လီတောင်းသည် ယိုဟန်၏ ပါးစပ်ဖျားမှ ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ သူ့ကို စိုက်ကြည့်လိုက်မိသည်။
ထို့နောက် သူသည် ဦးခေါင်းညိတ်ပြလိုက်ရင်း ပြုံးပြလိုက်ကာ "ကောင်လေး... ငါက အသက်ကို ရှည်ရှည်လျားလျား နေထိုင်ခဲ့ပြီးပြီ၊ ပြီးတော့ အတိတ်က ငါလုပ်ခဲ့တဲ့ အရာတွေအပေါ်မှာလည်း ဘယ်လိုမျိုး နောင်တမှ မရှိပါဘူး... နောက်ပြီး ပြင်ပကမ္ဘာမှာလည်း ငါ့ကို စောင့်ကြိုနေမယ့်လူ ဘယ်သူမှ မရှိတော့ဘူးလေ..." လီတောင်းသည် ထိုစကားလုံးများကို ဆိုရင်း သက်ပြင်းတစ်ချက်ကို ဖွဖွချလိုက်မိရှာသည်။
"ဒါဆိုရင် အဘိုးကြီးအနေနဲ့ ဆက်ပြီး လုပ်ချင်တဲ့အရာ ဘာတစ်ခုမှ မရှိတော့ဘူးပေါ့..." ယိုဟန်က ထိုအမျိုးသားအတွက် စိတ်မကောင်းဖြစ်မိသဖြင့် လှမ်း၍ မေးမြန်းလိုက်သည်။
သူသည် ဧကရာဇ်မင်းမြတ် အာဏာရရှိစေရန်အတွက် ခိုင်းစေသမျှကို လုပ်ဆောင်ပေးခဲ့သော်လည်း... နောက်ဆုံးတွင်မူ ထိုသူ၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရပြီး ယခုကဲ့သို့ ဤနေရာတွင် အကျဉ်းချခြင်း ခံထားရရှာသည်။
ယိုဟန် မှင်တက်ငေးမောနေသည်ကို မြင်တွေ့လိုက်ရသည့်အခါ အဖိုးအိုက တခစ်ခစ် ရယ်မောလိုက်မိရင်း သူ၏ ပုခုံးကို ခပ်ဖွဖွ ပုတ်ပေးလိုက်၏။
"မင်း ဘာတွေ တွေးနေသလဲဆိုတာ ငါ နားလည်ပါတယ်... ငါ့ကို သနားမနေပါနဲ့ ကောင်လေးရာ..." လီတောင်းက ပြုံးလျက် ဆိုလိုက်သည်။
သို့သော်လည်း နောက်တစ်စက္ကန့်၌ ယိုဟန်၏ မျက်နှာအမူအရာမှာ သူ၏ စိတ်အာရုံအတွင်းမှ အသိပေးချက်တစ်ခုကို ကြားလိုက်ရသဖြင့် ရုတ်ချည်း တည်ကြည်လေးနက်သွားခဲ့ရတော့သည်။
တီ...
