အခန်း ၉၂ - သွေးချောင်းစီးခြင်း (အပိုင်း ၁)
အလီနာသည် ဖခင်ဖြစ်သူ လီယွန်ကို ကြည့်ရင်း တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိပြီး ခေါင်းညိတ်ပြလိုက်သည်။ လင်မျိုးနွယ်စုထဲတွင် သူမ၏ဖခင် ရှိနေသည်ကို မြင်ရမှသာ စိတ်အေးသွားရတော့သည်။ သို့မဟုတ်ပါက ဤအခြေအနေအားလုံးကို သူမတစ်ယောက်တည်း မည်သို့ကိုင်တွယ်ရမည်ကို သိတော့မည်မဟုတ်ပေ။သူမသည် ဖခင်ဖြစ်သူ လီယွန်ကို ကြည့်ရင်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။
"အဖေ... အခုလိုအချိန်မျိုးမှာ သမီးတို့ကို လာတိုက်ရဲတဲ့ကောင်တွေကို တစ်ယောက်မကျန် သတ်ပစ်ပေးပါ၊ အဲ့ဒီလူရည်မပြည့်တဲ့ သူရဲဘော်ကြောင်တွေ အားလုံး သေရမယ်၊ တကယ့်ကို အရှက်မရှိတဲ့ကောင်တွေ... တရားသဖြင့် ယှဉ်ပြိုင်ဖို့ကျတော့ သတ္တိမရှိဘဲ အခုမှ ကွယ်ရာကနေ လာပြီး အကွက်ဆင်နေကြတာ" သူမသည် လီယွန်ကို ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။
လီယွန်သည် အလီနာ့နှုတ်မှ ထိုစကားများကို ကြားသောအခါ ရက်စက်ကြမ်းကြုတ်စွာ ရယ်မောလိုက်သည်။
"စိတ်မပူပါနဲ့ အလီနာ၊ ဒီနေရာကနေ ဘယ်သူမှ အသက်ရှင်လျက် ထွက်မသွားစေရဘူးလို့ ငါ အာမခံတယ်"
အဖိုးအို လီယွန်က အလီနာကို ပြန်လည်ပြောဆိုလိုက်ပြီးနောက် ချက်ချင်းပင် သူ့အား ထိတ်လန့်တုန်လှုပ်သော အကြည့်များဖြင့် ကြည့်နေသည့် လူဆီသို့ အကြည့်လွှဲလိုက်သည်။
"မင်း... မင်းနာမည် ဘယ်သူလဲ" လီယွန်က ထိုသူ့ကို စူးစိုက်ကြည့်ရင်း နာမည်မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ထိုလူသည် အကြောက်လွန်ကာ တံတွေးကို မျိုချလိုက်မိပြီး သတ္တိမွေး၍ "ရိုသေလေးစားရတဲ့ အကြီးအကဲ... ကျွန်တော့်နာမည် ပီတာ ပါခင်ဗျာ" ဟု ပြန်လည်ဖြေကြားလိုက်သည်။
သူသည် အဖိုးအိုနှင့် သခင်မ အလီနာတို့ စကားပြောနေသည်ကို ကြားခဲ့ရသဖြင့် ဤအဖိုးအိုကို အလွန်အမင်း ကြောက်ရွံ့နေမိသည်။
ထိုအဖိုးအိုသည် သခင်မ အလီနာ၏ ဖခင်ဖြစ်ပုံရပြီး အလီနာသည် လင်မျိုးနွယ်စုသို့ လက်ထပ်မဝင်ရောက်မီက အင်အားကြီးမားသော မျိုးနွယ်စုတစ်ခုမှ ဖြစ်ကြောင်း လူအများစု သိကြသည်။
သူမ၏ နောက်ခံသမိုင်းကြောင်းသည် အလွန်အင်အားကြီးမားပြီး လျှို့ဝှက်ဆန်းကြယ်လှသည်။ သူမသည် ဖီးနစ်နိုင်ငံတော်မှ ဖြစ်သော်လည်း မည်သူမျှ မသိရှိသော အခြားနိုင်ငံတော်တစ်ခု၏ အနွယ်ဝင်တစ်ဦး ဖြစ်သည်။
"ဟေ့ ပီတာ... ငါ့နောက် လိုက်ခဲ့" အဖိုးအိုသည် ဆိုဖာပေါ်မှ ထရပ်လိုက်ပြီး ပီတာ့အနားသို့ ချဉ်းကပ်ကာ ပြောလိုက်သည်။
ပီတာသည် အဖိုးအို လီယွန်၏ စကားကို ကြားသော် ခေါင်းကို ကပျာကယာ ညိတ်ပြလိုက်သည်။
လီယွန်က အလီနာ့ဘက်သို့ လှည့်ကြည့်ကာ "ငါ ချက်ချင်း ပြန်လာခဲ့မယ်၊ အခု အတော်လေး ဗိုက်ဆာနေပြီ၊ မင်းလက်ရာကို မစားရတာ တော်တော်တောင် ကြာသွားပြီပဲ" ဟု သူမကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
အလီနာသည် ခပ်တိုးတိုး ရယ်မောရင်း ခေါင်းညိတ်ပြလိုက်ကာ "သမီး အဖေ့အတွက် ချက်ပြုတ်ထားလိုက်ပါ့မယ်" ဟု ပြန်ပြောလိုက်သည်။ လီယွန်သည် သမီးဖြစ်သူ၏ စကားကို ကြားကာ ပြုံးလိုက်ပြီးနောက် သူ့နောက်မှ တိတ်တဆိတ် လိုက်ပါလာသည့် ပီတာနှင့်အတူ အခန်းထဲမှ ထွက်ခွာသွားတော့သည်။
တစ်ချိန်တည်းမှာပင်....
