အခန်း ၉၁ - လင်မျိုးနွယ်စုအပေါ် ရုတ်တရက်တိုက်ခိုက်မှု
လုလင်ပျိုတစ်ဦး ခုတင်ထက်တွင် လှဲလျောင်းနေသည်ကို တွေ့ရပြီးနောက် ရုတ်တရက် သူ၏သတိစိတ်များ ပြန်လည်ပွင့်လင်းလာခဲ့သည်။
"တောက်... ခေါင်းကလည်း ကွဲမတတ် ကိုက်နေတာပဲ၊ ငါ့ကို ဘာတွေဖြစ်သွားတာလဲ..." ယိုဟန်သည် မျက်လုံးများကို အားယူဖွင့်ရင်း နှစ်ဖက်သောလက်များဖြင့် ခေါင်းကိုအုပ်ကာ အလူးအလဲခံစားနေရသည့် ပြင်းထန်သောဝေဒနာကြောင့် ညည်းတွားလိုက်မိသည်။
"စိတ်အေးအေးထားပါ၊ ခဏနေရင် သက်သာသွားမှာပါ" ယိုဟန်၏နားထဲသို့ ရင်းနှီးနေသော အသံတစ်သံ တိုးဝင်လာခဲ့သည်။
ထိုအသံမှာ သူ့ခုတင်ဘေးတွင် ထိုင်နေသည့် ကာနာ့ထံမှ ဖြစ်သည်။ ဘေးတွင် သူမရှိနေသည်ကို မြင်လိုက်ရမှ ယိုဟန်တစ်ယောက် သက်ပြင်းကို အဝဝချနိုင်တော့သည်။
"ငါ ဘာဖြစ်သွားတာလဲ... ငါမှတ်မိသလောက်တော့ မင်းနဲ့အတူ ရှိနေတုန်း ရုတ်တရက် ရင်းနှီးတဲ့အသံတစ်ခု ကြားလိုက်ရပြီး မျက်နှာကို တစ်ခုခုနဲ့ အရှိန်အဟုန်နဲ့ အဆောင့်ခံလိုက်ရသလိုပဲ၊ အဲ့ဒီနောက်ပိုင်း ဘာမှမမှတ်မိတော့ဘူး" ယိုဟန်သည် ကာနာကို ကြည့်ရင်း ပြောလိုက်သည်။
ကာနာသည် ယိုဟန်၏စကားကို ကြားသောအခါ ခါးသီးစွာ ပြုံးလိုက်မိပြီး စိတ်ထဲတွင် အကြံတစ်ခု လျှပ်ခနဲ ပေါ်လာခဲ့သည်။
"မင်း ဘာမှမမှတ်မိတော့ဘူးပေါ့... ဟုတ်လား" သူမက သေချာစေရန် ယိုဟန်ကို ထပ်မံကြည့်ရှု စစ်ဆေးလိုက်သည်။
"အေး... မမှတ်မိတော့ဘူး၊ တစ်ယောက်ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရတဲ့ အချိန်မှာတင် သတိလစ်သွားတာ" သူက မေးရိုးကို ကိုင်ရင်း တိုးတိုးရေရွတ်လိုက်သည်။ မေးရိုးတစ်ခုလုံး မပျက်စီးဘဲ ရှိသေးသည်ကို အာရုံခံမိမှ သက်ပြင်းအသာချနိုင်သည်။
"တောက်... ငါ့ကို ဘယ်ကောင် တိုက်ခိုက်လိုက်တာလဲ" သူက ဒေါသတကြီးဖြင့် ကာနာ့ကို လှမ်းကြည့်လိုက်သည်။
"မဟုတ်တာ... မင်းကို ဘယ်သူမှ မတိုက်ခိုက်ပါဘူး၊ မင်းက ပင်ပန်းလွန်းလို့ပါ၊ ပြီးတော့ ဒါက ဟင်းလင်းပြင်ကူးပြောင်းခြင်း ဂိတ်တံခါးကို ဖြတ်သန်းရတဲ့ နောက်ဆက်တွဲဆိုးကျိုးလေ၊ မင်း အမြင်မှားတာ နေမှာပါ၊ မင်း ရုတ်တရက် သတိလစ်သွားတုန်းက ငါ အနားမှာ ရှိနေလို့ တော်သေးတာပေါ့၊ အဲ့ဒါနဲ့ မင်းကို ဒီအိမ်တော်ထဲ သယ်လာခဲ့တာ" ကာနာသည် ယိုဟန်ကို တိုက်ခိုက်ခဲ့သူမှာ အာနာ ဖြစ်သည်ဟူသောအချက်ကို ဖုံးကွယ်ရန် ကြိုးစားရင်း အလောတကြီး ပြောလိုက်သည်။