[အိမ်ရှင်... သင့်ထံတွင် အချိန် ၁၀ မိနစ်သာ ကျန်ရှိပါတော့သည်။ ဤဟင်းလင်းပြင်အက်ကြောင်းသည် သင့်တည်ရှိမှုကို ငြင်းပယ်တွန်းကန်နေသဖြင့်... သင်သည် နောက်ထပ် ဆယ်မိနစ်အတွင်း၌ အဝေးသို့ ရွှေ့ပြောင်းခြင်း ခံရပါတော့မည်။]
ဤမြင်ကွင်းကို ကြည့်ရင်း လီတောင်းက ယိုဟန်ကို ဇဝေဇဝါ ဖြစ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကာ—
"ဘာဖြစ်လို့လဲ... မင်း အဆင်ပြေရဲ့လား..." ဟု ယိုဟန်ကို မေးမြန်းလိုက်သည်။
ယိုဟန်က ထိုအဖိုးအိုကို လှမ်းကြည့်လိုက်ရင်း "ဒီကမ္ဘာရဲ့ စိတ်ဆန္ဒက ကျွန်တော် ဒီနေရာမှာ ရှိနေတာကို ငြင်းပယ်တွန်းကန်နေတာကို ကျွန်တော် ခံစားနေရတယ်... မကြာခင်မှာ ကျွန်တော် ဒီနေရာကနေ ထွက်ခွာရတော့မယ် ထင်တယ်..." ဟု အသက်ကို ပြင်းပြင်းရှူသွင်းရင်း ဆိုလိုက်ကာ မတ်တတ်ရပ်ရန် ကြိုးပမ်းလိုက်တော့သည်။
ဤတစ်ကြိမ်တွင်မူ သူ၏ ခန္ဓာကိုယ်မှာ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်ရာ... သူသည် မိမိ၏ ခန္ဓာကိုယ်ကို လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ခဲ့ပြီ ဖြစ်သည်။
အဖိုးအိုသည် အံ့ဩတုန်လှုပ်စွာဖြင့် ယိုဟန်ကို စိုက်ကြည့်လိုက်မိရင်း ချောင်းတစ်ချက် ဟန့်လိုက်ကာ—
"ဟေး... ကောင်လေး၊ မင်း ငါ့ကို အကူအညီတစ်ခုလောက် ပေးနိုင်မလား..." ဟု ယိုဟန်ကို မေးမြန်းလိုက်၏။
"ဟုတ်ကဲ့... ဘာများလဲဟင်၊ တကယ်လို့ ကျွန်တော့်ရဲ့ စွမ်းအားနဲ့ တတ်နိုင်မယ့် ကိစ္စမျိုးဆိုရင်တော့... ကျွန်တော် သေချာပေါက် ကူညီပေးမှာပါ..." သူက လီတောင်းကို ပြန်လည်ဖြေကြားပေးလိုက်သည်။
လီတောင်းက ဦးခေါင်းညိတ်ပြလိုက်ရင်း သူ့ကို စိုက်ကြည့်လိုက်ကာ— "ဖီးနစ်နိုင်ငံတော်ရဲ့ တောင်ဘက်နယ်စပ်မှာ 'ဗူးလ်ဂျ် ' လို့ ခေါ်တဲ့ မြို့တစ်မြို့ ရှိတယ်... မင်း အဲဒီကိုသွားပြီး 'နတ်ဘုရားတောင်ကုန်း ခုနစ်ခု ' ဆိုတဲ့ နေရာကို ရှာဖွေရမယ်၊ ငါ အဲဒီနေရာမှာ အနာဂတ်ကျရင် မင်းအတွက် အသုံးဝင်စေမယ့် အရာတစ်ခုကို ချန်ထားခဲ့တယ်... အဲဒီအရာကို ငါ့ရဲ့ အမွေအနှစ်လို့ ပြောရင်လည်း ရတာပေါ့..." လီတောင်းက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း သူ၏ မျက်နှာထက်တွင် ဝမ်းနည်းပူဆွေးသော အမူအရာများ ဖြစ်ပေါ်လာခဲ့ရသည်။