ရုတ်တရက် အဖိုးအိုတစ်ဦးသည် ကောင်းကင်ယံ၌ ပျံသန်းနေရာမှ ခြေလှမ်းများကို ရုတ်ခြည်း ရပ်တန့်လိုက်ရာ သူ့နောက်မှ လိုက်ပါလာကြသည့် လူနှစ်ဦးလည်း လိုက်လံရပ်တန့်သွားကြသည်။
"ဘာဖြစ်လို့လဲ အဖေ... အဆင်ပြေရဲ့လား" စုလင်က အဖိုးအို လင်ကို ကြည့်ရင်း မေးလိုက်သည်။
အာဂျွန်သည်လည်း သူ့ဆရာကို လှမ်းကြည့်လိုက်ပြီးနောက် ရှေ့မျက်မှောက်ရှိ တောအုပ်ကြီးဆီသို့ အကြည့်ပို့လိုက်သည်။
"ဒီတောအုပ်ကို ဖြတ်ပြီးရင် ပန်မြို့တော်ကို ရောက်ပြီ၊ ဒါပေမဲ့ သူတို့တွေ ဒီမှာ အဆင်သင့် စောင့်နေကြတာပဲ၊ ဘယ်သူမှ တောအုပ်ထဲကို မဝင်ကြနဲ့... ဒါက ထောင်ချောက်ပဲ" အဖိုးအို လင်သည် မြေပြင်ပေါ်တွင် ရပ်နေပြီး သူ့ကို မော့ကြည့်နေသည့် လူမည်းရိပ် ခုနစ်ခုကို လှမ်းကြည့်ရင်း ဟိန်းဟောက်လိုက်သည်။
နောက်တစ်စက္ကန့်တွင် အဖိုးအိုသည် အာဂျွန်၊ စုလင်တို့နှင့်အတူ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
"ဆရာ... သူတို့ရဲ့ အင်အားက ကျွန်တော်တို့ထက် ငါးဆလောက် ပိုများနေတယ်" အာဂျွန်က တောအုပ်ကို ကြည့်ရင်း တင်ပြလိုက်သည်။
"ဒါမှ ငါကြားချင်တဲ့ စကားပေါ့... အခုမှပဲ ပျော်စရာကောင်းတော့မယ်" အဖိုးအို လင်က မြူးတူးစွာ ကြွေးကြော်ရင်း သူ၏ဓားများကို အိမ်မှ ဆွဲထုတ်လိုက်သည်။
ထိုအခြင်းအရာကို မြင်သော် အာဂျွန်နှင့် စုလင်တို့လည်း ၎င်းတို့၏ဓားများကို ထုတ်ယူလိုက်ကြသည်။ အာဂျွန်က နောက်ကွယ်မှ လူမည်းရိပ် ခုနစ်ခုကို ပြန်လှည့်ကြည့်ကာ -
"ငါ့အမိန့်ကို စောင့်ကြ၊ စိတ်လောပြီး တိုက်ပွဲထဲ မဝင်ကြနဲ့ဦး" ဟု တည်ငြိမ်သောအသံဖြင့် မှာကြားလိုက်သည်။
တစ်ချိန်တည်းမှာပင်၊
"သခင်ကြီး ရာ့ဂျ်... အဲ့ဒီအကောင်တွေ သွားလာလှုပ်ရှားမှုကို ရပ်လိုက်ကြပြီ၊ ကျွန်တော်တို့ ဒီမှာ စောင့်နေတာကို သူတို့ ရိပ်မိသွားတာ ဖြစ်နိုင်တယ်" လူတစ်ယောက်က ရာ့ဂျ်အနားသို့ ချဉ်းကပ်ကာ တိုးတိုးလေး လျှောက်တင်လိုက်သည်။
ထိုတောအုပ်အတွင်း၌ လူပေါင်းထောင်ချီ၍ ပုန်းအောင်းနေကြပြီး လင်မျိုးနွယ်စုကို အလစ်အငိုက် ဖမ်းဆီးတိုက်ခိုက်ရန် အားလုံးက စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
