
"နောက်ဆုံးတော့... မင်းကိုယ်မင်း ထုတ်ဖော်ပြသဖို့ ဆုံးဖြတ်လိုက်ပြီပေါ့... အဖိုးအို လီယွန်..."