"ကျွန်တော့်ကို အဘိုးကြီးရဲ့ အမွေအနှစ်ကို သွားပြီး ရှာစေချင်တာလား... အဲဒီနေရာမှာ ဘယ်လိုမျိုး အရာကို ချန်ထားခဲ့လို့လဲဟင်..." သူက ထိုအဖိုးအိုက မိမိကို ဘာဖြစ်လို့ အမွေအနှစ် လွှဲအပ်ပေးချင်နေရသနည်းဆိုသည်ကို ဇဝေဇဝါ ဖြစ်မိသဖြင့် မေးမြန်းလိုက်မိသည်။
ကောင်လေး... အဲဒီအရာက တကယ့်ကို တန်ဖိုးဖြတ်မရအောင် အဖိုးတန်လွန်းတယ်၊ ဒါပေမဲ့ ငါက ဖမ်းဆီးခံရပြီး ဒီနေရာမှာ အကျဉ်းချခံလိုက်ရတဲ့အတွက်... ငါ့ကိုယ်တိုင်အတွက် သုံးစွဲခွင့် မရခဲ့ရှာဘူး... မင်း အဲဒီ ဗူးလ်ဂျ်မြို့ကို သွားတဲ့အခါ တကယ့်ကို ဂရုတစိုက် ရှိရမယ်နော်။
ဧကရာဇ်မင်းမြတ် ကိုယ်တိုင်ကလည်း အဲဒီအရာရဲ့ အနောက်ကို လိုက်နေတာလေ... သူ မရရှိခင်မှာ ငါက အဲဒါကို အရင်ဆုံး ခိုးယူပြီး ဝှက်ထားခဲ့တာကို သူ လုံးဝ မသိရှာဘူး၊ မဟုတ်ရင်တော့ သူက ငါ့ပါးစပ်ကနေ အချက်အလက်တွေ ရရှိဖို့အတွက် နည်းလမ်းပေါင်းစုံကို သုံးပြီး နှိပ်စက်လိမ့်မယ်... လီတောင်းသည် ယိုဟန်ကို ထိုစကားလုံးများကို ဆိုရင်း မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွားခဲ့ကာ ထိုနေရာသို့ သွားရောက်သည့်အခါ အလွန်အမင်း သတိထားရန် သတိပေးလိုက်တော့သည်။
"ဧကရာဇ်မင်းမြတ် ကိုယ်တိုင်ကတောင် အဲဒီအရာရဲ့ အနောက်ကို လိုက်နေတာ ဟုတ်လား... အဲဒီမှာ ဘယ်လိုမျိုး အရာကို ဝှက်ထားခဲ့တာလဲဟင်..." ယိုဟန်က အံ့ဩတုန်လှုပ်စွာဖြင့် မေးမြန်းလိုက်သော်လည်း... ရုတ်ချည်းဆိုသလို အခြားသော စနစ်အသိပေးချက်တစ်ခုကြောင့် သူ၏ စကားလုံးများမှာ ပြတ်တောက်သွားခဲ့ရသည်။
တီ...
[လျှို့ဝှက်မစ်ရှင် စတင်ပါပြီ— လီတောင်း၏ အမွေအနှစ်ကို ရှာဖွေရန်။]
[အချိန်ကန့်သတ်ချက်— မရှိပါ။]
[ဆုလာဘ်— ???]
ယိုဟန်သည် သူ၏ စိတ်အာရုံအတွင်းမှ ထိုအသိပေးချက်ကို ကြားလိုက်ရသည့်အခါ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိ၏။ သူသည် မိမိကိုယ်မိမိ ပြဿနာများအတွင်းသို့ မသက်ဆင်းလိုသဖြင့် ယခင်က စိတ်ဝင်စားခြင်း မရှိခဲ့သော်လည်း... ဤအသိပေးချက်ကို ကြားလိုက်ရသည့်ခဏ၌မူ ယိုဟန်သည် ဤကိစ္စအပေါ် အနည်းငယ် စိတ်ဝင်စားမှု ရှိလာခဲ့ပြီ ဖြစ်သည်။