"တောက်... တိုက်ပွဲအတွက် ပြင်ဆင်ကြ၊ ဒီမှာ ပုန်းနေလို့လည်း အပိုပဲ၊ ငါတို့ရဲ့ ရှေ့တန်းစစ်သည်တွေကို သူတို့ဆီ စေလွှတ်လိုက်တော့" သူက ဒေါသတကြီး ဟိန်းဟောက် အမိန့်ပေးလိုက်သည်။
ထိုစကားကို ကြားသည်နှင့် ပုန်းအောင်းနေသော လူပေါင်းထောင်ချီတို့သည် စုလင်၊ အာဂျွန်တို့နှင့်အတူ ရပ်နေသည့် အဖိုးအို လင်ရှိရာ အရပ်ဆီသို့ အလုအယက် ပြေးဝင်သွားကြတော့သည်။ အဖိုးအို လင်၏ လူများကမူ ဆရာ့ထံမှ အမိန့်ကိုသာ စောင့်ဆိုင်းနေကြသည်။
ရာ့ဂျ်သည် နီကိုးလ်မျိုးနွယ်စု၏ စစ်တပ်တစ်ဝက်ခန့်နှင့် သူ့လူအချို့ကို ဦးဆောင်လာရသဖြင့် မိမိကိုယ်ကိုယ် အလွန်ပင် ယုံကြည်မှုလွန်ကဲနေသည်။
"အဲ့ဒီအဖိုးကြီးကို သတ်စမ်း၊ လူတိုင်းကို အပြတ်ရှင်းပစ်၊ ငါတို့က အင်အားချင်း မိုးနဲ့မြေပဲ၊ အဆိပ်လူးမြှားတိုတွေနဲ့ ဓားမြှောင်တွေကို သုံးကြ၊ ဘယ်သူ့ကိုမှ အသက်ရှင်လျက် မထားခဲ့နဲ့... ဘာကရုဏာမှ မငဲ့ကွက်နဲ့" ရာ့ဂျ်သည် စိတ်ဓာတ်များ အလွန်အမင်း တက်ကြွနေသည့် ပုံစံဖြင့် အော်ဟစ်လိုက်သည်။
လင်မျိုးနွယ်စုကို အောင်နိုင်ပြီးပါက ရာ့ဂျ်အား မြစ်ကမ်းပါးမြို့တော်ကို အပိုင်စား ပေးသနားမည်ဖြစ်ကြောင်းနှင့် 'အဆိပ်ရာသီချိုင့်ဝှမ်း' ကို ပြန်လည်ဦးမော့လာစေရန် ကူညီမည်ဖြစ်ကြောင်း နီကိုးလပ်စ်က သူ့ကို ကတိပေးထားခဲ့သည်။
"ငါ မရှုံးစေရဘူး၊ ငါက 'ရာပြည့်အဆိပ်ချိုင့်ဝှမ်း' ရဲ့ သခင်လေးပဲ၊ အဲ့ဒီအသုံးမကျတဲ့ မျိုးနွယ်စုနောက်ကို တကောက်ကောက် လိုက်ခဲ့တဲ့ ငါ့ဘိုးဘေးတွေလို လူစားမျိုး မဟုတ်ဘူး" သူက တိုးတိုးရေရွတ်ရင်း အဖိုးအို လင်ရှိရာဘက်သို့ စတင်ချီတက်လိုက်ရာ သူ့နောက်မှ စစ်သည်များကလည်း တသီတတန်းကြီး လိုက်ပါလာကြသည်။
"သူတို့ လာနေကြပြီ" အဖိုးအို လင်သည် တောအုပ်ဘက်ကို ကြည့်ကာ ခပ်အေးအေး ပြောလိုက်သည်။ နောက်တစ်စက္ကန့်တွင် လူပေါင်းထောင်ချီတို့သည် သူတို့ရှိရာသို့ ဧရာမလှိုင်းလုံးကြီးတစ်ခုပမာ ပြေးဝင်လာကြသည်ကို မြင်တွေ့လိုက်ရသည်။
"အဲ့ဒီအဖိုးကြီးကို သတ်ကြစမ်း..."
"အဲ့ဒီကောင်ကို သတ်နိုင်ရင် ငါတို့ စစ်ပွဲနိုင်ပြီ..."