"ဒါပေမဲ့ ငါ့မေးရိုးတစ်ဝိုက်က ဘာလို့ ဒီလောက် နာကျင်နေရတာလဲ၊ ကျိန်စာမိသလိုပဲ... အခုထိ သေလုမတတ် နာနေတုန်းပဲ" ယိုဟန်သည် မေးရိုးကို အသာအယာ ထိတွေ့ရင်း ညည်းညူနေမိသည်။
"အဲ့ဒါကို ငါက ဘယ်လိုသိမှာလဲ၊ ငါ မင်းကို ဒီကိုခေါ်လာတုန်းက မင်းတစ်ကိုယ်လုံး ဗြောင်းဆန်နေတာပဲ၊ မင်းရဲ့ အတွင်းဒဏ်ရာတွေကိုတော့ ငါ အကုန်ကုသပေးထားပြီးပြီ၊ နောက်ထပ် နာရီအနည်းငယ်အတွင်းတင် လုံးဝသက်သာသွားလိမ့်မယ်" ကာနာက ယိုဟန်ကို ပြန်လည်တုံ့ပြန်လိုက်သည်။
ယိုဟန်သည် သက်ပြင်းအရှည်ကြီးတစ်ခုကို ချလိုက်ရင်း သူမကို ကြည့်ကာ "ငါ့ကို ကုသပေးလို့ ကျေးဇူးပါပဲ၊ ကိုယ်ခန္ဓာက အတော်လေး ပေါ့ပါးသွားသလိုပဲ၊ ငါ့မျိုးနွယ်စုဆီ ပြန်ချင်ပြီ၊ ငါ အပြင်ရောက်နေတာ တစ်ရက်၊ နှစ်ရက်လောက် ရှိပြီဆိုတော့ ဒီယာ့ကို စိတ်ပူလို့ သွားကြည့်ရမယ်" ယိုဟန်သည် ခုတင်ပေါ်မှ ထရန် ပြင်ရင်း ပြောလိုက်သည်။
"မင်း အခုလောလောဆယ် ဘယ်မှသွားလို့မရဘူး" ရုတ်တရက် ကာနာသည် ယိုဟန်၏စကားကို ဖြတ်ပြောလိုက်ရင်း သူမ၏ဓားကို ယိုဟန်၏လည်ပင်းဆီသို့ တည့်တည့်မတ်မတ် ချိန်ရွယ်လိုက်သည်။
ယိုဟန်သည် သူ့လည်ပင်းကို ချိန်ရွယ်ထားသည့် ဓားဖျားကို ကြည့်ရင်း တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိကာ "အဲ့ဒါကြီးကို ဖယ်လိုက်စမ်းပါ၊ ဒါက ကစားစရာ မဟုတ်ဘူးနော်၊ ကြည့်စမ်း... ဘယ်လောက်တောင် ထက်သန်နေလဲ" သူက ဓားဖြင့် ချိန်ရွယ်ထားသည့် ကာနာ့ကို ပြာပြာသလဲ ကြည့်ရင်း ပြောလိုက်သည်။
သူမ ဘာကြောင့် ယခုလို လုပ်နေသည်ကို သူ အလွန်ဇဝေဇဝါ ဖြစ်နေမိသည်။ သူမကိုယ်တိုင်ပင် သူ့ကို ကုသပေးခဲ့ပြီး ယခုကျမှ ဘာကြောင့် ပြန်လည် ခြိမ်းခြောက်နေရသနည်း။
'ကျိန်စာမိတဲ့ မိန်းမတွေ... တကယ်ကို ခန့်မှန်းရ ခက်တာပဲ၊ ဘာကြောင့် ဒီလိုတွေ ဖြစ်ကုန်ရတာလဲ... ငါ အိမ်ပဲ ပြန်ချင်တယ်' ယိုဟန်သည် ကာနာ့ကို ကြည့်ရင်း စိတ်ထဲမှ ကျိန်ဆဲနေမိသည်။
"သခင်မ အီဗလင်း ဆီကို မင်းသတိရလာတဲ့အကြောင်း ငါ သွားမအစီရင်ခံမချင်း မင်း ဒီမှာပဲ နေရမယ်၊ အကယ်၍ မင်း ထွက်ပြေးဖို့ ကြိုးစားရင်ဖြစ်ဖြစ်၊ တစ်လက်မလောက် ရွေ့ဖို့ ကြံရင်ဖြစ်ဖြစ်... ငါ့ရဲ့ ကြမ်းတမ်းတဲ့ အပြုအမူတွေအတွက်တော့ လာမပြစ်တင်နဲ့" သူမက ထိုစကားများကို ပြုံးလျက် ပြောဆိုလိုက်သည်။