ဘာဖြစ်လို့လဲဆိုတော့ ဤစနစ်သည် သူ့ကို မိုက်မဲသော ကိစ္စရပ်များကို ဘယ်တော့မှ ခိုင်းစေမည်မဟုတ်ကြောင်း သူ ကောင်းစွာ သိရှိထားပြီး... ထိုနေရာ၏ အတွင်းထဲတွင် မည်သည့်အရာ ဝှက်ကွယ်နေမည်ကို မည်သူက သိနိုင်မည်နည်း။
"ကောင်းပါပြီ... ကျွန်တော် အဲဒီနေရာကို သေချာပေါက် သွားပြီး... အဲဒီအမွေအနှစ်ကို သေချာပေါက် ရှာဖွေပေးပါ့မယ်..." ယိုဟန်က ဆိုလိုက်သည်။
" ကောင်လေး၊ ငါ ကတိသစ္စာပြုရဲပါတယ်... ငါ အဲဒါကို ကံကောင်းလို့ ရှာဖွေတွေ့ရှိခဲ့တာပါ၊ ငါက သူခိုး မဟုတ်ပါဘူးကွ..." သူက ယိုဟန်၏ ပါးစပ်ဖျားမှ ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ ပြန်လည်၍ အော်ဟစ်ရေရွတ်လိုက်မိ၏။
ယိုဟန်က ပြုံးလိုက်မိရင်း ထိုအဖိုးအိုကို ကြည့်၍ ဦးခေါင်းညိတ်ပြလိုက်ကာ
"ဘာပဲဖြစ်ဖြစ်ပါ... ကျွန်တော် အဲဒီအရာကို လက်ဝယ်ပိုင်ဆိုင်နိုင်ဖို့အတွက် သေချာပေါက် ကြိုးစားသွားမှာပါ..." ယိုဟန်က သူ့ကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။
လီတောင်းက ဦးခေါင်းညိတ်ပြလိုက်ပြီးနောက်... နောက်တစ်စက္ကန့်၌ သူ၏ မျက်လုံးအစုံကို မှိတ်ချလိုက်တော့သည်။ သူက မျက်လုံးများကို ပြန်လည်ဖွင့်ဟလိုက်သည့်ခဏ၌မူ သူ၏ လက်ဖမိုးထက်တွင် တစ်စုံတစ်ခု ထွက်ပေါ်လာခဲ့ရ၏။
ထို့နောက် သူသည် ယိုဟန်ကို ကြည့်၍ သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ထွက်နေလျက်—
"ဒီလက်စွပ်ကို မင်းနဲ့အတူ ယူဆောင်သွားပါ... ဒီအရာက ငါ့အတွက် တကယ့်ကို အဖိုးတန်လွန်းတယ်၊ မင်း ဗူးလ်ဂျ်မြို့ကို ရောက်တဲ့အခါ... ဒါက မင်းကို သေချာပေါက် ကူညီပေးနိုင်မှာဖြစ်ပြီး လမ်းခရီးကိုလည်း ညွှန်ပြပေးလိမ့်မယ်... ငါက ငါ့ရဲ့ ကိုယ်ပိုင်ဆန္ဒအရ ဒီ 'ဝိညာဉ်လက်စွပ် ' ကို မင်းဆီ လွှဲပြောင်းပေးလိုက်တာပါ..." လီတောင်းက လက်စွပ်ကို ယိုဟန်၏ လက်ထဲသို့ ကမ်းပေးလိုက်တော့သည်။
တီ...