"သူက လင်မျိုးနွယ်စုရဲ့ ဝါရင့်အကြီးအကဲပဲ၊ သူ့ကို အရင်ဆုံး အပြတ်ရှင်း..."
နီကိုးလ်မျိုးနွယ်စု၏ စစ်သည်များသည် အရှေ့ဆုံးတွင် ရပ်နေသည့် အဖိုးအို လင်နှင့် သူ့နောက်မှ လူနှစ်ဦးကို မြင်သောအခါ အော်ဟစ်ကြွေးကြော်လိုက်ကြသည်။ ကျန်ရှိနေသော လင်မျိုးနွယ်စုဝင်များကမူ နေရာမှ တစ်လက်မမျှ မရွေ့ဘဲ ငြိမ်သက်စွာ ရပ်နေကြဆဲဖြစ်သည်။
"ကြည့်စမ်း... အဲ့ဒီကောင်တွေ ငါတို့ကို မြင်တာတောင် မလှုပ်ရဲကြတော့ဘူး၊ တိုက်ချင်ခိုက်ချင်စိတ်တွေ လုံးဝ ပျောက်ဆုံးသွားပြီ ထင်တယ်"
နီကိုးလ်မျိုးနွယ်စု၏ စစ်သည်များသည် မိမိတို့က အင်အား ငါးဆခန့် သာလွန်နေသဖြင့် ဤတိုက်ပွဲကို အလွယ်တကူ အောင်နိုင်တော့မည်ဟု ထင်မှတ်ကာ အော်ဟစ်လှောင်ပြောင်ကြသည်။
"မိုက်မဲလိုက်တဲ့ အသိဉာဏ်မဲ့ကောင်တွေ..." အာဂျွန်က ထိုလူများကို ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ အဖိုးအိုသည် တည်ငြိမ်မြဲ တည်ငြိမ်နေဆဲ ဖြစ်ပြီး ဓားအိမ်များကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ -"လျှပ်စီးဓားသွား ပထမကွက် - စစ်မှန်သော သွေးခင်းလမ်း" အဖိုးအို လင်သည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
နောက်တစ်စက္ကန့်တွင် သူသည် လျှပ်စီးကဲ့သို့ မြန်ဆန်သောအရှိန်ဖြင့် နေရာမှ ပျောက်ကွယ်သွားပြီး မီတာရာပေါင်းများစွာ ကွာဝေးသော နေရာ၌ ရုတ်တရက် ပြန်လည်ပေါ်လာခဲ့သည်။ သူသည် ရန်သူ့စစ်သည်ထုကြီးကြားကို ဝင်ရောက်ဖြတ်သန်းသွားခဲ့ခြင်းဖြစ်ပြီး ဓားဖျားမှ သွေးများ တစက်စက် ကျနေသော်လည်း နောက်သို့ ပြန်လှည့်ကြည့်ရန်ပင် စိတ်မဝင်စားပေ။ စုလင်နှင့် အာဂျွန်တို့သည် ထိုအခြင်းအရာကို မြင်သော် ပြုံးစိစိ ဖြစ်သွားကြသည်။လင်မျိုးနွယ်စု၏ စစ်သည်များမှာမူ တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ဗုန်း... ဗုန်း... ဗုန်း
အဖိုးအို၏ ဓားတစ်ချက်တည်းသော ဝှေ့ယမ်းမှုကြောင့်ပင် လူပေါင်းရာချီ၏ ဦးခေါင်းများသည် ကောင်းကင်ယံထက်တွင် လွင့်ပျံသွားကြသည်။ ထိုလူများသည် အဖိုးအို၏ လက်ချက်ဖြင့် သေဆုံးသွားရမှန်းပင် မသိလိုက်ဘဲ ၎င်းတို့၏ ရုပ်အလောင်းများ မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျကုန်ကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ပြေးဝင်လာသော စစ်သည်ထုကြီးတစ်ခုလုံး ခြေလှမ်းများ ရပ်တန့်သွားကြပြီး ပတ်ဝန်းကျင်တစ်ခုလုံး သချိုင်းကုန်းပမာ ဆိတ်ငြိမ်သွားခဲ့သည်။
"မိ... မိ... မိစ္ဆာကောင်၊ အဲ့ဒီအဖိုးကြီးက လူမဟုတ်ဘူး... မိစ္ဆာပဲ..." နီကိုးလ်မျိုးနွယ်စု စစ်တပ်တစ်ခုလုံး ဖရိုဖရဲ ဖြစ်ကုန်ကြပြီး စစ်သည်များ အော်ဟစ်အော်ညည်းကာ ထိတ်လန့်တုန်လှုပ်ကုန်ကြလေတော့သည်။