ယိုဟန်သည် ထိုစကားကို ကြားသောအခါ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး "အော်... အေးပါဗျာ၊ မင်း သခင်မ အီဗလင်းကို သွားမပြောမချင်း ငါ ဘယ်မှမသွားပါဘူး၊ ဒါပေမဲ့ အဲ့ဒီဓားကြီးကိုတော့ ငါ့လည်ပင်းကနေ အရင်ဖယ်ပေးပါဦး" ယိုဟန်သည် လည်ပင်းနှင့် ထိလုနီးပါး ဖြစ်နေသည့် ဓားမြှောင်ဆီသို့ အကြည့်ပို့ရင်း မချိတင်ကဲ ရေရွတ်လိုက်သည်။
ကာနာသည် ခေါင်းညိတ်ပြကာ သူ့ကို ပြုံး၍ ကြည့်လိုက်ရင်း "လိမ်လိမ်မာမာ နေနော်၊ အခု ဒီမှာပဲ ငြိမ်ငြိမ်လေး နေနေ၊ ငါ ချက်ချင်း ပြန်လာခဲ့မယ်" ကာနာက ပြန်ပြောပြီးသည်နှင့် နောက်တစ်စက္ကန့်တွင် အခန်းထဲမှ ထွက်ခွာသွားတော့သည်။
"တောက်... ရူးနေတဲ့ မိန်းမကြီး၊ ဘာတွေ ဖြစ်ပျက်နေတာလဲ မသိဘူး" ကာနာ တစ်ယောက် အခန်းထဲမှ လုံးဝထွက်ခွာသွားသည်ကို မြင်မှ ယိုဟန်က ကျိန်ဆဲလိုက်သည်။
ယိုဟန်၏လက်သည် မေးရိုးဆီသို့ တစ်ဖန် ပြန်ရောက်သွားပြန်သည်။ 'ငါ အဲ့ဒီအချိန်တုန်းက အမြင်မှား၊ အာရုံမှား ဖြစ်ခဲ့တာလား... ဒါပေမဲ့ ဘာလို့ ဒီနေရာက နာကျင်မှုက ပြင်းထန်နေရသေးတာလဲ၊ တစ်ယောက်ယောက်က ငါ့ကို လက်သီးနဲ့ ထိုးလိုက်တာကို သေသေချာချာ ခံစားမိပါတယ်၊ ပြီးတော့ အဲ့ဒီမတိုင်ခင် ကြားလိုက်ရတဲ့ အသံကလည်း အရမ်းကို ရင်းနှီးနေသလိုပဲ...' ယိုဟန်သည် စိတ်ထဲမှ တွေးတောရင်း လင်မျိုးနွယ်စုဆီ ပြန်ရန် အကြောင်းကို တွေးကာ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
"သူမ အဆင်ပြေနေတာ သိရလို့ တော်ပါသေးတယ်၊ ငါ့ကို စောင့်နေပါ ဒီယာ... ငါ မကြာခင် ပြန်လာခဲ့မယ်၊ အမေ့်ကိုလည်း မပြောဘဲ ထွက်လာခဲ့မိတာဆိုတော့ အမေလည်း ငါ့အတွက် အများကြီး စိတ်ပူနေလောက်ပြီ" ယိုဟန်သည် လင်မျိုးနွယ်စုကို အောက်မေ့ရင်း တိုးတိုးလေး ရေရွတ်နေမိသည်။
တစ်ချိန်တည်းမှာပင်၊
ဧည့်ခန်းမဆောင်အတွင်း၌ အမျိုးသမီးတစ်ဦးနှင့် အဖိုးအိုတစ်ဦးတို့သည် အပြန်အလှန် စကားပြောဆိုနေကြစဉ် ရုတ်တရက် တံခါးကို လာရောက်ခေါက်သည့် အသံ ထွက်ပေါ်လာခဲ့သည်။
"သခင်မ အလီနာ..." တံခါးဝဆီမှ အသံတစ်သံ ထွက်ပေါ်လာရာ အလီနာနှင့် အဖိုးအို လီယွန်တို့၏ အကြည့်များသည် ထိုဘက်သို့ ပြိုင်တူ ရောက်ရှိသွားကြသည်။
"တောက်... ဘယ်သူလဲ မသိဘူး၊ ငါ့အဖေ ဒီမှာ ရှိနေလို့ ငါ့ကို လာမနှောင့်ယှက်ဖို့ သေသေချာချာ မှာထားပါရက်နဲ့" အလီနာသည် တံခါးခေါက်သံကြောင့် ဒေါသထွက်သွားရသည်။