[ဂုဏ်ယူပါသည် အရှင်... သင်သည် 'ဝိညာဉ်လက်စွပ်' တစ်ကွင်းကို ရရှိခဲ့ပါပြီ။]
ပစ္စည်းအချက်အလက်—
အမည်— ဝိညာဉ်လက်စွပ်
အဆင့်အတန်း— ဧပစ် [ရှားပါး]
အသုံးဝင်ပုံ— အသက်ရှိသော သတ္တဝါများမှအပ မည်သည့်အရာကိုမဆို သိုလှောင်သိမ်းဆည်းနိုင်သည်။ ဤလက်စွပ်တွင် ဝိညာဉ်အပိုင်းအစများ ကိန်းအောင်းလျက် ရှိနေသည်။
ထူးခြားချက်— ဝိညာဉ်လက်စွပ်ထက်တွင် တစ်ကြိမ်တစ်ခါမျှ မှတ်တမ်းတင်ရိုက်နှိပ်ခြင်း ခံထားရဖူးသော မည်သည့်အရာကိုမဆို ခြေရာခံ လိုက်လံရှာဖွေနိုင်သည်။
ယိုဟန်သည် စနစ်မျက်နှာပြင်ထက်ဆီသို့ လှမ်း၍ ကြည့်ရှုလိုက်မိ၏။
"ဒါဆိုရင်... ဒီလက်စွပ်က ကျွန်တော် အဲဒီနေရာကို ရောက်တဲ့အခါ တကယ်ပဲ ကူညီပေးနိုင်မှာပေါ့..." ယိုဟန်က လီတောင်းကို ဆိုလိုက်သည်။
"အတိအကျပဲ ကောင်လေး... မင်း အဲဒီနေရာကို ရောက်တဲ့အခါ ကျရင် သိရလိမ့်မယ်၊ အခု ငါ့နောက်ကို လိုက်ခဲ့စမ်း..." အဘိုးအိုလီက ယိုဟန်ကို ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
ယိုဟန်သည် လီတောင်း၏ စကားကို ကြားလိုက်ရသည့်အခါ ဇဝေဇဝါ ဖြစ်သွားခဲ့ရပြီး "ဘယ်ကို လိုက်ရမှာလဲ... ကျွန်တော်တို့က ဒီအကျဉ်းထောင်ရဲ့ အတွင်းထဲမှာပဲ ရှိနေတာလေ..." ဟု သူ့ကို မေးမြန်းလိုက်မိ၏။
ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ အဘိုးအိုလီသည် ယိုဟန်ကို စူးစိုက်ကြည့်ရင်း ပြုံးစိစိဖြင့် "ငါတို့ ဒီနေရာကနေ ထွက်ခွာကြမလို့လေ... ငါ ပြန်ပြီး ထွက်ခွာရတော့မယ်ဆိုတော့ တော်တော်လေးတောင် ကြာသွားခဲ့ပြီပဲ၊ ငါ့အနေနဲ့ ဒီထာဝရအကျဉ်းထောင်ရဲ့ အတွင်းထဲမှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာကို သွားပြီး ကြည့်ချင်သေးတယ်... လေကောင်းလေသန့်လေး ဘာလေး ရှူရမယ့် အချိန်ရောက်ပြီပေါ့..." သူက ယိုဟန်ကို ကြည့်၍ ပြုံးပြလိုက်ရင်း ထိုစကားလုံးများကို ဆိုလိုက်ပြီး... နောက်တစ်စက္ကန့်၌ သူ၏လက်ကို သံတိုင်များဆီသို့ လှမ်း၍ ညွှန်ပြလိုက်တော့သည်။
ဒိုင်း...
ရုတ်ချည်းဆိုသလိုပင်... ထိုသံတိုင်များသည် ရုတ်တရက် ထွက်ပေါ်လာသော တုန်ခါမှုလှိုင်း များ၏ ပြင်းထန်စွာ ရိုက်ခတ်ခြင်းကို ခံလိုက်ရသဖြင့် တစစီ ဖျက်ဆီးခြင်း ခံလိုက်ရတော့သည်။
"ဒါက... ဒါက ဘာလဲဟင်..." ယိုဟန်က အဘိုးအို လီတောင်းကို လှမ်းကြည့်ရင်း တီးတိုးရေရွတ်လိုက်မိ၏။
"မင်း သင်ယူချင်လို့လား..." အဘိုးအိုလီက ယိုဟန်၏ အနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာရင်း တီးတိုးဆိုလိုက်ပြီး... နောက်တစ်စက္ကန့်၌ သူ၏လက်ကို ယိုဟန်၏ ဦးခေါင်းထက်ဆီသို့ တင်လိုက်ကာ သူ၏ မျက်လုံးများကို မှိတ်ချလိုက်တော့သည်။
"ငါ ဒီသိုင်းကွက်စွမ်းရည်ကို မင်းရဲ့ အသိစိတ်အာရုံထဲကို လွှဲပြောင်းပေးလိုက်မယ်... မင်း နောက်မှပဲ အေးအေးဆေးဆေး သင်ယူလိုက်တော့၊ ငါ့အနေနဲ့ ဒီသိုင်းကွက်ကို သင်ယူဖို့အတွက် အချိန် ၆၀ နှစ်တောင် ကြာမြင့်ခဲ့တာ... ပြီးတော့ ဒါက ဒီစွမ်းအားရဲ့ အပြည့်အဝ အတိုင်းအတာလည်း မဟုတ်သေးဘူး၊ ငါက အခု တစ်ရာခိုင်နှုန်းလောက်ပဲ သုံးစွဲလိုက်တာလေ..." သူက ထိုသိုင်းကွက်ကို သူ၏ စိတ်ဆန္ဒအရ လွှဲပြောင်းပေးလိုက်ရင်း ပြုံး၍ ဆိုလိုက်သည်။
တီ...
[ဂုဏ်ယူပါသည် အရှင်... သင်သည် 'နတ်ဘုရားလက်ဝါး ' ဟု ခေါ်တွင်သော စွမ်းရည်အသစ်တစ်ခုကို ရရှိခဲ့ပါပြီ။ သင်သည် ၎င်းကို ဝိညာဉ်အာကာသငယ်အတွင်း၌ သင်ယူလေ့ကျင့်နိုင်ပါသည်။]
ယိုဟန်သည် သူ၏ စိတ်အာရုံအတွင်းမှ ထိုကဲ့သို့သော အရာများကို ကြားလိုက်ရသည့်အခါ ပြုံးလိုက်မိရင်း— "တကယ့်ကို ကောင်းတာပဲ..." ဟု အဘိုးအို လီတောင်းကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်မိသည်။
လီတောင်းက ဦးခေါင်းညိတ်ပြလိုက်ပြီးနောက်... နောက်တစ်စက္ကန့်၌ ၎င်းတို့နှစ်ဦးစလုံးသည် ထိုနေရာမှနေ၍ ထွက်ခွာလာခဲ့ကြတော့သည်။
ယိုဟန်သည် ထောင်ပေါင်းများစွာသော အကျဉ်းခန်းများကို မြင်တွေ့လိုက်ရသဖြင့် ဟိုဟိုဒီဒီ လျှောက်၍ ကြည့်ရှုနေခဲ့၏။ ၎င်းတို့နှစ်ဦး လမ်းလျှောက်လာကြစဉ်အတွင်း... အမျိုးမျိုးသော ရာဇဝတ်ကောင်များသည် ၎င်းတို့ကို လေးနက်တည်ကြည်သော မျက်နှာအမူအရာများဖြင့် လှမ်း၍ စိုက်ကြည့်နေခဲ့ကြသည်။ သို့သော်လည်း အဘိုးအို လီတောင်းသည် ယိုဟန်၏ ဘေးနားတွင် လမ်းလျှောက်လာခဲ့ခြင်းဖြစ်သဖြင့် လူတိုင်းက ယိုဟန်ကို လုံးဝ လျစ်လျူရှုထားခဲ့ကြ၏။
ယိုဟန်သည်လည်း အဖိုးအို၏ ဘေးနားတွင် လျှောက်လှမ်းနေခဲ့သဖြင့် ထိုလူများကို လုံးဝ ဂရုမစိုက်ခဲ့ပါချေ။ အချိန်အနည်းငယ် ကြာမြင့်ပြီးနောက်... နောက်ဆုံးတွင် ၎င်းတို့သည် ပြင်ပမှ ဖြာကျနေသော အလင်းတန်းတစ်ခုကို မြင်တွေ့လိုက်ရပြီး... ဝင်ပေါက်တွင်မူ ရင်းနှီးကျွမ်းဝင်နေခဲ့သော မိစ္ဆာသတ္တဝါနှစ်ကောင် မတ်တတ်ရပ်နေကြသည်ကို မြင်တွေ့လိုက်ရတော့သည်။
ယိုဟန်နှင့် ထိုအဖိုးအိုကို မြင်တွေ့လိုက်ရသည့်ခဏ၌... ထိုမိစ္ဆာသတ္တဝါနှစ်ကောင်သည် တစ်ကောင်ကိုတစ်ကောင် အကြည့်ချင်း ဖလှယ်လိုက်ကြရင်း လီတောင်းနှင့် ယိုဟန်တို့ကို တိုက်ခိုက်ချင်နေကြသဖြင့်... သူတို့၏ လည်ချောင်းဝမှနေ၍ အစွမ်းကုန် ဟိန်းဟောက်လိုက်ကြသော်လည်း... ရုတ်ချည်းဆိုသလိုပင် ၎င်းတို့နှစ်ကောင်စလုံးသည် ဒူးထောက်လျက် လဲကျသွားခဲ့ရရှာသည်။