"ကိစ္စမရှိပါဘူး၊ အရေးကြီးတဲ့ အရေးပေါ်ကိစ္စ တစ်ခုခု ရှိလို့နေမှာပေါ့၊ ငါကလည်း ဒီလောက်အစောကြီး ဘယ်မှ ထွက်သွားမှာ မဟုတ်ဘူး" အဖိုးအိုက ရယ်မောရင်း အလီနာ့ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။အလီနာသည် ပြုံးလိုက်မိပြီး တံခါးဝဘက်သို့ လှည့်ကာ "ဝင်ခဲ့ပါ" ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသည်နှင့် လူတစ်ယောက်သည် အခန်းထဲသို့ အလောတကြီး ဝင်ရောက်လာပြီး အလီနာနှင့် အဖိုးအို လီယွန်တို့ကို ရိုသေစွာ ဦးညွှတ် အလေးပြုလိုက်သည်။
"သခင်မ... အရေးပေါ် အခြေအနေပါ၊ သတင်းဆိုး ယူဆောင်လာခဲ့ရတဲ့အတွက် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ" ထိုလူသည် တစ်စုံတစ်ခုကို အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေသည့် ပုံစံဖြင့် အလီနာ့ကို တင်ပြလိုက်သည်။
"ဘာဖြစ်လို့လဲ... မင်း ဘာအကြောင်း ပြောနေတာလဲ" အလီနာသည် ဇဝေဇဝါဖြစ်သွားကာ ထိုလူ့ကို စူးစိုက်ကြည့်လိုက်သည်။
အဖိုးအို လီယွန်ကမူ ထိုသူ၏ ကိုယ်အမူအရာကို သတိထားမိသဖြင့် စူးစမ်းလိုစိတ်ပြင်းပြစွာဖြင့် ကြည့်နေခဲ့သည်။
ထိုလူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး အလီနာ့ကို ကြည့်ကာ လျှောက်တင်လိုက်သည်။
"သခင်မ... ဝါရင့်အကြီးအကဲ လင် နဲ့ မျိုးနွယ်စုခေါင်းဆောင် လင် တို့နှစ်ယောက်စလုံး နီကိုးလ်မျိုးနွယ်စုကို စစ်မက်ဆင်နွှဲဖို့ ထွက်ခွာသွားကြမှန်း ပတ်ဝန်းကျင်က မျိုးနွယ်စုတွေ သိသွားကြပါပြီ၊ အခု လင်မျိုးနွယ်စုကို ကာကွယ်စောင့်ရှောက်မယ့်သူ မရှိတော့တာမို့... သူတို့အားလုံး ပူးပေါင်းပြီး ကျွန်တော်တို့အပေါ် အလုံးအရင်းနဲ့ စစ်ချီ တိုက်ခိုက်တော့မှာပါ၊ ဒီမျိုးနွယ်စုတွေက လင်မျိုးနွယ်စုကို သိမ်းပိုက်ဖို့ အခွင့်အရေးကို ချောင်းနေကြတာပါ၊ ကျွန်တော်တို့ကို မျိုးနွယ်စုပေါင်းစုံက ဝိုင်းရံထားကြပြီး... နီကိုးလ်မျိုးနွယ်စုရဲ့ မဟာမိတ်တစ်ခုဖြစ်တဲ့ ဟတ်ဒ်ဆန်မျိုးနွယ်စုက ထိုသူအားလုံးကို ဦးဆောင်နေပါတယ် သခင်မ"
ထိုလူ၏ စကားကို ကြားလိုက်ရချိန်တွင် အလီနာနှလုံးသားတစ်ခုလုံး ပြုတ်ကျသွားသလို ခံစားလိုက်ရပြီး အခြေအနေများ ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့သည်။
"တောက်... ကိစ္စတွေက ဒီလောက်အထိ ဆိုးရွားသွားလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးမိခဲ့ဘူး" အလီနာ ညည်းတွားလိုက်မိသည်။
"ဟက်... ဒါကို ငါ့အပေါ်ပဲ ပုံအပ်လိုက်စမ်း၊ အခုက ငါ့ရဲ့ ဂုဏ်ပုဒ်အာဏာကို ပြန်လည်ရယူရမယ့် အချိန်ပဲ၊ မင်းတို့ရဲ့ အဖေက အသက်ရှင်နေတုန်းပဲဟေ့" လီယွန်က အလီနာ့ကို ကြည့်ရင်း အားရပါးရ ကြွေးကြော်လိုက်လေသည်။