"ထွက်သွားစမ်း... မဟုတ်ရင် ငါ မင်းတို့ကို သတ်ပစ်မယ်..." အဘိုးအိုလီက သူ၏ အိုမင်းရင့်ရော်နေသော ခန္ဓာကိုယ်အတွင်းမှနေ၍ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော အရှိန်အဝါ များကို စတင်ထုတ်လွှတ်လိုက်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်ခဏ၌ မိစ္ဆာသတ္တဝါနှစ်ကောင်စလုံးသည် ထိုအဖိုးအို၏ သတ်ဖြတ်ခြင်းကို မခံရလိုသဖြင့် အဝေးသို့ အလန့်တကြား ထွက်ပြေးသွားခဲ့ကြတော့သည်။
ဤနေရာသည် မည်သည့်စည်းမျဉ်းစည်းကမ်းမျှမရှိသော လွတ်လပ်သည့် အကျဉ်းထောင်တစ်ခု ဖြစ်ပေရာ... ယိုဟန်သည် မိမိ၏ ဘေးနားတွင် ရှိနေသော လီတောင်း၏ တုန်လှုပ်ခြောက်ခြားဖွယ်ရာ မြင်ကွင်းကို လှမ်း၍ ကြည့်ရှုလိုက်မိသည်။ သူသည် ထိုကဲ့သို့သော အခြေအနေမျိုးကို လုံးဝ မျှော်လင့်မထားခဲ့သဖြင့် ဤမြင်ကွင်းကို ကြည့်ရင်း မှင်တက်အံ့ဩသွားခဲ့ရ၏။
လီတောင်းက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း ယိုဟန်ကို စိုက်ကြည့်လိုက်ကာ "ဟင်း... ငါ မင်းရဲ့ နာမည်ကို မေးဖို့ မေ့သွားခဲ့တယ်ပဲ ကောင်လေးရယ်၊ ငါ ကြည့်ရတာ တကယ့်ကို အိုမင်းလာပြီ ထင်တယ်... ဒါမှမဟုတ်ရင်လည်း ငါက မင်းကို မြင်တွေ့လိုက်ရလို့ စိတ်လှုပ်ရှားသွားခဲ့တာလည်း ဖြစ်နိုင်တာပဲ..." လီတောင်းက ယိုဟန်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
ယိုဟန်က ဤကိစ္စကို တကယ့်ကို ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသဖြင့် သဘောကျစွာ ရယ်မောလိုက်မိရင်း ဦးခေါင်းညိတ်ပြလိုက်ကာ "ကျွန်တော့်နာမည်က 'ယိုဟန်' လို့ ခေါ်ပါတယ်... ပြီးတော့ ကျွန်တော်က လင်မျိုးနွယ်စုရဲ့ ဆက်ခံသူ တစ်ယောက်ပါ..." ဟု ထိုအဖိုးအိုကို ပြန်လည်ဖြေကြားပေးလိုက်သည်။
"လင်မျိုးနွယ်စု ဟုတ်လား..." လီတောင်းက တီးတိုးရေရွတ်လိုက်မိပြီးနောက်... သူ၏ ဦးခေါင်းကို ခါယမ်းလိုက်မိရင်း—
"ငါတို့တစ်နေ့မှာ ပြန်ပြီး ဆုံတွေ့နိုင်ကြလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်... မင်းကိုယ်မင်း ဂရုစိုက်ပါဦး ကောင်လေး..." အဖိုးအိုက ပုံမှန်မဟုတ်သော အရာတစ်ခုကို မြင်တွေ့လိုက်ရသဖြင့် ဆိုလိုက်သည်။
ယိုဟန်က ဦးခေါင်းညိတ်ပြလိုက်ကာ— "တစ်နေ့မှာ ကျွန်တော်တို့ သေချာပေါက် ပြန်ပြီး ဆုံတွေ့ကြမှာပါ... ကျွန်တော်ကတော့ အဲဒီလိုပဲ ယုံကြည်ထားတယ်..." ယိုဟန်က အဘိုးအိုလီကို ပြန်လည်ဖြေကြားလိုက်၏။ ပြီးနောက် နောက်တစ်စက္ကန့်၌ ယိုဟန် မတ်တတ်ရပ်နေသော နေရာတွင် ဝဲကယက် တစ်ခု ရုတ်ချည်း ထွက်ပေါ်လာခဲ့ရတော့သည်။
"ဘာကြီးလဲဟ..." ယိုဟန်က တီးတိုးရေရွတ်လိုက်မိ၏။
လီတောင်းကမူ ယိုဟန်၏ ခြေထောက်ဘေးပတ်ပတ်လည်တွင် ဖြစ်ပေါ်နေသော ထိုဝဲကရက်ကို ကြည့်ရင်း တည်ငြိမ်အေးဆေးလျက် ရှိနေခဲ့သည်။
"ရုန်းကန်ဖို့ မကြိုးစားနဲ့ ကောင်လေး... မင်း ဒီနေရာမှာ နေထိုင်ရမယ့် အချိန်က ပြည့်သွားခဲ့ပြီ၊ ငါ မင်းကို နောက်တစ်ကြိမ် ပြန်ပြီး ဆုံတွေ့ရဖို့ မျှော်လင့်နေပါ့မယ်..." ထိုအဖိုးအိုက တီးတိုးရေရွတ်လိုက်ရှာသည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ ယိုဟန်သည် စိတ်သက်သာရာရသွားခဲ့ရပြီး... နောက်တစ်စက္ကန့်၌ သူ၏ ခန္ဓာကိုယ်မှာ ထိုဝဲကရက်၏ ဝါးမြိုခြင်းကို ခံလိုက်ရကာ ထာဝရအကျဉ်းထောင်အတွင်းမှနေ၍ ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့ရတော့သည်။
ဤမြင်ကွင်းကို ကြည့်ရင်း အဘိုးအို လီတောင်းသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း... သူ၏ အကြည့်များကို ကောင်းကင်ယံထက်ဆီသို့ ပို့လွှတ်လိုက်မိတော့သည်။
"လင်မျိုးနွယ်စု ဟုတ်လား... ဒီကောင်လေးက လင်မျိုးနွယ်စုနဲ့ သက်ဆိုင်တဲ့လူပဲ၊ ကံကြမ္မာက ငါ့အပေါ်မှာ ဘယ်လိုမျိုး ကစားပွဲတွေကို ဆော့ကစားနေတာလဲမသိဘူး..." အဘိုးအိုလီသည် ထိုစကားလုံးများကို တီးတိုးရေရွတ်လိုက်မိပြီးနောက်... နောက်တစ်စက္ကန့်၌ ထိုနေရာမှနေ၍ ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့ရတော့သည်။